- By CNI
- Category: နိုင်ငံရေး
- Hits: 2263
CNI International News
နယူးဒေလီ၊ စက်တင်ဘာ ၃
အိန္ဒိယနိုင်ငံသည် ၎င်း၏ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သော INS Vikrant အမည်ရှိ လေယာဉ်တင်သင်္ဘောကို ဘက်စုံသုံးရန် စက်တင်ဘာ ၂ ရက်တွင် အတည်ပြု ကြေညာလိုက်ပြီးနောက် ကမ္ဘာ့ရေတပ်အင်အားကြီး လက်ရွေးစင် စာရင်းဝင်ဖြစ်လာခဲ့ကြောင်း CNN မီဒီယာက ရေးသားဖော်ပြသည်။
ဒေါ်လာ ၃ ဘီလီယံ အကုန်အကျခံ၍ တည်ဆောက်ခဲ့သည့် Vikrant ဖြင့် အိန္ဒိယသည် ဗြိတိန်နှင့်တရုတ် ပြီးလျှင် လေယာဉ်တင်သင်္ဘော (သို့မဟုတ်) ရဟတ်ယာဉ်တင်သင်္ဘော ပိုင်ဆိုင်သည့် တတိယနိုင်ငံဖြစ်လာခဲ့သည်။ ၎င်းကို ၃ နှစ်အတွင်း ပြည်တွင်း၌ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သည်။
ယခုသင်္ဘောသည် မိမိတို့နိုင်ငံကို ယုံကြည်မှု အသစ်များဖြင့် အားဖြည့်ပေးခဲ့ပြီဟု အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ကိုချင်းသင်္ဘောကျင်းတွင် ကျင်းပသော ဂုဏ်ပြုအခမ်းအနား၌ ဝန်ကြီးချုပ် နရိန္ဒရာမိုဒီက ပြောကြားခဲ့သည်။
“ရည်မှန်းချက်က ခက်ခဲနိုင်ပါတယ်။ စိန်ခေါ်မှုတွေက ကြီးမားနိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ ရည်မှန်းထားတဲ့ ပန်းကိုင်ကို လှမ်းကိုင်ဖို့ မဖြစ်နိုင်စရာ မရှိပါဘူး” ဟု သင်္ဘောပေါ်သို့ တက်ရောက် မကြည့်ရှုမီ နိုင်ငံ၏ ရေတပ် အလံလွှင့်ထူစဉ် မိုဒီက ပြောကြားခဲ့သည်။
INS Vikrant အမည်ရှိ လေယာဉ်တင်သင်္ဘောပေါ်က မိုဒီ (Modi-fb)
“အခုအချိန်အထိ ဒီလိုလေယာဉ်သင်္ဘော အမျိုးအစားကို ဖွံ့ဖြိုးပြီး နိုင်ငံတွေကပဲ လုပ်ခဲ့တာပါ။ ဒီကနေ့ဆိုရင် အိန္ဒိယဟာ အဲဒီနိုင်ငံစာရင်းထဲကို ဝင်သွားခဲ့ပါပြီ။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာဖို့ နောက်ထပ် ခြေလှမ်း လှမ်းနေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် အင်ဒို-ပစိဖိတ်ဒေသသည် အိန္ဒိယ၏ အဓိကလုံခြုံရေး ဦးစားပေးအဖြစ် ဆက်လက် တည်ရှိနေကြောင်း မိုဒီက မှတ်ချက်ချခဲ့သည်။
အဆိုပါ သင်္ဘောနှင့်ပတ်သက်၍ အိန္ဒိယ၏ ကတိကဝတ်သည် ကမ္ဘာ့အဆင့်မီ ရေတပ်အင်အားကို ထိန်းသိမ်းရန် ရေရှည် မျှော်မှန်းချက်ကို ထပ်ဟပ်စေကြောင်း စင်ကာပူမှ နိုင်ငံတကာလေ့လာရေး အက်စ်ရာဂျာရက်နန်ကျောင်း မှ အကြီးတန်းအရာရှိ ဂျွန်ဘရက်ဖို့ဒ်က ပြောကြားခဲ့သည်။
“ဒုံးကျည်ခေတ်မှာ လေယာဉ်တင် သင်္ဘောတွေရဲ့ ရှင်သန်နိုင်စွမ်းနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ပေါ်လာ ပေမယ့် အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ ဗြိတိန်တို့ အပါအဝင် အင်အားကြီး ရေတပ်တွေဟာ ဒီလိုသင်္ဘောတွေ အတွက် ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးလာပါတယ်။ ဒီသဘောအတိုင်း အိန္ဒိယဟာ ပြိုင်ဆိုင်မှုတစ်ခုထဲမှာ ဆက်ရှိနေပါ တယ်” ဟု ၎င်းက သုံးသပ်ခဲ့သည်။
လေယာဉ်တင်သင်္ဘောပေါ်မှာ တာ၀န်ထမ်းဆောင်ကြမည့်သူများနဲ့ မိုဒီ (Modi-fb)
ဗီခရန့်သင်္ဘောသည် အိန္ဒိယ၏ရေယာဉ်စုအတွက် ၂၀၀၄ ခုနှစ်တွင် ရုရှားထံမှ ဝယ်ယူပြီး ပြန်လည်မွမ်းမံထားသော ဆိုဗီယက်ခေတ် အိုင်အင်န်အက်စ် ဗီကရာမာဒီယာ (INS Vikramaditya) သင်္ဘောနှင့် ပူးတွဲ အသုံးပြုမည် ဖြစ်သည်။
တန်ချိန် ၄ သောင်းခန့်အထိ တင်ဆောင်နိုင်သော ဗီခရန့်သည် ဗီကာမာဒီယာနှင့် အမေရိကန်၊ တရုတ်၊ ဗြိတိန်တို့၏ လေယာဉ်တင် သင်္ဘောများထက် အတော်အတန် သေးငယ်သော်လည်း ဂျပန်၏ လေယာဉ်သင်္ဘောထက် ပိုကြီးသည်။
သို့သော် ၎င်း၏ ပစ်ခတ်နိုင်စွမ်းကို အလားအလာကောင်း တစ်ခုအဖြစ် စစ်ရေးလေ့လာသုံးသပ်သူအချို့က ချီးကျူး ခဲ့ ကြသည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1505
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၃
ထိုင်ဝမ်သို့ လက်နက် ဒေါ်လာ (၁ ဒသမ ၁) ဘီလီယံတန်ဖိုး ရောင်းချရန် အမေရိကန် အတည်ပြုလိုက်ပြီဟု ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ရာ ဝါရှင်တန်နှင့်ဘေဂျင်းတို့အကြား တင်းမာမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ယခုရောင်းချမည့် အစီအစဉ်တွင် သင်္ဘောဖျက် ဒုံးကျည်အစင်း ၆၀၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်အစင်း ၁၀၀ နှင့် ထောက်လှမ်းရေး ရေဒါစနစ်အတွက် ကန်ထရိုက်တာ ထောက်ပံ့ပို့ဆောင်ရေးများ ပါဝင်မည်ဟု ပင်တဂွန်စစ်ဌာန ချုပ်၊ ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
အလားအလာရှိသော အမေရိကန်၏ လက်နက်ဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်၍ ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်ပြည်တွင်းမှ ပေါ်လစ်တီကို (Politico) မီဒီယာက အဦးဆုံး သတင်းဖော်ပြခဲ့သည်။
ထိုင်ဝမ်ခေါင်းဆောင်နဲ့ ထိုင်ဝမ်စစ်တပ် အရာရှိများ
လက်နက်ရောင်းချမည့် အစီအစဉ်ကို အမေရိကန် ကွန်ဂရက်(လွှတ်တော်)က အတည်မပြုသေးသော်လည်း အဓိကပါတီနှစ်ခုလုံးမှ အမတ်များကတော့ ထိုင်ဝမ်ကို အထူးထောက်ခံနေကြသည်။
ယင်းအစီအစဉ်သည် ထိုင်ဝမ်၏ လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း လက်နက်ရောင်းချမှုကို အတည်ပြုခဲ့ သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။
“ဒီလက်နက်တွေ ရောင်းချဖို့ အဆိုပြုတာဟာ ထိုင်ဝမ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီ တိုးတက်အောင်နဲ့ ယုံကြည်စိတ်ချရတဲ့ ခံစစ်စွမ်းရည် မြင်မားလာစေဖို့ ပံ့ပိုးသွားမယ့် ပုံမှန်ကိစ္စရပ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ယခုကြေညာချက်သည် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေး တင်းမာလာချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် ရှုမြင်ထားပြီး ကျွန်းကို အင်အားသုံး သိမ်းပိုက်နိုင်ခြေကိုတော့ ငြင်းဆိုထားသည်။
ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးမှ ပြောခွင့်ရသူ လျူဖန်ယူ
ထိုသို့ လက်နက်ရောင်းချရန် စီစဉ်နေခြင်းကို ချက်ချင်းရုပ်သိမ်းရန် အမေရိကန်အား တရုတ်က စက်တင်ဘာ ၂ ရက်တွင် တောင်းဆိုခဲ့သည်။
ယခုလုပ်ရပ်အပေါ် ဘေဂျင်းအစိုးရ တုံ့ပြန်သွားမည်ဟု ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးမှ ပြောခွင့်ရသူ လျူဖန်ယူ (Liu Pengyu) က ပြောကြားခဲ့သည်။
ထိုင်ဝမ် ခွဲထွက်ရေး တပ်ဖွဲ့များထံ မှားယွင်းသော လုပ်ဆောင်ချက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ထိုင်ဝမ် ရေလက်ကြားတလျှောက် တည်ငြိမ်အေးချမ်းရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ၎င်းက သတိပေးခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ဒီအခြေအနေတွေအပေါ်မှာ လိုအပ်တဲ့ တန်ပြန်အရေးယူမှုတွေ ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု လျူဖန်ယူက ထပ်လောင်း ပြောကြားခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1037
CNI International News
ဗျူရိုနိုအေရိစ်၊ စက်တင်ဘာ ၂
အာဂျင်တီးနားတွင် နိုင်ငံရေးအရ ဩဇာတိက္ကမ ကြီးမားသော ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို သေနတ် ဖြင့် ချိန်ရွယ်ခဲ့သည့် အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁ ရက်၊ ညပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ သေနတ်မှ ကျည်မထွက်သဖြင့် လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့ကြောင်း သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ပြော ကြားခဲ့သည်။
“လူတစ်ယောက်က သူ့ခေါင်းကို သေနတ်နဲ့ချိန်ပြီး မောင်းခလုတ်ကို ဆွဲလိုက်တာဗျ” ဟု သမ္မတက တနိုင်ငံလုံးသို့ ထုတ်လွှင့် တင်ဆက်မှုတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် အာဂျင်တီးနားနိုင်ငံတွင် ၁၉၈၃ ခုနှစ် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ပြီး နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်စဉ်ဟု သမ္မတက မှတ်ချက်ချလိုက်ပြီး ထိုဖြစ်စဉ်မျိုးကို ဆန့်ကျင် ကန့်ကွက်သွား ကြရန် နိုင်ငံရေး ခေါင်းဆောင်များနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးအား တိုက်တွန်းခဲ့သည်။
ခရစ္စတီးနား ဖာနန်ဒက်ဇ်၏ ၂၀၀၇-၂၀၁၅ ဒုတိယသမ္မတ သက်တမ်းအတွင်း အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များ ပါဝင်သည့် အမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ရန် အစိုးရရှေ့နေက တောင်းဆိုခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများက ယခင်သီတင်းပတ်မှ စတင်၍ သူမ၏ နေအိမ်အနီးတဝိုက် လမ်းမပေါ် စုဝေးလာခဲ့ကြသည်။

ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို ထောက်ခံသူများ အထိတ်တလန့်ဖြစ်သွားစဉ် (AP)
လက်ရှိ သမ္မတနှင့် မသက်ဆိုင်သည့် ခရစ္စတီးနား ဖာနန်ဒက်ဇ်ကတော့ သူမအပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆို ထားသည်။
ပြည်တွင်း ရုပ်သံလိုင်းများမှ ထုတ်လွှင့်ခဲ့သည့် အခင်းဖြစ်ပွားပုံ ဗွီဒီယိုမှတ်တမ်းတွင် သူမသည် နေအိမ်အပြင်ဘက် ရှိ ထောက်ခံသူများ ဝန်းရံထားစဉ် မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်လာရင်း ပစ္စတိုနှင့်တူသော အရာကို ကိုင်၍ လက်ဆန့်တန်းထားသူတစ်ဦးက သူမကို ချိန်ရွယ်ခဲ့ကြောင်း တွေ့ရှိရသည်။
ယင်းဗွီဒီယိုကို ထုတ်လွှင့်ပြသပြီးနောက် မကြာမီ၌ အာဂျင်တီးနားသမ္မတက ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာ အာဂျင်တီးနားမြို့တော် ဗျူရိုနိုအေရိစ်ရှိ ရီကိုလီတာ ရပ်ကွက်အတွင်း အဆိုပါ သေနတ်သမား ပေါ်ထွက်လာခြင်းကြောင့် ဒုတိယသမ္မတကို ဝန်းရံထောက်ခံသူများ တုန်လှုပ်ခြောက်ခြား သွားသည့်နည်းတူ ဒုတိယသမ္မတလည်း အထိတ်တလန့် ဖြစ်ခဲ့ရသည်။

ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို တွေ့ရစဉ် (IMAGO)
သေနတ် ကိုင်ဆောင်ထားသော ယင်းအမျိုးသားကို အခင်းဖြစ်ပွားပြီး စက္ကန့်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ၎င်းနှင့်အတူ သိမ်း ဆည်း ရမိသော သေနတ်ထဲမှာ ကျည်ဆန် ၅ တောင့် ထည့်ထားပြီး မောင်းခလုတ်ကို ဆွဲခဲ့သော်လည်း ပစ်ခတ် နိုင်ခဲ့ခြင်း မရှိကြောင်း သမ္မတက တိုင်းပြည်သို့ ရှင်းပြခဲ့သည်။
ဒုတိယသမ္မတဖြစ်သူမှာ ထိခိုက်ဒဏ်ရာရသည့် အရိပ်အယောင် မတွေ့ရသော်လည်း လက်ရှိ ၎င်းမှာ မည်သည့် နေရာ ရောက်နေမှန်း မသိရသေးပေ။
“သေနတ်ကိုင်ထားတဲ့လူကို ဒုသမ္မတရဲ့ လုံခြုံရေးဝန်ထမ်းက ဖမ်းထားပြီးပါပြီ” ဟု အာဂျင်တီးနား လုံခြုံရေး ဝန်ကြီး အနီဘယ်ဖာနန်ဒက်ဇ်က ပြည်တွင်း ရုပ်သံလိုင်း တစ်ခုဖြစ်သော C5N ကို ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1048
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်သို့ ၎င်းနောက်တစ်ကြိမ် ပြန်တက်ရသည့်အခါ ကာပီတို (လွှတ်တော်)အဆောက်အဦး တိုက်ခိုက်ခံရမှု အဓိကရုဏ်းအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကျေအေးစေမည် ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင် ရွေးကောက်ပွဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသော ထရမ့်သည် ‘မဲလိမ်သည်၊ မဲခိုးသည်’ ဟူ၍ ပြင်းထန်သည့် မိန့်ခွန်းတစ်ရပ်ကို ထိုစဉ်က ပြောကြားခဲ့ပြီးနောက် ထောင်နှင့်ချီသော ထရမ့် လိုလားသူများက ကာပီတို အဆောက်အဦးထဲသို့ စီးနင်းဝင်ရောက်ခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ထို့ကြောင့် မိမိ အိမ်ဖြူတော်သို့ ပြန်လာနိုင်ရင် ထိုအဓိကရုဏ်းတွင် ပါဝင်သူများကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကျေအေးပေးမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
Wendy Bell ရေဒီယိုနဲ့ ထရမ့် အင်တာဗျူး (GETTY IMAGES)
မသမာသော ရွေးကောက်ပွဲဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သော ထရမ့်၏ မိန့်ခွန်းများကို မှားယွင်းစွပ်စွဲချက် အဖြစ် တရားရုံးအဆင့်၊ ပြည်နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်များနှင့် အစိုးရအဖွဲ့ဝင်များက အကြိမ်ကြိမ် ပယ်ချခဲ့ကြသည်။
“လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ကျေအေးပေးဖို့ ကျနော် အင်မတန်မှ ပြန်ကြည့်မှာ ဖြစ်ပါတယ်။ ကျနော် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး တကယ်လို့ အနိုင်ရရင် လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝပေးဖို့ ကြည့်မှာပါ” ဟု ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ထပ်မံယှဉ်ပြိုင်ရန် စဉ်းစားနေသူ ထရမ့်က ဝင်ဒီဘဲလ် (Wendy Bell) ရေဒီယိုသို့ ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန် အောင်ပွဲခံလု ဆဲဆဲအချိန်တွင် အတားအဆီး လုပ်ရန်အတွက် ကာပီတို ကွန်ဂရက်(လွှတ်တော်)ထဲသို့ တိုက်ခိုက် ရမ်းကားမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အများအပြား သေဆုံးခဲ့ပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အမေရိကန် လွှတ်တော်ကို ထရမ့်ထောက်ခံသူများ တိုက်ခိုက်စဉ် (Reuters)
ထိုဖြစ်စဉ်နှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုများကြောင့် လူ ၈၅၀ ကို ဖမ်းဆီးခဲ့ပြီး ၂၅၀ ကျော်အား ရာဇဝတ်မှု ကျူးလွန်ခြင်း (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။
ကာပီတို အဓိကရုဏ်းနှင့်အတူ လက်ယာယိမ်းအဖွဲ့ တစ်ဖွဲ့ဖြစ်သော အို့ကီပါစ် (Owth Keepers) မှ အဖွဲ့ဝင်များကို သွေးထိုးလှုံ့ဆော်မှု၊ ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သည်။
ထရမ့်ကတော့ ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သည့် အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ငြင်းဆို ထားပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ အချို့ကိုလည်း ငွေကြေး အကူအညီပေးနေကြောင်း စက်တင်ဘာ ၁ ရက်တွင် အတိအလင်း ပြောကြားခဲ့သည်။
“မယုံနိုင်စရာတစ်ခု ပြောရရင် အဲဒီလူတွေကို ကျနော် ငွေရေးကြေးရေး ထောက်ပံ့ပေးနေတယ်။ သူတို့က ပြီးခဲ့တဲ့ ၂ ရက်ကတောင် ကျနော့်ရုံးထဲ လာကြသေးတယ်။ ကျနော့်စိတ်ထဲ အင်မတန် အလေးအနက်ထားပါတယ်။ သူတို့ လုပ်ရပ်တွေကတော့ သိပ်ရှက်စရာ ကောင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1089
CNI International News
ကွာလာလမ်ပူ၊ စက်တင်ဘာ ၁
မလေးရှားဝန်ကြီးချုပ်ဟောင်းရဲ့ဇနီး ရို့စ်မာမန်ဆွာကို ခင်ပွန်းဖြစ်သူ၏ အစိုးရလက်ထက် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ စက်တင်ဘာ ၁ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချလိုက်ကြောင်း အေပီသတင်းအရ သိရသည်။
၎င်း၏ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို 1MBD နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ကျခံစေ ပြီးနောက် ရက်သတ္တတစ်ပတ်အကြာတွင် ရို့စ်မာမန်ဆွာကိုလည်း ဆက်လက်၍ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရို့စ်မာသည် ဘော်နီယိုကျွန်းပေါ်ရှီ စာသင်ကျောင်းများအတွက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြား ပေးသွင်း မည့် စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ ကုမ္ပဏီတစ်ခုကို အားပေးကူညီခဲ့ရာ၌ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ရင်းဂစ် ၆ ဒသမ ၅ သန်း (ဒေါ်လာ ၁ ဒသမ ၅ သန်း) လက်ခံရယူခြင်း အပါအဝင် လာဘ်ပေးလာဘ်ယူမှု ၃ ခုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံခဲ့ရသည်။
တရားရုံးက သူမကို စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေရင်းဂစ် သန်း ၉၇၀ (ဒေါ်လာ ၂၁၇ သန်း) ချမှတ်ခဲ့သည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နဲ့ ဇနီးဖြစ်သူ ရို့စ်မာမန်ဆွာကို တွေ့ရစဉ် (AP)
အထက်တရားရုံးသို့ အယူခံဝင်နေစဉ်အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်၍ အာမခံဖြင့် လွတ်လွတ်လပ်လပ် နေခွင့်ရမည် ဖြစ်သည်။
ရို့စ်မာသည် လာဘ်စားပြီး သူ့ကိုယ်သူ ရပိုင်ခွင့်အဖြစ် ငွေများလက်ခံခြင်းအား ကျိုးကြောင်းဆီလျော်စွာ သံသယ ရှိကြောင်း အစိုးရရှေ့နေများထံမှ လျှောက်လဲချက်ကို ကြားနာခဲ့သည်ဟု မလေးရှားတရားရုံးချုပ် တရားသူကြီး မိုဟာမက်ဇိုင်နီမက်ဇလန်က ပြောကြားခဲ့သည်။
စွဲချက်အပေါ် သူမ၏ ထုချေကာကွယ်ခြင်းမှာလည်း အချည်းနှီးသာဖြစ်ကြောင်း တရားသူကြီးက ဆက်လက် ပြောကြားခဲ့သည်။
တရားခွင်တွင် ရို့စ်မာသည် စိတ်လှုပ်ရှားမှုဖြင့် အသနားခံခဲ့ပြီး တရားမျှတမှု မရှိကြောင်း ခံစားရသဖြင့် ဝမ်းနည်း မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
ခင်ပွန်းသည် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း မိမိသည် ပရဟိတဖောင်ဒေးရှင်းများကို ဦးစီး ဦးဆောင်ခဲ့သည့်အချိန်၌ပင် တစ်စုံတစ်ရာ ငွေကြေးတောင်းခံခြင်း၊ တစ်ရာခိုင်နှုန်း ပိုယူခဲ့ခြင်း အလျဉ်းမရှိခဲ့ ကြောင်း ၎င်းက ငြင်းဆိုခဲ့သည်။

ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရ (AP)
နာဂျစ်ကို ထောင်သွင်း အကျဉ်းချခြင်းနှင့် မိသားစုကို ဒုက္ခရောက်စေခဲ့သည့် ဖြစ်ရပ်များအား နိုင်ငံရေးအရ နှိပ်စက်ညှင်းပန်းမှုအဖြစ် ၎င်းက မြည်တမ်းနေခဲ့သည်။
“ဒါနဲ့ ရှင်တို့ နိဂုံးချုပ်လိုက်မယ်ဆိုရင် ကျမက ဘုရားသခင်ကိုပဲ တိုင်တည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းရုံးချိန်းတွ င် တရားလိုပြသက်သေ ၂၃ ဦးအထိ ထွက်ဆိုခဲ့ကြသော်လည်း ရို့စ်မာ အပါအဝင် တရားခံပြ သက်သေကိုတော့ နှစ်ဦးသာ ရုံးတော်က လက်ခံခဲ့သည်။
မိမိသည် အစိုးရလုပ်ငန်း ဆောင်တာများတွင် မည်သည့်အခါမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း၊ မိမိ၏ လက်ထောက်ဖြစ်သူကသာ လာဘ်စား၍ သူ့အိတ်ထဲထည့်ရန် ၎င်း၏အမည်ကို အသုံးချခဲ့ကြောင်း၊ လက်ထောက် ဖြစ်သူသည်သာ အကျင့်ပျက် လိမ်လည်ခြင်းဖြစ်ကြောင်း ရို့စ်မာက ရုံးတော်သို့ ထွက်ဆိုခဲ့သည်။
1MDB အရှုပ်တော်ပုံသည် ဝန်ကြီးချုပ်ဟောင်း နာဂျစ် အာဏာရပြီးနောက် တည်ထောင်ခဲ့သော ဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စ ဖြစ်သည်။
ထိုရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်ကို နာဂျစ်နှင့် အပေါင်းအပါများက ခိုးထုတ်ခဲ့ကြောင်း၊ ဟောလိ ဝုဒ် ရုပ်ရှင်လောက၊ ဟိုတယ်များ၊ ဇိမ်ခံရွက်လှေ၊ အနုပညာလက်ရာများနှင့် လက်ဝတ်ရတနာများ အပါအဝင် တန်ဖိုးကြီးသည့် သုံးစွဲမှုများအဖြစ် အမေရိကန်နှင့် အခြားနိုင်ငံများရှိ ဘဏ်စာရင်းများထံ လွှဲပြောင်းလျက် ငွေကြေး ခဝါချခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက စွဲချက်တင်ခဲ့ကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1235
CNI International News
မော်စကို၊ စက်တင်ဘာ ၁
သမိုင်းဝင်ကာလတစ်ခုကို အချိန်ကြာမြင့်စွာ ဖြတ်သန်းနေရသည့် ရုရှားနိုင်ငံအတွက် မိမိကိုယ်သာ အားကိုးစရာ ရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး လာဗရော့လ်က ဩဂုတ် ၃၁ ရက်၌ ကျင်းပသည့် Znaiye ပညာရေး မာရသွန် (ဗဟုသုတ)ဟောပြောပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ကျနော်တို့မြင်တဲ့ အတိုင်းပါပဲ။ ရုရှားရဲ့ အထူးစစ်ဆင်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တာကို အနောက်အုပ်စုက ကမ္ဘာနဲ့ချီပြီး ကျနော်တို့ အားပျော့သွားအောင် ရည်ရွယ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ဒီလို ရည်ရွယ် လုပ်ဆောင်တာဟာ ကျနော်တို့နိုင်ငံကို ယိုင်လဲစေဖို့ဆိုတာ အနောက်အုပ်စုနိုင်ငံ တွေက နိုင်ငံရေးသိပ္ပံပညာရှင်တချို့လည်း ဝန်ခံကြပါတယ်” ဟု လာဗရော့လ်က ပြောကြားခဲ့သည်။
“အခုဖြတ်သန်းနေရတဲ့ ခေတ်ကာလမှာ၊ အတိအကျပြောရရင် သမိုင်းတွင်မယ့် ကာလရှည်ကြီးမှာ … ကျနော်တို့ ဟာ ကိုယ့်ကိုယ်ကို အားကိုးဖို့ကလွဲလို့ တခြားမရှိဘူးဆိုတာ နားလည်ဖို့ ပြင်ဆင်ထားရမယ်” ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ် (GETTY IMAGES)
အနောက်အုပ်စု၏ စေ့စပ်ညှိနှိုင်းနိုင်မှုနှင့် ကတိကဝတ်များ ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့ခြင်းကို ရုရှား ကောင်းစွာ သဘောပေါက်ကြောင်း၊ အနောက်အုပ်စုသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ကို အရှေ့ဘက်သို့ ချဲ့ထွင်ရန်နှင့် လုံခြုံရေးမူဝါဒများကို မလိုက်နာဘဲ အမှိုက်ပုံးထဲ ထည့်ခဲ့ကြကြောင်း လာဗရော့လ်က အလေးပေး ပြောကြားခဲ့သည်။
“အမေရိကန်နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေ၊ တခြားမဟာမိတ်တွေ ချိုးဖောက်ခဲ့ကြတဲ့ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အခြေခံမူတွေ၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုတွေကို ကျနော်တို့က လေးစားလိုက်နာပြီးတော့ ရှေ့ဆက်ရမယ့် အစီအစဉ်တွေကို ချဲ့ထွင်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ရုရှားဆန့်ကျင်ရေး၊ ရုရှားမုန်းတီးရေး ကိုင်စွဲပြီး နိုင်ငံရေးပင်မ ရေစီးကြောင်းထဲ နေ့စဉ် ဖိအားတွေရှိနေပေမယ့် ကျနော့်ဘက်မှာ ကုလသမဂ္ဂပဋိညာဉ် စာတမ်းတင်မကဘဲ ကျနော်တို့နဲ့အတူ ရပ်တည်ပေးတဲ့ နိုင်ငံတွေ အုပ်စုလိုက် ရှိပါသေးတယ်” ဟု လာဗရော့လ်က ပြောကြားရင်း ၎င်း၏မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1381
CNI International News
နယူးယောက်၊ စက်တင်ဘာ ၁
နယူးယောက်မြို့၏ တိုင်းမ်ရင်ပြင် (Times Square) တွင် တောက်ပသော မီးရောင်များနှင့် အီလက်ထရောနစ် ကြော်ငြာဘုတ်များအကြား လူစည်ကားရာ လမ်းဆုံများ၌ မြို့အာဏာပိုင်များက ‘သေနတ်ကင်းမဲ့ဇုန်’ ဟု ရေး ထားသည့် ဆိုင်းဘုတ်များကို စိုက်ထူလိုက်ကြကြောင်း စက်တင်ဘာ ၁ ရက်တွင် အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။
စက်တင်ဘာ ၁ ရက်တွင် စတင် အသက်ဝင်သည့် နယူးယောက်ပြည်နယ် ဥပဒေသစ်အရ သေနတ်ကိုင်ဆောင်ခွင့် ကို ပန်းခြံများ၊ ဘုရားကျောင်းများ၊ ပြဇာတ်ရုံများ အပါအဝင် ထိလွယ်ရှလွယ်သော အများပြည်သူဆိုင်ရာ နေရာ များမှာ တားမြစ်လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန် တရားရုံးချုပ်က သေနတ်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ခဲ့ ပြီးသည့်နောက် ယခုကဲ့သို့ တင်းကြပ်သည့်အစီအမံများကို ချမှတ်ကျင့်သုံးလာခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် တားမြတ်သည့် ဆိုင်းဘုတ်နှင့်အတူ တိုင်းမ်ရင်ပြင်ရှိ လမ်းမ(ဓါတ်ပုံ-အေပီ)
သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားသူများသည် သင့်လျော်သောအကြောင်းပြချက် ခိုင်လုံရန် လိုအပ်မည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် နယူးယောက်ပြည်နယ်သည်လည်း အထက်တရားရုံး၏တားမြစ်ချက်အရ သေနတ် ကိုင်ဆောင်ခွင့်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားသော ဆယ်ဂဏန်းမျှရှိသည့် ပြည်နယ်များစာရင်းထဲတွင် ပါဝင်သွားခဲ့ သည်။
ယခုအစီအမံသစ်နှင့်စပ်လျဉ်း၍ မိမိနှင့်ပြည်နယ်လွှတ်တော်မှ ဒီမိုကရက်တစ်ပါတီဝင်အမတ်များသည် လာမည့် ရက်သတ္တပတ်တွင် အရေးယူကိုင်တွယ်မှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကာသီဟိုချွဲက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသို့ အရေးယူသွားမည့်အကြောင်းရင်းမှာ ပြည်နယ် အတွင်း ပုန်းလျှိုးကွယ်လျှိုး လက်နက်ကိုင်သူ၏အန္တရာယ်မှ မိမိတို့နိုင်ငံသားများကို ဥပဒေဖြင့် အကာအကွယ် ပေးနိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နယူးယောက် မြို့တော်ဝန် အဲရစ်အဒမ်ကို “Gun Free Zone” အားအကောင်အထည်ဖော်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)
သို့သော် သေနတ်ကိုင်ဆောင်သူများဆိုင်ရာဥပဒေသည် ရှုပ်ထွေးမှုများရှိနေခဲ့ပြီး တရားရုံးတွင် စိန်ခေါ်စရာလည်း ဖြစ်လာခဲ့သည်။ သေနတ်ကိုင်ဆောင်သူအချို့က ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို လွဲမှားစွာ ကန့်သတ်ထားကြောင်း စောဒကတက်ခဲ့ကြသည်။
“သူတို့က သေနတ်နဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြေ နည်းပုံရပါတယ်။ အဲဒီတော့ လူတွေ သေနတ်မကိုင်နိုင်အောင် တားဆီးဖို့ ဥပဒေရေးဆွဲထားပုံလည်း ရတယ်။ တကယ်လို့ သေနတ်ကိုင်တဲ့သူတွေဟာ တရားဥပဒေကို လေးစားလိုက်နာပြီး ထက်မြက်တဲ့နိုင်ငံသားတွေ ဖြစ်နေရင်တောင်မှ တရားရုံးချုပ်က သူတို့ရဲ့ရပိုင်ခွင့် ပေးအပ်ရမှာဖြစ်ပါတယ်” ဟု ဂျွန်သန်ကော်ဘက် (Jonathan Corbett) က ဝေဖန်ခဲ့သည်။
၎င်းသည် ဘရွတ်ကလင်းမှ ရှေ့နေတစ်ဦးဖြစ်ပြီး ယခုဥပဒေအတွက် တရားရုံးတွင် စိန်ခေါ်သူအများအပြားထဲမှ တစ်ဦးဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1192
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၃၁
ဆိုဗီယက်ပြည်ထောင်စု သမ္မတဟောင်း မီးခေးလ်ဂေါ်ဘာချော့ဗ်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၌ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများက အတည်ပြု ရေးသားခဲ့ကြသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည့် ဂေါ်ဘာချော့ဗ်သည် ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့ပြီး စစ်အေးခေတ်ကို အဆုံးသတ်စေခဲ့သည့် ဆိုဗီယက်နောက်ဆုံး ခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့သည်။
သူကွယ်လွန်သွားသည့် သတင်းကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူများနှင့် အငြိမ်းစား အမေရိကန် အစိုးရ အရာရှိဟောင်းများက ၎င်း၏ ဆောင်ရွက်ချက်များအပေါ် ချီးကျူးပြောကြားခဲ့ကြကြောင်း၊ အချို့ကတော့ လက်ရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဝေဖန်ထိုးနှက်ရန်နှင့် ပူတင်၏ နိုင်ငံရေးရန်သူများကို ချီးကျူးထောပနာပြုရန် အခွင့်ကောင်းယူခဲ့ကြကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ပက်ထရစ်လီယာဟေး (Reuters)
ဂေါ်ဘာချော့ဗ်သည် ဒီမိုကရေစီအရေး၊ အမေရိကန်-ဥရောပတို့နှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကို လက်ခံခြင်းဖြင့် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ ဘော့မီနန်ဒက်ဇ် (နယူးဂျာစီပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင်) က တွစ်တာလူမှုကွန်ရက်ပေါ် ရေး သား လွှင့်တင်ခဲ့သည်။
“ဥရောပမြေပုံကို ပူတင် ပြန်လည်ပြင်ဆင် ရေးဆွဲနေခြင်းကြောင့် ယနေ့ ငရဲကျနေရသည့် ရုရှား ပြည်သူများ အတွက် ဝမ်းနည်းမိကြောင်း၊ ဂေါ်ဘာချော့ဗ်သည် ပကတိတရားကို ရင်ဆိုင်ရန် မကြောက်ဘဲ သူ့နိုင်ငံနှင့် ကမ္ဘာ အတွက် ရှေ့သို့ချီတက်နိုင်ရန် အပြုသဘောဆောင်၍ လူသားဆန်၊ ရဲရင့်သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း” အမေရိကန်အထက်လွှတ်တော်အမတ် ပက်ထရစ်လီယာဟေး (ဗားမောင့်ပြည်နယ်မှ ဒီမိုကရက် တစ်ပါတီဝင်)က ထုတ်ဖော် ပြောကြားခဲ့သည်။

ပူတင်နဲ့ ဂေါ်ဘာချော့ဗ်ကို တွေ့ရစဉ် (AP)
၎င်းသည် ဂေါ်ဘာချော့ဗ်နှင့် လူချင်းတွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။
“သူဟာ ရုရှားနိုင်ငံ ခေတ်မီစေရမယ်လို့ ယုံကြည်ချက်ရှိပြီးတော့ ပူတင်လိုမျိုး စစ်ရာဇဝတ်မှုတွေ ဘယ်တော့မှ လုပ်မယ့်လူ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
အိမ်ဖြူတော်တွင် ၂၀၀၉ ခုနှစ်တုန်းက ဂေါ်ဘာချော့ဗ်နှင့် တွေ့ဆုံခဲ့ဖူးသော လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဩဂုတ် ၃၀ ရက်၊ ည ၈ နာရီအထိ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကိုဒိုလီဇာရိုက်က “ဂေါ်ဘာချော့ဗ် ကွယ်လွန်သည့်သတင်း ကြားသိရ၍ ဝမ်းနည်းမိကြောင်း” တွစ်တာတွင် ရေးသားခဲ့သည်။
“သူဟာ သူ့လူမျိုးအတွက် ပိုကောင်းတဲ့ ဘဝတစ်ခု စွမ်းဆောင်ဖို့ ကြိုးစားခဲ့သူပါ။ သူသာ သတ္တိမရှိရင် စစ်အေး တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး” ဟု ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သည့် ရိုက်က ပြောကြားခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 787
CNI International News
ဘဂ္ဂဒက်၊ ဩဂုတ် ၃၀
ဩဇာတိက္ကမ ကြီးမားသော ရှီးယိုက် ဘာသာရေး ခေါင်းဆောင်တစ်ဦး အီရတ်နိုင်ငံရေးလောကမှ နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေါသထွက်နေကြသည့် ရာနှင့်ချီသော နောက်လိုက် နောက်ပါများက အစိုးရရုံးစိုက်ရာ နန်းတော်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြသည်။
၎င်းတို့နှင့် လုံခြုံရေးတပ်ဖွဲ့များ အဓိကရုဏ်းဖြစ်ပွား၍ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အေပီသတင်း တစ်ပုဒ်တွင် တွေ့ရသည်။
နုတ်ထွက်တော့မည့် ဘာသာရေးခေါင်းဆောင် မူတာဒါအယ်လ်ဆာဒါးကို သစ္စာခံကြသူ နောက်လိုက်များသည် အစိုးရနန်းတော်အပြင်ဘက်တွင် ကွန်ကရစ်တုံး အတားအဆီးများကို ကြိုးများဖြင့် ဆွဲချပြီး နန်းတော်တံခါးများကို ထုရိုက်တွန်းဖြိုခဲ့ကြသည်။
အီရတ် နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် နိုင်ငံခြား ဧည့်သည်တော်များ အဓိက တွေ့ဆုံကြသည့် နေရာဖြစ် သော နန်းတော်ရှိ စကျင်ကျောက်တုံးများ မွမ်းမံထားသည့် ခန်းမထဲသို့ လူအများအပြား ပြေးဝင်လာခဲ့ကြသည်။
အီရတ် အဓိကရုဏ်း (AP)
အီရတ်စစ်တပ်က ညဘက် လမ်းပေါ်မထွက်ရ အမိန့်ကို နိုင်ငံတဝန်း အရေးပေါ် ကြေညာခဲ့ပြီး အကြမ်းဖက်မှု များကို တုံ့ပြန်သည့် အနေဖြင့် အစိုးရအဖွဲ့(ကက်ဘိနက်)အစည်းအဝေးများအား အိမ်စောင့်ဝန်ကြီးချုပ်က ဆိုင်းငံ့ ထားလိုက်သည်။
အဓိကရုဏ်း နှိမ်နင်းရဲများက သေနတ်များ၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့သော်လည်း ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ် ဖြစ်မှုများရှိခဲ့၍ ဆန္ဒပြသူ ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့ကြကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ညပိုင်းတွင် အယ်လ်ဆာဒါးနှင့် မဟာမိတ်ဖွဲ့ထားသော ဆာရာယာဆလမ်အဖွဲ့သည် ပေါ်ပြူလာ လှုပ်ရှားမှု လုံခြုံရေးတပ်ဖွဲ့(PMF) နှင့် ထိတွေ့၍ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အီရတ်အစိုးရ ရုံးတည်နေရာဖြစ်သည့် အစိမ်းရောင်ဇုန်အတွင်း နာရီအတန်ကြာအောင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် အထူးတပ်ဖွဲ့နှင့် အီရတ်စစ်တပ်၏ တပ်မ ၉ မှ အဖွဲ့ငယ်များပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။
အဆိုပါ အစိမ်းရောင်ဇုန်ထဲ၌ လုံခြုံရေးတာဝန်ယူထားသော အထူးတပ်ဖွဲ့မှ အနည်းဆုံး တပ်သားတစ်ဦး သေဆုံးခဲ့ သည်။ ထို့ပြင် အရပ်ဘက်မှ အမျိုးသမီးတစ်ဦး အပါအဝင် ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း လုံခြုံရေး အရာ ရှိနှစ်ဦးက အေပီသို့ ပြောကြားခဲ့သည်။
-အီရတ် အဓိကရုဏ်း (AP)
ထိုနေရာတဝိုက်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံများလည်း ကြားခဲ့ရပြီး ဘဂ္ဂဒက်မြို့ လယ်ခေါင် တွင်လည်း စက်သေနတ် ပစ်ခတ်သံများ ပဲ့တင်ထပ်နေခဲ့သည်။
PMF အဖွဲ့သည် အီရန် ကျောထောက် နောက်ခံပြု နိုင်ငံရေးသမားများ ခိုလှုံရာ စခန်းအတွင်း အခြေပြုထားပြီး အရန် လက်နက်ကိုင်အဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းအဖွဲ့သည် အယ်လ်ဆာဒါး၏ နိုင်ငံရေး ပြိုင်ဘက်များနှင့် တန်းတူအင်အားကောင်းသော အဖွဲ့လည်းဖြစ်သည်။
အဓိကရုဏ်း ဖြစ်ပွားစဉ်အတွင်း မော်တာကျည်ဆန်များနှင့် ဒုံးပစ်လောင်ချာများကို သုံးခဲ့ကြောင်း အီရတ် လုံခြုံရေး အရာရှိများက ပြောကြားခဲ့ကြသည်။
ယမန်နှစ် အောက်တိုဘာလ ရွေးကောက်ပွဲတွင် အယ်လ်ဆာဒါး၏ ပါတီသည် အမတ်အများစု နေရာရခဲ့သော် လည်း အစိုးရတစ်ရပ် ဖွဲ့စည်းရန် အင်အား မလုံလောက်သဖြင့် အီရတ်အစိုးရသစ် ပေါ်ထွက်လာရေးမှာ နှောင့်နှေး ကြန့်ကြာနေခဲ့သည်။
Source: AP
