CNI International News

နယူးယောက်၊ ဇူလိုင် ၁၉

ယနေ့ခေတ်ကမ္ဘာတွင် ကွဲပြားနေသော ဒီမိုကရေစီများ ပြန်လည်ရယူရန်၊ ကလေးများအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ကို ချန်ထားရစ်ခဲ့ကြဖို့ နယ်လ်ဆင်မင်ဒဲလား၏ မျှော်လင့်ချက် စိတ်ဓာတ်များ မွေးမြူကြရန် ဇူလိုင် ၁၈ ရက်၌ ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီက ကမ္ဘာ့အရပ်ရပ်သို့ တိုက်တွန်းခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

မင်းသားဟယ်ရီသည် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် မင်ဒဲလားနှင့် ၎င်း၏ ကိုယ်ပိုင်ဘဝ ဖြတ်သန်းမှုနှင့် ကွယ်လွန်သူ ၎င်း၏မိခင် ဝေလမင်းသမီး ဒိုင်ယာနာ၏ အမှတ်တရများကို ကိုးကားလျက် ယခုလို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သည့် နယ်လ်ဆင်မင်ဒဲလား နိုင်ငံတကာ အထိမ်းအမှတ်နေ့ကို ဇူလိုင် ၁၈ ရက်တွင် ကုလသမဂ္ဂ (UN) အထွေထွေညီလာခံ၌ ကျင်းပခဲ့ရာ အသက် ၃၇ နှစ်အရွယ်ရှိ ဆက်ဆက်စ်မြို့စား မင်းသားဟယ်ရီ တက်ရောက်၍ မိန့်ခွန်း တစ်ရပ် ပြောကြားရာ၌ အထက်ပါအတိုင်း တိုက်တွန်းသွားခဲ့ခြင်း ဖြစ်သည်။

၁၉၉၇ ခုနှစ်၊ မတ်လ၌ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၌ မိခင် ဒိုင်ယာနာ၏ တွေ့ဆုံပွဲ ကျင်းပစဉ်က မှတ်တမ်းတင် ဓာတ်ပုံကိုလည်း ဟယ်ရီက ရည်ညွှန်း ပြောကြားသွားခဲ့သည်။

ဟယ်ရီက “မိမိ အသက် ၁၃ နှစ်အရွယ်၌ အာဖရိကသို့ ပထမဆုံး ရောက်ဖူးခဲ့ပုံ၊ အာဖရိကတိုက်သည် သူ့အတွက် မျှော်လင့်ချက် ပေးရုံသာမက မိမိ၏ အသက်ဝိဉာဉ်၊ ငြိမ်သက်ခြင်းနှင့် ကုစားဖြေသိမ့်ခြင်းများကို ထပ်တလဲလဲ တွေ့ရှိခဲ့ရာနေရာ” ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

မင်းသမီး ဒိုင်ယာနာနဲ့ မင်ဒဲလားကိုတွေ့ရစဉ်

“အာဖရိက ရောက်တော့ ကျနော့်အမေနဲ့ အနီးစပ်ဆုံး ဖြစ်သွားသလို ခံစားခဲ့ရပါတယ်။ အမေဆုံးပြီးတော့ ကျနော်ဟာ အာဖရိကမှာပဲ နှစ်သိမ့်စရာ ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ဟယ်ရီက ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ သံတမန်များ ရှေ့မှောက် တွင် ပြောကြားခဲ့သည်။

ယခုအခါ အသက် ၃ နှစ်အရွယ် အာချီနှင့် တစ်နှစ်အရွယ် လီလီဘတ်တို့၏ ဖခင်ဖြစ်နေသူ မင်းသားဟယ်ရီသည် မိမိနှင့်အတူ သန်းပေါင်းများစွာသော လူသားများ အမွေဆက်ခံကြမည့် ကမ္ဘာဂြိုဟ်အတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြော ကြားခဲ့သည်။

Covid-19 ကူးစက်ရောဂါ၊ ရာသီဥတု ဖောက်ပြန်မှု၊ လူနည်းစု၏ လိမ်ညာမှုနှင့် မမှန်သတင်းများကို လက်နက်သဖွယ် သုံးနေ ခြင်း၊ ကြောက်မက်စရာ စစ်ပွဲများဖြင့် ကမ္ဘာကြီးသည် အရေးကြီးသည့် အခိုက်အတန့်ကို ကြုံတွေ့နေရကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

“ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ပြောင်းပြန်လှန်လိုက်တဲ့ အမေရိကန် တရားရုံးချုပ်ရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ဟာလည်း ထင်ရှားတဲ့ ရည်ညွှန်းချက် တစ်ရပ် ဖြစ်ပါတယ်” ဟု ဟယ်ရီက ဖြည့်စွက် ပြောကြားခဲ့သည်။

“မင်ဒဲလားရဲ့ အသက်ကိုရင်းပြီး ဒီမိုကရေစီနဲ့လွတ်လပ်မှု တည်ဆောက်ခဲ့တာကို တကမ္ဘာလုံးမှာ စော်ကားထိပါးတာတွေ ကျနော်တို့ အခုမြင်နေရပါတယ်” ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: AP