CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၄

ယူကရိန်းနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများကို လုပ်ပိုင်ခွင့်များ လျှော့ချမည့် ဥပဒေမူကြမ်း အား ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) က ဥပဒေအဖြစ် အတည်ပြုခဲ့ပြီးနောက် ယူကရိန်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုဥပဒေမူကြမ်းကို အတည်မပြုရန် အတိုက်အခံများက ဆန့်ကျင်ခဲ့သော်လည်း သမ္မတ ဇာလန်းစကီးက အတည် ပြုခဲ့သဖြင့် ရုရှား၏ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ယခုဖြစ်ရပ်သည် ဇာလန်းစကီးကို ပြည်သူလူထုက ပထမ ဆုံးအကြိမ် ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၂ ရက်က ကိယက်ဗ် (Kyiv) မြို့တော်နှင့် လီဗျု (Lviv) မြို့နှင့် အိုဒက်ဆာ (Odesa) မြို့များတွင် ပြုလုပ်သည့် ဆန္ဒပြမှုများ၌ လူငယ်အများစု ပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများက ယူကရိန်း၏ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) ကို အစိုးရရှေ့နေချုပ်ရုံး ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိသည့် ထိုဥပဒေကို ဆန့်ကျင်ခဲ့ကြသည်။

သမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

အစိုးရရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရာထူးသည် သမ္မတက တိုက်ရိုက်ခန့်အပ်သည့် ရာထူးနေရာ ဖြစ်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုသည် သီးခြားလွတ်လပ်သော အဖွဲ့မဟုတ်တော့ဘဲ သမ္မတလက်အောက်သို့ ရောက်ရှိသွားသည့် သဘောဖြစ်သည်။

ထိုဥပဒေသည် ထိပ်သီးအဆင့် အစိုးရအရာရှိများ၏ အဂတိလိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်း စဉ်အား ထိခိုက်စေနိုင်ကြောင်း အတိုက်အခံများနှင့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့၏ မဟာမိတ်များက စိုးရိမ်နေကြသည်။

သို့သော်လည်း ဇာလန်းစကီးက ထိုစိုးရိမ်မှုများ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း ငြင်းပယ်ခဲ့သည်။

အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထူးရှေ့နေချုပ်ရုံးတို့ကို လွန်ခဲ့သည့် ဆယ်စုနှစ်က အနောက်နိုင်ငံများမှ အလှူရှင်များ၏ တောင်းဆိုချက်အရ ထူထောင်ခဲ့ခြင်းဖြစ်သည်။

ဇာလန်းစကီးကို ဆန္ဒပြနေကြစဉ်

“ကျနော်တို့ အားလုံးရဲ့ ဘုံရန်သူက ကျူးကျော်သူ ရုရှားပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ အားကောင်း တဲ့ တရားဥပဒေစိုးမိုးရေး စနစ်တစ်ခု လိုအပ်ပါတယ်။ အမှန်တကယ် တရားမျှတမှုရှိဖို့ သေချာလုပ်ဆောင်ရပါ မယ်”ဟု ဇာလန်းစကီးက ပြောသည်။

၎င်းသည် ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးပြီး တစ်ရက်အကြာတွင် တရားဥပဒေစိုးမိုးရေးနှင့် အဂတိ တိုက်ဖျက် ရေး အရာရှိများဖြင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ခံစားနေရသည့် ကိယက်ဗ်မြို့တော်တွင် မကြုံစဖူး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းသည် ဇာလန်းစကီးအပေါ် လူထုက ဒေါသထွက်နေသည့် အခြေအနေကို ပြသရာ ရောက်ခဲ့သည်။

ထို့ပြင် ယူကရိန်းသည် အနောက်မဟာမိတ်နိုင်ငံများ၊ အထူးသဖြင့် ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှုများကို တောင်းခံရန် ကြိုးပမ်းနေချိန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

Source: South China Morning Post