- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်(EC)၏ ကိုင်တွယ် ဆောင်ရွက်ပုံများအပေါ် ထိုင်းမဲဆန္ဒရှင် အများစုက မကျေနပ် ကြကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အထူးသဖြင့် ရွေးကောက်ပွဲ မသမာမှုများနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကို မဲဆန္ဒရှင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။
ထိုစစ်တမ်းကို Suan Dusit တက္ကသိုလ်က ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၀ ရက်အတွင်း တစ်နိုင်ငံလုံးရှိ လူပေါင်း ၁၂၃၁ ဦးကို မေးမြန်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
စစ်တမ်းအရ ဖြေဆိုသူများ၏ ၅၉ ဒသမ ၇၇ ရာခိုင်နှုန်းက ရွေးကောက်ပွဲကော်မရှင်(EC) ၏ လုပ်ဆောင်ချက်များ အပေါ် မကျေနပ်ကြကြောင်း တွေ့ရှိရပြီး၊ ၆၇ ဒသမ ၉၉ ရာခိုင်နှုန်းကမူ ရွေးကောက်ပွဲအတွင်း မသမာမှုများ ရှိနိုင် ခြင်းနှင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့အပေါ် စိုးရိမ်ပူပန်နေကြကြောင်း ဖြေဆိုခဲ့ကြသည်။

မဲထည့်နေစဉ်
ထိုစစ်တမ်းကို ကဏ္ဍသုံးခုခွဲပြီး မေးမြန်းခဲ့ခြင်းဖြစ်ကာ ထိုမေးခွန်းများနှင့် အဖြေများကို အောက်ပါအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။
၁ - ဘယ်အချက်တွေကို မဲဆန္ဒရှင်တွေက စိုးရိမ်ခဲ့ကြသလဲ။
¤ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ရွေးကောက်ပွဲ မသမာမှုများ — ၆၇ ဒသမ ၉၉ ရာခိုင်နှုန်း
¤ မဲရုံများတွင် လုပ်ထုံးလုပ်နည်း ရှုပ်ထွေးခြင်း သို့မဟုတ် ဝေဝါးမှုများရှိခြင်း — ၄၀ ဒသမ ၄၅ ရာခိုင်နှုန်း
¤ နိုင်ငံရေးပါတီများ၏ မူဝါဒများ လက်တွေ့တွင် ဖြစ်နိုင်ခြေ မရှိခြင်း — ၄၀ ဒသမ ၃၇ ရာခိုင်နှုန်း
¤ နိုင်ငံရေး ပဋိပက္ခများ ဖြစ်လာနိုင်ခြေ — ၃၇ ဒသမ ၉၄ ရာခိုင်နှုန်း
¤ နိုင်ငံရေးအရ အပြန်အလှန် တိုက်ခိုက်ခြင်းနှင့် နာမည်ဖျက် တိုက်ခိုက်ခြင်းများ — ၃၅ ဒသမ ၀၉ ရာခိုင်နှုန်း

ထိုင်းမဲဆန္ဒရှင်များ မဲထည့်နေစဉ်
၂ - ရွေးကောက်ပွဲကော်မရှင် (EC) ၏ လုပ်ဆောင်ချက်ကို ကျေနပ်ပါသလား။
¤ အရမ်းမကျေနပ်ပါ — ၃၃ ဒသမ ၆၈ ရာခိုင်နှုန်း
¤ အတော်အသင့် ကျေနပ်ပါသည် — ၃၂ ဒသမ ၉၁ ရာခိုင်နှုန်း
¤ လုံးဝ မကျေနပ်ပါ — ၂၆ ဒသမ ၀၉ ရာခိုင်နှုန်း
¤ အရမ်း ကျေနပ်ပါသည် — ၇ ဒသမ ၃၂ ရာခိုင်နှုန်း
၃ - ယခုရွေးကောက်ပွဲကြောင့် ထိုင်းနိုင်ငံရေး အလုံးစုံ တိုးတက်ပြောင်းလဲလာမည်ဟု ထင်ပါသလား။
¤ ထူးခြားလာမည် မဟုတ်ပါ — ၄၉ ဒသမ ၃၁ ရာခိုင်နှုန်း
¤ ပို၍ ဆိုးရွားလာမည် — ၃၁ ဒသမ ၅၂ ရာခိုင်နှုန်း
¤ ပို၍ ကောင်းမွန်လာမည် — ၁၉ ဒသမ ၁၇ ရာခိုင်နှုန်း
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI International News
အစ္စလာမ်မာဘက်၊ ဖေဖော်ဝါရီ ၂၃
ပါကစ္စတန်စစ်တပ်သည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် အစောပိုင်းက အာဖဂန်နစ္စတန် နယ်စပ်တစ်လျှောက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပါကစ္စတန်နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ကျူးလွန်သည့် ပါကစ္စတန် လက်နက်ကိုင်အဖွဲ့များ ခိုအောင်းသည့် နေရာများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါကစ္စတန် အစိုးရက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန် လခြမ်းနီအသင်း (Afghan Red Crescent Society) က ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်ဘက်က တိုက်ခိုက်ခဲ့သည့်နေရာ အတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ နန်ဂါဟာ (Nangarhar) နှင့် ပက်တီကာ (Paktika) ပြည်နယ်များအတွင်းရှိ အရပ်သား နေထိုင်ရာ ဒေသများကို ထိမှန်ခဲ့ကြောင်း ဖော်ပြထား သည်။

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခံမှုကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
ပါကစ္စတန်၏ တိုက်ခိုက်မှုများ ထိမှန်ခဲ့သည့် နေရာများတွင် ဘာသာရေး စာသင်ကျောင်းတစ်ခုနှင့် အရပ်သား နေအိမ် အများအပြား ပါဝင်သည်ဟု အာဖဂန်အစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ယခုတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်၏ လေပိုင်နက်နှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် သေဆုံးသူများနှင့် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နန်ဂါဟာပြည်နယ်ရှိ အာဖဂန်လခြမ်းနီအသင်း၏ ပြည်နယ်ညွှန်ကြားရေးမှူး မော်လဝီ ဖာဇယ် ရာမန် ဖေးယက်ဇ် (Mawlawi Fazl Rahman Fayyaz) က ပြောကြားခဲ့သည်။

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခံမှုကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တူလာ တာရာ (Attaullah Tarar) ကမူ ၎င်းတို့၏ စစ်တပ်သည် ပါကစ္စတန် တာလီဘန် (TTP) လက်နက်ကိုင်အဖွဲ့နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များ၏ စခန်း ၇ ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်နေသည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း တာရာ ဆိုသည်။
ပါကစ္စတန်နိုင်ငံ အနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အမြဲတစေ ကြိုးပမ်း အား ထုတ်ခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးသည် အဓိက ဦးစားပေး အဆင့်တွင် ရှိနေဆဲဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 207
CNI International News
ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၂၃
အိုင်အက်စ်(IS)အဖွဲ့သည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆီးရီးယားစစ်တပ် အရာရှိများကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် နိုင်ငံ့ ခေါင်းဆောင်များကို ဆန့်ကျင် တိုက်ခိုက်မည့် စစ်ဆင်ရေးများ၏ အစောပိုင်း အဆင့်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အိုင်အက်စ်အဖွဲ့၏ သတင်းအေဂျင်စီဖြစ်သည့် Dabiq သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ၎င်းတို့အဖွဲ့ဝင် များသည် ဒိုင်ယာအယ်လ်ဇော (Deir al-Zor) ပြည်နယ်၊ မာယာဒင် (Mayadin) မြို့တွင် ဆီးရီးယားအစိုးရ အဖွဲ့ဝင် တစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုင်ငံမြောက်ပိုင်းရှိ ရက်ကာ (Raqqa) မြို့တွင်လည်း အခြား စစ်ဘက် ဆိုင်ရာ အရာရှိနှစ်ဦးကို စက်သေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် ဆီးရီးယားစစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဆီးရီးယားစစ်တပ်ကို တွေ့ရစဉ်
ယခုတိုက်ခိုက်မှုများသည် ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာရား (Ahmed al-Sharaa) ဦးဆောင်သည့် ဆီးရီးယားအစိုးရအပေါ် အိုင်အက်စ်အဖွဲ့၏ တိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
သမ္မတ အယ်လ် ရှာရားသည် ယခင်က အယ်ကေဒါ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အယ်ကေဒါအဖွဲ့မှ ခွဲထွက်ကာ အစ္စလာမ္မစ်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ကို ရာထူးမှ ဖြုတ်ချခဲ့သည်။
ဆီးရီးယားနိုင်ငံသည် အီရန်၏ ကျူးကျော် သိမ်းပိုက်မှုအောက်မှ တူရကီနှင့် အမေရိကန်တို့၏ ကျူးကျော် သိမ်းပိုက်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူ ဟူဒီဖာ အယ်လ် အန်ဆာရီ (Abu Hudhayfa al-Ansari) က ဖေဖော်ဝါရီ ၂၁ ရက်တွင် အသံဖိုင်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
အိုင်အက်စ်အဖွဲ့သည် ဆီးရီးယားနိုင်ငံအတွင်း စစ်ဆင်ရေး အသစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာ ခဲ့ပြီး သမ္မတ အယ်လ်ရှာရားကို နိုင်ငံတကာမဟာမိတ်အဖွဲ့၏ အစောင့်ခွေးဟု ဝေဖန်ရှုတ်ချခဲ့သလို အယ်လ်ရှာရား ၏ ကံကြမ္မာသည်လည်း အာဆတ်ကဲ့သို့ ဖြစ်လာစေရမည်ဟု ထိုအသံဖိုင်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာမက် အယ်လ် ရှာရားနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သမ္မတ အယ်လ်ရှာရားသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ချိန်က သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံခဲ့ပြီး အိုင်အက်စ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းမည့် နိုင်ငံတကာ မဟာမိတ် အဖွဲ့အတွင်းသို့ ပါဝင်မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဆီးရီးယားတွင် အာဆတ် အစိုးရ ပြုတ်ကျသွားပြီးနောက်ပိုင်း အိုင်အက်စ်အဖွဲ့သည် ဆီးရီးယားအစိုးရ ပစ်မှတ် များကို ၆ ကြိမ် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် အိုင်အက်စ်အဖွဲ့သည် သမ္မတ အယ်လ်ရှာရားနှင့် အဆင့်မြင့် ဝန်ကြီးနှစ်ဦးကို လုပ်ကြံရန် ၅ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အကြမ်းဖက်မှု တိုက်ဖျက်ရေးရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI International News
ကာရာကက်စ်၊ ဖေဖော်ဝါရီ ၂၃
အမေရိကန်အစိုးရ၏ ဖိအားပေးမှုများကြောင့် ဗင်နီဇွဲလားတွင် ရှိနေသည့် ကျူးဘားလုံခြုံရေး အကြံပေးတပ်ဖွဲ့ ဝင်များနှင့် ဆရာဝန်များသည် ဗင်နီဇွဲလားနိုင်ငံမှ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ် သည့် သတင်းရင်းမြစ် ၁၁ ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ကျူးဘားနှင့် ဗင်နီဇွဲလားကြား လက်ဝဲယိမ်း မဟာ မိတ် ဆက်ဆံရေးကို အဆုံးသတ်ရန် ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) ၏ အစိုးရအဖွဲ့ကို ဖိအားများ ပေးနေသည်။
ထို့နောက် ဗင်နီဇွဲလားရှိ ကျူးဘားလုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ နေကြခြင်းဖြစ်သည်။
ရိုဒရီဂွက်ဇ်သည် ၎င်း၏ လုံခြုံရေးအတွက် ဗင်နီဇွဲလား သက်တော်စောင့်များကိုသာ ယုံကြည် ခန့်အပ်ထားကြောင်း သတင်းရင်းမြစ် ၄ ခုက ပြောကြားခဲ့သည်။
ယခင် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ( Nicolas Maduro) နှင့် ကွယ်လွန်သွားပြီဖြစ်သည့် သမ္မတဟောင်း ဟူဂိုချာဗက်ဇ် (Hugo Chavez) တို့ကမူ ၎င်းတို့၏ လုံခြုံရေးအတွက် ကျူးဘား လက်ရွေးစင် တပ်ဖွဲ့များကိုသာ သက်တော်စောင့်များအဖြစ် ခန့်အပ်ခဲ့သည်။

ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
အမေရိကန်သည် ဇန်နဝါရီ ၃ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်ခဲ့ပြီး မာဒူရိုကို ဖမ်းဆီးခဲ့သည့် စစ်ဆင် ရေးအတွင်း ကျူးဘားနိုင်ငံသား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကျူးဘားအစိုးရက ထုတ်ပြန်ခဲ့သည်။
ထိုကျူးဘား စစ်သားများနှင့် သက်တော်စောင့်များသည် ၂၀၀၀ ပြည့်နှစ်၏ နောက်ပိုင်း နှစ်များကတည်းက ဗင်နီဇွဲလားနှင့် ကျူးဘားကြား ချုပ်ဆိုခဲ့သည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အရ ဗင်နီဇွဲလားတွင် ရောက်ရှိ နေခြင်းဖြစ်သည်။
ထိုအချိန်က ကျူးဘား ထောက်လှမ်းရေး အေးဂျင့်များသည် ဗင်နီဇွဲလား စစ်တပ်တွင်သာမက ပြည်တွင်း အတိုက် အခံများကို နှိမ်နင်းရာတွင် အဓိကကျသည့် ဗင်နီဇွဲလား၏ စစ်ဘက်ဆိုင်ရာ တန်ပြန်ထောက်လှမ်းရေးဌာန (DGCIM) အတွင်း အခိုင်အမာ နေရာယူခဲ့ကြသည်။
ယခုအခါ DGCIM ဌာနအတွင်းရှိ ကျူးဘား အကြံပေးအချို့မှာ ဖယ်ရှားခြင်း ခံခဲ့ရကြောင်း ဗင်နီဇွဲလား ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးက ဆိုသည်။

ဗင်နီဇွဲလားသမ္မတဟောင်း မာဒူရိုကို တွေ့ရစဉ်
ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကျူးဘား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံရေးအကြံပေး အချို့သည် ဗင်နီဇွဲလားမှ ကျူးဘားနိုင်ငံသို့ လေကြောင်း ခရီးစဉ်များဖြင့် ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း သတင်းရင်းမြစ် ၂ ခုက အတည်ပြုခဲ့သည်။
ဗင်နီဇွဲလား အာဏာရပါတီနှင့် နီးစပ်သည့် နောက်ထပ် သတင်းရင်းမြစ်တစ်ခုကမူ ကျူးဘား နိုင်ငံသားများသည် အမေရိကန်၏ ဖိအားပေးမှုကြောင့် ယာယီသမ္မတ ရိုဒရီဂွက်ဇ်၏ အမိန့်ဖြင့် ထွက်ခွာနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော် အခြားသတင်းရင်းမြစ်များကမူ ကျူးဘားတပ်ဖွဲ့များသည် ရိုဒရီဂွက်ဇ်၏ နှင်ထုတ်မှုကြောင့် ထွက်ခွာ ရခြင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် သဘောဆန္ဒဖြင့် ထွက်ခွာခြင်း သို့မဟုတ် ကျူးဘားအစိုးရက ပြန်လည် ခေါ်ယူသဖြင့် ထွက်ခွာခြင်းဆိုသည့် တိကျသော အကြောင်းအရင်းကို မသိရသေးကြောင်း ပြောကြားခဲ့သည်။
ကျူးဘားနှင့် ဗင်နီဇွဲလား အစိုးရများက ယခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ပြန်လည်ဖြေကြားခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံစလုံးက ၎င်းတို့ကြား ဆက်ဆံရေးမှာ ဆက်လက် တည်ရှိ နေဆဲဖြစ်ကြောင်း လူသိရှင်ကြား အတည်ပြုထားကြသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 222
CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ ပြည်နယ်များတွင် နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်း မပြုသင့်ကြောင်း နာမည်ကြီး ဘောလီးဝုဒ် သရုပ်ဆောင် မင်းသားကြီး အာဘ်ရှေး ကူးမားက (Akshay Kumar) ပြောကြားခဲ့သည်ဟု The Indian Express သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယ၏ ဖျော်ဖြေရေး ရုပ်သံလိုင်း တစ်ခုဖြစ်သော Sony TV မှ ထုတ်လွှင့်ပြသနေသည့် Wheel of Fortune India အစီအစဉ်တွင် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးက သူကြုံတွေ့ခဲ့ရသည့် ခွဲခြားဆက်ဆံခံရ သော အကြောင်းများကို ရင်ဖွင့်ခဲ့ပြီးနောက် ကူးမား၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကူးမားသည် Wheel of Fortune India အစီအစဉ်ကို တင်ဆက် ပေးနေသူဖြစ်ပြီး ၎င်း၏ ပြက်လုံးများနှင့် ပျော်ရွှင် စရာ အမူအရာများကြောင့် ထိုအစီအစဉ်ကို လူကြိုက်များသည်။
သို့သော် မကြာသေးမီက ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးက ၎င်း၏ ခွဲခြားဆက်ဆံခံရသည့် အကြောင်းများကို ရင်ဖွင့် ခဲ့ချိန်တွင် ကူးမားသည် စိတ်ထိခိုက်သွားခဲ့ပြီး အိန္ဒိယအရှေ့မြောက်ဒေသ၌ နေထိုင်သူများ ကြုံတွေ့နေရသော ခါးသီးသည့် အမှန်တရားများအကြောင်းကို ပြန်လည် ပြောပြခဲ့သည်။

အိန္ဒိယအရှေ့မြောက်ပိုင်းဒေသသားတွေကို တွေ့ရစဉ်
ထိုအခြေအနေကို တုန့်ပြန်သည့် အနေဖြင့် ကူးမားသည် မဏိပူရ (Manipur) ပြည်နယ်မှ ၎င်း၏ ကိုယ်ပိုင် မိတ်ကပ်ပညာရှင် ကင်မ် (Kin)ကို စင်ပေါ်သို့ ဖိတ်ခေါ်ခဲ့ပြီး ပရိသတ်များနှင့် မိတ်ဆက်ပေးရာတွင် “ကျနော့်ကို မိတ်ကပ်ပြင်ပေးပြီး ဂရုစိုက်ပေးတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်၊ သူကတော့ ဒီမှာပါ၊ ကင်မ် (Kin) ပါ” ဟု ကူးမားက ပြောကြားခဲ့သည်။
ထို့နောက် ကင်မ်က ၎င်း၏ ပုံစံနှင့် ဖြစ်တည်မှုကြောင့် “တရုတ်”၊ “ချင်ကီ (Chinky)” နှင့် “မိုမို (Momo)” စသည့် စကားလုံးများဖြင့် လှောင်ပြောင်ခံရခြင်း၊ စော်ကားပုတ်ခတ် ခံရခြင်းတို့နှင့် ပတ်သက်သည့် ကိုယ်တွေ့ အတွေ့ အကြုံများကို ပြန်လည်ဝေမျှခဲ့သည်။
Chinky ဆိုသည်မှာ တရုတ်မျက်မှေးဆိုသည့် အဓိပ္ပာယ်မျိုးဖြစ်ပြီး Momo ဆိုသည်မှာ အိန္ဒိယအရှေ့မြောက်ပိုင်း သားများ ရောင်းချသည့် ဖက်ထုပ်ကဲ့သို့ စားစရာများကို အစွဲပြုပြီး နှိမ်ခေါ်သည့် စကားလုံးဖြစ်သည်။

အာဘ်ရှေးကူးမားကို တွေ့ရစဉ်
“ဒီနေ့ ကင်မ် ပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ဒီလို ခွဲခြားဆက်ဆံမှုတွေ တကယ် ရှိနေတယ်ဆိုတာ ကျနော် အခိုင်အမာ ယုံကြည်သွားပါပြီ” ဟု ကူးမားက ပြောကြားခဲ့သည်။
“ကျနော် အိန္ဒိယပြည်သူအားလုံးကို ပြောချင်တာကတော့ အရှေ့မြောက်ပိုင်းက လူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ သူတို့အားလုံးဟာ အိန္ဒိယနိုင်ငံသားတွေပါ။ ကျနော်၊ ခင်ဗျားတို့နဲ့ ဒီမှာထိုင်နေတဲ့ လူတွေနည်းတူ သူတို့ဟာလည်း အိန္ဒိယနိုင်ငံသားတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
အရှေ့မြောက်ပိုင်းဒေသမှ နိုင်ငံအတွက် ပေးဆပ်ဆောင်ရွက်မှုများကို အလေးပေး ဖော်ပြသည့် အနေဖြင့် ကူးမား က “ဒီနိုင်ငံအတွက် သူတို့တွေရဲ့ ပေးဆပ်မှုတွေ အများကြီး ရှိပါတယ်။ နာဂတပ်ရင်း (Naga Regiment) ဆိုရင် ကာဂေးလ်စစ်ပွဲ (Kargil war) နဲ့ ဘင်္ဂလားဒေ့ရှ် စစ်ပွဲတွေမှာ ပါဝင်ခဲ့ကြတယ်။ သူတို့ဟာ နိုင်ငံအတွက် သွေးမြေ ကျခဲ့ကြသူတွေပါ။ သူတို့ဟာ အိန္ဒိယနိုင်ငံသားတွေပါ” ဟု ကူးမားက ပြောကြားခဲ့သည်။
Source: The Indian Express
- By CNI
- Category: နိုင်ငံရေး
- Hits: 266
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
အီရန်အနေဖြင့် ၎င်း၏ အငြင်းပွားဖွယ် နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီမှုရယူရန် သို့မဟုတ်ပါက ဆိုးရွားသည့်အရာများ အမှန်တကယ် ဖြစ်ပွားလာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ရာဇသံပေး လိုက်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်ကမူ အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်မည်ဆိုပါက ဒေသတွင်းရှိ အမေရိကန် အခြေစိုက် စခန်းများ ကို လက်တုန့်ပြန် တိုက်ခိုက်သွားမည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အား ကြီးမားစွာ ဖြန့်ကြက်ချထားသဖြင့် ကြီးမားကျယ်ပြန့် သည့် စစ်ပွဲဖြစ်လာနိုင်သော စိုးရိမ်မှုများကို ပေါ်ပေါက်စေခဲ့သည်။

အီရန် နိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်
ထိုအချိန်မျိုးတွင် ထရမ့်က မတိုးသာမဆုတ်သာ အခြေအနေကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများသည် အဆင်ပြေ ကောင်းမွန်ကြောင်း ပြောကြားခဲ့သော်လည်း အီရန်အနေဖြင့် အဓိပ္ပာယ် ပြည့်ဝသည့် သဘောတူညီ ချက်တစ်ခု ရယူရန်လည်း တောင်းဆိုခဲ့သည်။
“အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဆိုးရွားတဲ့အရာတွေ ဖြစ်လာပါလိမ့်မယ်” ဟု အီရန်ကို တိုက်ခိုက်မည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်ခဲ့သည့် ထရမ့်က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပထမဆုံး အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထရမ့်သည် ပြီးခဲ့သည့်နှစ် ဇွန်လက အီရန်ကို အမေရိကန်က လေကြောင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက် ပြီး ပြောကြားရာတွင် အီရန်၏ နျူကလီးယား အရှိန်အဟုန်သည် အင်အားချိနဲ့သွားခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် နောက်ထပ် ခြေလှမ်းတစ်လှမ်း ဆက်လှမ်းရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် လိုအပ်ချင်မှလည်း လိုအပ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နောက်ထပ် ၁၀ ရက်လောက်အတွင်းမှာ ခင်ဗျားတို့ သိရမှာပါ။ ဒါက လုံလောက်တဲ့ အချိန်လို့ ထင်ပါတယ်။ ၁၀ ရက်၊ ၁၅ ရက်က အများဆုံးပေးနိုင်တဲ့ အချိန်ပါပဲ”ဟု ထရမ့်က Air Force One လေယာဉ်ပေါ်တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
သို့သော် ထရမ့်က အသေးစိတ် ပြောကြားခဲ့ခြင်းမရှိဘဲ ဆိုးရွားသည့် အရာများ အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သလို အီရန်အနေဖြင့် တစ်နည်းနည်းဖြင့် သဘောတူညီမှု ရယူလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
အီရန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ထံ ပေးပို့သည့် စာတစ်စောင်တွင် အီရန်အနေဖြင့် မည်သည့် စစ်ပွဲကိုမှ စတင်မည် မဟုတ်ကြောင်း၊ သို့သော် စစ်ရေးအရ တိုက်ခိုက်ခံရသည့် အချိန်တွင် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြတ်သားစွာနှင့် သင့်တော်သလို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒေသတွင်းမှာရှိတဲ့ ရန်လိုတဲ့ အင်အားစုတွေရဲ့ အခြေစိုက်စခန်းတွေ၊ အဆောက်အအုံတွေနဲ့ ပိုင်ဆိုင်မှု အားလုံး ဟာ တရားဝင်မှုရှိတဲ့ ပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်။ ခန့်မှန်းရခက်ပြီး ထိန်းချုပ်လို့ မရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အားလုံးအတွက်မဆို အမေရိကန်မှာ အပြည့်အဝ တာဝန်ရှိပါတယ်” ဟုလည်း အီရန်က သတိ ပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 178
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ၎င်း၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အဖွင့်အစည်းအဝေး အတွင်း ဂါဇာစစ်ပွဲ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဒေသတွင်း လေ့လာစောင့်ကြည့်သူများကမူ အစ္စရေးသည် လာမည့် သီတင်းပတ်များအတွင်း ဂါဇာ၌ စစ်ဆင် ရေးများကို ပြန်လည် စတင်နိုင်ကြောင်း သုံးသပ်နေချိန်တွင် ထရမ့်ကို ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၉ ရက်က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို နိုင်ငံပေါင်း ၂၀ ကျော်မှ ထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ပြီး ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ကတိကဝတ်များကို ပြောကြားခဲ့ကြသော်လည်း တစ်ဖက်တွင်မူ လက်နက်ဖြုတ်သိမ်းခြင်းကို မလုပ်ဆောင်ပါက စစ်ပွဲများ ပြန်လည် ဖြစ်ပွားလိမ့်မည်ဟု အမေရိကန်က သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အစည်းအဝေး ပြင်ပတွင် အစ္စရေး အရာရှိများကလည်း ထိုသတိပေးချက်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သည်။
ထို့ပြင် လက်နက်ဖြုတ်သိမ်းခြင်း မလုပ်ဆောင်မီ ဂါဇာပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို စတင်မည် မဟုတ်ကြောင်း အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။
လေ့လာစောင့်ကြည့်သူများကမူ ထိုကဲ့သို့ တင်းကျပ်သည့် တားမြစ် ကန့်သတ်ချက်များသည် ဂါဇာဒေသကို စစ်ပွဲ လမ်းကြောင်းပေါ်သို့ ပြန်လည် တွန်းပို့နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။
“ဟားမာ့စ်အဖွဲ့ဟာ လက်နက်တွေကို စွန့်လွှတ်လိမ့်မယ် ယုံကြည်ပါတယ်။ တကယ်လို့ သူတို့ လက်နက် မစွန့်ဘူး ဆိုရင်တော့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်”ဟု ထရမ့်က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို တက်ရောက်လာသည့် အဖွဲ့ဝင်များအား ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ်
မည်သို့ပင်ဆိုစေ ဂါဇာအတွင်းရှိ အစ္စရေးသုံ့ပန်းများ၏ ရုပ်အလောင်း အားလုံးကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည် လွှဲပြောင်းပေးခဲ့သည့်အတွက် ဟားမာ့စ်အဖွဲ့၏ လုပ်ဆောင်ချက်ကို အသိအမှတ် ပြုသင့်သည်ဟု ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကလည်း ဂါဇာဒေသအတွက် ထရမ့်၏ အစီအစဉ် မှလွဲပြီး အခြားရွေးချယ်စရာ မရှိကြောင်း သတိပေး ပြောကြားခဲ့သည်။
“ဂါဇာအတွက် အရန်အစီအစဉ် (Plan B) ဆိုတာ မရှိပါဘူး။ Plan B ဆိုတာ စစ်ပွဲဆီ ပြန်သွားတာပါ။ ရှေ့ဆက် သွားမယ့် တစ်ခုတည်းသော လမ်းစဉ်ဖြစ်တဲ့ Plan A ကတော့ ပဋိပက္ခတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ ဆင်းရဲ ဒုက္ခတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေဆီ ပြန်ရောက်သွားမှာကို ဘယ်သူမှ စိုးရိမ်စရာမလိုဘဲ၊ ခိုင်မြဲပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဂါဇာကို ပြန်လည် တည်ဆောက်သွားမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်”ဟု ရူဘီယိုက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 181
CNI International News
ကာရာကက်စ်၊ ဖေဖော်ဝါရီ ၂၀
ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) က ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ရန် မကြာမီတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
“ကျမတို့ ပြည်သူတွေရဲ့ သာယာဝပြောရေးအတွက် နားလည်မှုရှိတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်း မှုတွေကို ဆက်လက် မြှင့်တင်သွားမှာ ဖြစ်ပါတယ်”ဟု ရိုဒရီဂွက်ဇ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ၎င်း၏ Instagram မှတဆင့် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကိုလံဘီယာနိုင်ငံ မြောက်ဘက်စွန်းရှိ လာဂွာဂျီရာ (La Guajira) ဒေသတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း ကိုလံဘီယာသမ္မတ ပက်ထရိုက စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို ဆွေးနွေးရန် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ကူကူတာ (Cucuta) ၌ တွေ့ဆုံရန် ရိုဒရီဂွက်ဇ်ကို ဖိတ်ကြားထားသည်ဟု ဆိုသည်။
တွေ့ဆုံမည့် အချိန် အတိအကျနှင့် ပတ်သက်ပြီး ၎င်းက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ကီလိုမီတာ ၂၂၀၀ (မိုင် ၁၃၇၀) ကျော် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ထိုနယ်စပ်သည် နှစ်နိုင်ငံကြား မကြာခဏ ဆိုသကဲ့သို့ ထိလွယ်ရှလွယ်ရှိသည့် ဆက်ဆံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
မကြာသေးမီ နှစ်များအတွင်း ကိုလံဘီယာနိုင်ငံအတွင်းသို့ ဗင်နီဇွဲလား ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒုက္ခသည် ၃ သန်းနီးပါး ရောက်ရှိလာမှုနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။

ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်နဲ့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုကို တွေ့ရစဉ်
ယခုကြေညာချက်သည် ဗင်နီဇွဲလား ခေါင်းဆောင်ဟောင်း နီကိုလပ်စ် မာဒူရို (Nicolas Maduro)ရာထူးမှ ဖယ်ရှား ခံရပြီးနောက် ဗင်နီဇွဲလား အစိုးရသစ်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးများကို ထိန်းညှိဆောင်ရွက် နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇန်နဝါရီ ၃ ရက်က အမေရိကန်သည် ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မာဒူရိုနှင့် ၎င်း၏ဇနီး စီလီယာ ဖလောရက်စ် ( Cilia Flores )တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ရက်အနည်းငယ်အကြာတွင် ဗင်နီဇွဲလား တရားရုံးချုပ်က ရိုဒရီဂွက်ဇ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ သည်။
ရိုဒရီဂွက်ဇ်သည် ဗင်နီဇွဲလားစစ်တပ်၊ အာဏာရပါတီနှင့် အမေရိကန်အစိုးရတို့၏ ထောက်ခံမှုဖြင့် ဇန်နဝါရီ ၅ ရက် နေ့တွင် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့သည်။
သို့သော် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဗင်နီဇွဲလား အတိုက်အခံများကမူ ရွေးကောက်ပွဲဖြင့် ရရှိထားသည့် အာဏာ မဟုတ်ခြင်းကြောင့် ရိုဒရီဂွက်ဇ်၏ တရားဝင်မှုကို မေးခွန်းထုတ်နေကြသည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 234
CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ( Kim Jong Un) သည် နျူကလီးယားထိပ်ဖူးများ တပ်ဆင် ပစ်ခတ် နိုင်သည့် အလွန်ကြီးမားသော ဒုံးပစ်လောင်ချာများ ထုတ်ဖော်ပြသသည့် အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။
ထိုအခမ်းအနားတွင် ပြသခဲ့သည့် ၆၀၀ မမ ဒုံးပစ်လောင်ချာစနစ်သည် ထူးခြားဆန်းသစ်ပြီး အထူးတိုက်ခိုက်မှုများ သို့မဟုတ် မဟာဗျူဟာမြောက် တာဝန်များကို ထမ်းဆောင်ရန်အတွက် သင့်လျော်သည်ဟု ကင်မ်က ပြောကြား ခဲ့ကြောင်း KCNA က ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
မဟာဗျူဟာမြောက် တာဝန်ဆိုသည့် အသုံးအနှုန်းမှာ မြောက်ကိုရီးယားက နျူကလီးယား လက်နက်များကို ရည်ညွှန်းရာတွင် အသုံးပြုလေ့ရှိသည့် စကားလုံးဖြစ်သည်။
ထိုလောင်ချာများသည် ရန်သူများအတွက် အဟန့်အတား တစ်ခုဖြစ်စေရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သော် လည်း ၎င်း၏ အဓိက ပြိုင်ဘက်များဖြစ်သော တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို အမည်တပ်ပြီး ထည့်သွင်း ပြောကြားခြင်း မရှိပေ။
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ စစ်ပွဲဖြစ်ပွားခဲ့ကာ စစ်ရပ်ဆိုင်းရေး စာချုပ် ချုပ်ဆိုထားသော်လည်း ငြိမ်းချမ်းရေးစာချုပ် မဟုတ်သဖြင့် လက်ရှိတွင် သဘောတရားအရ စစ်ပွဲဖြစ်ပွား နေဆဲ အခြေအနေတွင် ရှိနေသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
တောင်ကိုရီးယားနိုင်ငံ၏ ဆိုးလ်မြို့တော်သည် မြောက်ကိုရီးယားနယ်စပ်မှ ကီလိုမီတာ ၅၀ (မိုင် ၃၀) အကွာအဝေး အတွင်းတွင် တည်ရှိသည်။
“ဒီလက်နက်ကို အမှန်တကယ် အသုံးပြုတဲ့အခါ ဘယ်အင်အားစုကမှ ဘုရားသခင်ရဲ့ ကာကွယ်မှုကိုမှ မျှော်လင့်နိုင် တော့မှာ မဟုတ်ဘူး။ ဒါဟာ တကယ်ကို အံ့ဩစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လက်နက်တစ်ခုပါပဲ”ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်အင်အားကို မြှင့်တင်ခြင်း၊ ဒုံးကျည်နည်းပညာများကို စမ်းသပ်ခြင်းတို့ကို နှစ်ပေါင်းများစွာကြာ လုပ်ဆောင်လာခဲ့သည်။
ယခုကဲ့သို့ လက်နက်စနစ်များကို အာဏာရ အလုပ်သမားပါတီ၏ ၉ ကြိမ်မြောက် ညီလာခံ မတိုင်မီ ထုတ်ဖော်ပြသ ခြင်းဖြစ်ပြီး ထိုလက်နက်များသည် ညီလာခံကို လက်ဆောင်အဖြစ် ပေးအပ်ခြင်းဖြစ်ကြောင်း ကင်မ်က ပြောကြား ခဲ့သည်။
မြောက်ကိုရီးယား၏ အလုပ်သမားပါတီ အစည်းအဝေးတွင် လာမည့် ၅ နှစ်အတွင်း အကောင်အထည်ဖော်မည့် ကင်မ်၏ စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး ထိုညီလာခံကို ယခုလကုန်ပိုင်း၌ ကျင်းပဖွယ်ရှိသည်။
Source: DW
