CNI International News

နယူးဒေလီ၊ ဩဂုတ် ၁၁

ကက်ရှ်မီးယား၏ လာဒက်နယ်မြေအတွင်း အိန္ဒိယနှင့်တရုတ် စစ်သားများကြား နယ်နိမိတ် ပဋိပက္ခ ဖြစ်ပွားပြီးနောက် အိန္ဒိယ ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်ဘက်လှည့်လာကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကက်ရှ်မီးယား၏ လာဒက်နယ်မြေအတွင်း အိန္ဒိယနှင့်တရုတ်စစ်သားများ အသေအပျောက် များခဲ့ သည့် နယ်နိမိတ်ပဋိပက္ခ ဖြစ်ပွားပြီးနောက် နယူးဒေလီမြို့တော်ရှိ မူဝါဒချမှတ်သူများသည် ၇၅ နှစ်ပြည့် အိန္ဒိယ လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မူဝါဒရေးရာ သိသာစွာ ပြောင်းလဲမှုအနေဖြင့် ဘေဂျင်းဘက်သို့ အာရုံစိုက် လာခဲ့ကြ သည်။

သာယာလှပသော ဟိမဝန္တာဒေသဖြစ်သည့် ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိန္ဒိယသည် ၎င်းနှင့်အငြင်းပွားနေသည့် ပါကစ္စတန်ကို တားဆီးရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းနေခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားထားသည့် အဆိုပါဒေသကို ပိုင်ဆိုင်ကြောင်း နှစ်ဘက်စလုံးက အခိုင်အမာ ပြောကြားခဲ့ပြီး မဆုတ် မနစ်သော ပြိုင်ဆိုင်မှု အနေဖြင့် ပါကစ္စတန်ကလည်း နယူးဒေလီအစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို အမြဲအာရုံစိုက်နေခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုအခါ ပါကစ္စတန်ထက် သာလွန်သည့် အိန္ဒိယ၏ စီးပွားရေး ကြီးထွားလာမှုသည် အာရှတလွှားတွင် ဘေဂျင်း၏ အရှိန် အဟုန် တိုးလာခြင်းနှင့် ပေါင်းစပ်ရန် လိုအပ်လာပြီ ဖြစ်သည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုတွေ့ရစဉ် (AP)

“နယူးဒေလီဟာ ဘေဂျင်းကို ဗဟိုပြုမှု ပိုများလာနေပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဒီအက်စ် ဟိုဒါ (D.S Hooda) က ပြောကြားခဲ့သည်။

၎င်းသည် လာဒက်နယ်မြေ အပါအဝင် ကက်ရှ်မီးယားကို ထိန်းချုပ်သည့် အိန္ဒိယစစ်တပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးသူ ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှကိုလိုနီ လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးကတည်းက သူပုန်ထကြွ မှုများ၊ ပိတ်ဆို့မှုများ၊ နိုင်ငံရေးအရ နှိမ်နင်းမှုများနှင့်အတူ ကက်ရှ်မီးယားဒေသ အရေးအတွက် ထိပ်တိုက် တွေ့ခဲ့ကြသည်။

ထို့ပြင် အိန္ဒိယသည် ပါကစ္စတန်နှင့် တရုတ်တို့ကို ရင်ဆိုင်ခဲ့သည့် စစ်ပွဲ ၄ ခုအနက် နှစ်ခု၏ အချက်အချာလည်း ဖြစ်ခဲ့သည်။

အဆိုပါ ၃ နိုင်ငံတို့၏ နယ်နိမိတ်ကိစ္စ တင်းမာမှုသည် ကမ္ဘာ့တစ်ခုတည်းသော နေရာတွင် နျူကလီးယား လက်နက်ပိုင်ရှင်များ သုံးပွင့်ဆိုင် နယ်မြေ အငြင်းပွားမှုအဖြစ် ဆုံသွားခဲ့ကြသည်။

အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် နယ်စပ်ထိစပ်မှုကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယသည် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ ဘက်မလိုက် လှုပ်ရှားမှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ထိုစဉ် ဘက်မလိုက် နိုင်ငံများအဖွဲ့တွင် သီအိုရီအရ စစ်အေးကာလ၌ မည်သည့်ဩဇာမှ မခံယူလိုသည့် နိုင်ငံပေါင်း ၁၀၀ ကျော် စုစည်းဖွဲ့စည်းထားသည်။

အိမ်နီးချင်း ဖြစ်ကြသည့် ပါကစ္စတန်၊ တရုတ်တို့နှင့် အငြင်းပွားနေသော်လည်း အိန္ဒိယ၏ ဘက်မလိုက်သော ရပ်တည်ချက် သည် ၎င်း၏နိုင်ငံခြားမူဝါဒအတွက် အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း ပါကစ္စတန်နှင့် ကက်ရှ်မီးယားအရေး၌ တွန်းအားတစ်ခု ပေါ်ပေါက်စေဖို့ အိန္ဒိယသံတမန်များက အဓိက အာရုံစိုက် ထားကြဆဲ ဖြစ်သည်။

“ကက်ရှ်မီးယားအရေးဟာ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ စိုးရိမ်မှုတွေအတွက် အဓိက သော့ချက်တစ်ခုလည်း ဖြစ်ပါ တယ်” ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ကန်ဝဲလ်စီဘဲက ပြောကြားခဲ့သည်။ ၎င်းသည် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ဝန်ကြီးအဆင့် တာဝန်ထမ်းခဲ့သည်။

Source: AP