
- By CNI
- Category: နိုင်ငံရေး
- Hits: 177
CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၃
တရုတ်သမ္မတ ရှီကျင့်ဖျင် (President Xi) သည် စက်တင်ဘာ ၂ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် အနောက်အုပ်စုကို စိန်ခေါ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တို့နှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဥရောပတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး စစ်ပွဲဖြစ်သည့် ယူကရိန်းစစ်ပွဲ၌ ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှု ခံထားရချိန်မှာ ၎င်းတို့ကြား စည်းလုံးညီညွတ်မှုကို ပြသခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရှီသည် ပြည်သူ့မဟာ ခန်းမဆောင်တွင် ပူတင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ရှီက ပူတင်ကို မိတ်ဆွေဟောင်း ကြီးဟု ခေါ်ဆိုခဲ့သည်။
ထို့နောက် နာရီပိုင်းအကြာတွင် ဘေဂျင်းမြို့တော်သို့ ကျည်ကာရထားဖြင့် ရောက်ရှိလာသည့် ကင်မ်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
၎င်းတို့ ၃ ဦးသည် စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် တရုတ်၏ စစ်ရေးပြ အခမ်းအနားတွင် အတူတကွ တက်ရောက်မည်ဖြစ်သည်။
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမေရိကန်ပထမ မူဝါဒကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ရှီသည် ကမ္ဘာ့အခင်းအကျင်းသစ်အတွက် ၎င်း၏အမြင်ကို ထုတ်ဖော်ပြသမည် ဖြစ်သည်။
ရှီသည် စက်တင်ဘာ ၂ ရက်ကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဆွေးနွေးခဲ့ပြီး အိန္ဒိယသည် ရုရှားထံမှ ရေနံများကို ဆက်လက် ဝယ်ယူနေသဖြင့် ထရမ့်က အိန္ဒိယကို ပစ်မှတ်ထားကာ ကုန်သွယ်ခွန်များ မြှင့်တင်ခဲ့သည်။
ထရမ့်၏ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) ကမူ ရုရှားထံမှ ရေနံများ အများဆုံး ဝယ်ယူနေ သည့် တရုတ်နှင့် အိန္ဒိယသည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ စစ်ရေးကြိုးပမ်းမှုများကို အားပေးလှုံ့ဆော်နေကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 237
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၃
ကာရစ်ဘီယံတွင် ဖြန့်ကြက်ချထားသည့် အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုလျှင် တုံ့ပြန်ရန် အသင့်ရှိကြောင်းနှင့် အမြင့်ဆုံး အခြေအနေအထိ ပြင်ဆင်ထားကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro)က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရက လက်တင်အမေရိကမှ မူးယစ်ဆေးဝါးဂိုဏ်းများ၏ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန်အတွက် ဗင်နီဇွဲလားနိုင်ငံ၏ ကမ်းလွန်ရေပြင်များသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သည်။
ထို့နောက် မာဒူရိုက အမေရိကန်စစ်အင်အားကို တုံ့ပြန်ရန် အသင့်ရှိသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အစိုးရကတော့ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်များတွင် ထောင်နှင့်ချီသည့် စစ်သားများ ဖြန့်ကြက်ချထား ခဲ့ပြီးနောက် မြေပြင်ကျူးကျော် ဝင်ရောက်မည့် အစီအစဉ်ကို အချက်ပြခဲ့ခြင်း မရှိသော်လည်း မာဒူရို၏ အစိုးရ သည် ၎င်း၏ ကမ်းရိုးတန်းဒေသနှင့် ကိုလံဘီယာ နယ်စပ်ဒေသများတွင် စစ်သားများကို ဖြန့်ကြက်ချထားခဲ့သည်။
ထို့ပြင် ဗင်နီဇွဲလား နိုင်ငံသားများ အနေဖြင့် ပြည်သူ့စစ်အဖွဲ့ အနေဖြင့် ပါဝင်ကြရန် မာဒူရိုက တိုက်တွန်းထား သည်။
“အခုလို အဆုံးစွန် စစ်ရေးဖိအားနဲ့ ရင်ဆိုင်နေရချိန်မှာ ဗင်နီဇွဲလားရဲ့ ကာကွယ်ရေးအတွက် အဆုံးစွန် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတဲ့အကြောင်း ကျနော်တို့ ကြေညာပါတယ်” ဟု ၎င်းက ပြောသည်။
စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားမှုသည် တရားလွန်ဖြစ်ခြင်း၊ တရားမျှတမှုမရှိခြင်း၊ စောင့်စည်း မှု မရှိခြင်း၊ အကြွင်းမဲ့ ရာဇဝတ်မှု မြောက်ခြင်းနှင့် ဆိုးရွားသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း မာဒူရိုက ပြောကြားခဲ့ သည်။
အကယ်၍ အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့မည်ဆိုပါက ဗင်နီဇွဲလားအစိုးရသည် လက်နက်စွဲကိုင် ခုခံ တော်လှန်သွားမည်ဟု ၎င်းက ပြောကြားခဲ့သော်လည်း အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
အမေရိကန်ရေတပ်သည် ကာရစ်ဘီယံဒေသတွင် Aegis အမျိုးအစား ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၂ စင်းဖြစ် သည့် USS Gravely နှင့် USS Jason Dunham သင်္ဘောနှစ်စင်းကို ဖြန့်ကြက်ချထားပြီး လက်တင်အမေရိက၏ ကမ်းလွန် ရေပြင်များတွင်လည်း USS Sampson ဖျက်သင်္ဘောနှင့် USS Lake Erie ခရူဇာစစ်သင်္ဘောတို့ကို ဖြန့်ကြက်ချထားသည်။
ထို့ပြင် ကုန်း၊ရေ နှစ်သွယ် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် စစ်သင်္ဘော သုံးစင်းသည်လည်း ရေတပ်သင်္ဘောသားများ၊ မရိန်းတပ်သား ၄၀၀၀ ကျော်နှင့်အတူ လက်တင်အမေရိက ရေပြင်များသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိလာ မည်ဖြစ်သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 180
CNI International News
တီအန်ကျင်း၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် သက်ဆိုင်သူအားလုံးပါဝင်မှု ရှိလိမ့်မည်ဟု အိန္ဒိယအနေဖြင့် မျှော်လင့်ထားကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)က ပြောကြားခဲ့သည်ဟု Hindustan Times မှ ဖော်ပြခဲ့သည်။
မိုဒီသည် ဩဂုတ် ၃၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးသန့် တွေ့ဆုံချိန်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တီယန်ကျင်းမြို့၌ ပြုလုပ်သည့် SCO အစည်းအဝေးတွင် အထူးဧည့်သည် တော်အဖြစ် ဖိတ်ကြားခံရသည့် နိုင်ငံတကာခေါင်းဆောင်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် အိန္ဒိယနိုင်ငံ အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသအတွက် လုံခြုံရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
အိန္ဒိယသည် အိမ်နီးချင်းနိုင်ငံများ ပထမမူဝါဒ (Neighbourhood First)၊ အရှေ့မျှော် မူဝါဒ (Act East) နှင့် အင်ဒို-ပစိဖိတ် မူဝါဒများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများကို အရေးကြီးသည့် နေရာတွင် ထားရှိကြောင်း မိုဒီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် တရားမျှတမှုရှိပြီး သက်ဆိုင်သူအားလုံး ပါဝင်သည့်ပုံစံဖြင့် ကျင်းပလိမ့်မည်ဟု အိန္ဒိယအနေဖြင့် မျှော်လင့်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အိန္ဒိယသည် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံ ကြောင်း မိုဒီက ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော် အစိုးရသည် ဒီဇင်ဘာ ၂၈ ရက်တွင် တစ်ဆင့်ချင်းစီ ပြုလုပ်မည့် ရွေးကောက်ပွဲ အစီအစဉ်များ ကို ဩဂုတ်လက ကြေညာခဲ့သည်။
အတိုက်အခံ အင်အားစုများကမူ ထိုရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
လတ်တလောတွင် လက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် မြန်မာနိုင်ငံကြား ထိစပ်နေသည့် နယ်စပ်ဒေသ တစ်လျှောက်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများနှင့် အဓိကနယ်နိမိတ်များကို ထိန်းချုပ်ထားသည်။
ထို့ပြင် အိန္ဒိယ၏ မီဇိုရမ် (Mizoram) ပြည်နယ်တွင် မြန်မာဒုက္ခသည် ထောင်နှင်ချီ ခိုလှုံနေထိုင်လျက်ရှိပြီး နယ်စပ် တစ်ဖက်တစ်ချက်စီရှိ လက်နက်ကိုင်အဖွဲ့များကြား ချိတ်ဆက် ဆောင်ရွက်မှုများကို အိန္ဒိယအစိုးရက စိုးရိမ်ခဲ့ သည်။
ထို့ပြင် မိုဒီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အရေး စီမံခန့်ခွဲရေး၊ နယ်စပ်ကုန်သွယ်ရေးတို့ အပါအဝင် နယ်ပယ်ကဏ္ဍ အများအပြားတွင် ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို သုံးသပ်ခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ထောက်ပံ့ပေးရန် အသင့်ရှိ ကြောင်းလည်း မိုဒီက ပြောကြားခဲ့သည်။
Source: Hindustan Times

- By CNI
- Category: နိုင်ငံရေး
- Hits: 166
CNI International News
တီအန်ကျင်း၊ စက်တင်ဘာ ၂
တရုတ်နိုင်ငံ တီယန်ကျင်း (Tianjin) မြို့တွင် စက်တင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (SCO) အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ဒေသတွင်း နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ကလည်း အမေရိကန်ကို စိန်ခေါ်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးအခင်းအကျင်းအတွက် ရှီ၏ ရည်မှန်းချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
SCO သည် နိုင်ငံတကာ ဆက်ဆံရေးများတွင် ပုံစံအသစ်တစ်မျိုး ချမှတ်ခဲ့ကြောင်း ရှီက သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် နှစ်ရက်ကြာ အစည်းအဝေး၏ ဒုတိယနေ့တွင် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
“ကျနော်တို့အနေနဲ့ သာတူညီမျှမှု ပိုရှိစေတဲ့ ကမ္ဘောလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဘက်စုံပါဝင်တဲ့ စီးပွားရေး နဲ့ ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို ထူထောင်ဖို့အတွက် အားကြိုးမာန်တက် ဆောင်ရွက်သင့်ပါတယ်”ဟု ရှီက ပြောကြားခဲ့သည်။
SCO ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်
SCO အဖွဲ့အနေဖြင့် စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ သိပ္ပံနှင့် နည်းပညာ၊ AI နည်းပညာ အပါအဝင် နယ်ပယ် ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်လည်း ရှီက တိုက်တွန်းခဲ့သည်။
နိုင်ငံပေါင်းစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်များကို ထောက်ခံရန်၊ စစ်အေးကာလ စိတ်သဘောထားများနှင့် အုပ်စုလိုက် ထိပ်တိုက်တွေ့မှုကို ရှောင်ကြဉ်ရန်လည်း ရှီက အစည်းအဝေး တက်ရောက်လာသော နိုင်ငံ ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
ပူတင်ကလည်း မတူကွဲပြားသည့် နိုင်ငံသုံး ငွေကြေးများနှင့်အတူ စစ်မှန်ပြည့်ဝသော နိုင်ငံပေါင်းစုံ ပါဝင်မှု ဝါဒကို ပြန်လည်အသက်သွင်းခြင်းသည် ဥရောပနှင့် အာရှ တည်ငြိမ်ရေးနှင့် လုံခြုံရေး၏ စနစ်သစ်တစ်ခုကို ဖွဲ့စည်းရာ တွင် နိုင်ငံရေးနှင့် လူမှု-စီးပွားမူဘောင်အား ချမှတ်ရာရောက်ကြောင်း ပြောကြားခဲ့သည်။
“အဲဒီ လုံခြုံရေးစနစ်ဟာ ဥရောပဗဟိုပြုပုံစံ နဲ့ ဥရောပ-အန္တလန္တိတ်ဗဟိုပြု ပုံစံတွေနဲ့ မတူဘဲ နိုင်ငံပေါင်းစုံရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ တစ်နိုင်ငံက အကျိုးရှိစေဖို့အတွက် ကျန်တဲ့ နိုင်ငံတွေက အကျိုးယုတ်မယ့် အဖြစ်မျိုးကို လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး”ဟု ပူတင်က ပြောကြားခဲ့သည်။
SCO အဖွဲ့ကို ဥရောပနှင့်အာရှရှိ နိုင်ငံ ၆ နိုင်ငံနှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံအထိ ရှိလာခဲ့ကာ မိတ်ဖက်နိုင်ငံများနှင့် လေ့လာစောင့်ကြည့်သူ နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိလာခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI International News
တီအန်ကျင်း၊ စက်တင်ဘာ ၂
ကမ္ဘာ့တောင်ခြမ်းဒေသတွင် အိန္ဒိယနှင့်တရုတ် ပါဝင်နေခြင်းကြောင့် အိမ်နီးချင်းကောင်း မိတ်ဆွေအနေဖြင့် နဂါးနှင့်ဆင် ပူပေါင်းဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်နှင့် အိန္ဒိယတို့သည် ခင်မင်ရင်းနှီးသည့် အိမ်နီးချင်းများဖြစ်ရန် အရေးကြီးကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingping) က ပြောကြားခဲ့သည်။
ထို့ပြင် နယ်စပ်ပြဿနာသည် တရုတ်-အိန္ဒိယ ဆက်ဆံရေးများကို အဓိပ္ပာယ်ဖွင့်ဆိုသည့် အရေးကိစ္စ မဖြစ်သင့် ကြောင်းလည်း ရှီက ဩဂုတ် ၃၁ ရက်တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကို ပြောကြားခဲ့သည်။
တီယန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးတွင် ရှီက မိုဒီနှင့် သီးသန့်တွေ့ဆုံချိန်တွင် နှစ်နိုင်ငံကြား ကောင်းမွန်သည့် အိမ်နီးချင်းများ ဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့ တောင်ခြမ်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
“တရုတ်နဲ့ အိန္ဒိယက ကမ္ဘာပေါ်က ယဉ်ကျေးမှု အမြင့်မားဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံတွေဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းဒေသမှာ ပါဝင်နေပါတယ်။ မိတ်ဆွေတွေဖြစ်ဖို့၊ အိမ်နီးချင်း ကောင်းတွေဖြစ်ဖို့၊ နဂါး (တရုတ်) နဲ့ ဆင် (အိန္ဒိယ) တို့ အတူပူးပေါင်းဆောင်ရွက်ဖို့ဟာ အရမ်းအရေးကြီးပါတယ်” ဟု ရှီက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံ ဆွေးနွေးနေစဉ်
၇ နှစ်အတွင်း တရုတ်သို့ ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိလာသည့် မိုဒီကလည်း ပြီးခဲ့သည့် နှစ်ကတည်းက နှစ်နိုင်ငံသည် အပြုသဘောဆောင်သော ဦးတည်ချက်ကို ရွေ့လျားခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ရဲ့ ဆက်ဆံရေးကို အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုနဲ့ သိမ်မွေ့နက်နဲမှုအပေါ် အခြေခံပြီး ရှေ့ကို ဆက်သွားဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ နယ်စပ်မှာ စစ်ရေးထိတွေ့မှုတွေကို ရှောင်ကြဉ်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးနဲ့ တည်ငြိမ်မှုရှိတဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။
ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရှီနှင့်မိုဒီတို့၏ သီးသန့်တွေ့ဆုံမှုသည် ၁ နာရီနီးပါး ကြာမြင့်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က တရုတ်နှင့်အိန္ဒိယ စစ်သားများသည် နယ်စပ်တွင် ပြင်းထန်စွာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှာတော့ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့ သည်။
အထူးသဖြင့် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုများကို ရင်ဆိုင်လာရချိန်တွင် တရုတ်နှင့် အိန္ဒိယ တို့၏ ထိတွေ့ဆက်ဆံမှုများ ပိုမိုမြင့်တက်ခဲ့သည်။
မိုဒီသည် SCO အစည်းအဝေးကို တက်ရောက်ခဲ့သော်လည်း စက်တင်ဘာ ၃ ရက်တွင် ဘေဂျင်းမြို့တော်၌ ပြုလုပ်မည့် တရုတ်၏ စစ်ရေးပြ အခမ်းအနားအား တက်ရောက်မည် မဟုတ်ကြောင်း သတင်း၌ ဖော်ပြခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 233
CNI International News
ကဘူးလ်၊ စက်တင်ဘာ ၂
အာဖဂန်နစ္စတန်နိုင်ငံရှိ ဝေးလံခေါင်သီသော တောင်တန်းဒေသတွင် သြဂုတ် ၃၁ ရက် ညသန်းခေါင် မတိုင်မီအချိန် က အင်အားပြင်း ငလျင်တစ်ခုနှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်မှုကြောင့် နေအိမ်များပြိုကျပြီး လူ ၈၀၀ ကျော် သေဆုံးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရစ်ချ်တာစကေး ၆ ပြင်းအားရှိ ထိုငလျင်ကြောင့် ကဘူးလ် (Kabul) မြို့တော်နှင့် အိမ်နီးချင်း ပါကစ္စတန်မြို့တော် အစ္စလာမာဘတ် (Islamabad) ရှိ အဆောက်အအုံများ တုန်လှုပ်သွားခဲ့သည်။
လူ ၁ ဒသမ ၂ သန်းကျော်သည် အင်အားပြင်းထန်သည့် လှုပ်ခတ်မှုကို ကြုံတွေ့ရဖွယ်ရှိသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာတိုင်းထွာရေးအေဂျင်စီ (USGS) က ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ငလျင်ဗဟိုချက် အနီးဖြစ်သော ဝေးလံခေါင်သီသည့် ကူနာ(Kunar)ပြည်နယ် တွင် လူ ၈၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၅၀၀ ရှိသည်ဟု တာလီဘန် အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid)က ပြောကြားခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု တာလီဘန် အာဏာပိုင်များက ပြောကြား ခဲ့သည်။
အာဖဂနစ္စတန်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နေရာကို ပြသထားစဉ်
အိမ်နီးချင်း နန်ဂါဟာပြည်နယ်တွင် ၁၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅၅ ဦးရှိသည်ဟု ၎င်းက ထပ်မံပြောကြား ခဲ့သည်။
“နေအိမ် အများအပြား ပျက်စီးသွားပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘူလ်မာတင် ကာနီက ဆိုသည်။
အာဖဂန်နစ္စတန် ဒေသခံအများစုသည် တန်ဖိုးနည်းပြီး ရွှံ့အုတ်များဖြင့် ဆောက်ထားသော နေအိမ်များတွင် နေထိုင်ကြကာ ထိုနေအိမ်များသည် ငလျင်ဒဏ်ကို ခံနိုင်ရည်မရှိပေ။
လူသူ အရောက်အပေါက် နည်းသည့် ကူနာပြည်နယ်ရှိ ငလျင်ဒဏ်ကို အဆိုးဆုံးခံရသော ကျေးရွာအချို့တွင် အပျက်အစီးများဖြင့် လမ်းများ ပိတ်ဆို့နေသောကြောင့် သွားလာရန် ခက်ခဲနေသည်ဟု ကုလသမဂ္ဂ ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့သည်။
တာလီဘန်အာဏာပိုင်များနှင့် ကုလသမဂ္ဂက ငလျင်ဒဏ် အဆိုးဆုံးခံရသော ဒေသများသို့ ကယ်ဆယ်ရေးများ စေလွှတ်ထားသည်ဟု သိရသည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 207
CNI International News
တီယန်ကျင်း ၊ စက်တင်ဘာ ၂
ပူတင်သည် တရုတ်နိုင်ငံ၊ တီယန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping ) ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ(Narendra Modi) တို့နှင့်တွေ့ဆုံပြီး နေတိုး၏ အင်အားချဲ့ထွင်မှုကို ဖြေရှင်းရမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်းတွင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရရှိရန်အတွက် နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ အင်အား ချဲ့ထွင်လာသည့် ပြဿနာကို ဖြေရှင်းရမည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောသည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှားက ထောက်ပံ့ပေးထားသည့် ခွဲထွက်ဝါဒီများနှင့် ယူကရိန်း စစ်သားများကြား ၈ နှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ၌ ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ရန် ပူတင်က စစ်တပ်အား အမိန့်ပေးခဲ့သည်။
လက်ရှိတွင် ရုရှားသည် ယူကရိန်း၏ နယ်နိမိတ် စုစုပေါင်း၏ ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားသည်။
ယူကရိန်းနှင့် အနောက်အင်အားကြီး ဥရောပနိုင်ငံများကမူ ထိုကျူးကျော် တိုက်ခိုက်မှုသည် နယ်မြေများကို သိမ်းယူရန် အင်ပါယာချဲ့သည့် ရက်စက်သော ပုံစံတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
SCO အစည်းအဝေး ကျင်းပနေစဉ်
ပူတင်ကမူ ၁၉၈၉ ခုနှစ်က ဘာလင်တံတိုင်း ပြိုကျခဲ့ပြီးနောက် နေတိုးအဖွဲ့သည် ကမ္ဘာ့အရှေ့ပိုင်းဒေသတွင် စစ်အင်အားကို ချဲ့ထွင်ခဲ့ခြင်းဖြင့် အနောက်နိုင်ငံများက ရုရှားကို အရှက်ရအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
SCO အစည်းအဝေးတွင် မိုဒီ၊ ပူတင်နှင့် ရှီတို့သည် စကားပြန်များဖြင့် သီးသန့်တွေ့ဆုံခဲ့ချိန်က ပြုံးရွှင်စွာ စကား ပြောနေပုံများကို တရုတ်မီဒီယာများက ထုတ်ပြန်ခဲ့သည်။
ပူတင်သည် SCO အစည်းအဝေးတွင်လည်း ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများကို ဝေဖန်ပြစ်တင် ခဲ့သည်။
အနောက်နိုင်ငံများသည် ယူကရိန်းကို ၎င်းတို့ဘက်ပါအောင် စည်းရုံးခဲ့ကြောင်း၊ ထို့နောက် အမေရိကန် ဦးဆောင် သည့် နေတိုးအဖွဲ့ထဲသို့ ယူကရိန်းကို ဆွဲသွင်းရန် ကြိုးပမ်းခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ထို့ပြင် ဩဂုတ်လက အလက်စကာ (Alaska)မြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် နားလည်မှုများ ရရှိခဲ့ကြောင်း၊ ထိုနားလည်မှုများကြောင့် ယူကရိန်း ငြိမ်းချမ်းရေးအတွက် လမ်းပွင့်သွားစေခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 151
CNI International News
ဗင်းနစ်၊ စက်တင်ဘာ ၁
အီတလီနိုင်ငံတွင် ဗင်းနစ်ရုပ်ရှင်ပွဲတော် ကျင်းပနေသည့် နေရာအနီး၌ ဩဂုတ် ၃၀ ရက်က ထောင်နှင့်ချီသော လူများစုရုံး ရောက်ရှိလာကြပြီး ဂါဇာဒေသအား ပိတ်ဆို့ထားသည့် အစ္စရေးကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
၈၂ ကြိမ်မြောက် ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ၊ ဗင်းနစ် လီဒီု (Venice Lido) ကျွန်းတွင် ဩဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်ဝဲယိမ်းနိုင်ငံရေးအဖွဲ့များက ဦးဆောင်သည့် ထိုဆန္ဒပြမှုများသည် ကမ္ဘာကျော် သရုပ်ဆောင်များ ရောက်ရှိနေသည့် ရုပ်ရှင်ပွဲတော် ကျင်းပသည့် ခန်းမနှင့် ကီလိုမီတာ အနည်းငယ် အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုဆန္ဒပြမှုတွင် လူပေါင်း ၃၀၀၀ မှ ၄၀၀၀ ကြား ပါဝင်ခဲ့ပြီး ဆန္ဒပြသူများသည် ပါလက်စတိုင်း အလံများကို ဝှေ့ယမ်းကာ ရုပ်ရှင်ပွဲတော် ဝင်ပေါက်နေရာသို့ ဖြည်းညှင်းစွာ လမ်းလျှောက် ချီတက်ခဲ့ကြသည်။
ရုပ်ရှင်လောကသားများ အနေဖြင့် ဂါဇာအရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်မိစေရန် ကမ္ဘာ့သက်တမ်း အရင့်ဆုံး ရုပ်ရှင်ပွဲတော်ဖြစ်သည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အသုံးချပြီး ဂါဇာအရေးကို မြှင့်တင်သင့်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။
“ဖျော်ဖျေရေး လုပ်ငန်းဟာ ပရိသတ်တွေ အများကြီးရှိတာက အားသာချက် ဖြစ်နေပါတယ်။ အဲဒါကြောင့် သူတို့ အနေနဲ့ ဂါဇာနဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို ဖော်ပြသင့်ပါတယ်” ဟု ဗင်းနစ်မြို့မှ အသက် ၃၁ နှစ်အရွယ် ကွန်ပျူတာသိပ္ပံပညာရှင် မာကို စီယိုတာလာ (Marco Ciotola) က ပြောကြားခဲ့သည်။
“ဘာတွေဖြစ်နေလဲဆိုတာ ကျမတို့ အားလုံးသိပြီးပါပြီ။ ဒီပုံစံအတိုင်း ဆက်ဖြစ်နေလို့ မရပါဘူး” ဟု ပါလက်စတိုင်း အလံကို ကိုင်ဆောင်ထားသည့် ကျောင်းဆရာမ တစ်ဦးဖြစ်သော ကလောဒီယာ ပေါ့ဂီ (Claudia Poggi) က ပြော ကြားခဲ့သည်။
ဂါဇာစစ်ပွဲသည် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အဓိက အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြီး အစ္စရေးအစိုးရကို ရှုတ်ချ ထားသလို စစ်ပွဲဆန့်ကျင်ရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုကြရန် ပါလက်စတိုင်းများအား ထောက်ခံသည့် Venice4Palestine အဖွဲ့က ပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ထိုပေးစာတွင် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်လောကမှ ပရောဖက်ရှင်နယ်များ၏ လက်မှတ်ပေါင်း ၂၀၀၀ ကျော် ရေးထိုးထားကြောင်း ဆန္ဒပြပွဲကို စီစဉ်သူများက ပြောကြားခဲ့သည်။
မေလကလည်း ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် အလားတူ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 200
CNI International News
ဆန်နာ၊ စက်တင်ဘာ ၁
ယီမင်နိုင်ငံ၊ ဆန်နာ (Sanaa) မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟူရ်သီအဖွဲ့က ဖွဲ့စည်းထားသော အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့ သေဆုံးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အစ္စရေးကြောင့် ဟူရ်သီအဖွဲ့၏ ထိပ်သီးအရာရှိများ သေဆုံးသည့် ပထမဆုံး ဖြစ်စဉ် ဖြစ်သည်ဟု ဟူရ်သီအဖွဲ့မှ အမြင့်ဆုံး နိုင်ငံရေးကောင်စီ၏ အကြီးအကဲ မာဒီ အယ် မာရှက် (Mahdi al-Mashat) က ပြောကြားခဲ့သည်။
ဩဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုတွင် ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့ကြောင်း မာရှက်က ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
အစ္စရေးကမူ ၎င်း၏ လေကြောင်းတိုက်ခိုက်မှုသည် ဟူရ်သီအဖွဲ့၏ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အခြား ထိပ်သီးအရာရှိများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာရှက်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၊ ဒဏ်ရာရသူများထဲတွင် ဟူရ်သီ ကာကွယ်ရေးဝန်ကြီး ပါဝင်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ ဖော်ပြမထားပေ။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဟူရ်သီအစိုးရ၏ ဝန်ကြီးချုပ် အာမက် ဂါလက်ဘ် အယ် ရာဝီ (Ahmad Ghaleb al-Rahwi)သည် ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။
ဟူရ်သီအဖွဲ့မှ အမြင့်ဆုံး နိုင်ငံရေးကောင်စီ၏ အကြီးအကဲ မာဒီ အယ် မာရှက်ကို တွေ့ရစဉ်
ယခုတွင် ၎င်း၏ နေရာကို ဒုတိယဝန်ကြီးချုပ် မိုဟာမက် မစ်ဖ်တာ (Mohammed Miftah) က အစားထိုး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ရာဝီသည် ၂၀၁၄ ခုနှစ်က ဆန်နာမြို့တော်တွင် ဟူရ်သီအဖွဲ့၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည့် ယခင် ယီမင်သမ္မတ ဟောင်း အလီ အဗ္ဗဒူလာ ဆာလာ (Ali Abdullah Saleh) ၏ မဟာမိတ်တစ်ဦးဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ရာဝီသည် ဟူရ်သီအဖွဲ့က ထူထောင်ခဲ့သည့် အစိုးရအဖွဲ့ထဲတွင် ပူးပေါင်းပါဝင်ခဲ့သည်။
လက်ရှိတွင် ယီမင်၌ အစိုးရ ၂ ဖွဲ့ကွဲနေပြီး ဆန်နာမြို့တော်တွင် ဟူရ်သီအဖွဲ့က ထူထောင်ထားသည့် အစိုးရအဖွဲ့နှင့် အေဒင် (Aden) မြို့တွင် ဆော်ဒီက ထောက်ခံထားသော အစိုးရအဖွဲ့ဟူ၍ အစိုးရ ၂ ဖွဲ့ရှိနေသည်။
Source: ရိုက်တာ