CNI International News

နယူးဒေလီ၊ နိုဝင်ဘာ ၂၂

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီသည် သူ့ကိုယ်သူ ကြီးကျယ်ခမ်းနားသော ပကာသနဟန်ဆောင်မှု မရှိဘဲ ပြည်သူတို့ ၏ အစေခံသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယကွန်ဂရက်(လွှတ်တော်)အတွင်းရှိ အမတ်များသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို အခြေခံ၍ ရွေးကောက်ပွဲ ဝင်နိုင်ရန် BJP ပါတီအတွက် ဆက်လက် လုပ်ဆောင်သင့်ကြောင်း မိုဒီက တိုက်တွန်းခဲ့သည်ဟု Time of India မီဒီယာက ရေးသားဖော်ပြခဲ့သည်။

“ရွေးကောက်ပွဲကာလမှာ ရေနဲ့လျှပ်စစ်လို ဖွံ့ဖြိုးရေးကိစ္စတွေ မဆွေးနွေးသင့်ဘူးလားဗျာ။ ကျနော်တို့က လက်ရှိ လုပ်ငန်းတွေကို စာရင်းရှင်းတင်ပြဖို့ အဆင်သင့် ဖြစ်နေပေမယ့် ပါတီအနေနဲ့ကျတော့ BJP ရဲ့မှတ်တမ်းကို လုံးဝ ထိုးနှက်ခံရမှာ သိနေတာမို့ လွှတ်တော်ထဲမှာ ဒီပြဿနာတွေ ချပြဖို့ စိုးရွံ့နေတာ တွေ့ရပါတယ်” ဟု ဂူဂျာရတ် ပြည်နယ်၊ ဆူရန်ဒရာနာဂါခရိုင်ရှိ ကျေးရွာတစ်ရွာသို့ ရောက်ရှိစဉ် မိုဒီက ပြောကြားခဲ့သည်။

လွှတ်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းနှင့် ရက်ဂျ်ယာဆာဘာ့ အမတ်ဟောင်း မက်ဟူဆူဒန်မီစရီ (Madhusudan Mistry) ၏ ယခင်သီတင်းပတ်၌ မှတ်ချက်ပေးခဲ့မှုကို မိုဒီက အထက်ပါအတိုင်း ပြောကြား၍ တုံ့ပြန်ချေပခဲ့သည်။

မိုဒီနဲ့အစိုးရအဖွဲ့ကိုတွေ့ရစဉ်

အာမက်ဒါဘက် အားကစားကွင်းကို နရိန္ဒရာမိုဒီ အားကစားကွင်းဟူ၍ အမည်ပြောင်းလဲဖို့ BJP ပါတီ၏ ကြေညာ ချက်၌ ကတိပြုခဲ့ခြင်းမှာ မိုဒီအနေဖြင့် နောက်ထပ် ဝန်ကြီးချုပ်သက်တမ်း ခန့်အပ်ခံရစေရန် ရည်ရွယ်ခြင်းဟု မက်ဟူဆူဒန်မီစရီက ယခင်သီတင်းပတ်မှာ သဘောထား မှတ်ချက်ချ၍ ထိုးနှက်ခဲ့သည်။

“သူတို့က မိုဒီဆိုတဲ့ ကျနော့် အဆင့်အတန်း နေထိုင်မှုကို ဖွင့်ချမယ်လို့ ပြောနေကြပါတယ်။ သူတို့ရဲ့ မောက်မာတဲ့ ပုံကို ကြည့်ကြပါဦး။ သူတို့အားလုံးက တကယ်တမ်း လူချမ်းသာမိသားစု လာကြတာ။ ဒါပေမယ့် ကျနော်က နိမ့်ကျတဲ့ အခြေခံလူတန်းစား မိသားစုက လာတာ။ ကျနော့်မှာ ဒီလိုအဆင့်အတန်း ခွဲခြားတာမျိုး မရှိဘူး” ဟု ဝန်ကြီးချုပ်က ၎င်းအပေါ် လွှတ်တော်အတွင်း ထိုးနှက်နေမှုများကို သတိပေး ပြောကြားခဲ့သည်။

အိန္ဒိယလူဦးရေ ဘီလီယံ ၁၃၀ သက်သာချောင်ချိရေးအတွက် လုပ်ဆောင်လိုသဖြင့် အတိုက်အခံ လုပ်ကြသူများ၏ ပုတ်ခတ်မှုများကို မိမိသည်းခံခဲ့ကြောင်း မိုဒီက ဆက်လက်ပြောကြားခဲ့သည်။

လူမျိုးစုရေးရာအစွဲကြီးသည့် ဘာရက်ချ်ခရိုင်ရှိ ဂျန်ဘူဆာမြို့၌ မိုဒီက “နိုင်ငံတဝန်းရှိ လူမျိုးစု အသီးသီးများ၏ ဖြစ်တည်မှုကို လွှတ်တော်အတွင်း၌ မည်သည့်အခါမှ အသိအမှတ်ပြု ဆွေးနွေးခဲ့ခြင်း မရှိကြောင်း” စွပ်စွဲခဲ့သည်။

အိန္ဒိယသမိုင်းတွင် အက်တယ်ဘီဟာရီဗာ့ပါယီး (Atal Bihari Vajpayee) ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တက်လာချိန်အထိ တိုင်းပြည်၌ လူမျိုးစုအရေး ဦးစားပေး၍ သက်သာချောင်ချိရေး လုပ်ဆောင်ပေးသော ဝန်ကြီးဌာနဟူ၍ သီးခြားမရှိခဲ့ခြင်းကိုလည်း လက်ရှိဝန်ကြီးချုပ် မိုဒီက ထောက်ပြဝေဖန်ခဲ့သည်။

Source: Time of India