- By CNI
- Category: နိုင်ငံရေး
- Hits: 339
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၅
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) သည် တောင်အမေရိကတွင် မူးယစ် အကြမ်းဖက်သမားများကို ပစ်မှတ်ထားရန်အတွက် Southern Spear အမည်ရှိ စစ်ဆင်ရေးကို စတင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် လက်တင်အမေရိကတွင် စစ်သားများ၊ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ဖြန့်ကြက်ချထားပြီး စစ်အင်အားကို ဆက်လက် တိုးမြှင့်နေချိန်၌ ဟက်ဆက်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“SOUTHERN SPEAR စစ်ဆင်ရေးကို ဒီနေ့မှာပဲ ကျနော် ကြေညာလိုက်ပါတယ်။ Joint Task Force Southern Spear နဲ့ SOUTHCOM တို့က ဦးဆောင်သွားမှာပါ။ ဒီမစ်ရှင်ကတော့ ကျနော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့၊ ကျနော် တို့ရဲ့ ကမ္ဘာခြမ်းမှာ မူးယစ်-အကြမ်းဖက်သမားတွေကို ဖယ်ရှားဖို့၊ ကျနော်တို့ ပြည်သူတွေကို သေဆုံးစေတဲ့ မူးယစ် ဆေးဝါးတွေ ရန်ကနေ ကျနော်တို့ အမိမြေကို ဘေးကင်းလုံခြုံစေဖို့အတွက် ဖြစ်ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းဟာ အမေရိကရဲ့ အိမ်နီးချင်းဖြစ်ပြီး ကျနော်တို့ ကာကွယ်ပေးသွားမှာပါ” ဟု ဟက်ဆက်က X လူမှုမီဒီယာတွင် ရေးသား ခဲ့သည်။
SOUTHCOM သည် အမေရိကန်၏ တောင်ပိုင်းစစ်ဌာနချုပ်ဖြစ်ပြီး တောင်အမေရိက၊ ဗဟိုအမေရိကနှင့် ကာရစ်ဘီယံဒေသ တစ်လျှောက်ရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် တာဝန်ယူထားသည့် စစ်ဌာနချုပ်ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်
SOUTHCOM ကလည်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များသည် ကာရစ်ဘီယံဒေသတွင် အမေရိကန်၏ ကုန်း၊ ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောဖြစ်သည့် USS Iwo Jima သင်္ဘောပေါ်၌ အမြောက်ပစ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့သည်။
အမေရိကန်စစ်တပ်သည် ကာရစ်ဘီယံနှင့် ပစိဖိတ်ဒေသတွင် အကြိမ် ၂၀ မြောက် တိုက်ခိုက်မှုအဖြစ် ယခု သီတင်း ပတ် အစောပိုင်းက သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် ဟက်ဆက်၏ ကြေညာ ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသင်္ဘောသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်ဆောင်လာသည့် သင်္ဘောဟု သံသယရှိရပြီး တိုက်ခိုက်မှုတွင် အသက်ရှင် ကျန်ရစ်သူမရှိကြောင်း ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း သင်္ဘောများဖြင့် ခရီးသွားနေသူများကို ပစ်မှတ် ထားနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
အမေရိကန်ကမူ ၎င်းတို့သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် သင်္ဘောများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ခိုင်လုံသည် သက်သေ အထောက်အထားများ ထုတ်ပြန် ခဲ့ခြင်းမရှိပေ။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 217
CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၁၅
ဂျပန်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အင်အားသုံးပြီး ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမည်ဆိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးလိမ့်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်တွင် သတိပေးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ၏ မှတ်ချက် စကားများ ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်ကို ခြိမ်းခြောက်မှုအဖြစ် ယူဆမည်ဖြစ်ပြီး ဂျပန်က စစ်ရေးအရ တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်ဝန်ကြီးချုပ် တာကာအီချီက လွှတ်တော် တွင် ပြောကြားခဲ့သည်။
ထိုမှတ်ချက်စကားကို ဂျပန်နိုင်ငံ အိုဆာကာ (Osaka) မြို့ရှိ တရုတ်သံတမန်တစ်ဦးက X လူမှုမီဒီယာတွင် ဝေဖန် ရှုတ်ချခဲ့သလို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုံး (Sun Weidong) ကလည်း ဘေဂျင်း (Beijing) မြို့တော်ရှိ ဂျပန်သံရုံးမှ ဂျပန်သံအမတ် ကန်ဂျီ ကာနာဆူဂီ (Kenji Kanasugi) ကို ဆင့်ခေါ်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုံးကို တွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်း (Jiang Bin) ကလည်း တာကာအီချီ၏ စကားလုံးများသည် အလွန်တာဝန်မဲ့ပြီး အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။
“ဂျပန်အနေနဲ့ သမိုင်းကို သင်ခန်းစာ မယူဘဲ အရဲစွန့်တာ ဒါမှမဟုတ် ထိုင်ဝမ် အရေးနဲ့ပတ်သက်ပြီး အင်အားသုံးဖို့ လုပ်ဆောင်မယ်ဆိုရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ နှိမ်နင်းမှုကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးစေမှာဖြစ်ပြီး ကြီးမားစွာ ပြန်လည်ပေးဆပ်ရပါလိမ့်မယ်” ဟု ကျန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းကလည်း တာကာအီချီ၏ မှတ်ချက်စကားများကို ပြင်းထန်စွာ တုန့်ပြန်ကြောင်း ဂျပန်သံအမတ်ကို ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ၂ နှစ်ကျော်အတွင်း တရုတ်က ဂျပန်သံအမတ်ကို ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်းဖြစ်သည်။
ယခုမတိုင်မီက တရုတ်က ဂျပန်သံအမတ်ကို နောက်ဆုံးအကြိမ် ဆင့်ခေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ဖြစ်သည်။
ထိုအချိန်က ဂျပန်၏ ဖူကူရှီးမား ဒိုင်အီချီ (Fukushima Daiichi) နျူကလီးယားစက်ရုံထဲမှ သန့်စင်ပြီး ရေဆိုး များကို ပင်လယ်အတွင်း စွန့်ထုတ်မည့် ဂျပန်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တွင် ဆွန်းက ဂျပန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဟီဒီယို တာရူမီ (Hideo Tarumi) ကို ဆင့်ခေါ်ခဲ့ ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 274
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၅
ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားကြောင်း ထိုနှစ်နိုင်ငံတွင် အခြေစိုက် ထားသည့် အာဆီယံလေ့လာသူများက အတည်ပြုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံက ထိုင်းနှင့်ကမ္ဘောဒီးယားကြား တင်းမာမှုများ လျှော့ချရန် ဆွေးနွေးပွဲများကို လက်ခံ ကျင်းပပေး မည်ဟု ကမ်းလှမ်းခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံရှိ အာဆီယံ၏ လေ့လာသူများသည် နယ်စပ်ဒေသတွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်း များသည် အသစ်မြှုပ်နှံထားသော မိုင်းများဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှား နိင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန် (Mohamad Hasan) က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
သို့သော်လည်း ထိုမိုင်းများကို မည်သည့်ဘက်က မြှုပ်နှံခဲ့သည် ဆိုခြင်းကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေ။
နိုဝင်ဘာ ၁၀ ရက်က ထိုင်းနိုင်ငံ၊ ဆီဆာကတ် (Si Sa Ket) ပြည်နယ် ကန်သာယာလက် (Kantharalak) ခရိုင်တွင် ကင်းလှည့်နေသည့် ထိုင်းစစ်သားများသည် မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုင်းကမူ ထိုမြေမြှုပ်မိုင်းကို ကမ္ဘောဒီးယားနိုင်ငံက မြှုပ်နှံထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးစာချုပ်တွင် ပါဝင်သည့် အချက်များကို အကောင်အထည်ဖော်မှုအား ဆိုင်းငံ့ခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်
“မြေမြှုပ်မိုင်းအသစ်တွေ တွေ့ရှိတဲ့အကြောင်းကို ထိုင်းနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ အာဆီယံ လေ့လာသူများအဖွဲ့ ဆီက သတင်းရခဲ့ပါတယ်။ ကျနော်က ထိုင်းဝန်ကြီးချုပ် သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) နဲ့လည်း ဖုန်းပြောခဲ့ပြီးပါပြီ။ ကျနော်ကတော့ နှစ်နိုင်ငံစလုံးကို စိတ်လျှော့ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု မလေရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထိုဖြစ်စဉ်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားကြောင်း အာဆီယံလေ့လာ သူများက ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်မှုလည်း ဖြစ်ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းစစ်သားများ ဒဏ်ရာရခဲ့သည့် မြေမြုပ်မိုင်း ပေါက်ကွဲသော နယ်စပ်ဒေသ နှင့် နိုဝင်ဘာ ၁၂ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား စစ်သားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဆာကေအို (Sa Kaeo) ပြည်နယ်၏ နယ်စပ်ဒေသများသို့ အာဆီယံလေ့လာသူများကို လိုက်ပါပြသသွားမည်ဖြစ်သည်။
“ကမ္ဘောဒီးယားရဲ့ လုပ်ဆောင်ချက်တွေက တာဝန်ခံမှု အားနည်းနေတာကို ပြသနေပြီး အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားကမူ ၎င်းတို့တပ်ဖွဲ့များသည် နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နှံထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 376
CNI International News
ဘီလမ်၊ နိုဝင်ဘာ ၁၃
ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်နေသည့် ကုလသမဂ္ဂ၏ ရာသီဥတုညီလာခံ COP30 ကျင်းပသော အဆောက်အအုံ အနီး၌ နိုဝင်ဘာ ၁၁ ရက်က ဌာနေတိုင်းရင်းသားများနှင့် ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများက စုရုံးဆန္ဒပြခဲ့ ကြရာ ရဲတပ်ဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ယခုနှစ် ဘရာဇီးလ်နိုင်ငံ၏ အမေဇုန် သစ်တောမြို့ဖြစ်သည့် ဘီလမ် (Belem) မြို့တွင် ပြုလုပ်ခဲ့သော COP30 ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ ထောင်နှင့်ချီသည့် ကိုယ်စားလှယ်များ ရောက်ရှိနေချိန်၌ ဆန္ဒပြသူများနှင့် လုံခြုံရေး အရာရှိများကြား ထိပ်တိုက် တွေ့ခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူ အချို့က အလံများကို ဝှေ့ယမ်းပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြကာ အချို့ကလည်း မြေနှင့် ပတ်သက်သည့် အခွင့်အရေးကို တောင်းဆိုသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့သည်။
ထို့နောက် “ငါတို့မြေသည် ရောင်းရန်မဟုတ်” ဆိုသည့် စာသားများ ရေးသားထားသော ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်နေကြစဉ်
“ငွေစက္ကူကို စားလို့မရပါဘူး။ ကျနော်တို့ မြေတွေပေါ်မှာ အမြတ်ကြီးစား လယ်ယာလုပ်ငန်းတွေ၊ ရေနံတူးဖော်မှု တွေ၊ တရားမဝင် သတ္တုတွင်း တူးဖော်မှုတွေနဲ့ သစ်ပင်တွေ ခုတ်ပြီး မှောင်ခိုရောင်းတဲ့ သူမျိုးတွေ မရှိစေချင်ပါဘူး” ဟု ဘရာဇီးလ်၏ တာပါဂျို့စ် မြစ် (Tapajos River)၏ မြစ်အောက်ဘက်ပိုင်းရှိ Tupinamba လူမျိုးစု၏ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂီလ်မာ (Gilmar) က ပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံကို တိုင်းရင်းသား ခေါင်းဆောင်များ မပါဝင်ဘဲ ပြုလုပ်မှုကိုလည်း ဆန္ဒ ပြသူများက ဆန့်ကျင်ခဲ့ကြသည်။
“ကျနော်တို့ မပါဘဲနဲ့ ကျနော်တို့ရဲ့ အနာဂတ်ကို သူတို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး” ဟု လူငယ်ဆန္ဒပြ အဖွဲ့ဖြစ်သည့် Global Youth Coalition မှ အော်ဂတ်စတင်း အိုကာနာ (Agustin Ocana) က ပြောကြားခဲ့သည်။
ခိုက်ရန် ဖြစ်ပွားမှုများကြောင့် ဆန္ဒပြသူ အချို့နှင့် လုံခြုံရေး အရာရှိအချို့ ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ဒေသခံ မီဒီယာများတွင် ဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၁ ရက် အစောပိုင်းကလည်း ဘရာဇီးလ်၏ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ရာအိုနီ မက်တွတ်တိုင်ရာ (Raoni Metuktire) က အမေဇုန် သစ်တောအတွင်း အခြေခံ အဆောက်အအုံများ တည်ဆောက်မည့် စီမံကိန်းများကို တိုင်းရင်းသား အဖွဲ့အစည်းများက စိတ်ပျက်နေကြောင်း ပြောကြားခဲ့သည်။
အမေဇုန် သစ်တောအတွင်း အဝေးပြေးလမ်းများ၊ ရထားလမ်း စီမံကိန်းများ၊ ရေနံတွင်းများ တူးမည့် အစီအစဉ် များသည် ကမ္ဘာတစ်ဝန်းရှိ လူများကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။
“အဲဒီ စီမံကိန်းတွေက မြစ်တွေနဲ့ မြေတွေကို ပျက်စီးစေပါလိမ့်မယ်။ သူတို့ ဆက်လုပ်မယ်ဆိုရင် ကျနော်တို့ အတွက်ရော ခင်ဗျားတို့ အတွက်ပါ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရပါလိမ့်မယ်” ဟု ရာအိုနီက ပြောကြား ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 276
CNI International News
ဘိုဂိုတာ၊ နိုဝင်ဘာ ၁၃
ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရို (Gustavo Petro) က အမေရိကန်နှင့် ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်ရန် လုံခြုံရေးတပ်ဖွဲ့များအား နိုဝင်ဘာ ၁၁ ရက်တွင် အမိန့်ပေးခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကာရစ်ဘီယံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများဟု သံသယရှိသူများကို တိုက်ခိုက်နေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ၏ တိုက်ခိုက်မှုများ မရပ်နားမချင်း ထောက်လှမ်းရေး ပူးပေါင်း ဆောင်ရွက်မှုများအား ဆိုင်းငံ့ထားရန် ပက်ထရိုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တိုက်ဖျက်ရာတွင် တစ်ချိန်က နီးစပ်သည့် မိတ်ဖက်များဖြစ်ခဲ့သော ကိုလံဘီယာနှင့် အမေရိကန်ကြား ဆက်ဆံရေးများ ယိုယွင်းလာသည့် အခြေအနေကို ပေါ်လွင်စေခဲ့သည်။
X လူမှုမီဒီယာတွင် တင်ထားသည့် ပို့စ်တစ်ခု၌ ပက်ထရိုက မူးယစ်းဆေးဝါးများ သယ်ဆောင်သည်ဟု သံသယရှိ သည့် သင်္ဘောများကို အမေရိကန်က မရပ်တန့်မချင်း အမေရိကန်လုံခြုံရေး အေဂျင်စီများနှင့် ရယူထားသော သဘော တူညီချက်များနှင့် ဆက်ဆံရေးများအား ချက်ချင်း အဆုံးသတ်ရန် စစ်တပ်ကို မှာကြားခဲ့သည်။

ကိုလံဘီယာ နိုင်ငံသားတွေကို တွေ့ရစဉ်
မူးယစ်ဆေးဝါး နှိမ်နင်းရေးသည် ကာရစ်ဘီယံ ဒေသခံ ပြည်သူများ၏ လူ့အခွင့်အရေးများကို လေးစားရမည် ဖြစ်ကြောင်း ပက်ထရိုက ရေးသားခဲ့သည်။
ကိုလံဘီယာ အနေဖြင့် အမေရိကန်နှင့် မည်သည့် ထောက်လှမ်းရေး သတင်းများ မျှဝေမှုကို ရပ်တန့်မည်ဆိုခြင်း ကိုမူ ရှင်းလင်းစွာ မသိရဘဲ အိမ်ဖြူတော်ကလည်း ပက်ထရို၏ ကြေညာချက်ကို ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
ဩဂုတ်လ ကစပြီး အမေရိကန် စစ်တပ်သည် နိုင်ငံတကာ ရေပိုင်နက်များတွင် မူးယစ်ဆေးဝါး သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
အမေရိကန်သည် ထိုတိုက်ခိုက်မှုများကို ဗင်နီဇွဲလား ကမ်းလွန်အနီး ကာရစ်ဘီယံ တောင်ပိုင်းတွင် စတင်ပြုလုပ် ခဲ့ပြီးနောက်ပိုင်း၌ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းကို ပြောင်းလဲပြီး ပစ်မှတ်ထားခဲ့သည်။
ပက်ထရိုကမူ ဗင်နီဇွဲလား၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံမှ ပြည်သူများကို ထိခိုက်နစ်နာ စေခဲ့သည့် ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊မရှိ စုံစမ်းစစ်ဆေးပေးရန် အမေရိကန်သမ္မတ ထရမ့်ကို တိုက်တွန်းခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 574
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၃
ထိုင်းအာဏာပိုင်များက တရားမဝင် အွန်လိုင်းကာစီနိုလုပ်ငန်းများ ထူထောင်မှု၊ လုပ်ငန်းလုပ်ကိုင်မှု စွဲချက်များနှင့် တရားစွဲဆိုခံထားရသည့် တရုတ်-ကမ္ဘောဒီးယားနိုင်ငံသား ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်း(She Zhijiang)ကို နိုဝင်ဘာ ၁၂ ရက်က တရုတ်ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို (CIB) မှ ကွန်မန်ဒိုတပ်ဖွဲ့သည် ရှီကို Bangkok Remand အကျဉ်းထောင်မှ ခေါ်ယူခဲ့ပြီး သုဝဏ္ဏဘူမိ ရဲစခန်းရှိ အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် တရုတ်အာဏာပိုင်များကို လွှဲပြောင်းအပ်နှံ ခဲ့သည်။
ရှီအား ရက်ပေါင်း ၉၀ အတွင်း တရုတ်သို့ လွှဲပြောင်းအပ်နှံရန် ဆုံးဖြတ်ခဲ့သည့် ထိုင်းအောက်တရားရုံး၏ စီရင်ချက် ကို နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းအယူခံတရားရုံးက အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်သည်။

ရှီကျီကျန်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းခေါ်လာစဉ်
ရှီသည် ယွမ် ၂ ဒသမ ၉၉ ထရီလျံ (ဘတ် ၁၂ ဒသမ ၆ ထရီလျံ) စီးဆင်း လည်ပတ်နေသည့် ကာစီနို ဝက်ဘ်ဆိုက် ၂၃၉ ခုကျော်ကို ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများ လုပ်ကိုင်မှုဖြင့် စွပ်စွဲခံထားရသည်။
ထို့ပြင် ရှီသည် မြန်မာနိုင်ငံ၏ ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်တွင် Asia Pacific New City ပရောဂျက် ထူထောင် ပြီး ကာစီလိုရုံများ ဖွင့်လှစ်ကာ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားမှုဖြင့်လည်း စွပ်စွဲခံထားရသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လက တရုတ်အစိုးရသည် ထိုင်း၏ ပြစ်မှုကျူးလွန်သူအား နေရပ်သို့ လွှဲပြောင်းအပ်နှံရေးအက် ဥပဒေအရ ရှီကို ဖမ်းဆီးရန် တရားဝင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုင်းအစိုးရရှေ့နေချုပ်ရုံးက တရုတ်၏ တောင်းဆိုချက်ကို အတည်ပြုခဲ့ပြီး ထိုင်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့တို့ အပါအဝင် သက်ဆိုင်ရာ အေဂျင်စီများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ကုန်ပိုင်းတွင် ရှီအား ဘန်ကောက်မြို့တော်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်း။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI International News
ဆန်နာ၊ နိုဝင်ဘာ ၁၂
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲထားသဖြင့် အစ္စရေးနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများအား ရပ်တန့်ခဲ့ပြီဖြစ်ကြောင်း ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်အဖွဲ့က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဟာမာ့စ်အဖွဲ့၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် Qassam Brigades အဖွဲ့ထံ ပေးပို့ခဲ့သည့် နေ့စွဲ တပ်မထားသော စာတစ်စောင်တွင် ဟူရ်သီအဖွဲ့က ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်နားကြောင်း ရှင်းလင်းစွာ ရေးသားထားသည်ဟု ဆိုသည်။
“ကျနော်တို့က အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး ရန်သူ(အစ္စရေး)တွေက ဂါဇာကို တိုက်ခိုက်မှုတွေ ပြန်လည် စတင်မယ်ဆိုရင်တော့ ကျနော်တို့ကလည်း အစ္စရေးနိုင်ငံအတွင်းမှာ စစ်ဆင်ရေးတွေကို ပြန်လည် လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ပင်လယ်နီနဲ့ အာရေဗျ ပင်လယ်တွေထဲမှာ အစ္စရေးကို ရေကြောင်း သွားလာခွင့် တားမြစ်မှုကို ပြန်လည် ထုတ်ပြန်သွားမှာပါ” ဟု ဟူရ်သီအဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် ယူဆွတ် ဟက်ဆန် အယ်မာဒါနီ (Yusuf Hassan al-Madani) က ဟားမာ့စ်အဖွဲ့ထံ ပေးပို့သည့် စာထဲတွင် ရေးသားခဲ့သည်။
သို့သော် ဟူရ်သီအဖွဲ့သည် ဒေသတွင်း ၎င်းတို့၏ လှုပ်ရှားမှုများကို ရပ်တန့်မည် ဟုတ်၊ မဟုတ် တရားဝင် ကြေညာ ခဲ့ခြင်းမရှိပေ။
ဟူရ်သီ ခေါင်းဆောင်များကို ပစ်မှတ်ထား ချေမှုန်းခဲ့သည့် အစ္စရေးစစ်တပ်ကမူ ဟူရ်သီအဖွဲ့၏ ကြေညာချက်နှင့် ပတ်သက်ပြီး အေပီသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။

ယီမင် ပင်လယ်နီဒေသကို တွေ့ရစဉ်
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) ကမူ စက်တင်ဘာလအတွင်းက ဟူရ်သီအဖွဲ့၏ တိုက်ခိုက်မှုများကို အဆပေါင်းများစွာ တုန့်ပြန်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးသည်။
ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်း ဟူရ်သီအဖွဲ့သည် ဟားမာ့စ်အဖွဲ့ ဘက်က ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
သို့သော် အောက်တိုဘာ ၁၀ ရက်က အစ္စရေးနှင့်ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စတင်ခဲ့ပြီး နောက်ပိုင်း ဟူရ်သီအဖွဲ့သည် တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း ကြေညာခဲ့ခြင်း မရှိပေ။
ဟူရ်သီအဖွဲ့သည် နှစ်စဉ် ဒေါ်လာ ၁ ထရီလျံ တန်ဖိုးရှိသည့် ကုန်စည်များ ဖြတ်သန်းပို့ဆောင်သော ပင်လယ်နီ အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် သင်္ဘောသား ၉ ဦး သေဆုံးကာ သင်္ဘော ၄ စင်း နစ်မြုပ် ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်စည် ပို့ဆောင်ရေး လမ်းကြောင်းများကို ထိခိုက်စေခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 205
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ရှေ့နေများက ဘီဘီစီ သတင်းဌာနကို ဒေါ်လာ ၁ ဘီလျံ ပေးရန် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။
ဘီဘီစီ သတင်းဌာန အနေဖြင့် ထရမ့်၏ အငြင်းပွားဖွယ် မှတ်တမ်း ဗွီဒီယိုကို နိုဝင်ဘာ ၁၄ ရက်တွင် ရုပ်သိမ်းရမည် ဖြစ်ကြောင်း သို့မဟုတ်ပါက ဒေါ်လာ ၁ ဘီလျံထက် မလျော့နည်းသည့် ငွေကြေးကိုပေးရန် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထရမ့်၏ ရှေ့နေများက ပြောကြားခဲ့သည်။
ဘီဘီစီ သတင်းဌာန၏ Panaroma အစီအစဉ်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံဗွီဒီယိုသည် ကြည့်ရှုသူများကို နားလည် မှု လွဲများစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တင် ဒေးဗစ် (Tim Davie) နှင့် သတင်းအကြီးအကဲ ဒီဘိုရာ တန်းနက်စ် (Deborah Turness) တို့သည် နိုဝင်ဘာ ၉ ရက်တွင် ၎င်းတို့၏ ရာထူး များမှ နုတ်ထွက်သွားခဲ့သည်။
ထိုရုပ်သံ အစီအစဉ်တွင် ထရမ့်၏ မိန့်ခွန်းများထဲမှ မတူညီသည့် အပိုင်း ၂ ခုကို သီးခြားခွဲထုတ်ပြီး တည်းဖြတ် ထုတ်လွှင့်ခဲ့သဖြင့် ထရမ့်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အအုံ စီးနင်း ခံရမှု၌ သွေးထိုးလှုံ့ဆော်ပေးသည့် ပုံစံမျိုး ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထရမ့်၏ တရားရေးအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးကလည်း ဘီဘီစီ သတင်းဌာနကို စာတစ်စောင် ပေးပို့ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဘီဘီစီ သတင်းဌာနသည် ထရမ့်ကို အသရေဖျက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
“သမ္မတထရမ့်က ဒီလိမ်ညာမှုတွေ၊ လှည့်စားမှုတွေနဲ့ သတင်းအမှားတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ထိုကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ဘီဘီစီ သတင်းဌာနကလည်း ၎င်းတို့ထံ ပေးပို့ခဲ့သည့် စာထဲတွင် နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး ထရမ့်၏ မှတ်တမ်း ဗွီဒီယိုကို ဖျက်ပေးရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ထိုပေးစာကို လေ့လာသုံးသပ်ပြီး သင့်တော်စွာ တုန့်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ဘီဘီစီ ဥက္ကဋ္ဌ ဆမ်မီယာ ရှား (Samir Shah) ကလည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ထုတ်လွှင့်ခဲ့ သည့် Trump: A Second Chance? ဟု အမည်ပေးထားသော ထိုရုပ်သံ ထုတ်လွှင့်မှုတွင် အမှားအယွင်း ပါသွားခဲ့သည့်အတွက် တောင်းပန်စကား ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 258
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၁၁
တောင်ကီုရီးယား အစိုးရရှေ့နေများက သမ္မတဟောင်း ယွန်းဆော့ရွဲ (Yoon Suk Yeol) အား စစ်အုပ်ချုပ်ရေး အမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး စွဲချက်အသစ်များကို ထပ်မံစွဲဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာရန်အတွက် အကြောင်းပြချက် ရရှိရန် မြောက်ကိုရီးယားနိုင်ငံပေါ်သို့ ဒရုန်းများ စေလွှတ်ပျံသန်းခဲ့ခြင်း ဟုတ်၊ မဟုတ်ကို အစိုးရရှေ့နေများက ယခုနှစ် အစောပိုင်းက အထူးစုံစမ်းရေးဖွဲ့ပြီး စစ်ဆေးခဲ့သည်။
မြောက်ကိုရီးယားက တစ်စုံတစ်ရာ တုန့်ပြန်မည်ဆိုပါက ယွန်း၏ စစ်အုပ်ချုပ်အရေးအမိန့် ကြေညာမှုသည် အကျိုးအကြောင်း ခိုင်လုံသွားနိုင်သဖြင့် ထိုကိစ္စကို ရှေ့နေများက စုံစမ်းနေကြခြင်းဖြစ်သည်။
မြောက်ကိုရီးယားကမူ ပြီးခဲ့သည့်နှစ်က ပြုံယမ်းမြို့တော်၏ ကောင်းကင်ယံတွင် ဝါဒဖြန့် စာစောင်များပါရှိသည့် တောင်ကိုရီးယား၏ ဒရုန်းများ ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း တောင်ကိုရီးယားစစ်တပ်ကမူ ထိုဒရုန်း များကို လွှတ်တင်ခဲ့ခြင်း ရှိ၊ မရှိ အတည်မပြုခဲ့ပေ။

သမ္မတဟောင်း ယွန်းဆော့ရွဲကို တွေ့ရစဉ်
အစိုးရရှေ့နေ တစ်ဦးဖြစ်သည့် ပါ့ခ်ဂျီယောင် (Park Ji-young) ကမူ အထူးရှေ့နေများအဖွဲ့သည် ယွန်းအား ရန်သူ ကို အကျိုးရှိစေမှု၊ အာဏာအလွဲသုံးမှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ယွန်းသည် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခွင့် ရရှိရန် အခြားသူများနှင့် ပူးပေါင်းကြံစည်ပြီး အခြေအနေ ကို ဖန်တီးယူခဲ့ကြောင်း၊ ထိုလုပ်ဆောင်မှုသည် တောင်ကိုရီးယား၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေပြီး ကိုရီးယားနှစ်နိုင်ငံ ထိပ်တိုက်တွေ့နိုင်သည့် အန္တရာယ်ကို ဖြစ်စေခဲ့ကြောင်း ပါ့ခ်က ပြောကြားခဲ့သည်။
ထို့ပြင် ယွန်း၏ တန်ပြန်ထောက်လှမ်းရေး တပ်မှူးတစ်ဦး၏ မှတ်စု တစ်ခုတွင်လည်း မြောက်ကိုရီးယားကို အရှက် ရအောင်လုပ်ပြီး မြောက်ကိုရီးယား၏ တုန့်ပြန်မှုကို ဖန်တီးယူရမည်ဖြစ်ကြောင်း၊ အခြေအနေကို မတည်မငြိမ် ဖြစ်အောင် ဖန်တီးရမည်ဖြစ်ကြောင်း ရေးသားထားသည့် သက်သေကို တွေ့ရှိခဲ့သည်ဟု ပါ့ခ်က ပြောကြားခဲ့သည်။
ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း နာရီပိုင်းအတွင်းမှာပင် လွှတ်တော်က ထိုအမိန့်ကို ပယ်ချခဲ့ပြီးနောက် ယွန်းကို စွပ်စွဲပြစ်တင်ခဲ့သည်။
ထို့နောက် ဧပြီလတွင်း အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယွန်းကို ရာထူးမှ ဖယ်ရှားခဲ့သည်။
လက်ရှိတွင် ယွန်းသည် နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားစွဲချက် အများအပြားနှင့် တရားရင်ဆိုင်နေရသည်။
ယွန်းအနေဖြင့် ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များဖြင့် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုပါက သေဒဏ်အထိ ချမှတ် ခံရနိုင်သည်။
Source: အယ်လ်ဂျာဇီးယား
