- By CNI
- Category: နိုင်ငံရေး
- Hits: 201
CNI International News
ဝါရှင်တန်၊ မေလ ၁၂
ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အီရန်အရေး၊ ထိုင်ဝမ်အရေး၊ AI နည်းပညာနှင့် နျူကလီးယား လက်နက်များအရေးကို ဆွေးနွေးလိမ့်မည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ပြီး သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံသည့်အခါမှာ အထက်ပါ အရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခု၏ ခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ အီရန်စစ်ပွဲနှင့် အခြား သဘောထား ကွဲလွဲမှုများကြောင့် တင်းမာနေသည့် ဆက်ဆံရေးကို တည်ငြိမ်အောင် ကြိုးပမ်းသည့် အနေဖြင့် ၆ လကျော်အတွင်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
ထရမ့်သည် မေလ ၁၄ ရက်တွင် ပေကျင်း (Bejing) မြို့တော်သို့ ရောက်ရှိမည်ဖြစ်ပြီး မေလ ၁၅ နှင့် မေလ ၁၆ ရက်နေ့များ၌ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
ယခုခရီးစဉ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ထရမ့်၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

သမ္မတ ထရမ့်နဲ့ သမ္မတ ရှီတို့ကို တွေ့ရစဉ်
အမေရိကန်နှင့် တရုတ်တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေမည့် ဖိုရမ်များဖွဲ့စည်းရန် သဘောတူညီကြလိမ့်မည်ဟု မျှော်လင့်ရပြီး၊ တစ်ဖက်တွင်လည်း တရုတ်နိုင်ငံက Boeing လေယာဉ်များ၊ အမေရိကန် စိုက်ပျိုးရေးနှင့် စွမ်းအင်ထုတ်ကုန်များ ဝယ်ယူမည့်အကြောင်း ထုတ်ဖော် ပြောဆို လိမ့်မည်ဟု ခန့်မှန်းရကြောင်း အရာရှိများက ဆိုသည်။
ကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဖွဲ့စည်းမည့် အစီအစဉ်များကို ထရမ့်နှင့်ရှီတို့၏ တွေ့ဆုံပွဲတွင် တရားဝင် ကြေညာနိုင်သော်လည်း ထိုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်အတွက် နောက်ဆက်တွဲ လုပ်ဆောင်ချက်များ လိုအပ်နိုင်သေးကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံမှ အမေရိကန်သို့ မြေရှားသတ္တုများ တင်ပို့ခွင့်ပြုထားသည့် ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲမှု သဘော တူ ညီချက်ကို သက်တမ်းတိုးရန် ဆွေးနွေးကြမည် ဖြစ်သော်လည်း ထိုသဘောတူညီချက်ကို ယခုသီတင်းပတ် အတွင်း သက်တမ်းတိုးမည် ဟုတ်၊ မဟုတ် ရှင်းလင်းစွာ မသိရသေးကြောင်း ထိုအရာရှိက ပြောသည်။
သို့သော် ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ချုပ်ဆိုခဲ့ပြီး လက်ရှိ အချိန်အထိ အတည်ဖြစ်နေဆဲဖြစ်သော ထိုသဘော တူညီချက်ကို နောက်ဆုံး၌ သက်တမ်း တိုးနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိကြောင်း ၎င်းက ဆိုသည်။
“ဒါက သက်တမ်း မကုန်သေးပါဘူး။ သက်တမ်းတိုးမယ့် အလားအလာကို သင့်တော်တဲ့အချိန်မှာ ကြေညာသွား နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ထိုအမေရိကန်အရာရှိက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 276
CNI International News
နယူးဒေလီ၊ မေလ ၁၁
ဗီယက်နမ်နိုင်ငံသည် အိန္ဒိယ၏ အသံထက်မြန်သော ဘရာမို့စ်(BrahMos) ဒုံးကျည်များကို ဝယ်ယူရန် ဆွေးနွေး မှုများ ပြုလုပ်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အာရှနှင့် အခြားဒေသရှိ ကာကွယ်ရေးဝန်ကြီးဌာနများသည် အနောက်နိုင်ငံထုတ် လက်နက်စနစ်များအပြင် အခြား ရွေးချယ် စရာများကိုပါ ပိုမို ရှာဖွေလာကြပြီး အခြားနိုင်ငံ ၁၅ နိုင်ငံခန့်ကလည်း ဘရာမို့စ်(BrahMos) ဒုံးကျည်များ ကို စိတ်ဝင်စားနေကြသည်ဟု ဆိုသည်။
အိန္ဒိယနှင့် ဗီယက်နမ်သည် ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိနိုင်သည့် ဒုံးကျည် အရောင်းအဝယ် ကိစ္စအတွက် အဆင့် မြင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗီယက်နမ်သမ္မတ တိုလမ် (To Lam) ၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီး ချုပ် မိုဒီ (Narendra Modi)၊ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ် ဆင်း (Rajnath Singh) နှင့် အခြားအိန္ဒိယ အရာရှိ များနှင့် တွေ့ဆုံခဲ့ရာတွင်လည်း ဆွေးနွေးမှုများ သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့သည်။

အိန္ဒိယထုတ် BrahMos ဒုံးကျည်ကိုတွေ့ရစဉ်
အကယ်၍ BrahMos ဒုံးကျည်များ အရောင်းအဝယ် ဖြစ်မြောက်သွားပါက ဗီယက်နမ်သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ပြီးလျှင် အသံထက်မြန်သော ခရုစ်ဒုံးကျည် အမျိုးအစားဖြစ်သည့် BrahMos ဒုံးကျည်စနစ်ကို ပိုင်ဆိုင်သည့် တတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ဖိလစ်ပိုင်သည် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယထံမှ ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိ BrahMos ဒုံးကျည်များကို ဝယ်ယူခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည်လည်း မတ်လအတွင်း ဒေါ်လာ သန်း ၃၄၀ တန်ဖိုးရှိ BrahMos ဒုံးကျည်များဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။
“ကျနော်တို့ လက်နက်စနစ် အရေအတွက်နဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်၊ BrahMos လက်နက်စနစ် ကလည်း အဲဒီထဲမှာ ပါဝင်ပါတယ်။ ဒီကိစ္စကို ဆက်လက် စောင့်ကြည့်ပေးကြပါ” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန၏ အတွင်းရေးမှူး ပီရီယာဆာမိ ကူမာရန် (Periasamy Kumaran) က သတင်းထောက်များကို ပြောကြား ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 275
CNI International News
ဘန်ကောက်၊ မေလ ၁၁
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) အား ပြစ်ဒဏ်လျှော့ပေါ့ပေးပြီး လွတ်ငြိမ်း ခွင့်ပြုရန် သတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း အကျဉ်းဦးစီးဌာန(DoC)က ရှင်းလင်းပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သက်ဆင်သည် အကျဉ်း ကျခံနေရစဉ်အတွင်း စည်းကမ်းဖောက်ဖျက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ သတ်မှတ်ထား သော စည်းကမ်းချက်များနှင့် ပြည့်စုံသဖြင့် စောစီးစွာ လွတ်မြောက်ခွင့်အတွက် ထည့်သွင်းစဉ်းစားရန် အရည်အချင်း ပြည့်မီကြောင်း DoC က ဆိုသည်။
ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူနှင့် ကျောင်းသားကွန်ရက် (KPT) က သက်ဆင်အား လွှတ်ပေး မည့် အစီအစဉ်ကို ရပ်တန့်ရန် တရားရေးဝန်ကြီးထံ အသနားခံစာ တင်သွင်းခဲ့ပြီးနောက် DoC ၏ ရှင်းလင်း ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အာဏာပိုင်များသည် ဥပဒေကို လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုနေကြပြီး သက်ဆင် ထောင်ဒဏ် ကျခံနေရစဉ် ရဲတပ်ဖွဲ့ ဆေးရုံကြီး၌ တက်ရောက်ကုသမှု ခံယူနေခြင်းနှင့် ပတ်သက်ပြီး တရားရုံးချုပ်၏ အဓိက တွေ့ရှိချက်များကို လျစ်လျူရှုထားသည်ဟု KPT အဖွဲ့က စွပ်စွဲပြောဆိုထားသည်။

သက်ဆင်ရဲ့ သားသမီးတွေကို တွေ့ရစဉ်
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ ထောင်ဒဏ်ကာလ တစ်စိတ်တစ်ပိုင်းကို ကျခံပြီးနောက် မေလ ၁၁ ရက်တွင် ပြန်လည် လွတ်မြောက်လာမည်ဖြစ်သည်။
အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ စဉ်းစားသုံးသပ်မှုများကို ဖြစ်ရပ်မှန်များ၊ ဥပဒေများ၊ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် အကျဉ်းထောင် မှတ်တမ်းများအပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိရသည်။
သက်ဆင်သည် အကျဉ်း ကျခံနေရစဉ်အတွင်း စည်းကမ်းဖောက်ဖျက်မှု သို့မဟုတ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု တရားရုံး၏ အတည်ပြု ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်စုံတစ်ရာ မရှိသဖြင့် ၎င်းအား လွတ်ငြိမ်းခွင့်အတွက် ထည့်သွင်းစဉ်းစားရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုသည်။

သက်ဆင်ကို တွေ့ရစဉ်
လွတ်ငြိမ်းခွင့် တောင်းခံမှုများကို ပြန်လည်သုံးသပ်သည့် ဆပ်ကော်မတီကလည်း သက်ဆင်သည် အကျဉ်းထောင် ဆိုင်ရာ အက်ဥပဒေနှင့် ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများအရ လွတ်ငြိမ်းခွင့်ရရှိရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ခဲ့သည်။
KPT အဖွဲ့၏ စွပ်စွဲချက်များသည် စည်းကမ်း ဖောက်ဖျက်မှု မှတ်တမ်းရှိသော အကျဉ်းသားများကို အကျဉ်းထောင် ပြင်ပ၌ ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းများကို ရည်ညွှန်းနေခြင်းဖြစ်ပြီး ထိုရည်ညွှန်းချက်များသည် လွတ်ငြိမ်း ချမ်းသာခွင့်အတွက် ထည့်သွင်းစဉ်းစားရမည့် ဥပဒေကြောင်းအရ သတ်မှတ်ချက်များ မဟုတ်ကြောင်း DoC က ဆိုသည်။
လွတ်ငြိမ်းခွင့်ပေးခြင်း လုပ်ငန်းစဉ်သည် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ အထူးအခွင့်အရေး ပေးထား ခြင်း မရှိကြောင်းလည်း အကျဉ်းဦးစီးဌာနက ဆက်လက် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 152
CNI International News
စီဘူး၊ မေလ ၉
အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ဒေသတွင်း စီးပွားရေးများတွင် ငွေကြေးဖောင်းပွမှု မြင့်တက်လာ ခြင်းနှင့် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခြင်းတို့ဖြင့် ရင်ဆိုင်နေရချိန်၌ အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများအပေါ် လျင်မြန်ဖျတ်လတ်စွာ တုံ့ပြန်ရန် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.)က မေလ ၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူး (Cebu) မြို့တွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်နေချိန်အတွင်း မားကို့စ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အကျပ်အတည်းကို ကျော်လွှားရန် စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေးနှင့် ပြည်ပရောက် အာဆီယံ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးတို့ကို အရေးအကြီးဆုံး ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
“ခက်ခဲတဲ့အချိန်တွေက ကျနော်တို့ကို သွေးကွဲအောင် မလုပ်နိုင်ပါဘူး၊ ပိုပြီးတော့တောင် စည်းလုံးစေပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့ပြီး အာဆီယံ၏ ခိုင်မာမှုကို အသားပေး ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်း အခြေအနေကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုအစည်းအဝေး၏ အစီအစဉ်အချို့ကို လျှော့ချ ခဲ့ရပြီး အချို့ကို လူကိုယ်တိုင် တက်ရောက်သည့် စနစ်အစား ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည့် စနစ်သို့ ပြောင်းလဲ ကျင်းပခဲ့ရကြောင်း မားကို့စ်က ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပကြစဉ်
အာဆီယံနိုင်ငံများကြား အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို လျှော့ချရန် မားကို့စ်က အလေးအနက် တောင်းဆိုခဲ့ပြီး ကမ္ဘာ့အခြေအနေ တည်ငြိမ်မှု မရှိချိန်တွင် အဖွဲ့ဝင် နိုင်ငံများကြား ကုန်စည်စီးဆင်း မှု ပိုမိုလွယ်ကူမြန်ဆန်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စင်္ကာပူဝန်ကြီးချုပ် လောရင့်ဝမ် (Lawrence Wong) ကလည်း ကမ္ဘာပေါ်တွင် အနှောင့်အယှက်များ၊ ရိုက်ခတ် မှုများနှင့် မတည်ငြိမ်မှုများ ပိုမိုကြုံတွေ့လာရမည်ဖြစ်သဖြင့် အာဆီယံနိုင်ငံများ အနေဖြင့် စုပေါင်း ကြံ့ကြံ့ခံ နိုင်စွမ်းကို အားကောင်းအောင် လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။
“ရှေ့ဆက်သွားမယ့် ကမ္ဘာ့စီးပွားရေးရဲ့ လက်တွေ့ အခြေအနေတွေမှာ အနှောင့်အယှက်တွေ၊ ရိုက်ခတ်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ပိုမိုများပြားလာမှာပါ။ ဒါဟာ ကျနော်တို့ရဲ့ စီးပွားရေးနယ်ပယ်မှာ ပုံမှန် အခြေအနေသစ် (New normal) တစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ဝေါင်က ပြောကြားခဲ့သည်။
အာဆီယံအနေဖြင့် လုပ်ဆောင်ရမည့် ကဏ္ဍသုံးရပ်ကို ဝေါင်က တင်ပြခဲ့ပြီး ထိုကဏ္ဍသုံးခုမှာ အာဆီယံ ပေါင်းစည်း မှုကို ပိုမိုနက်ရှိုင်းစေရန်၊ စုပေါင်းစွမ်းအင်လုံခြုံရေးကို အားဖြည့်ရန်နှင့် အာဆီယံနိုင်ငံ အချင်းချင်းကြား ထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက်များကို ခိုင်မာစေရန်တို့ ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 157
CNI International News
ဘေဂျင်း၊ မေလ ၉
ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ပါကစ္စတန်ကို မြေပြင်တွင် နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့ကြောင်း တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အတည်ပြု ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အဆိုပါ ပဋိပက္ခအတွင်း ပါကစ္စတန်စစ်တပ်၏ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ် တစ်စင်းသည် အိန္ဒိယ၏ ပြင်သစ်နိုင်ငံထုတ် တိုက်လေယာဉ် တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနဖြစ်သော CCTV သည် ထိုစစ်ပွဲအတွင်း ပါကစ္စတန်အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးခဲ့သည့် တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) ၏ ချန်ဒူးလေယာဉ် ဒီဇိုင်းနှင့် သုတေသနဌာနမှ အင်ဂျင်နီယာ ကျန်းဟန် (Zhang Heng) နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုကို မေလ ၇ ရက် က ထုတ်လွှင့်ခဲ့သည်။
ပါကစ္စတန်လေတပ်တွင် တရုတ်နိုင်ငံထုတ် J-10CE တိုက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး၊ ထိုလေယာဉ်များအနက် J-10CE တိုက်လေယာဉ် တစ်စင်းသည် စစ်ပွဲအတွင်း အိန္ဒိယ၏ ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

တရုတ်ထုတ် ပါကစ္စတန် တိုက်လေယာဉ်တွေကိုတွေ့ရစဉ်
ထိုဖြစ်စဉ်သည် တရုတ်တိုက်လေယာဉ် အမျိုးအစားတစ်ခုက ရန်သူ့လေယာဉ်ကို ပစ်ချနိုင်ခဲ့သည့် ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို Rafale တိုက်လေယာဉ်တစ်စင်း ပစ်ချခံရသည့် ပထမဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
“အခြေစိုက်စခန်းမှာ တိုက်လေယာဉ်တွေ ပျံတက်သွားတဲ့ အသံတွေနဲ့ လေကြောင်းရန် သတိပေး ဥဩသံတွေ အမြဲကြားနေရပါတယ်။ မေလရဲ့ မနက်ပိုင်း အချိန်တွေမှာတောင် အပူချိန်က ၅၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါး ရှိနေပါပြီ။ ဒါဟာ ကျနော်တို့အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တကယ့်ကို ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ပါပဲ” ဟု ကျန်းက အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၎င်း၏အဖွဲ့ကို တွန်းအားပေးခဲ့သည့် အရာမှာ မြေပြင်ပံ့ပိုးကူညီမှု လုပ်ငန်းများကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်လိုစိတ်နှင့် ၎င်းတို့ကုမ္ပဏီထုတ် J-10CE လေယာဉ်များ၏ တိုက်ခိုက်နိုင်စွမ်းကို စိတ်ချသေချာမှု ရှိစေရန် ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 239
CNI International News
ကိယက်ဗ်၊ မေလ ၈
ယခုနှစ် အစောပိုင်းက ဟန်ဂေရီနိုင်ငံတွင် သိမ်းဆည်းခံခဲ့ရသော အမေရိကန်ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ယူကရိန်း၏ ငွေစက္ကူများနှင့် ရွှေများကို ယူကရိန်းနိုင်ငံပိုင် Oschadbank ဘဏ်သို့ ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုတန်ဖိုးကြီး ပစ္စည်းများကို သံချပ်ကာ ကားနှစ်စီးဖြင့် ဟန်ဂေရီနိုင်ငံကို ဖြတ်သန်းသယ်ဆောင်လာစဉ် မတ်လ ၅ ရက်နေ့တွင် ဟန်ဂေရီအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ရပ်အပေါ် ယူကရိန်း တာဝန်ရှိသူများက ဒေါသတကြီးတုံ့ ပြန်ခဲ့ကြပြီး ရုရှားလိုလားသော ဟန်ဂေရီအစိုးရ သည် တရားမဝင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ယူကရိန်းဆန့်ကျင်ရေး ရွေးကောက်ပွဲ လှုပ်ရှားမှုတွင် ယူကရိန်း၏ ပိုင်ဆိုင်မှုများကို နိုင်ငံရေးအကျိုးအမြတ် အတွက် အသုံးချနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။
အိမ်နီးချင်း နှစ်နိုင်ငံကြားတွင် ယူကရိန်းပိုင်နက်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ပိုက်လိုင်းမှတဆင့် ရုရှား ရေနံများအား ဟန်ဂေရီက ရယူသုံးစွဲခွင့်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံကြား ယခင်ကတည်းက အငြင်းပွားခဲ့သည်။

ယူကရိန်းငွေစက္ကူနဲ့ရွှေတုံးတွေကို တွေ့ရစဉ်
သို့သော် ယခုကဲ့သို့ တန်ဖိုးကြီးပစ္စည်းများ ပြန်လည်ရရှိခြင်းသည် ဟန်ဂေရီနှင့် ယူကရိန်းကြား ဆက်ဆံရေးတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း မေလ ၆ ရက်တွင် ဇာလန်းစကီးက လူမှုမီဒီယာပေါ်၌ ရေးသားဖော်ပြခဲ့ သည်။
ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အော်ဘန်သည် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
နောက်တက်လာမည့် ဟန်ဂေရီ အစိုးရသစ်သည် ယူကရိန်းအပေါ် ရန်လိုမှုနည်းပါးသော မူဝါဒကို ကျင့်သုံးလိမ့် မည်ဟု ယူဆခံထားရချိန်တွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
“ဟန်ဂေရီနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ယဉ်ကျေးပျူငှာတဲ့ လုပ်ရပ်အတွက် ကျနော် ကျေးဇူးတင် ပါတယ်။ တရားမျှတတဲ့ ဆုံးဖြတ်ချက် တစ်ခုရဖို့ တိုက်ပွဲဝင်ခဲ့ကြပြီး ကျနော်တို့နိုင်ငံနဲ့ ပြည်သူလူထုရဲ့ အကျိုး စီးပွားကို ကာကွယ်ပေးခဲ့ကြတဲ့ ယူကရိန်းနိုင်ငံသား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ဟန်ဂေရီ အခွန်အာဏာပိုင်များဘက်ကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI International News
စီဘူး၊ မေလ ၈
အရှေ့အလယ်ပိုင်းပဋိပက္ခ၏ စီးပွားရေး ဂယက်ရိုက်ခတ်မှုဒဏ်ကို ခံစားနေရချိန်တွင် အာဆီယံအနေဖြင့် အကျပ်အတည်းကာလ ညှိနှိုင်းဆောင်ရွက်မှုများအား အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရို (Ma. Theresa Lazaro) က အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများကို မေလ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ပြုလုပ်လျက်ရှိသည့် အာဆီယံ အစည်းအဝေးအတွင်း လာဇာရိုက ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
“အထူးအစည်းအဝေးတွေမှာ ဆွေးနွေးချက်တွေအရ အာဆီယံအနေနဲ့ အကျပ်အတည်းကာလ ညှိနှိုင်း ဆောင်ရွက် မှုတွေနဲ့ အဖွဲ့အစည်းဆိုင်ရာ အဆင်သင့် ဖြစ်မှုတွေကို ပိုမို အားကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ ကို ထောက်ပြနေပါတယ်”ဟု လာဇာရိုက အာဆီယံ အစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

အာဆီယံအစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဉ်
အီရန်စစ်ပွဲ၏ ဒေသတွင်း သက်ရောက်မှုများကို တုံ့ပြန်သည့် အနေဖြင့် စွမ်းအင်လုံခြုံရေးအား မြှင့်တင်ခြင်း၊ စားနပ်ရိက္ခာ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှု များအား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးနှင့် စီးပွားရေး ဝန်ကြီးများက ကတိပြုခဲ့ကြသည်။
စွမ်းအင်ဆိုင်ရာကိစ္စရပ်သည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရာ ရောက်လိမ့်မည်ဖြစ်ကြောင်း သံတမန်များနှင့် လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
စွမ်းအင်အကျပ်အတည်းသည် ဖိလစ်ပိုင်အား ဒေသတွင်းအဆင့် တုံ့ပြန်မှုတစ်ရပ် ပေါ်ပေါက်လာစေရန် ဖော်ဆောင်စေရုံသာမက အာဆီယံနိုင်ငံများ၏ ပဋိပက္ခများကိုလည်း ဦးစားပေး အစီအစဉ်များမှ လျော့ကျ မသွားစေရန် ထိန်းညှိစေလိမ့်မည်ဖြစ်ကြောင်း သံတမန်များနှင့် လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 250
CNI International News
ယူခရူလ်၊ မေလ ၈
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကမ်ဂျောင် (Kamjong) ခရိုင်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တန်ခူးလ် နာဂ(Tangkhul Naga) ကျေးရွာ သုံးရွာကို ကူကီးအမျိုးသားတပ်မတော်-မြန်မာနိုင်ငံ(KNA-B)က မေလ ၇ ရက် နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း Ukhrul Times သတင်းတွင် ဖော်ပြထားသည်။
ချိုရို (Choro)၊ နမ်လီ (Namlee) နှင့် ဝမ်လီ (Wanglee) ကျေးရွာများ တိုက်ခိုက်ခံရပြီး နေအိမ်အချို့ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။
သို့သော်လည်း တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော နေအိမ် အရေအတွက်ကို Ukhrul Times သတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မေလ ၇ ရက် ညနေပိုင်းအထိ သေဆုံးသူစာရင်း မရရှိသေးသော်လည်း ကူကီးမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးဟု ယူဆရသည့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်မှုအပြီးတွင် ထိုကျေးရွာများ၌ နေထိုင်သည့် ဒေသခံများသည် ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး အနီးနားရှိ တောတောင်များအတွင်း ခိုလှုံခဲ့ကြသည်။
ယခုဖြစ်စဉ်သည် ဆက်လက် ဖြစ်ပွားနေသော နာဂ-ကူကီး ပဋိပက္ခကြားတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၃ နှစ် ကျော် ကြာမြင့်နေပြီဖြစ်သည့် မဏိပူရ်ပဋိပက္ခ၏ တတိယမြောက် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

KNA-B တိုက်ခိုက်တာကို ခံရတဲ့ နာဂရွာကို တွေ့ရစဉ်
အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး တရားမဝင် ဝင်ရောက်လာသော ကူကီးမျိုးနွယ်စုဝင်များသည် ကမ်ဂျောင်ခရိုင်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က ဒေသခံ လွှတ်တော်အမတ်က ဝန်ကြီးချုပ်ထံ ပေးပို့သော အကြောင်းကြားစာအရ ခရိုင်အတွင်းသို့ လူပေါင်း ၅၈၀၀ ကျော် ဝင်ရောက်လာကြောင်း သိရသည်။
ထိုနှစ်အတွင်းမှာပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လူပေါင်း ၅၁၇၃ ဦး၏ ဇီဝဆိုင်ရာ မှတ်တမ်း အချက်အလက်များ (biometric data)ကို ကောက်ယူခဲ့ပြီး ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့အထိ ကမ်ဂျောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၅၀၀ ကျော်ကို ချိုရို၊ နမ်လီနှင့် ဝမ်လီ ကျေးရွာများတွင် လက်ခံထားရှိခဲ့သည်။
ထိုဒုက္ခသည်များကို စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုအောက်ရှိ သတ်မှတ် နေရာများတွင် ထားရှိပြီး အစားအစာ၊ ရေ၊ လျှပ်စစ်မီးနှင့် နေရာထိုင်းခင်း အစရှိသည့် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များကို ပံ့ပိုးပေးထားသည်။
Source: Ukhrul Times
- By CNI
- Category: နိုင်ငံရေး
- Hits: 152
CNI International News
ကရာချီ၊ မေလ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရအရာရှိ ၁၂ ဦး ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်တွင် ကျင်းပသည့် သီတင်းပတ် ၂ ပတ်ကြာ ခေါင်းဆောင်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်ရန် ကရာချီ (Karachi) မြို့သို့ မေလ ၄ ရက်၌ ရောက်ရှိလာခဲ့သည်ဟု Economic Times သတင်းမှ ဖော်ပြထားသည်။
ကရာချီသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်နိုင်ငံ အဆင့်မြင့် ပညာရေး ကော်မရှင်(HEC)နှင့် နိုင်ငံ့ဝန်ထမ်းအကယ်ဒမီ (CSA) မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထိုအစီအစဉ်သည် ၁၉၇၀ ပြည့်နှစ် အစောပိုင်း ကာလများ နောက်ပိုင်း နှစ်နိုင်ငံမှ အဆင့်မြင့် ဗျူရိုကရက်များကြား ပထမဆုံး စနစ်တကျ ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုဖြစ်ပြီး၊ အင်စတီကျူးရှင်းဆိုင်ရာ ဆက်ဆံရေးများ ပြန်လည် ထူထောင်ရာတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုဌာနခွဲမှ တွဲဖက်အတွင်းဝန် စယ်လ်မာ ဆီဒီကာ မာတပ် (Salma Siddiqua Mahtab) က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ထိုအဖွဲ့တွင် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်ထဲရေးနှင့် ကုန်သွယ်ရေး အစရှိသည့် အဓိကဝန်ကြီးဌာနများမှ တွဲဖက်အတွင်းဝန်အဆင့်ရှိ အရာရှိ ၁၁ ဦး ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ် အရာရှိတွေကိုတွေ့ရစဉ်
“မဟာဗျူဟာမြောက် ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုစနစ်များနှင့် မူဝါဒဆိုင်ရာ ဆန်းသစ်တီထွင်မှု” (Strategic Leadership, Governance Systems and Policy Innovation) ဟု အမည်ပေးထားသော ထိုအစီအစဉ်သည် ပါကစ္စတန်အစိုးရ၏ အဓိကဦးဆောင်မှုဖြင့် ပြုလုပ်သော စီမံကိန်းတစ်ခုဖြစ်သည်။
ထိုအစီအစဉ်ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ အပြန်အလှန် သင်ယူလေ့လာမှုများကို အားပေး ရန်နှင့် နှစ်နိုင်ငံစလုံးရှိ ပြည်သူ့ကဏ္ဍ အဖွဲ့အစည်းများကြား အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ် ချိတ်ဆက်မှုများကို ခိုင်မာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
လေ့ကျင့်ရေး အစီအစဉ်များကို ကရာချီမြို့ရှိ အမျိုးသားပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (NIPA) တွင် လေးရက်ကြာ လေ့လာဆွေးနွေးမှုများဖြင့် စတင်ခဲ့သည်။
ကနဦးအဆင့်တွင် ဘင်္ဂလားဒေ့ရှ်အရာရှိများသည် ပါကစ္စတန်နိုင်ငံ၏ အုပ်ချုပ်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများ၌ တိုးတက်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များကို တက်ရောက် နားထောင်ခဲ့ကြသည်။
ကရာချီမြို့ရှိ အစီအစဉ်များအပြီးတွင် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် လာဟိုး (Lahore) မြို့ရှိ နိုင်ငံ့ ဝန်ထမ်း အကယ်ဒမီ (CSA) သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
ထိုနေရာ၌ အုပ်ချုပ်ရေးဆိုင်ရာ ဆန်းသစ် တီထွင်မှုများနှင့် ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
Source: Economic Times
