- By CNI
- Category: နိုင်ငံရေး
- Hits: 220
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၃
ရုရှားနှင့် ယူကရိန်း စစ်ပွဲအား အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်၏ ငြိမ်းချမ်းရေး အစီအစဉ်ကို စိစစ်ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ပိုမိုကောင်းမွန်လာကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ (၄)နှစ်နီးပါး ကြာမြင့်လာသည့် ရုရှား၏ စစ်ပွဲဆင်နွှဲမှုကို မည်သို့ အဆုံးသတ်မည်ဆိုခြင်းကို ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
ဇာလန်းစကီးသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပတွင် အကြီးဆုံး စစ်ပွဲဖြစ်သည့် ရုရှား-ယူကရိန်း စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးအတွက် သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့်လည်း ဒီဇင်ဘာ ၁ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအချိန်အတောအတွင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း အမေရိကန်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် တွေ့ဆုံသွားမည်ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က အတည်ပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ ဇနီးကို တွေ့ရစဉ်
နိုဝင်ဘာ ၃၀ ရက်က ယူကရိန်းနှင့် အမေရိကန် အရာရှိများကြား အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး သည် ထိရောက်မှုရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ပြောကြားခဲ့ ပြီးနောက် ဇာလန်းစကီးက ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်နှင့် ယူကရိန်းသည် အမေရိကန်က အဆိုပြုထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို ပြန်လည် စိစစ်ပြင်ဆင်ရန် လုပ်ဆောင်လျက်ရှိသည်။
သို့သော် အမေရိကန်၏ မူလ ငြိမ်းချမ်းရေး အစီအစဉ်သည် ရုရှား၏ တောင်းဆိုချက်များကို လိုက်လျောလွန်း နေကြောင်း ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ဝေဖန်ခဲ့ကြသည်။
ထိုဝေဖန်မှုများကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်းအစိုးရအဖွဲ့ ရေးဆွဲ ထားသည့် အချက် ၂၈ ချက်ပါ မူရင်း ငြိမ်းချမ်းရေး အစီအစဉ်ကို စိစစ်ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ပြောကြား ခဲ့သည်။
ပြင်သစ်သမ္မတရုံးကမူ မက်ခရွန်နှင့် ဇာလန်းစကီးတို့သည် ဗြိတိန်၊ ဂျာမနီ၊ ပိုလန်၊ အီတလီ၊ နော်ဝေ၊ ဖင်လန်၊ ဒိန်းမိတ်၊ နယ်သာလန် နိုင်ငံများမှ ခေါင်းဆောင်များ အပါအဝင် အခြားဥရောပ မိတ်ဖက်ခေါင်းဆောင်များနှင့် လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 245
CNI International News
ကာရာကက်စ်၊ ဒီဇင်ဘာ ၃
ပြီးခဲ့သည့်လက မာဒူရိုနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ ချိန်တွင် မာဒူရို၏ တောင်းဆိုချက်များကို ထရမ့်က ငြင်းပယ်ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၄ ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှဖော်ပြခဲ့သည်။
ထို့ကြောင့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) သည် ရာထူးမှဆင်းရန်နှင့် အမေရိကန်က လုံခြုံရေး အာမခံပေး ထားသည့် လမ်းကြောင်းမှတစ်ဆင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် ရွေးချယ်စရာများ သိပ်မကျန်တော့ ကြောင်း ထောက်ပြကြသည်။
အမေရိကန်က ကာရစ်ဘီယံပင်လယ်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ အပါအဝင် ဗင်နီဇွဲလားနိုင်ငံကို ဖိအားများ တိုးမြှင့်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ထရမ့်နှင့် မာဒူရိုတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထရမ့်ကမူ မာဒူရိုနှင့် ပတ်သက်နေသည့် ဗင်နီဇွဲလား၏ Cartel de los Soles မူးယစ်ဆေးဝါးဂိုဏ်းကို နှိမ်နင်းရန် မြေပြင်စစ်ဆင်ရေး ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
မာဒူရိုနှင့် ၎င်း၏ အစိုးရအဖွဲ့ကမူ မည်သည့် ရာဇဝတ်မှု အဖွဲ့အစည်းများနှင့်မှ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
ထရမ့်နှင့် ဖုန်းပြောချိန်တွင် မာဒူရိုက ၎င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းရန်၊ နိုင်ငံ တကာ ရာဇဝတ်တရားရုံး (ICC) သို့ တင်ထားသည့် ၎င်း၏ အမှုကို အဆုံးသတ်ရန် အပါအဝင် ၎င်းနှင့် ၎င်း၏ မိသားစုဝင်များသည် အပြည့်အဝ တရားဝင် လွတ်ငြိမ်းခွင့် ရရှိမည်ဆိုပါက ဗင်နီဇွဲလားနိုင်ငံမှ ထွက်ခွာရန် ဆန္ဒရှိကြောင်း ထရမ့်ကို ပြောခဲ့သည်ဟု သတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု သို့မဟုတ် အဂတိလိုက်စားမှုများတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ဗင်နီဇွဲလား အစိုးရအရာရှိ ၁၀၀ ကျော်ကို ချမှတ်ထားသော ပိတ်ဆို့မှုများ ကိုလည်း ဖယ်ရှားပေးရန် မာဒူရိုက တောင်းဆိုခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲအသစ် မပြုလုပ်မီ ဒုတိယသမ္မတ ဒဲလ်စီ ရိုဒရီဂုဇ် (Delcy Rodriguez) က ယာယီသမ္မတ အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်လိမ့်မည်ဟု မာဒူရိုက ထရမ့်ကို ပြောကြားခဲ့သည်။
ထရမ့်ကမူ မာဒူရို၏ တောင်းဆိုချက် အများစုကို ငြင်းပယ်ခဲ့သော်လည်း မာဒူရိုနှင့် ၎င်း၏ မိသားစုအား ဗင်နီဇွဲလားမှ ထွက်ခွာပြီး ၎င်းတို့ရွေးချယ်ထားသည့် နိုင်ငံတစ်နိုင်ငံသို့ သွားရောက်ရန် အချိန် ၁ ပတ် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့သည်။
သို့သော် မာဒူရိုအား ဘေးကင်းစွာ ထွက်ခွာခွင့် ပေးခဲ့သည့် အချိန် ၁ ပတ်သည် နိုဝင်ဘာ ၂၈ ရက်က သက်တမ်း ကုန်ခဲ့သဖြင့် ထရမ့်က ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 226
CNI International News
ဘေရွတ်၊ ဒီဇင်ဘာ ၃
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၃၁ ရက်ကို နောက်ဆုံးထားပြီး ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် နောက်ဆုံးရက် သတ်မှတ်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
သို့သော် လက်ဘနွန်အစိုးရ အနေဖြင့် အစ္စရေး သတ်မှတ်ထားသည့် နောက်ဆုံးရက် မတိုင်မီ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းနိုင်ခြေ ရှိ/မရှိ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် လက်နက် ဖြုတ်သိမ်းရန် သဘောမတူပါက လက်ဘနွန်ကို စစ်ရေးဖြင့် အရေးယူမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က သတိပေး ခဲ့သည်။
ထို့ကြောင့် အစ္စရေးသည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်သည့် စစ်ပွဲ အသစ်တစ်ခု ဆင်နွှဲမည့် အခြေအနေအတွက် ပြင်ဆင်နေကြောင်းကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အလံကို တွေ့ရစဉ်
"အစ္စရေးအနေနဲ့ နိုင်ငံမြောက်ပိုင်းနယ်စပ်မှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေ တည်ရှိနေမှာကို လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ အတိတ်ကာလက နိုင်ငံတကာ ကြေညာချက်တွေနဲ့အညီ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အလုံးစုံ လက်နက် ချရပါမယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ အနေနဲ့ မလိုက်နာဘူးဆိုရင်တော့ အစ္စရေးက အင်အားသုံး လုပ်ဆောင်ရပါမယ်" ဟု ကက်ဇ်က ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးအစိုးရသည် နိုင်ငံမြောက်ပိုင်း နယ်စပ်အနီး နေထိုင်သည့် ဒေသခံများကို ခြိမ်းခြောက်မှုများ အောက်တွင် နေခွင့်ပြုမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာကြား ၂၀၂၄ ခုနှစ်ကုန်ပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့်တိုင် မကြာသေးမီ လများအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည်။
အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် စစ်ရေး စွမ်းဆောင်ရည်များကို ပြန်လည် တည်ဆောက်နေကြောင်း စွပ်စွဲခဲ့ သည်။
ထို့နောက် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးသည် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းများ ဝင်ရောက်ပျံသန်း မှုများ၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက် နေကြောင်း ပြန်လည်စွပ်စွဲခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ကက်ဇ်ကမူ လက်ဘနွန်သမ္မတ မိုက်ကယ် အာရွန် (Michel Aoun) နှင့် လက်ဘနွန် အစိုးရအဖွဲ့သည် ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI International News
ဟောင်ကောင်၊ ဒီဇင်ဘာ ၂
ဟောင်ကောင်တွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မီးလောင်မှုဖြစ်သည့် အထပ်မြင့် အိမ်ရာများ မီးလောင်မှု အတွင်း သေဆုံးခဲ့သူများအနက် အင်ဒိုနီးရှားအိမ်အကူ ၉ ဦးအထိ ပါဝင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၂၆ ရက်က ဟောင်ကောင်၏ တိုင်ပို (Tai Po) မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံများ မီးလောင်မှု ကြောင့် သေဆုံးသူ ၁၅၀ ကျော်အထိ ရှိလာချိန်တွင် သေဆုံးသူများအနက် အင်ဒိုနီးရှား အိမ်အကူ ၉ ဦး ပါဝင်ခဲ့ပြီး ၃၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဟောင်ကောင်ရှိ အင်ဒိုနီးရှားကောင်စစ်ဝန်ရုံးက ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်မီးလောင်မှု သေဆုံးသူများကို ဂါဝရပြုနေစဉ်
ဟောင်ကောင်အစိုးရက ထိုမီးလောင်မှုကြောင့် ထိခိုက်ခဲ့ရသည့် အိမ်ထောင်စုပေါင်း ၁၇၀၀ ကျော်ကို အရေးပေါ် ထောက်ပံ့ငွေ ဟောင်ကောင်ဒေါ်လာ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၈၄ ) စီ ထောက်ပံ့ပေးခဲ့ကြောင်း ကြေညာ ချက်ခဲ့သည်။
ဟောင်ကောင်ရှိ အင်ဒိုနီးရှားကောင်စစ်ဝန်ရုံး ဝန်ထမ်းများကလည်း ကယ်ဆယ်ရေးစခန်းများ ဆေးရုံများသို့ သွားရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသားများနှင့် ပတ်သက်သည့် သတင်းကို စုံစမ်းလေ့လာလျက်ရှိသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI International News
ဒါကာ၊ ဒီဇင်ဘာ ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး ၎င်း၏ တူမဖြစ်သည့် ဗြိတိန်နိုင်ငံ၏ လေဘာပါတီမှ လွှတ်တော်အမတ် ကျူးလစ် ဆစ်ဒစ် (Tulip Siddiq) ကိုလည်း အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။
ဟာဆီနာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က အစိုးရ၏ မြေယာ ပရောဂျက်တစ်ခုတွင် အာဏာ အလွဲသုံးစားလုပ်ခဲ့ပြီး ဆစ်ဒစ်သည်လည်း အဒေါ်ဖြစ်သူ ဟာဆီနာ၏ အာဏာကို အသုံးပြု၍ ၎င်း၏ မိခင်ဖြစ်သူနှင့် မောင်နှမ ၂ ဦးကို မြေယာ ရရှိပိုင်ဆိုင်ရန် လုပ်ဆောင်ခဲ့သည်ကို ပြစ်မှုထင်ရှား တွေ့ရှိခဲ့သည်ဟု ဒါကာမြို့တော်၏ အထူးတရားသူကြီးခုံရုံးမှ တရားသူကြီး ရာဘီယူ အလမ် (Rabiul Alam) က ပြောကြားခဲ့သည်။
ဆစ်ဒစ်၏ မိခင်ဖြစ်သူ ရှိတ် ရာဟီနာ (Sheikh Rehana) ကိုလည်း တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ထို့ပြင် တရားသူကြီးက ဟာဆီနာ၊ ဆစ်ဒစ်နှင့် ရာဟီနာတို့ကို ဒဏ်ကြေးငွေအဖြစ် တစ်ဦးလျှင် ၈၁၃ ဒေါ်လာစီ ချမှတ်ခဲ့ပြီး ရာဟီနာ၏ မြေကွက်ပိုင်ဆိုင်မှုကိုလည်း ဖျက်သိမ်းခဲ့သည်။
ထိုအမှုနှင့်ပတ်သက်ပြီး နောက်ထပ် သံသယရှိသူ ၁၄ ဦးလည်းရှိကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

ရှေ့နေအဖွဲ့ကို တွေ့ရစဉ်
အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့၏ အစိုးရရှေ့နေ ခမ်းမိုဟာမက် မာအီနူ ဟက်ဆန် (Khan Mohammed Mainul Hasan) က ထိုအမှုတွင် အဓိက တရားခံများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
"ကျနော်တို့က ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် မဖြစ်ခဲ့ ပါဘူး။ ကျနော်တို့ဟာ နောက်ထပ် အရေးယူမှုတွေ ပြုလုပ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ တိုင်ပင် သွားမှာပါ" ဟု ဟက်ဆန်က ပြောကြားခဲ့သည်။
ဟာဆီနာသည် နိုဝင်ဘာ ၁၇ ရက်က လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြင့် သေဒဏ် ချမှတ်ခံ ခဲ့ရပြီး နိုဝင်ဘာ ၂၇ ရက်တွင်လည်း အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
ယခုပြစ်ဒဏ်သည် ဟာစီနာအတွက် သီးခြား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 346
CNI International News
စတော့ဟုမ်း၊ ဒီဇင်ဘာ ၂
၂၀၂၄ ခုနှစ်က ကမ္ဘာပေါ်ရှိ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဝင်ငွေများ စံချိန်တင် မြင့်မားစွာ ရရှိခဲ့ ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဆွီဒင်အခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI)သည် လက်နက် ရောင်းချမှု အများဆုံး Top 100 စာရင်းကို ထုတ်ပြန်ခဲ့သည်။
ထိုစာရင်းတွင် ပါဝင်သည့် လက်နက်ကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်က ဝင်ငွေ ဒေါ်လာ ၆၇၉ ဘီလျံအထိ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
ထိုပမာဏသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်နက်ရောင်းလို့ ဝင်ငွေအများဆုံးရတဲ့ နိုင်ငံတကာ လက်နက်ကုမ္ပဏီတွေကို တွေ့ရစဉ်
အထူးသဖြင့် ယူကရိန်းစစ်ပွဲကြောင့် လက်နက် ဝယ်လိုအားများ မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း လက်နက် ဝယ်လိုအားသည် ထပ်မံ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ယူကရိန်း-ရုရှား စစ်ပွဲကို အကြောင်းပြုပြီ စီးပွားရှာရန် ကောင်းမွန်လာခြင်း ရှိ၊မရှိ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
"ကာကွယ်ရေးကဏ္ဍ အတွက်ဆိုရင်တော့ သေချာပေါက် စီးပွားရှာလို့ ကောင်းနေတာပေါ့။ လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် လက်နက်ကုမ္ပဏီတွေရဲ့ ဝင်ငွေတွေက မြင့်တက်လာခဲ့တယ်လေ" ဟု SIPRI ၏ စစ်ဘက် အသုံးစရိတ်နှင့် လက်နက်များ ထုတ်လုပ်ရေး ပရိုဂရမ်၏ ဒါရိုက်တာ နန် တီယန် (Nan Tian) က ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ စစ်ပွဲအတွင်း ပျက်စီးသွားသည့် လက်နက်များ၊ ကုန်ခမ်းသွားသည့် လက်နက်ခဲယမ်း များကို ပြန်လည်ဖြည့်တင်းရေးအတွက် လက်နက်အသစ်များအား တိုးမြှင့်ထုတ်လုပ်နေသော သဘော သက်ရောက်နေသည်။
လက်နက်အများဆုံး ထုတ်လုပ်သည့် ထိပ်သီး ကုမ္ပဏီ ၁၀၀ စာရင်းတွင် ကုမ္ပဏီ ၃၉ ခုသည် အမေရိကန်၌ အခြေစိုက်ထားသော လက်နက်ကုမ္ပဏီများ ဖြစ်သည်။

လက်နက်ကြီးကျည်ကိုတွေ့ရစဉ်
အမေရိကန်အခြေစိုက် ကုမ္ပဏီ ၃၉ ခု၏ ဝင်ငွေသည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ဝင်ငွေ စုစုပေါင်း၏ ထက်ဝက်နီးပါး ရှိခဲ့သည်။
သို့သော်လည်း ၎င်းတို့၏ အလုံးစုံ ပျမ်းမျှဝင်ငွေသည် ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိနေသည်။
ရုရှားမှလွဲပြီး ကျန် ဥရောပကုမ္ပဏီ ၂၆ ခု၏ ဝင်ငွေ စုစုပေါင်းသည် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
တစ်နိုင်ငံချင်းစီအရ ဂျာမနီ လက်နက်ကုမ္ပဏီများသည် ဥရောပတွင် ဝင်ငွေ အများဆုံးဖြစ်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် လက်နက်ရောင်းချမှုမှ ဝင်ငွေ အများဆုံး ရရှိခဲ့သည့် ၁၀ နိုင်ငံမှာ ဂျပန် (၄၀ ရာခိုင်နှုန်း) ၊ ဂျာမနီ (၃၆ ရာခိုင်နှုန်း) ၊ တောင်ကိုရီးယား (၃၁ ရာခိုင်နှုန်း) ၊ ရုရှား (၂၃ ရာခိုင်နှုန်း)၊ အစ္စရေး (၁၆ ရာခိုင်နှုန်း) ၊ ပြင်သစ် (၁၂ ရာခိုင်နှုန်း) ၊ တူရကီ (၁၁ ရာခိုင်နှုန်း) ၊ အီတလီ (၉ ဒသမ ၁ ရာခိုင်နှုန်း) ၊အိန္ဒိယ (၈ ဒသမ ၂ ရာခိုင်နှုန်း) ၊ ဗြိတိန် (၆ ဒသမ ၆ ရာခိုင်နှုန်း) နှင့် အမေရိကန် (၃ ဒသမ ၈ ရာခိုင်နှုန်း) တို့ ဖြစ်သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 817
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂
ပြီးခဲ့သည့်နှစ်က တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုများသည် မြင့်တက်ခဲ့သော်လည်း တရုတ် ကာကွယ်ရေးကုမ္ပဏီ ၈ ခု၏ စုစုပေါင်း ဝင်ငွေသည် သိသာစွာ လျော့ကျခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဆွီဒင်အခြေစိုက် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ လက်နက်ရောင်းချ မှု အများဆုံး Top 100 စာရင်းတွင် ပါဝင်သည့် တရုတ်ကာကွယ်ရေးကုမ္ပဏီ ၈ ခု၏ ဝင်ငွေ စုစုပေါင်းသည် ၁၀ ရာခိုင်နှုန်း (ဒေါ်လာ ၈၈ ဒသမ ၃) ဘီလျံ လျော့ကျခဲ့သည်ဟု ဖော်ပြခဲ့သည်။
တရုတ်၏ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများ၏ စွမ်းဆောင်ရည်သည် ဂျပန်နှင့် တောင်ကိုရီး ယားတို့၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းနေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းအားများလည်း မြင့်တက်မှုနှင့်အတူ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုများမှ ဝင်ငွေများ မြင့်တက်ခဲ့သည်ဟု SIPRI က ဖော်ပြခဲ့သည်။

တရုတ်ထုတ် ဒုံးကျည်ကို တွေ့ရစဉ်
ယူကရိန်းစစ်ပွဲ၊ ဂါဇာစစ်ပွဲနှင့် ဒေသတွင်း၊ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများကြောင့် ကမ္ဘာတစ်ဝန်း လက်နက်များနှင့် စစ်ပစ္စည်းကုမ္ပဏီများ၏ ဝင်ငွေများ မြင့်တက်နေခြင်းနှင့် တရုတ်၏ ကာကွယ်ရေးကဏ္ဍမှ ဝင်ငွေလျော့ကျမှုသည် ဆန့်ကျင်ဘက် အခြေအနေ ဖြစ်နေသည်။
"တရုတ်ရဲ့ လက်နက် ရောင်းဝယ်ရေးကဏ္ဍမှာ အဂတိလိုက်စားမှု စွဲချက်တွေကြောင့် ၂၀၂၄ ခုနှစ်ထဲမှာ အဓိက လက်နက် ကန်ထရိုက်တွေ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ ရှိခဲ့ပါတယ်" ဟု SIPRI ၏ စစ်ဘက် အသုံးစရိတ်နှင့် လက်နက်များ ထုတ်လုပ်ရေး ပရိုဂရမ်၏ ဒါရိုက်တာ နန် တီယန် (Nan Tian) က ပြောကြားခဲ့ သည်။
၂၀၂၂ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ အမိန့်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု တွင် ပစ်မှတ်ထားခံခဲ့ရသည့် အဖွဲ့အစည်းများအနက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)သည် လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

တရုတ်ထုတ် တိုက်လေယာဉ်ကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်တွင် တရုတ်၏ ဒုံးကျည်တပ်ဖွဲ့သည် အဂတိလိုက်စားမှုဖြင့် ပစ်မှတ်ထား ခံခဲ့ရပြီးနောက် စစ်တပ်၏ အမြင့်ပိုင်း အလွှာအထိ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးခဲ့သည်။
အောက်တိုဘာလထဲတွင်လည်း တရုတ်စစ်တပ်၏ ဗိုလ်ချုပ်ကြီး ၈ ဦးသည် အာဏာရ ကွန်မြူနစ်ပါတီမှ ထုတ်ပယ် ခံခဲ့ရသည်။
ထိုဗိုလ်ချုပ်ကြီးများအနက် တရုတ်၏ နံပါတ် ၂ အဆင့် ဗိုလ်ချုပ်ကြီး ဟီ ဝေတုန် (He Weidong) လည်း ပါဝင်ခဲ့ သည်။
ဟီသည် တရုတ်၏ အမြင့်ဆုံး စစ်ဌာနချုပ် အဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ကော်မရှင်တွင် ရှီ၏ လက်အောက်၌ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အာရှနှင့် အနောက်နိုင်ငံများမှ သံတမန်များကမူ တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများသည် တရုတ်၏ မြင့်တက်လာသည့် စစ်အင်အား တည်ဆောက်မှုအပေါ် မည်မျှ သက်ရောက်မှု ရှိမည်ဆိုခြင်းကို လေ့လာ နေကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI International News
ဒက်ကာ၊ ဒီဇင်ဘာ ၁
အာဖရိကသမဂ္ဂ(AU)သည် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ဂီနီဘစ်ဆောနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး အခြေခံဥပဒေနှင့်မညီသော အပြောင်းအလဲများကို လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီက နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ AU သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသည့် အစိုးရအပြောင်းအလဲကို လုံးဝလက်မခံကြောင်း ထပ်လောင်း ဖော်ပြခဲ့သည်။
ထို့ကြောင့် ဂီနီဘစ်ဆောနိုင်ငံကို အာဖရိကသမဂ္ဂ၏ လှုပ်ရှားမှုများ၊ လုပ်ငန်းတာဝန်များနှင့် အင်စတီကျူးရှင်းများ တွင် ပါဝင်ခြင်းကို ချက်ချင်းဆိုင်းငံ့ကြောင်း ဖော်ပြခဲ့သည်။
ဂီနီဘစ်ဆောတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခင်းအကျင်းကို ပြန်လည်ထိန်းသိမ်းနိုင်သည့် အချိန်အထိ ဆိုင်းငံ့ချက်သည် အသက်ဝင်နေမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဂီနီဘစ်ဆောတွင် အာဏာသိမ်း ခံရပြီးနော်က ဖြုတ်ချခံခဲ့ရသည့် သမ္မတဟောင်း ယူမာရို စစ်ဆိုကို အမ်ဘလို (Umaro Sissoco Embaló) သည် နိုဝင်ဘာ ၂၈ ရက် ညပိုင်းက နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း၊ ထို့နောက် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကွန်ဂိုနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အမ်ဘလို၏ သမ္မတရုံး ဝန်ထမ်းချုပ် ကာလီဖာ ဆော်ရက်စ် ကက်ဆာမာ (Califa Soares Cassamá) က ပြောကြားခဲ့သည်။

ဂီနီဘစ်ဆောနိုင်ငံအတွင်းကို တွေ့ရစဉ်
"ဟုတ်ပါတယ်။ သမ္မတက ဘရက်ဇာဗေးလ် (Brazzaville) မြို့ကို ရောက်သွားပါပြီ။ ကျနော်တို့က ညပိုင်းမှ ထွက်လာတာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ ကွန်ဂိုရဲ့ မြို့တော် ဘရက်ဇာဗေးလ်ကို ရောက်လာကြပါပြီ" ဟု ကက်ဆာမာက အေပီသတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲတွင် ပါဝင်သည့် ဂီနီဘစ်ဆောနိုင်ငံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် ပေါ်တူဂီနိုင်ငံထံမှ လွတ်လပ်ရေး ရခဲ့ပြီးချိန်ကတည်းက အာဏာသိမ်းမှု ၄ ကြိမ် ဖြစ်ပွားခဲ့သည့်အပြင် အာဏာ သိမ်းရန် ကြိုးပမ်းမှုများလည်း အကြိမ်ကြိမ်ရှိခဲ့သည်။
လူဦးရေ ၂ ဒသမ ၂ သန်း နေထိုင်သည့် ဂီနီဘစ်ဆောသည် လက်တင်အမေရိကနှင့် ဥရောပကြား မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် ဆုံချက်နေရာ တစ်ခုအဖြစ် လူသိများသည်။
ဂီနီဘစ်ဆောတွင် နိုဝင်ဘာ ၂၆ ရက်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အနောက်အာဖရိကနိုင်ငံများ စီးပွား ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECOWAS) သည် နိုဝင်ဘာ ၂၇ ရက်တွင် ဂီနီဘစ်ဆောနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁
ဗင်နီဇွဲလားနိုင်ငံပေါ်နှင့် အနီးဝန်းကျင်ရှိ လေပိုင်နက်သည် ပိတ်ထားပြီဟု ယူဆသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုပြောကြားချက်ကြောင့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) အပေါ် အမေရိကန်၏ ဖိအားများနှင့် ပတ်သက်ပြီး မေးခွန်းများ ပိုမိုထွက်ပေါ်လာစေခဲ့သည်။
မာဒူရို အစိုးရအဖွဲ့ကမူ ထရမ့်၏ ပြောကြားချက်သည် နယ်ချဲ့ဝါဒီ ခြိမ်းခြောက်မှု ဖြစ်ကြောင်းနှင့် ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာကို လျော့ကျစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
အိမ်ဖြူတော်ကမူ ဗင်နီဇွဲလား လေပိုင်နက်နှင့်ပတ်သက်ပြီး Truth Social လူမှုမီဒီယာတွင် တင်ခဲ့သည့် ထရမ့်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိပေ။
ထရမ့်၏ လူမှုမီဒီယာတွင် ရေးသားချက်အရ "လေကြောင်းလိုင်းများ၊ ပိုင်းလော့များ၊ မူးယစ်ဆေးဝါး မှောင်ခို ကူးသူ များနှင့် လူမှောင်ခို ကူးသူများသို့" ဟူ၍ ခေါင်းစဉ်တပ်ထားပြီး "ဗင်နီဇွဲလားနိုင်ငံပေါ်နှင့် အနီးတစ်ဝိုက် လေပိုက် နက်များကို ပိတ်ထားပြီဟု ယူဆကြပါ" ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
ဗင်နီဇွဲလားအစိုးရကမူ ထရမ့်၏ အဆိုပါ ရေးသားချက်နှင့်ပတ်သက်ပြီး ပြင်းထန်စွာ ဆန့်ကျင်ကြောင်း၊ ထိုရေးသား ချက်သည် နယ်ချဲ့ဝါဒီ ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ဗင်နီဇွဲလား၏ နယ်မြေတည်တံ့ခိုင်မြဲရေး၊ လေကြောင်းနှင့် ရေကြောင်း လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို လျော့ပါးစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ရေးသားပြောဆိုမှုများသည် ရန်လိုပြီး တစ်ဖက်သတ်ဆန်သည့် ထင်ရာစိုင်းသော လုပ်ရပ်ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမေရိကန် လူဝင်မှု အာဏာပိုင်များသည် အမေရိကန်ရှိ ဗင်နီဇွဲလားရွှေ့ပြောင်းများကို နေရပ်ပြန်ပို့နေ သည့် လေကြောင်းလိုင်းများကိုလည်း တစ်ဖက်သတ် ဆိုင်းငံ့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန် ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေသဖြင့် ဗင်နီဇွဲလား နိုင်ငံနှင့် အနီးတစ်ဝိုက်တွင် ပျံသန်းနေသည့် လေယာဉ်မှူးများ အနေဖြင့် ဂရုစိုက်ကြရန် ပြောကြားခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက နိုင်ငံတကာ လေကြောင်းလိုင်းအချို့သည် ဗင်နီဇွဲလားသို့ ပြေးဆွဲသော လေကြောင်း ခရီးစဉ်များကို ဆိုင်းငံ့ခဲ့သည်။
Source: အေပီ
