- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၂၀
ပါကစ္စတန်နိုင်ငံသည် ဆော်ဒီနှင့် ချုပ်ဆိုထားသည့် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ စစ်သား အင်အား ၈၀၀၀၊ တိုက်လေယာဉ် အုပ်စုတစ်စုနှင့် HQ-9 လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို ဆော်ဒီနိုင်ငံ သို့ စေလွှတ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပါကစ္စတန်အစိုးရ အနေဖြင့် အီရန်စစ်ပွဲတွင် အမေရိကန်နှင့် အီရန်ကြား အဓိက စေ့စပ်ညှိနှိုင်း ပေးသူအဖြစ် ဆောင်ရွက်နေချိန်၌ ဆော်ဒီနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်အင်အား အပြည့်အစုံ စေလွှတ်ချထားမှုကို ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခြင်းဖြစ်ပြီး၊ လုံခြုံရေး အရာရှိ သုံးဦးနှင့် အစိုးရသတင်းမြစ် နှစ်ဦးတို့က အတည်ပြုခဲ့သည်။
ယခုစေလွှတ်မှုသည် ဆော်ဒီနိုင်ငံ ထပ်မံ တိုက်ခိုက်ခံရပါက ဆော်ဒီစစ်တပ်ကို ထောက်ပံ့ကူညီရန် ရည်ရွယ်သည့် ထိရောက်ပြီး တိုက်ပွဲဝင်နိုင်စွမ်းရှိသော စစ်အင်အားစုကြီးဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ်
ယခုကဲ့သို့ စစ်အင်အား စေလွှတ် ချထားမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပါကစ္စတန် စစ်တပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆော်ဒီအစိုးရ ပြန်ကြားရေးရုံးတို့က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့်နှစ်က လက်မှတ် ရေးထိုးခဲ့သော ကာကွယ်ရေး သဘောတူညီချက်၏ အချက်အလက် အပြည့်အစုံကို လျှို့ဝှက်ထားသော်လည်း တိုက်ခိုက်ခံရသည့် အချိန်မျိုးတွင် ပါကစ္စတန်နှင့် ဆော်ဒီတို့အနေဖြင့် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ကာကွယ်ပေးရန် လိုအပ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားထားသည်။
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ် (Khawaja Asif) ကလည်း ယခုသဘောတူညီချက်သည် ဆော်ဒီနိုင်ငံအား ပါကစ္စတန်၏ နျူကလီးယား ကာကွယ်မှု ထီးရိပ်အောက်တွင် ရှိစေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
သတင်းမြစ်များ၏ ပြောကြားချက်အရ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ပူးတွဲ ထုတ်လုပ်ထားသည့် JF-17 တိုက်လေယာဉ်များ အဓိက ပါဝင်သော လေယာဉ် ၁၆ စင်းခန့်ရှိသည့် တိုက်လေယာဉ်အုပ်စု တစ်စုလုံးကို ဧပြီလ အစောပိုင်းတွင် ဆော်ဒီသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးအရာရှိ နှစ်ဦးကလည်း ပါကစ္စတန်သည် ဒရုန်းအုပ်စု နှစ်စုကိုလည်း စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ သည်။
ထိုစစ်လက်နက် ပစ္စည်းများကို ပါကစ္စတန် စစ်မှုထမ်းများက ကိုင်တွယ် အသုံးပြုမည်ဖြစ်ပြီး ဆော်ဒီက ငွေကြေး ထောက်ပံ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 255
CNI International News
တီဟီရန်၊ မေလ ၁၉
အီရန်နိုင်ငံ တီဟီရန် (Tehran) မြို့တော်တွင် အီရန်အစိုးရက ဦးဆောင်ကျင်းပသော အမေရိကန် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို ထောင်နှင့်ချီသည့် အီရန်နိုင်ငံသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း CNN သတင်းဌာနမှ ဖော်ပြခဲ့သည်။
တီဟီရန်မြို့တော်၏ လူကုံထံရပ်ကွက် တစ်ခုဖြစ်သော တာဂျ်ရစ်ရှ် ရင်ပြင် (Tajrish Square) အနီးတွင် အီရန်နိုင်ငံတော်အလံများ ပြည့်နှက်နေပြီး၊ "အမေရိကန် ကျဆုံးပါစေ" (Death to America) ဟူသည့် ကြွေးကြော်သံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
တစ်ဖက်တွင်လည်း လမ်းဘေးဈေးသည်များက ဆန္ဒပြလူအုပ်ကြီးကို ရေနွေးကြမ်းများနှင့် မျိုးချစ်စိတ်ဓာတ်ပြ ဦးထုပ်များ၊ အင်္ကျီကပ်ခွာ တံဆိပ်များကဲ့သို့သော အမှတ်တရပစ္စည်းများကို လိုက်လံရောင်းချနေကြသည်။
“ကျမရဲ့ နိုင်ငံနဲ့ ကျမတို့ ပြည်သူတွေ အတွက်ဆိုရင် ကျမရဲ့ အသက်ကို စွန့်လွှတ်ဖို့ အဆင်သင့်ပါပဲ” ဟု တီယာနာ (Tiana) အမည်ရှိ အီရန်အမျိုးသမီးငယ်တစ်ဦးက ပြောကြားခဲ့သည်။

အီရန်မှာ သေနတ်ကိုင် ဆန္ဒပြနေစဉ်
“ကျမတို့ဆီမှာ ရှိသမျှ ပြည်သူတွေ၊ စစ်တပ်တစ်ခုလုံးနဲ့ စစ်ဘက်အကြီးအကဲ အားလုံးကလည်း သူတို့ရဲ့ အသက် တွေကို စွန့်လွှတ်ဖို့ အဆင်သင့်ပါပဲ။ ပြီးတော့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံး ပုံအောပြီး တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ” ဟု တီယာနာက ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန်ကို သဘောတူညီချက် အမြန်ဆုံး ရယူရန် ခြိမ်းခြောက်ခဲ့သည်။
“အီရန်အတွက် အချိန်တွေ ကုန်ဆုံးနေပြီ။ သူတို့အနေနဲ့ မြန်မြန်ဆန်ဆန် လှုပ်ရှားရုန်းထွက်နိုင်ရင် ပိုကောင်းလိမ့် မယ်။ မဟုတ်ရင်တော့ သူတို့ဆီမှာ ဘာတစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူး” ဟု ထရမ့်က မေလ ၁၇ ရက်တွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေမှုက ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေးကို ပိုမို ဆိုးရွားစေခဲ့ကာ ထရမ့်၏ ယခုခြိမ်းခြောက်မှုက တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

အီရန်မှာ သေနတ်ကိုင် ဆန္ဒပြနေစဉ်
လက်လုပ် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားသည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက ဖာရ်စီ (Farsi) ဘာသာစကားဖြင့် ရေးသားထားသော ၎င်း၏ ဆိုင်းဘုတ်တွင် “နျူကလီးယားနဲ့ ဒုံးပျံနည်းပညာဟာ ကျနော်တို့ရဲ့ နယ်စပ်စည်းတွေလိုပဲ အရေးကြီးတာကြောင့် ဒါတွေကို ကျနော်တို့ ကာကွယ်စောင့်ရှောက်သွားမှာပါ” ဟု ရေးသား ထားသည်။
“ကျနော်တို့ လိုအပ်တာက နျူကလီးယား စွမ်းအင်နဲ့ သန့်ရှင်းတဲ့ စွမ်းအင်ဖြစ်ပါတယ်။ ဗုံး မဟုတ်ပါဘူး။ ကျနော် တို့မှာ ဗုံးမရှိဘူးဆိုတာ ထရမ့် သိပါတယ်။ ဒါပေမဲ့ သူက ကျနော်တို့ကို ဘာပဲဖြစ်ဖြစ် တိုက်ခိုက်နေတာပါပဲ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ထိုအမျိုးသားက ပြောကြားခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI International News
နယူးဒေလီ၊ မေလ ၁၉
အိန္ဒိယနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၄၂ ဘီလျံရှိနေပြီး လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်နေသည့်တိုင် ကျဆင်း လာနေသည့် ကလေးမွေးဖွားနှုန်းကို တုံ့ပြန်ရန်အတွက် မိသားစုကြီးကြီး ထူထောင်ကြရန် မိုဒီ၏ မဟာမိတ်များက တိုက်တွန်း အားပေးနေကြခြင်း ဖြစ်သည်။
အိန္ဒိယတွင် မိသားစုများ အနေဖြင့် ကလေးများထပ်ယူရန် ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ သြဇာကြီးမား သည့် မဟာမိတ်များက တွန်းအားပေး လုပ်ဆောင်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ လူဦးရေသည် နောက်ထပ် နှစ်ပေါင်း ၄၀ ခန့်အထိ ဆက်လက် တိုးပွားနေဦးမည်ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၇ ဘီလျံဝန်းကျင်တွင် အမြင့်ဆုံးသို့ ရောက်ရှိလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
သို့သော် မူဝါဒ ချမှတ်သူအချို့နှင့် ဟိန္ဒူ အဖွဲ့အစည်းများကမူ မိသားစုဝင် အရေအတွက် ပိုမို များပြားစေရန် ယခုကတည်းကပင် စတင်သင့်ပြီဖြစ်ကြောင်း၊ ထိုအစီအစဉ်အတွက် အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီ မှုများလည်း ပါဝင်သင့်ကြောင်း ပြောကြားနေကြသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
အစိုးရ၏ ၂၀၁၉-၂၀၂၁ ခုနှစ် လေ့လာဆန်းစစ်ချက်အရ အိန္ဒိယတွင် စုစုပေါင်း ကလေးမွေးဖွားနှုန်း ကျဆင်းသွားခဲ့ သည်ကို တွေ့ရှိရသည်။
အဘယ်ကြောင့်ဆိုသော် သားဆက်ခြားဆေးများ ပိုမို အသုံးပြုလာခြင်းနှင့် အမျိုးသမီးများအကြား ပညာရေး အဆင့်အတန်း မြင့်မားလာခြင်းတို့ကြောင့် အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားမှုနှုန်းသည် ၂ ဦးအထိ ကျဆင်း သွားခဲ့သည်။
၁၉၉၂-၁၉၉၃ ခုနှစ်က အမျိုးသမီး တစ်ဦးလျှင် ပျမ်းမျှ ကလေးမွေးဖွားနှုန်းသည် ၃ ဒသမ ၄ ဦး ရှိခဲ့ရာမှ နောက်ဆုံး လေ့လာချက်တွင် ၂ ဦးသို့ ကျဆင်းလာခြင်း ဖြစ်သည်။
လူဦးရေ ပမာဏ ယုတ်လျော့မသွားဘဲ ပုံမှန်အတိုင်း အစားထိုးနိုင်ရန်အတွက် အမျိုးသမီး တစ်ဦးလျှင် ကလေး မွေးဖွားနှုန်း ၂ ဒသမ ၁ ဦး ရှိရန် လိုအပ်ကြောင်း အစိုးရက ခန့်မှန်းတွက်ချက်ထားသည်။

အိန္ဒိယ လူဦးရေကို တွေ့ရစဉ်
ဒေသန္တရပါတီတစ်ခုနှင့် ဝန်ကြီးချုပ် မိုဒီ၏ ပါတီတို့ ပူးပေါင်းထားသည့် ညွန့်ပေါင်းအစိုးရ အုပ်ချုပ်သော တောင်ပိုင်း အန်ဒရာပရာဒေ့ရှ် (Andhra Pradesh) ပြည်နယ်တွင် အမျိုးသမီးတစ်ဦး အနေဖြင့် တတိယမြောက် ကလေး မွေးဖွားမည်ဆိုပါက ရူပီး ၃၀,၀၀၀ ( ၃၁၁ ဒသမ ၅၇ ဒေါ်လာ) နှင့် စတုတ္ထမြောက် ကလေးအတွက် ရူပီး ၄၀,၀၀၀ ကို တစ်ကြိမ်စာ ငွေကြေး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြောကြား ခဲ့သည်။
နိုင်ငံအတော်များများတွင် ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းကြောင့် လူဦးရေ အိုမင်းမှုနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကို ဦးတည်စေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ချန်ဒရာဘာဘူ နိုင်ဒူး (Chandrababu Naidu) က ပြောကြားခဲ့သည်။
“အရင်တုန်းကတော့ ကျနော်တို့ဟာ သားဆက်ခြား (မိသားစုစီမံကိန်း) လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလို အခြေအနေတွေ ပြောင်းလဲသွားတဲ့ အချိန်မှာတော့ ကလေးတွေကို အဖိုးတန်တဲ့ ရတနာတွေအဖြစ် ရှုမြင်ကြဖို့ ကျနော်တို့ တိုက်တွန်းနေရပြီ ဖြစ်ပါတယ်”ဟု နိုင်ဒူးက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 197
CNI International News
မနီလာ၊ မေလ ၁၈
နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားသည့် အထက်လွှတ်တော်အမတ် ရော်နယ် ဒီလာရိုဆာ (Ronald Dela Rosa) အား ဖမ်းဆီးခွင့်ပြုရန် တရားလွှတ်တော်ချုပ်ကို တောင်းဆိုထားကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဒီလာရိုဆာသည် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး (Rodrigo Duterte) ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကို အဓိက တာဝန်ယူခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ICC သည် ဒီလာရိုဆာကို ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ဒူတာတေး အပါအဝင် အခြား ပူးတွဲ ကျူးလွန်သူများနှင့်အတူ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှု၊ လူသတ်မှုဖြင့် စွဲဆိုခဲ့သည်။
ထို့ကြောင့် ဒီလာရိုဆာအား ICC တွင် တရားရင်ဆိုင် ခိုင်းရန်အတွက် ဖမ်းဆီးခွင့်ပြုရန် ဖိလစ်ပိုင်အစိုးရရှေ့နေချုပ် ဒါလင်း ဘာဘာရာဘီ (Darlene Berberabe)က တရားလွှတ်တော်ချုပ်ကို တောင်းဆိုထားခြင်းဖြစ်သည်။
ဒီလာရိုဆာသည် အစိုးရအေးဂျင့်များမှ ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းနေမှုကို တားဆီးပေးဖို့ ဖိလစ်ပိုင် တရား လွှတ်တော်ချုပ်ကို တောင်းဆိုခဲ့ပြီး ပြီးခဲ့သည့် အပတ်က လွှတ်တော် အဆောက်အအုံအတွင်း ယာယီ ခိုလှုံခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးနဲ့ ဖိလစ်ပိုင်ရဲချုပ်ဟောင်း လွှတ်တော်အမတ် ဒီလာရိုဆာကို တွေ့ရစဉ်
ထို့နောက် ဒီလာရိုဆာသည် မေလ ၁၄ ရက်တွင် လွှတ်တော် အဆောက်အအုံအတွင်းမှ တိတ်တဆိတ် ထွက်ခွာ သွားခဲ့ပြီးနောက် လက်ရှိ၌ ၎င်းဘယ်ရောက်နေသည်ကို မသိရသေးပေ။
“သူ့ရဲ့ လုပ်ဆောင်ချက်တွေအရ သူဟာ ဥပဒေရဲ့ အကာအကွယ် အပြင်ဘက်ကို ရောက်ရှိသွားခဲ့ပါပြီ”ဟု အစိုးရ ရှေ့နေချုပ် ဘာဘာရာဘီက ဒီလာရိုဆာ၏ လျှောက်ထားချက်ကို ပယ်ချပေးရန် တရားရုံးသို့ တင်ပြသည့် လျှောက်ထားလွှာတွင် ပြောကြားခဲ့သည်။
“သူ့အနေနဲ့ တရားဝင် အာဏာပိုင်တွေဆီမှာ လာရောက် အဖမ်းမခံမချင်း ဝရမ်းပြေး တစ်ဦးအဖြစ်သာ သတ်မှတ် ရမှာဖြစ်ပြီး တရားရုံးတွေဆီကနေ ဘယ်လို သက်ညှာမှုမျိုးကိုမှ တောင်းခံခွင့် မပြုသင့်ပါဘူး” ဟု ဘာဘာရာဘီက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး တရားလွှတ်တော်ချုပ် ဘက်ကမူ ချက်ချင်း မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 288
CNI International News
နယူးဒေလီ၊ မေလ ၁၈
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီးလ်နာဒူးပြည်နယ် (Tamil Nadu) တွင် ဝန်ကြီးချုပ်သစ်တစ်ဦး တက်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံရှိ လူမျိုးစု နိုင်ငံရေး ခေါင်းဆောင်များသည် ကွဲပြားခြားနားလှသည့် မျှော်လင့်ချက်များကို ထုတ်ဖော်ပြသခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ရုပ်ရှင်မင်းသားဘဝမှ နိုင်ငံရေးသမား ဖြစ်လာသူ စီ ဂျိုးဇက် ဗီဂျေး (C. Joseph Vijay) သည် ၎င်း၏ TVK ပါတီ သစ်ဖြင့် ယခုလ အစောပိုင်းက သမိုင်းဝင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်၌ တမီးလ်နာဒူး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းရှိ တမီးလ်လူမျိုးများသည် ဘာသာစကား၊ ယဉ်ကျေးမှုနှင့် လူမျိုးစုချင်း အလွန်နီးစပ်ကြသည်။
တမီးလ်နာဒူးပြည်နယ်၏ ခေါင်းဆောင်များသည် သီရိလင်္ကာရှိ တမီးလ်လူနည်းစုများ၏ အခွင့်အရေးများနှင့် ပတ်သက်ပြီး ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားလေ့ရှိကာ၊ အိန္ဒိယဗဟိုအစိုးရ၏ သီရိလင်္ကာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှု ရှိသဖြင့် နိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။

သီရိလင်္ကာစစ်ပွဲ ရပ်ရေးလှုပ်ရှားမှုကိုတွေ့ရစဉ်
ဗီဂျေး အနေဖြင့် သီရိလင်္ကာရှိ တမီးလ်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေးနှင့် စစ်ဘေးဒဏ် ခံခဲ့ရ သည့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယအစိုးရမှတဆင့် ဖိအားပေး ကူညီပေးလိမ့်မည်ဟု သီရိလင်္ကာရှိ တမီးလ်နိုင်ငံရေးသမားများနှင့် ပြည်သူများက မျှော်လင့်နေကြသည်။
သို့သော် သီရိလင်္ကာတွင် နေထိုင်သည့် အင်ဒို- အာရီယန် စကားပြောသည့် လူမျိုးစုဖြစ်သည့် ဆင်ဟာလီ (Sinhalese) လူမျိုးစု ခေါင်းဆောင်များနှင့် သီရိလင်္ကာအစိုးရကမူ တမီးလ်နာဒူးတွင် အမျိုးသားရေးဝါဒ ပိုမို အားကောင်းလာမည့် အရေးကို စိုးရိမ်နေကြသည်။
ထိုအမျိုးသားရေးဝါဒ ပိုမိုအားကောင်းလာမည်ဆိုပါက သီရိလင်္ကာ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လာခြင်း သို့မဟုတ် ယခင်က ရှိခဲ့ဖူးသည့် ခွဲထွက်ရေး လှုပ်ရှားမှုများကို ပြန်လည် လှုံ့ဆော်လာခြင်းတို့ ဖြစ်လာမည့် အရေးအား ၎င်းတို့က စိုးရိမ်နေခြင်းဖြစ်သည်။
ဗီဂျေးသည် တမီးလ်ရုပ်ရှင်လောက (Kollywood) တွင် အအောင်မြင်ဆုံးနှင့် ပရိသတ်အခြေခိုင်ဆုံး မင်းသား တစ်ဦး ဖြစ်သဖြင့် နိုင်ငံရေးလောကတွင်လည်း ၎င်းအပေါ် ထောက်ခံမှုနှုန်းမှာ အလွန်မြင့်မားနေသည်။
ဗီဂျေး တည်ထောင်ခဲ့သည့် ပါတီအသစ်သည် ဝါရင့်နိုင်ငံရေးပါတီကြီးများကို ကျော်ဖြတ်ကာ ပြည်နယ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဗီဂျေး၏ လစ်ဘရယ်ဆန်ပြီး လူထုအခြေပြု မူဝါဒများက သီရိလင်္ကာနိုင်ငံရေးအပေါ် မည်သို့ သက်ရောက်မည်ကို ဒေသတွင်းနိုင်ငံများက စောင့်ကြည့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 252
CNI International News
ဘေဂျင်း၊ မေလ ၁၆
အီရန်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်ကြား သဘောထားချင်း တိုက်ဆိုင်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရစေရဆိုသည့် အချက်အပြင် ဟော်မုဇ်ရေလက် ကြားကို မဖြစ်မနေ ပြန်လည် ဖွင့်လှစ်ရမည်ဆိုသော အချက်တို့အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် သဘောတူညီမှု ရရှိခဲ့ကြောင်း ထရမ့်က ပြောသည်။
အမေရိကန်-တရုတ် ထိပ်သီး အစည်းအဝေးမှ တရားဝင် သဘောတူညီချက်များကို ထုတ်ပြန်ခြင်း မရှိသေးသော် လည်း၊ အီရန်ရေနံကို အဓိက ဝယ်ယူနေသည့် တရုတ်အနေဖြင့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်အတွက် ၎င်းတို့၏ ဩဇာအာဏာကို အသုံးပြုမည့် လက္ခဏာမျိုး မတွေ့ရကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
“တခြားသူတွေ ဖြေရှင်းနိုင်မှာ မဟုတ်တဲ့ မတူကွဲပြားတဲ့ ပြဿနာ တော်တော်များများကို ကျနော်တို့ ဖြေရှင်းနိုင်ခဲ့ ပါတယ်”ဟု ထရမ့်က မေလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်နှင့် ရှီတို့သည် အီရန်စစ်ပွဲ၊ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနှင့် အခြားသော ကိစ္စရပ်များ ပါဝင်သည့် ဆွေးနွေးပွဲ ဒုတိယမြောက်နေ့အဖြစ် ဘေဂျင်းမြို့တော်တွင် မေလ ၁၅ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်
အီရန်အရေးနှင့်ပတ်သက်ပြီး ထရမ့်နှင့် ဆွေးနွေးမှုများအပေါ် ရှီက တစ်စုံတစ်ရာ မှတ်ချက် မပေးခဲ့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီရန်စစ်ပွဲအပေါ် တရုတ်က စိတ်ပျက်နေကြောင်း ဖော်ပြသည့် ပြတ်သား သော ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
“အစကတည်းက မဖြစ်ပွားသင့်ခဲ့တဲ့ ဒီပဋိပက္ခဟာ ဆက်ပြီး ဖြစ်ပွားနေစရာ ဘာအကြောင်းမှ မရှိပါဘူး”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့သော အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့သည်။
အမေရိကန်ကလည်း အီရန်၏ ဆိပ်ကမ်းများကို ပိတ်ဆို့ထားပြီး အီရန်အနေဖြင့် သဘောတူညီချက် ရယူခြင်း မရှိပါက တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဟု ထရမ့်က ခြိမ်းခြောက်ထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 274
CNI International News
ဘန်ကောက်၊ မေလ ၁၆
အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲများ ဖြစ်ပွားနေချိန်အတွင်း အနောက်နိုင်ငံများ ဦးဆောင်သည့် စည်းမျဉ်း အခြေပြု ကမ္ဘာ့အခင်းအကျင်းသည် ကျရှုံးနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကက် ကော (Sihasak Phuangketkeow)က သတိခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေချိန်အတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်၌ BRICS+ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်ချိန်၌ သီဟာဆက်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မေလ ၁၄ ရက်က နယူးဒေလီတွင် ပြုလုပ်ခဲ့သော ထိုအစည်းအဝေး၌ ထွန်းသစ်စ စီးပွားရေးနိုင်ငံများ၏ အခန်း ကဏ္ဍကို ထင်ဟပ်စေမည့် ပိုမို အားလုံး ပါဝင်နိုင်သည့် နိုင်ငံတကာ အခင်းအကျင်းသစ်တစ်ခု ဖော်ဆောင်ရန် ၎င်းက တောင်းဆိုခဲ့သည်။
၁၉၄၅ ခုနှစ်နောက်ပိုင်း အနောက်အင်အားကြီး နိုင်ငံများက အဓိက ပုံဖော်ခဲ့သော လက်ရှိ ကမ္ဘာ့စည်းမျဉ်းများ သည် ခေတ်သစ် ပထဝီနိုင်ငံရေး အရှိတရားများနှင့် ကိုက်ညီမှု မရှိတော့ကြောင်း သီဟာဆက်က ပြောသည်။
ဝင်ရိုးစုံကမ္ဘာ တစ်ခုကို ပုံဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကို တွေ့ရစဉ်
“နိုင်ငံတကာစည်းတွေ ဘောင်တွေအောက်မှာ အချည်အနှောင် မခံချင်တော့တဲ့ အင်အားကြီး နိုင်ငံတွေကြောင့် လက်ရှိ ကမ္ဘာ့အခင်းအကျင်းဟာ စိန်ခေါ်ခံနေရပါတယ်”ဟု လက်ရှိ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ကိုးကာပြီး သီဟာဆတ်က ပြောကြားခဲ့သည်။
ထိုပဋိပက္ခသည် ထိုင်းနိုင်ငံအတွက်သာမက အာဆီယံဒေသ တစ်ခုလုံး၏ စွမ်းအင်နှင့် ရိက္ခာလုံခြုံမှုအတွက်ပါ တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ၎င်းက သတိပေးခဲ့သည်။
BRICS အဖွဲ့၏ နှစ်ပေါင်း ၂၀ ပြည့် နှစ်ပတ်လည်အဖြစ် ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) က “ဘေးကင်းပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်”ဆိုသည့် ခေါင်းစဉ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာသည့် ဟော်မုဇ်ရေလက် ကြားကို အီရန်က ပိတ်ဆို့ထားချိန်တွင် ဂျိုင်ရှန်ကာ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 172
CNI International News
ဟာဗားနား၊ မေလ ၁၆
အမေရိကန်၏ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) သည် မေလ ၁၄ ရက်က ကျူးဘားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (Raúl Castro) ၏ မြေးဖြစ်သူ အပါအဝင် ကျူးဘားအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ရက်ကလစ်ဖ်သည် ရာအူးလ် ဂီလာမို ရိုဒရီဂွက်ဇ် ကက်စထရို (Raúl Guillermo Rodríguez Castro)၊ ပြည်ထဲရေး ဝန်ကြီး လာဇာရို အယ်လ်ဗာရက်ဇ် ကာဆက်စ် (Lázaro Álvarez Casas) နှင့် ကျူးဘား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတို့နှင့် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး တည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စီအိုင်အေအရာရှိတစ်ဦးက အေပီသတင်းဌာနကို အတည်ပြု ပြောကြားခဲ့ သည်။
အကယ်၍ ကျူးဘားနိုင်ငံဘက်က အခြေခံကျသည့် ပြောင်းလဲမှုများ ပြုလုပ်မည်ဆိုပါက အမေရိကန်နိုင်ငံ အနေ ဖြင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် အလေးထား ဆွေးနွေးသွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ သဝဏ်လွှာကို သွားရောက်ပေး အပ်ခြင်းဖြစ်ကြောင်း စီအိုင်အေအရာရှိက ပြောကြားခဲ့သည်။
ကျူးဘားအစိုးရ၏ တရားဝင် ထုတ်ပြန်ချက် တစ်ခုတွင် မေလ ၁၄ ရက်က ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံမှုသည် ရှုပ်ထွေးလှသည့် နှစ်နိုင်ငံဆက်ဆံရေး နောက်ခံ အခြေအနေများကြားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မှတ်ချက် ပြု ဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်ကို တွေ့ရစဉ်
ကျူးဘားနိုင်ငံ အနေဖြင့် အနောက်ကမ္ဘာခြမ်းရှိ ရန်သူများအတွက် ခိုလှုံရာနေရာ တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ၍မရကြောင်း ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
ကျူးဘားကိုယ်စားလှယ်အဖွဲ့ကမူ ၎င်းတို့နိုင်ငံသည် အမေရိကန်၏ လုံခြုံရေးအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိစေရဟု အခိုင်အမာ ပြောကြားခဲ့ပြီး အမေရိကန်၏ အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံများစာရင်း တွင် ကျူးဘားနိုင်ငံကို ဆက်လက် ထည့်သွင်းထားခြင်းကိုလည်း ကန့်ကွက်ပြောဆိုခဲ့ကြသည်။
ရိုဒရီဂွက်ဇ် ကက်စထရိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စိန့်ကစ်စ် (St. Kitts) တွင် ပြုလုပ်ခဲ့သော ကာရေဘီယံ အသိုက်အဝန်း ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ဖူးသည်။
ရိုဒရီဂွက်ဇ် ကက်စထရိုသည် အစိုးရရာထူးတစ်ခုကိုမျှ မရယူခဲ့ဖူးသော်လည်း ၎င်း၏ အဖိုးဖြစ်သူ၏ သက်တော် စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ကျူးဘား၏ လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ (Secret Service) ကဲ့သို့သော အဖွဲ့အစည်းတွင် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
အမေရိကန်နှင့် ကျူးဘား အရာရှိများသည် ယခုနှစ် အစောပိုင်းကလည်း ကျူးဘားနိုင်ငံတွင် တွေ့ဆုံခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 201
CNI International News
အစ္စလာမ်မာဘက်၊ မေလ ၁၆
ပါကစ္စတန်က ဂွါဒါ (Gwadar) ဆိပ်ကမ်းတွင် အခွန်များနှင့် အခကြေးငွေ ကောက်ခံမှုများကို လျှော့ချလိုက်ပြီး အီရန်နိုင်ငံထံမှ သယ်ယူပို့ဆောင်ရေး ကုန်သွယ်မှုများကို ပစ်မှတ်ထားနေကြောင်း Nikkei Aisa မှ ဖော်ပြခဲ့သည်။
နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ဂွါဒါဆိပ်ကမ်း၏ အခွန်အခနှုန်းထား များကို အကြီးအကျယ် လျှော့ချလိုက်ကြောင်း ပါကစ္စတန် ရေကြောင်းရေးရာဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဂျူနိုက် အန်ဝါ ချောင်ဒရီ (Junaid Anwar Chaudhry)က မေလ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ကွန်တိန်နာတင် သင်္ဘောများအတွက် ဆိပ်ကမ်းတွင် ဆိုက်ကပ်ခကို ၂၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီး၊ နိုင်ငံတကာမှ တစ်ဆင့်ခံ လွှဲပြောင်းတင်ပို့မည့် ကွန်တိန်နာ သေတ္တာများအပေါ် ကောက်ခံသည့် အခကြေးများကို ၄၀ ရာခိုင်နှုန်း အထိ ဖြတ်တောက်လိုက်ကြောင်း ချောင်ဒရီက ပြောကြားခဲ့သည်။
ထို့ပြင် ဆိပ်ကမ်းမှ ဖြတ်သန်းသယ်ယူမည့် ကွန်တိန်နာများအပေါ် ကောက်ခံသည့် အခကြေးငွေများကိုလည်း ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
အထွေထွေကုန်စည်များအတွက် အခမဲ့ သိုလှောင်ခွင့် ကာလကို ၁ လ ခွင့်ပြုပေးခဲ့ပြီး ထိုကာလသည် နိုင်ငံ အတွင်းရှိ အခြားဆိပ်ကမ်းများတွင် ပုံမှန်ခွင့်ပြုထားသည့် ၅ ရက်တာ ကာလနှင့် နှိုင်းယှဉ်ပါက အခမဲ့ သိုလှောင်ခွင့် ကာလသည် သိသာစွာ များပြားခဲ့သည်။

ပါကစ္စတန်နဲ့အီရန် နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ရစဉ်
“ဖြတ်သန်းသယ်ယူမယ့် ကုန်စည်တွေနဲ့ တစ်ဆင့် လွှဲပြောင်းတင်ပို့မယ့် ကုန်စည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောတွေအတွက် ကြီးမားတဲ့ သက်သာခွင့်တွေ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်” ဟု ချောင်ဒရီက ပြောကြားခဲ့ သည်။
“အခုလို မက်လုံးပေး ဆောင်ရွက်ချက်တွေက ချက်ချင်း အာဏာသက်ဝင်မှာဖြစ်ပြီး၊ လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အချက်အလက်တွေနဲ့ ဈေးကွက် တုံ့ပြန်မှုတွေအပေါ် မူတည်ပြီး နောက်ထပ် လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ ကို အဆင့်လိုက် ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အနာဂတ်တွင် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရာ၌ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ၊ ဒေသတွင်း ပြိုင်ဆိုင်မှု များနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး အချက်အလက်များကို အခြေခံပြီး လမ်းညွှန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချောင်ဒရီက ပြောကြားခဲ့သည်။
ယခုလုပ်ဆောင်ချက်များသည် ဂွါဒါဆိပ်ကမ်းကို ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ အရှေ့အာဖရိက၊ အခြား ဒေသ များနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်မည့် မဟာဗျူဟာမြောက် တံခါးပေါက် တစ်ခုအဖြစ် ဖော်ဆောင်ရန်၊ ပြိုင်ဆိုင် မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစေမည့် ခေတ်မီရေနက်ဆိပ်ကမ်း တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ချမှတ်ထားသည့် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: Nikkei Asia
