- By CNI
- Category: နိုင်ငံရေး
- Hits: 187
CNI International News
ဗီယင်နာ၊ မေလ ၅
ဩစတြီးယားနိုင်ငံတွင် သံတမန် အဆောက်အအုံများ၏ အမိုးများပေါ်၌ ထောက်လှမ်းရေး လုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် အင်တင်နာတိုင်များ ထောင်ထားခြင်းကြောင့် ရုရှားသံတမန် ၃ ဦးကို လက်မခံနိုင်သော ပုဂ္ဂိုလ် များ (Personae non gratae) အဖြစ် သတ်မှတ်ကာ နှင်ထုတ်လိုက်ကြောင်း သြစတြီးယားအစိုးရက မေလ ၄ ရက် ၌ ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“သံတမန် ကင်းလွတ်ခွင့်ကို အသုံးပြုပြီး သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး”ဟု ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ဘီယားတေး မိန့်လ်-ရိုက်ဆင်းဂါ (Beate Meinl-Reisinger) က ပြောကြား ခဲ့သည်။

ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ဘီယားတေး မိန့်လ်-ရိုက်ဆင်းဂါကို တွေ့ရစဉ်
ထို ရုရှားသံတမန် ၃ ဦးသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။
ယခု နှင်ထုတ်ခဲ့သည့် ရုရှားသံတမန် ၃ ဦး အပါအဝင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သြစတြီးယားနိုင်ငံမှ နှင်ထုတ် ခံခဲ့ရသော ရုရှားသံတမန် အရေအတွက်မှာ စုစုပေါင်း ၁၄ ဦး အထိ ရှိလာပြီဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 215
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၅
ပါကစ္စတန်သည် ၎င်း၏ ပထဝီဝင် အနေအထားကို အသုံးချကာ နိုင်ငံရေးအရ ကြားဝင်စေ့စပ်ပေးသူအဖြစ်မှ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များအဖြစ်သို့ ပြောင်းလဲဖော်ဆောင်ရန် ရည်မှန်းထားသည်ဟု ကျွမ်းကျင်သူများ က ပြောကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် အိမ်နီးချင်း အီရန်နိုင်ငံထံမှ ဈေးနှုန်း သက်သာသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို တရားဝင် ဝယ်ယူခွင့်ရရှိရန် ပါကစ္စတန်က ကြိုးပမ်းနေခြင်းဖြစ်သည်။
ဧပြီ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ် (Islamabad) မြို့သို့ သွားရောက်မည့် ဆွေးနွေးပွဲ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သဖြင့် အမေရိကန် နှင့် အီရန်ကြား ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ရသည်။
ထိုသို့ ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့သော်လည်း ပါကစ္စတန်အနေဖြင့် နှစ်နိုင်ငံကြား ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆက်လက် ရပ်တည်ရန် ဆုံးဖြတ်ထားသည်။
လက်ရှိတွင် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကြောင့် ပါကစ္စတန်သည် အီရန်နှင့် စွမ်းအင်ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်ရန် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
အကယ်၍ အမေရိကန်နှင့် အီရန်တို့ကြား ဆက်ဆံရေး တိုးတက်လာပါက ပါကစ္စတန်အတွက် နှစ်ရှည်လများ ရပ်တန့်နေသည့် အီရန်-ပါကစ္စတန် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ပြန်လည် အသက်သွင်း နိုင်မည်ဖြစ်သည်။

အီရန်နဲ့ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးကို တွေ့ရစဉ်
ပါကစ္စတန်အစိုးရသည် ၎င်း၏ဒေသတွင်း သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန်အတွက် အင်အားကြီး နိုင်ငံများအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတကာအဆင့်အတန်းကို မြှင့်တင်ရန် ရည်မှန်းထားသည်။
စီးပွားရေးအရ ကျပ်တည်းနေသည့် ပါကစ္စတန်အတွက် စွမ်းအင် ကုန်ကျစရိတ် လျှော့ချနိုင်ရေးသည် အမျိုးသား လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးသော အချက်ဖြစ်လာသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လမ်းကြောင်းပေါ် ပြန်ရောက်လာစေရန် ပါကစ္စတန်သံတမန်များက အမေရိကန်-အီရန် နှစ်ဖက်စလုံးနှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကြားဝင်စေ့စပ်မှုများဖြင့် ပါကစ္စတန်သည် ဒေသတွင်း တင်းမာမှုများကို လျှော့ချပြီး ပါကစ္စတန်၏ စီးပွားရေး နာလန်ထူမှုကို အထောက်အကူပြုမည့် ရေရှည်ဗျူဟာမြောက် အကျိုးအမြတ်များကို ရှာဖွေနေခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 285
CNI International News
ဆိုးလ်၊ မေလ ၅
မြောက်ကိုရီးယား သံတမန်ဟောင်းတစ်ဦးသည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့ကြောင်း Korea Times သတင်းဌာနမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) အတွက် အစီအရင် ခံစာများ ရေးသားခြင်း၊ အစိုးရနှင့် ပါတီတွင်းရှိ ပြိုင်ဘက် အဖွဲ့အစည်းများကြား အာဏာလွန်ဆွဲမှုများကို ရင်ဆိုင် ရခြင်း၊ ဖိအားများကြားကနေ ပြည်ပသံရုံးများမှတဆင့် နိုင်ငံခြားငွေများကို လွှဲပြောင်းပေးပို့ရခြင်း စသည့် ကိစ္စ များကို လုပ်ဆောင်နေရသည်ဟု မြောက်ကိုရီးယား သံတမန်ဟောင်း ဟန်ဂျင်မြောင် (Han Jin-myung) က ပြောကြား ခဲ့သည်။
ဟန်သည် ဗီယက်နမ်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၌ ပြည်ပသို့ ထွက်ပြေးခိုလှုံခဲ့သူဖြစ်သည်။
ဟန်သည် ပိုလန်သိပ္ပံအကယ်ဒမီ၊ မြေထဲပင်လယ်နှင့် အရှေ့တိုင်း ယဉ်ကျေးမှုများဆိုင်ရာ အင်စတီကျုမှ ဝါရင့် သုတေသနပညာရှင် နီကိုလပ်စ် လီဗီ (Nicholas Levi) နှင့် ဆွေးနွေးမှုများ ပြုလုပ်စဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံရဲ့ အရေးပါတဲ့ အရာရှိတွေကို တွေ့ရစဉ်
ဟန်သည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်ချက်များကို ဖော်ပြထားသည့် “I Was a North Korean Diplomat: Inside the Secret World of Pyongyang’s Foreign Service”အမည်ရှိ အင်္ဂလိပ်ဘာသာ စကားဖြင့် ရေးသားထားသော စာအုပ်ကိုလည်း မတ်လကုန်ပိုင်းက ထုတ်ဝေခဲ့သည်။
ထိုစာအုပ်သည် ကမ္ဘာပေါ်တွင် အလျှို့ဝှက်ဆုံး သံတမန်ရေးရာ စနစ်တစ်ခု၏ အတွင်းပိုင်း အခြေအနေများကို ရှားရှားပါးပါး ဖော်ပြထားပြီး၊ မြောက်ကိုရီးယား သံရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် နိုင်ငံတော်အဆင့် သံတမန်ရေးရာ လမ်းကြောင်းများထက် အာဏာရှင်စနစ် ရေရှည်တည်တံ့စေရေးအတွက် အသုံးချခံ ကိရိယာများ သာဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ဟန်သည် ၂၀၀၈ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ပြည်ပသို့ ထွက်ပြေးခိုလှုံခြင်း မပြုမီ အချိန်အထိ ဗီယက်နမ်နိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သည်။

မြောက်ကိုရီးယား ညီလာခံလုပ်နေစဉ်
ဟန်၏ ပြောကြားချက် အချို့ကို သီးခြား အတည်ပြုရန် ခက်ခဲသော်လည်း မြောက်ကိုရီးယား၏ ပြည်ပသံရုံးများ သည် သံတမန်ရေးရာသာမက ဝင်ငွေရှာဖွေရေး အခန်းကဏ္ဍများတွင်ပါ ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂ၏ နှစ်ရှည်လများ စုံစမ်းစစ်ဆေးမှုများ၊ သတင်းဖော်ပြချက်များနှင့် ကိုက်ညီနေသည်။
ပြင်ပလေ့လာစောင့်ကြည့်သူများအတွက်မူ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များကို လက်ခံတွေ့ဆုံခြင်းနှင့် ပြည်ပသို့ စေလွှတ်ခြင်းတို့ဖြင့် နိုင်ငံ၏ သံတမန် ရေးရာ ပုံရိပ်တစ်ခု ဖြစ်နေသည်။
သို့သော် လက်တွေ့တွင်မူ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေး၊ စစ်ဘက်နှင့် ပါတီ တွင်းရှိ အခြားသော အဓိက အဖွဲ့အစည်းများနှင့်အတူ ယှဉ်တွဲ လုပ်ဆောင်နေရကြောင်း၊ အဆိုပါ အဖွဲ့အစည်း အားလုံးက ကင်မ်၏ အတွင်းလူများထံသို့ ပေးပို့မည့် သုံးသပ်ချက်များကို အသီးသီး လုပ်ဆောင်ပေးကြရကြောင်း ဟန်က ပြောကြားခဲ့သည်။
Source: Korea Times
- By CNI
- Category: နိုင်ငံရေး
- Hits: 280
CNI International News
ဝါရှင်တန်၊ မေလ ၄
စစ်ပွဲကို အဆုံးသတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုချက် အသစ်ကို လေ့လာသုံးသပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
သို့သော် အီရန်၏ အဆိုပြုချက် အသစ်သည် သဘောတူညီချက် တစ်ခုဆီသို့ ဦးတည်သွားနိုင်ခြေ ရှိ/မရှိအပေါ် သံသယဖြစ်မိကြောင်းလည်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။
“ဒါနဲ့ပတ်သက်ပြီး နောက်မှ ထပ်ပြောပါမယ်။ သူတို့က အဆိုပြုချက်ရဲ့ အတိအကျ ရေးသားထားပုံကို အခုပဲ ကျနော့်ဆီ ပေးပို့တော့မှာပါ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ ၄၇ နှစ်အတွင်း လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးအပေါ် သူတို့ လုပ်ဆောင်ခဲ့တာတွေအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုမျိုး အခုထိ မလုပ်ရသေးတဲ့အတွက် ဒီအဆိုပြုချက်ကို လက်ခံနိုင်စရာ မရှိဘူးလို့ ထင်ပါတယ်”ဟု ထရမ့်က လူမှုမီဒီယာတွင် ထပ်မံရေးသားခဲ့သည်။
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် နီးစပ်သည်ဟု ယူဆရသော Tasnim နှင့် Fars သတင်းအေဂျင်စီများက အမေရိကန်၏ အချက် ၉ ချက်ပါ အဆိုပြုချက်ကို တုန့်ပြန်သည့် အနေဖြင့် အီရန်ဘက်က အချက် ၁၄ ချက် ပါဝင်သော အဆိုပြုချက် တစ်ရပ်ကို ပါကစ္စတန်နိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အီရန်နိုင်ငံအတွင်း တွေ့ရစဉ်
အီရန်နိုင်ငံပိုင် သတင်းဌာနများကမူ ယခု အဆိုပြုချက် အသစ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပါကစ္စတန်နိုင်ငံသည် ယခင်ကလည်း အီရန်နှင့် အမေရိကန်ကြား ဆွေးနွေးညှိနှိုင်းမှုများကို လက်ခံ ကျင်းပပေးခဲ့ ဖူးသည်။
သမ္မတ ထရမ့်သည် ယခုသီတင်းပတ် အစောပိုင်းက အီရန်၏ အဆိုပြုချက် အဟောင်းကို ပယ်ချခဲ့သော်လည်း နှစ်နိုင်ငံကြား ဆွေးနွေးမှုများမှာ ဆက်ရှိနေပြီး သီတင်း ၃ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးမှာလည်း တည်မြဲနေဆဲ ဖြစ်သည်။
ထို့ပြင် ထရမ့်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်သစ် တစ်ခုကိုလည်း တင်ပြထားသည်။
သင်္ဘောကုမ္ပဏီများ အနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် အီရန်ကို အခကြေး ငွေ ပေးချေပါက ပိတ်ဆို့ အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်အစိုးရက သတိပေးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 284
CNI International News
ပြုံယမ်း၊ မေလ ၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ပြုံယမ်းမြို့တော်တွင် ကျင်းပသည့် အာဏာရ ပါတီ၏ လူငယ်အဖွဲ့ချုပ်ညီလာခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတွေ့ဆုံမှုတွင် မြောက်ကိုရီးယားအစိုးရက လူငယ်များကို ပြည်တွင်း လှုံ့ဆော်မှုများတွင် သာမက ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ပါဝင်နေသည့် စစ်ရေး အခန်းကဏ္ဍတွင်ပါ အဓိက ကျသူများအဖြစ် ထပ်မံ ပုံဖော်လိုက် ခြင်းလည်း ဖြစ်သည်။
အသက် ၁၄ နှစ်မှ ၃၀ ဝန်းကျင်ရှိ လူငယ်များကို စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပသော ဆိုရှယ်လစ် မျိုးချစ်လူငယ်အဖွဲ့ချုပ်၏ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့သည့် သီတင်းပတ်က ဂုဏ်ပြု အခမ်း အနားများဖြင့် ပြုလုပ်ခဲ့သည်။
လူငယ်များသည် နိုင်ငံတော်၏ ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် ရှေ့တန်းတပ်ဦး ဖြစ်ကြောင်းနှင့် အဖွဲ့ချုပ် သည် ပါတီ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဓိက အင်အားစုဖြစ်ကြောင်း ကင်မ်က ပြော ဆိုခဲ့သည်။

မြောက်ကိုရီးယား လူငယ်များကို တွေ့ရစဥ်
ထို့ပြင် ပိုမိုကျစ်လျစ်သော အဖွဲ့အစည်း ဖြစ်စေရန်နှင့် လမ်းစဉ်ပိုင်းဆိုင်ရာ စည်းကမ်း သေဝပ်စေရန် ကင်မ်က တိုက်တွန်းခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြထားသည်။
မေလ ၁ ရက်က ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာ တစ်စောင်တွင် အာဏာရ အလုပ်သမားပါတီက လူငယ်များ၏ သစ္စာစောင့်သိမှုကို ယူကရိန်းစစ်ပွဲ၌ ပါဝင်ပတ်သက်မှုနှင့် ချိတ်ဆက် ပြောဆိုခဲ့သည်။
ပြည်ပစစ်ဆင်ရေးများသို့ စေလွှတ်ခြင်းခံရသည့် လူငယ်စစ်သားများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ် ရာတွင် အဓိကကျသူများ ဖြစ်လာခဲ့ကြောင်း ညီလာခံသို့ ပြောကြားခဲ့သည်။
တောင်ကိုရီးယား၊ ယူကရိန်းနှင့် အနောက်နိုင်ငံ အရာရှိများ၏ ခန့်မှန်းချက်များအရ မြောက်ကိုရီးယားသည် ရုရှား၏ ကာ့စ်ခ် (Kursk) ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် စစ်သားအင်အား ၁၄,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး၊ ထိုစစ်သားများအနက် ၆၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် လအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွား ခဲ့သည့် မြောက်ကိုရီးယားစစ်သားများကို ဂုဏ်ပြုသောအားဖြင့် ပြုံယမ်းမြို့တော်တွင် ဝမ်းနည်းအောင့်မေ့ဖွယ် ကျောက်တိုင်အသစ် တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၈
အမေရိကန်တွင် ဧပြီ ၂၅ ရက်ညက အိမ်ဖြူတော် သတင်းထောက်များ အသင်း၏ ညစာစားပွဲအနီး၌ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အမေရိကန် တရားဥပဒေစိုးမိုးရေး အရာရှိများက သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ လုံခြုံရေး အစီအစဉ်များကို ပြန်လည် သုံးသပ်နေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် သေနတ်သမားသည် သမ္မတ ထရမ့်၊ အစိုးရအဖွဲ့ဝင်များနှင့် ဥပဒေပြုအမတ်များ တက်ရောက်သည့် ပွဲတစ်ခုသို့ မည်ကဲ့သို့ နီးကပ်စွာ ချဉ်းကပ်နိုင်ခဲ့ သနည်းဆိုသည့် မေးခွန်းများ ထွက်ပေါ်လာစေ ခဲ့သည်။
ဖက်ဒရယ်အေးဂျင့်များသည် ဧပြီ ၂၅ ရက်ညက သမ္မတကို ကာကွယ်ရန် ၎င်းတို့၏ အစီအစဉ်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ထရမ့် မိန့်ခွန်း ပြောကြားရန် စီစဉ်ထားသည့် Washington Hilton ဟိုတယ်၏ မြေအောက်ထပ်သို့ မရောက်ရှိမီ သေနတ်သမားကို တားဆီးနိုင်ခဲ့ကြောင်း သမ္မတလုံခြုံရေးအဖွဲ့ ဖြစ်သည့် Secret Service အေဂျင်စီဟောင်း ၂ ဦးနှင့် အမေရိကန် အကြီးတန်းအရာရှိ ၃ ဦးတို့က ဧပြီ ၂၆ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပစ်ခတ်မှုဖြစ်တဲ့ ညစာစားပွဲ တက်ရောက်ခဲ့ကြသူများကို တွေ့ရစဉ်
သို့သော် အခမ်းအနား တက်ရောက်သူ အချို့သည် Secret Service အေးဂျင့်တစ်ဦးအား ပစ်ခတ်သည့် သေနတ်သံကို ကြားနိုင်ခဲ့ခြင်းသည် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေကြောင်း အရာရှိများက ပြောကြားခဲ့သည်။
၂၀၂၄ ရွေးကောက်ပွဲ ကာလအတွင်း ထရမ့်အား လုပ်ကြံရန် ကြိုးပမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ၏ လုံခြုံရေးအတွက် ပိုမိုတင်းကျပ်သော အစီအမံများကို လုပ်ဆောင်ခဲ့သော်လည်း ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Secret Service အဖွဲ့က ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုန့်ပြန်ခြင်း မရှိသေးပေ။
ယခုဖြစ်ရပ်မှ ရရှိသည့် သိသာထင်ရှားဆုံး သင်ခန်းစာမှာ အများပြည်သူဆိုင်ရာ နေရာကြီးများတွင် သမ္မတ၏ ပတ်ဝန်းကျင်၌ လုံခြုံရေး အကာအကွယ် ဧရိယာကို ပိုမိုကျယ်ဝန်းအောင် ချဲ့ထွင်ရန် လိုအပ်နိုင်ကြောင်း တရားဥပဒေစိုးမိုးရေး အရာရှိဟောင်းများက ပြောကြားခဲ့သည်။

ညစာစားပွဲ ပစ်ခတ်မှုကို ထိန်းချုပ်ရန် လုံခြုံရေးယူနေကြစဉ်
ထရမ့်၏ လူထုစုဝေးပွဲများတွင် သတ်မှတ်ထားသည့် လုံခြုံရေး အကာအကွယ် ဧရိယာသည် ဧပြီ ၅ ရက်က ချမှတ်ထားသည့် ဧရိယာထက် ပိုမိုကျယ်ဝန်းလေ့ရှိကြောင်း အမေရိကန်အရာရှိအချို့က မှတ်ချက်ပြုခဲ့သည်။
ဧပြီ ၅ ရက်က ကျင်းပသည့် ညစာစားပွဲတွင် ဧည့်သည်များသည် ညစာစားပွဲ ခန်းမထဲသို့ ဝင်ရောက်ရန် လုံခြုံရေး စစ်ဆေးသည့် သတ္တုရှာဖွေစက်များကို ဖြတ်သန်းရသော်လည်း ဟိုတယ်အတွင်းသို့ ဝင်ရောက်ရန်အတွက်မူ လက်မှတ်တစ်စောင်သာ လိုအပ်သည်။
ပွဲစီစဉ်မှုနှင့် ပတ်သက်ပြီး တိုက်ရိုက် သိရှိသူတစ်ဦး၏ အဆိုအရ လူအချို့သည် ပြီးခဲ့သည့်နှစ်က လက်မှတ်များကို အသုံးပြု၍ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။
ပစ်ခတ်မှု ကျူးလွန်ခဲ့သူသည် ညစာစားပွဲ မတိုင်မီ ရက်ပိုင်းကတည်းက ဟိုတယ်တွင် အခန်းယူထားသဖြင့် ဟိုတယ်အတွင်း လွယ်ကူစွာ အဝင်၊ အထွက် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 361
CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၂၈
အမေရိကန်နှင့် အီရန်ကြား ထိတွေ့ဆက်ဆံမှုရှိစေရန် ပါကစ္စတန်က ဆက်လက် ကြိုးပမ်းနေကြောင်း ပါကစ္စတန် ဘက်မှလာသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် ဆွေးနွေးမှုများအတွက် ပါကစ္စတန်သို့ သွား ရောက်မည့် ၎င်း၏ ကိုယ်စားလှယ်များ၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အီရန်ဘက်မှ သဘောတူညီချက် တစ်ခုခု လိုချင်ပါက ဖုန်းဆက်သင့်ကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ အမေရိကန်နှင့် အီရန်ကြား မျက်နှာချင်းဆိုင် သံတမန်ရေးရာ ဆွေးနွေးမှုများ မအောင်မြင်ခဲ့သော် လည်း နှစ်နိုင်ငံကြားရှိ ကွာဟချက်များကို ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရန် ကြိုးပမ်းသွားမည်ဟု ပါကစ္စတန်ဘက်မှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အီရန်၏ နောက်ဆုံး တင်ပြချက်တွင် စစ်ပွဲကို အဆုံးသတ်ရေးနှင့် ပါရှန်းပင်လယ်ကွေ့အတွင်း သင်္ဘောသွားလာမှု ဆိုင်ရာ အငြင်းပွားမှုကို ဦးစားပေး ဖြေရှင်းရန် ကြိုးပမ်းမည်ဖြစ်ပြီး အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများကိုမူ နောက်ပိုင်းမှသာ ဆွေးနွေးရန် အဆိုပြုထားသည်။

ပါကစ္စတန် လုံခြုံရေးအဖွဲ့ကို တွေ့ရစဉ်
အမေရိကန်ကမူ အီရန်၏ နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ဖြေရှင်းရမည်ဟု ပြောကြားထားသဖြင့် အီရန်၏ အဆိုပြုချက်ကို အမေရိကန်က သဘောကျလိမ့်မည် မဟုတ်ကြောင်း လေ့လာသူများက ပြောကြားခဲ့ သည်။
ထရမ့်သည် ဧပြီ ၂၅ ရက်က ၎င်း၏ ကိုယ်စားလှယ်များဖြစ်ကြသော စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျရက် ကူရှ်နာ (Jared Kushner) တို့၏ ပါကစ္စတန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပြန်လည် အသက်သွင်းရန် မျှော်လင့်ချက်များ လျော့ပါးသွားခဲ့သည်။
ထိုအချိန်အတောအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ် အာရက်ချီ (Abbas Araqchi) သည် ဧပြီ ၂၆ ရက် နှင့် ၂၇ ရက်များတွင် ပါကစ္စတန်၏ အစ္စလာမာဘတ် (Islamabad) မြို့တော်သို့ ၂ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ သည်။
အိုမန်နိုင်ငံသို့လည်း သွားရောက်ခဲ့သည့် အာရက်ချီသည် ဧပြီ ၂၇ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အီရန်၏ ရေရှည် မဟာမိတ်ဖြစ်သော ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် တွေ့ဆုံခဲ့သည်။
အီရန်၏ နျူကလီးယား ရည်မှန်းချက်များနှင့် အရေးပါသော ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် အပါအဝင် အချို့ကိစ္စရပ်များတွင် သဘောထား ကွဲလွဲမှုများစွာ ရှိနေသေးသဖြင့် ဧပြီ ၂၇ ရက်က ကုန်သွယ်မှု ပြန်လည် စတင် ချိန်၌ ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ အီရန်ကိုယ်စားလှယ်ကို တွေ့ရစဉ်
ဧပြီ ၂၇ ရက်က ဘရန့် (Brent) ရေနံစိမ်း ဈေးနှုန်းသည် ၂ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ရေနံတစ်စည် လျှင် ၁၀၈ ဒေါ်လာ ဝန်းကျင်တွင် ရှိနေသည်။
“သူတို့ စကားပြောချင်တယ်ဆိုရင် ကျနော်တို့ဆီ လာနိုင်တယ်၊ ဒါမှမဟုတ် ဖုန်းဆက်နိုင်တယ်။ ခင်ဗျားတို့ သိတဲ့ အတိုင်း တယ်လီဖုန်းဆိုတာ ရှိပါတယ်။ ကျနော်တို့မှာ ကောင်းမွန်ပြီး လုံခြုံတဲ့ လိုင်းတွေရှိပါတယ်” ဟု ထရမ့်က Fox News ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။
“သဘောတူညီချက်ထဲမှာ ဘာတွေ ပါဝင်ရမယ်ဆိုတာ သူတို့သိပါတယ်။ ဒါက အလွန်ရိုးရှင်းပါတယ်။ သူတို့မှာ နျူကလီးယားလက်နက် ရှိလို့မရဘူး။ တကယ်လို့ ရှိရင်တော့ တွေ့ဆုံစရာ အကြောင်းမရှိဘူး”ဟု ထရမ့်က ထပ်လောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 383
CNI International News
ကွာလာလမ်ပူ၊ ဧပြီ ၂၈
မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရွှေ့ပြောင်း နေထိုင်သူများကို ပင်လယ်ရေကြောင်းမှတဆင့် စင်္ကာပူနှင့် ထိုင်းနိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်၍ ပို့ဆောင်ပေးနေသော အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမား မှောင်ခိုကူးသည့် ဂိုဏ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဧပြီ ၂၅ ရက် အရုဏ်မတက်မီ အချိန်က ကွာလာလမ်ပူ (Kuala Lumpur) ရှိ အဓိက ကားဂိတ် နှစ်ခုတွင် ပြုလုပ်ခဲ့ သော ဝင်ရောက် စီးနင်းမှုကြောင့် လူမှောင်ခိုကူးသူဟု သံသယရှိသူ အပါအဝင် အင်ဒိုနီးရှားနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ရွှေ့ပြောင်း အလုပ်သမားများကို နောက်တစ်နေရာသို့ ပို့ဆောင်ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော Mazda CX-5 ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသားများသည် ထိုင်းနယ်စပ် တစ်လျှောက်ရှိ တရားမဝင် လမ်းကြောင်းများမှတဆင့် မလေးရှား နိုင်ငံထဲသို့ မှောင်ခိုဝင်ရောက်လာခဲ့သည်ဟု ယူဆရသည်။

လူပြတ်တဲ့ နေရာတစ်ခုကို တွေ့ရစဉ်
ထို့နောက် ကီလန်တန် (Kelantan) မှတဆင့် အမြန်ယာဉ်ဖြင့် ကွာလာလမ်ပူ အပါအဝင် ကလန်ဗယ်လီ (Klang Valley) သို့ ရောက်ရှိလာသည့် ၎င်းတို့အုပ်စုကို တာဝန်ရှိသူများက စောင့်ကြည့်ခြေရာခံခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဇာကာရီယာ ရှာဘန် (Zakaria Shaaban) က ပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ အရာရှိများသည် ကီလန်တန်မှ ကလန်ဗယ်လီ (Klang Valley) သို့ အမြန်ယာဉ်များဖြင့် ခရီးနှင်လာသော အင်ဒိုနီးရှားနိုင်ငံသား အုပ်စုတစ်စု၏ ရောက်ရှိလာမှုကို စောင့်ကြည့်ခြေရာခံ ခဲ့သည်ဟု ဇာကာရီယာက ပြောကြားခဲ့သည်။
ကွာလာလမ်ပူမြို့၏ မြောက်ဘက်စွန်းရှိ Terminal Bersepadu Gombak ကားဂိတ်၌ အရာရှိများသည် အင်ဒိုနီး ရှား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ မြို့တော်အတွင်း ၎င်းတို့၏ သွားလာမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ပေးသူဟု ယုံကြည်ရသည့် အင်ဒိုနီးရှား အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
တစ်ချိန်တည်းမှာပင် မြို့တစ်ဖက်ခြမ်းရှိ Terminal Bersepadu Selatan ကားဂိတ်၌ အဆိုပါဂိုဏ်းနှင့် ဆက်နွှယ် နေသည်ဟု ယုံကြည်ရသည့် အခြား အင်ဒိုနီးရှား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးရုံးကို တွေ့ရစဉ်
ထိုဖြစ်စဉ်သည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို ပို့ဆောင်ရန် အတွက် မလေးရှားနိုင်ငံ၏ လုံခြုံရေး ပေါက်ကြားလွယ်သော ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းနယ်စပ်များကို ကြာရှည်စွာ အသုံးပြုခဲ့ကြသည့် မှောင်ခိုဂိုဏ်းများ၏ နည်းဗျူဟာ ပြောင်းလဲလာမှုကို ညွှန်ပြနေသည်။
ပဏာမ စုံစမ်းစစ်ဆေးချက်များအရ ဖမ်းဆီးရမိခဲ့သည့် လူအုပ်စုသည် ဆီလန်ဂေါ (Selangor) ကမ်းလွန် ပင်လယ် ရေကြောင်းလမ်းများကို အသုံးမပြုတော့ဘဲ အာဏာပိုင်များ၏ စောင့်ကြည့်မှုမှ ရှောင်လွှဲနိုင်ရန် အခြားလမ်း ကြောင်းများကို စတင် အသုံးပြုလာကြကြောင်း သိရသည်။
ရွှေ့ပြောင်း အလုပ်သမား အများစုသည် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသူများ ဖြစ်သည်ဟု ယူဆရ သဖြင့် ထိုမှောင်ခိုဂိုဏ်းသည် မလေးရှားနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များကို ရှောင်ရှားပြီး ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 405
CNI International News
လန်ဒန်၊ ဧပြီ ၂၇
လာမည့် သီတင်းပတ်တွင် အမေရိကန်သို့ သွားရောက်မည့် ဗြိတိန်ဘုရင်ကြီး၏ နိုင်ငံတော်အဆင့် ခရီးစဉ်အတွက် လုံခြုံရေးကို ပြန်လည်သုံးသပ်နေကြောင်း The Independent သတင်း၌ ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက်ရောက်ခဲ့သည့် အိမ်ဖြူ တော် သတင်းထောက်များအသင်း ညစာစားပွဲကို သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ယခုကဲ့ သို့ လုံခြုံရေးကို ပြန်လည် သုံးသပ်ရန် စဉ်းစားလာခြင်းဖြစ်သည်။
သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ညစာစားပွဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အမေရိကန်သမ္မတ ထရမ့်နှင့် အစိုးရအဖွဲ့မှ အခြားအဆင့်မြင့် အရာရှိများကို လုံခြုံရေးအေးဂျင့်များက အမြန်ဆုံး ကယ်ထုတ်သွားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်၏ အတွင်းရေးမှူး ဒါရန်ဂျုံးစ် (Darren Jones) က Sky News သို့ ပြောကြားရာတွင် ဗြိတိန်ဘုရင်ကြီး ချားလ်စ် (King Charles) ၏ ခရီးစဉ်အတွက် လုံခြုံရေး စီမံချက်များကို သင့်လျော်သလို စနစ်တကျ ချမှတ်ထားနိုင်ရန် မိမိတို့အနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ခရီးစဉ်မတိုင်မီ လုံခြုံရေး အစီအမံများကို ထပ်မံတိုးမြှင့် လုပ်ဆောင်မည် ဟုတ်၊ မဟုတ်ဟု BBC က မေးမြန်းရာ တွင် ဂျုံးစ်က “အစိုးရနဲ့ တော်ဝင်နန်းတော်တို့ဟာ ခရီးစဉ် မတိုင်ခင်ကတည်းက အမေရိကန်ဘက်က တာဝန်ရှိသူ တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လာမယ့် သီတင်းပတ် မတိုင်ခင်မှာလည်း ဆွေးနွေးမှုတွေ ပြုလုပ်သွား မှာပါ” ဟု ပြောကြားခဲ့သည်။
အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်ရန် ဗြိတိန်က ငြင်းဆန်ခဲ့ခြင်းကြောင့် အမေရိကန်သမ္မတနှင့် ဆက်ဆံရေး ပိုမို တင်းမာခဲ့သည့် ဝန်ကြီးချုပ် ကီယာ စတာမာ (Kier Starmer) သည် ထရမ့်အား သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု လည်း ၎င်းက ဆိုသည်။
“ဒါတွေက အံ့အားသင့်စရာ ဖြစ်ရပ်တွေပါ။ ဒီနေ့ မနက်မှာပဲ ဝန်ကြီးချုပ်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတနဲ့ အတူရပ်တည်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်” ဟု မစ္စတာဂျုံးစ်က ပြောကြားခဲ့သည်။
စတာမာကလည်း ဝါရှင်တန်တွင် ညတွင်းချင်း ဖြစ်ပွားခဲ့သည့် အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲက ဖြစ်ရပ်များကို အံ့အားသင့်မိကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဒီမိုကရေစီ အဖွဲ့အစည်းများ သို့မဟုတ် သတင်း လွတ်လပ်ခွင့်အပေါ် မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို အပြင်း ထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချရမည်ဖြစ်ကြောင်း၊ သမ္မတ၊ သမ္မတကတော်နှင့် တက်ရောက်လာသူများ အားလုံး ဘေးကင်းလုံခြုံကြခြင်းအတွက် အလွန် စိတ်သက်သာရာရမိကြောင်း စတာမာက ရေးသားခဲ့သည်။
ထိုညစာစားပွဲတွင် ပစ်ခတ်ခဲ့သည့် အမျိုးသားမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ တော်ရန့်စ် (Torrance) မြို့မှ အသက် ၃၁ နှစ်အရွယ် ကိုးလ် တွမ်မစ်တ် အလန် (Cole Tomas Allen) ဖြစ်ပြီး ၎င်းအား ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာမှာပင် ဖမ်းဆီးရမိခဲ့သည်။
Source: The Independent
