- By CNI
- Category: နိုင်ငံရေး
- Hits: 1277
CNI International News
ဘေဂျင်း၊ နိုဝင်ဘာ ၁၉
တရုတ်ထောက်လှမ်းရေးအေဂျင်စီမှ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြီးအကဲဟောင်းသည် လာဘ်ငွေ အမေရိကန်ဒေါ်လာ ၃၃ သန်း ရယူမိခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။
အသက် ၆၇ နှစ်ရှိ လျူရန်ပိုင်သည် ယခင်က တရုတ်အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဌာန၌ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်တစ်ခု အတွက် အပြစ်ရှိကြောင်း မကြာသေးမီက ဝန်ခံထွက်ဆိုခဲ့သည်။
၎င်းကို တရုတ်ယွမ်ငွေ ၂၃၄ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကျော် လက်ခံရယူမှုဖြင့် စွဲချက်တင်ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းပြည်နယ်၊ ချန်ချောင်ပြည်သူ့တရားရုံးသို့ နိုဝင်ဘာ ၁၇ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့ သည်။
တစ်ချိန်က နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲလည်းဖြစ်ခဲ့သူ လျူသည် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး နောင်တရမိနေပြီဟု တရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။
၎င်း၏အမှုကို တရားရုံးက ခေတ္တဆိုင်းငံ့ထားပြီး နောက်မှ စီရင်ချက်ချမည်ဟု သိရသည်။

ဆန်လီဂျန်းကိုတွေ့ရစဉ်
ပြီးခဲ့သည့် ဇန်နဝါရီလ၌ တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းမှ ထုတ်လွှင့်ချက်တွင် “လျူသည် သမ္မတရှီကျင့်ဖျင် အပေါ် သစ္စာမဖောက်ဘဲ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးဟောင်း ဆန်လီဂျန်း ဦးဆောင်သော နိုင်ငံရေးလှုပ်ရှားမှုတွင် တစိတ်တပိုင်း ပါဝင်ခဲ့ဖူးကြောင်း ယခင်က အစွပ်စွဲခံခဲ့ရဖူးသည်” ဟု ဖော်ပြခဲ့သည်။
လျူသည် ဆန်လီဂျန်း၏ နိုင်ငံရေးဂိုဏ်းထဲမှ နောက်ဆုံးစွဲချက် တင်ခံရသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်၏လုံခြုံရေးယန္တရားထဲ အကြီးမားဆုံး သုတ်သင်ရှင်းလင်းမှုနှင့် ယခုအခါ နီးကပ်လာပြီ ဖြစ်ကြောင်း အချက်ပြနေသည်။
လျူသည် စီးပွားဖြစ် လှုပ်ရှားခဲ့ပြီး သက်ညှာလောက်သော ပြစ်ဒဏ်များ ကျူးလွန်ခဲ့ကြောင်း၊ အခြားသူများ ရာထူး တိုးရေးနှင့် ကန့်သတ်ထားသော ကားနံပါတ်ပြားများ ရရှိရေးတို့အတွက် လာဘ်ထိုးသည့် ငွေများကို သက်ဆိုင်ရာ သို့ ပြန်လည် အပ်နှံခဲ့ကြောင်း တရားရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
လျူ၏ လာဘ်စားခဲ့မှု ဖြစ်စဉ်ကို တရုတ်ထိပ်တန်း ခေါင်းဆောင်များအား အကာအကွယ်ပေးရသည့် ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၏ ဗျူရိုတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၀၁ ခုနှစ်အထိ ခြေရာခံ စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း တရားရုံး သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
အဆိုပါ ဗျူရိုတွင် လျူသည် အကြီးအကဲ ဖြစ်လာပြီးနောက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ချိန်၌ လာဘ်ငွေကို ရယူခဲ့မိကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1168
CNI International News
နယူးယောက်၊ နိုဝင်ဘာ ၁၉
ယူကရိန်းအစိုးရသည် ရုရှားနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) တို့အကြား ထိပ်တိုက်ရင်ဆိုင် တွေ့ စေရန် ကြိုးပမ်းနေသည်ဟု နယူးယောက်မြို့ရှိ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တိုနော့ဗ် (Anatoly Antonov) က နယူးစ်ဝိခ်မီဒီယာသို့ သဘောထား မှတ်ချက်ပေးခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။
“ယူကရိန်းက စစ်ရေးအကူအညီတွေ ပိုပေးဖို့ ဝါရှင်တန်ကို တောင်းဆိုရုံတင် မကပါဘူး။ ရုရှားဖက်ဒရေးရှင်းနဲ့ နေတိုးတို့အကြား စစ်ရေးအရ တိုက်ရိုက် မကျေမလည် ဖြစ်စေဖို့ နှိုးဆွနေပါတယ်” ဟု ရုရှားသံအမတ် အန်တိုနော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ရှိ ရုရှားသံရုံးကလည်း သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံ၌ အရာရာတိုင်း ပြောင်းလဲသွားစေရန် အနောက်အုပ်စု၏ အဓိပ္ပါယ်မဲ့ ကြိုးပမ်းမှုများအတွက် ခွင့်ပြုချက် ရနေပြီဟု တွေးထင်နေသော ယူကရိန်းအစိုးရသည် အနှောင့်အယှက် ပေးလာနိုင်ကြောင်း သံအမတ် အန်တိုနော့ဗ် က ဆက်လက် ပြောကြားခဲ့သည်။

ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာကိုတွေ့ရစဉ် (GETTY IMAGES)
နိုဝင်ဘာ ၁၅ ရက်တွင် ပိုလန်နိုင်ငံ၏ အရှေ့ပိုင်း လူဘလင်ဗွိုင်ဗိုရှစ် (Lublin Voivodeship) ဒေသရှိ ပရိုက်ဇ်ဝိုဒိုး (Przewodow) ကျေးရွာတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦး သေဆုံးခဲ့သည်။
အဆိုပါ ဒုံးကျည်သည် ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ်၏ တစိတ်တပိုင်းဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပိုလန်၏ တိကျသည့် ကောက်ချက်ချမှုအပေါ် အမေရိကန်က ယုံကြည်မှု အပြည့်အဝရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ဆိုးရွားသော ရန်စမှုများဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်ကို ယူကရိန်း S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ပြောကြားထားသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1406
CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၁၉
အသစ်တီထွင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်မှုသည် မိမိနိုင်ငံကို ပြည်ပမှခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေဖို့ နောက်ထပ်ယုံကြည်စိတ်ချရပြီး အမြင့်မားဆုံးစွမ်းရည်လက်နက်ရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ရန်စလိုသည့်ခြေလှမ်းများသည် ၎င်းတို့ကိုယ်တိုင်ကို ဖျက်ဆီးရာရောက်စေမည်ဟု သတိပေးလိုက်ကြောင်း မြောက်ကိုရီးယားမီဒီယာက နိုဝင်ဘာ ၁၉ ရက် (ယနေ့) တွင် ထုတ်လွှင့်ခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အမေရိကန်ပြည်တွင်းရှိ မည်သည့်နေရာကိုမဆို ထိမှန်နိုင်စွမ်းအလားအလာကို ပြသခဲ့သည့် ICBM ပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အိမ်နီးချင်းများဖြစ်သည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာ ကင်မ်ဂျုံအန်းသည် Hwasong-17 ဒုံးကျည်ပစ်လွှတ်မှုကို အနီးကပ် ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ KCNA မီဒီယာ၏သတင်းဖော်ပြမှုတွင် ကင်မ်ဂျုံအန်းသည် ၎င်း၏ဇနီး ရီဆိုလ်ဂျူ၊ သမီးငယ် အပါအဝင် ထိပ်တန်းအစိုးရအရာရှိများနှင့်အတူ ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်နေခဲ့ကြောင်း တွေ့ရသည်။
KCNA မှ ထုတ်လွှင့်ခဲ့သော သတင်းဓာတ်ပုံများအနက် ကင်မ်ဂျုံအန်းသည် အဖြူရောင်အင်္ကျီနှင့် အနီရောင်ဖိနပ် တို့ကို ဝတ်ဆင်ထားသည့် သမီးငယ်ကို လက်ချင်းတွဲ၍ ICBM ပစ်လွှတ်တော့မည့် ထရပ်ကားပေါ်သို့ ဒုံးကျည်တစ်စင်း တွဲဆက်တင်နေခြင်းအား စောင့်ကြည့်နေပုံလည်း ပါဝင်ခဲ့သည်။

တိုက်ချင်းပစ်ဒုံးကျည်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် သမီးဖြစ်သူ(ဓါတ်ပုံ-KCNA/Reuters)
ကင်မ်၏သမီးကို မြောက်ကိုရီးယားမီဒီယာက ယခု ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသခြင်းဖြစ်သည်။
လက်နက်ပစ်လွှတ်နေခြင်းကို မိသားစုနှင့်အတူ စောင့်ကြည့်နေခြင်းမှာ ကင်မ်အတွက် ၎င်း၏အောင်မြင်မှုအပေါ် ယုံကြည်စိတ်ချသည့်ဟန်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။
အသက် ၃၈ နှစ်အရွယ်ရှိ ကင်မ်သည် မြောက်ကိုရီးယားကို အုပ်ချုပ်နေသည့် တစ်ခုတည်းသော မိသားစု၏ တတိယမြောက်မျိုးဆက်ဖြစ်သည်။ ၎င်းနှင့်ရသည့် ကလေး ၃ ဦးကို ၂၀၁၀၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်များတွင် အသီးသီးမွေးဖွားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ဖူးသည်။
ယခုလွှတ်တင်ရာသို့ မည်သည့်ခုနှစ်တွင် မွေးဖွားသည့်သမီးကို ခေါ်ဆောင်သွားမှန်း လတ်တလော မသိရသေးပေ။
ကင်မ်ဂျုံအန်း၏ ကိုယ်ပိုင်ဘဝကို သေချာစွာ မသိရသေးသော်လည်း ၎င်းသည် ပင်လယ်ကမ်းခြေ အပန်းဖြေသည့် အခါ ဂျူအေး (Ju Ae) ဟု ခေါ်သော ကလေးတွေကို ခေါ်ဆောင်သွားလေ့ရှိကြောင်း ၂၀၁၃ ခုနှစ်တွင် ပြုံယမ်းသို့ ရောက်ရှိခဲ့ဖူးသည့် NBA အကျော်အမော်တစ်ဦးဖြစ်သူ ဒင်းနစ်ရော့ဒ်မန်း (Dennis Rodman) က ဗြိတိန်ထုတ် ဂါးဒီးယန်းသတင်းစာသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှ ဒုံးကျည်းစမ်းသပ်ပစ်လွှတ်နေမှုမြင်ကွင်း(ဓါတ်ပုံ-အေပီ)
နိုဝင်ဘာ ၁၈ ရက်က ပစ်လွှတ်မှုသည် မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုလုပ်ငန်းစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး ၎င်းသည် လက်နက်အင်အားတိုးချဲ့ရန်နှင့် အနာဂတ် သံခင်းတမန်ခင်းတွင် ဩဇာချဲ့ထွင်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။
Hwasong-17 ဒုံးကျည်သည် အလုံးစုံစွမ်းဆောင်ရည်ပြည့်ဝဖို့ တီထွင်နေဆဲဖြစ်သော်လည်း အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖြိုခွင်းနိုင်ရန်အတွက် နျူကလီးယားထိပ်ဖူးများစွာ သယ်ဆောင်ရန် ဒီဇိုင်း ထုတ်လုပ်ထားသည့် တာဝေးပစ်လက်နက်ဟု သိရသည်။
ပြုံယမ်းနိုင်ငံတကာလေဆိပ်အနီးမှ ပစ်လွှတ်လိုက်သော အဆိုပါဒုံးကျည်သည် ဒေါင်လိုက်အမြင့်ဆုံး ကီလိုမီတာ ၆,၀၄၀ (၃,၇၅၀) အထိ ခရီးနှင်နိုင်ပြီး အလျားလိုက်(ရေပြင်ညီ)အကွာအဝေး ကီလိုမီတာ ၁,၀၀၀ (၆၂၀ မိုင်) အထိ ပျံသန်းသွားခဲ့ကြောင်း KCNA က သတင်းထုတ်လွှင့်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1276
CNI International News
ဖနွမ်ပင်၊ နိုဝင်ဘာ ၁၈
မကြာသေးမီက နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးလိုက်ခြင်းအပေါ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးသံတမန် ပရတ်ဆိုခွန်က ကြိုဆိုလိုက်ကြောင်း ကြေညာချက် တစ်စောင်ကို နိုဝင်ဘာ ၁၇ ရက် စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
နစက (SAC) သည် အကျဉ်းထောင်အသီးသီး၌ ကျခံနေရသူများဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ၈၈ မျိုးဆက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုမြအေး၊ NLD ပါတီ CEC နှင့်ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါဆရာတော်တို့ကို နိုဝင်ဘာ ၁၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
ထို့နောက် ဗြိတိန်သံတမန်ဟောင်း ဗစ်ကီဗိုးမန်းနှင့်ခင်ပွန်း၊ ဂျပန်သတင်းသမားနှင့် ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဌေးတို့ကိုလည်း နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသားနေ့ အထိမ်း အမှတ် အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်လွှတ်ပေးခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထိုသို့ ပြန်လွှတ်ပေးမှုသည် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် စတင် ရန်အတွက် သင့်လျော်သော လမ်းကြောင်းမှန် ဖန်တီးရန် အရေးကြီးသည့် အပြုအမူဟု အာဆီယံ အထူးသံတမန် က မှတ်ယူကြောင်း အဆိုပါကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။
၎င်းအပြုအမူသည် ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာဖို့ စေတနာကောင်းထားသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိ အကျပ်အတည်းနှင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ချမှတ် ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အချက် ၅ ချက် ကို အကောင်အထည်ဖော်ရာ၌ အပြုသဘောဆောင်သည့် ဖွံ့ဖြိုး တိုး တက်မှုအဖြစ် အာဆီယံကြေညာချက်၌ ပြောကြားထားသည်။
အဆိုပါ အချက် ၅ ချက်၌ ဦးစားပေး အချက်များဖြစ်သည့် ပြည်တွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ လူသား ချင်း စာနာမှု အကူအညီ ပေးအပ်ရေးနှင့် အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ရန် တွေ့ဆုံ ဆွေးနွေးခြင်း ပေါ်ပေါက်လာစေဖို့ မျှော်မှန်းပါကြောင်း ကြေညာချက် နိဂုံးပိုင်းတွင် ဖော်ပြပါရှိသည်။
လက်ရှိ ကာလအထိ အာဆီယံဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူထားဆဲဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ကမ္ဘောဒီးယားအစိုးရဘက်မှ ပရက်ဆိုခွန်ကို ခန့်အပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1365
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၁၈
အာရှ-ပစိဖိတ်ဒေသသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကျောထောက်နောက်ခံ ပေးစရာမလို၍ ကြီးကြီးမားမား ပါဝါယှဉ်ပြိုင်စရာနေရာ ဖြစ်လာမည်မဟုတ်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် CNA မီဒီယာက ရေးသားဖော်ပြသည်။
ဘေဂျင်းနှင့်ဝါရှင်တန်တို့၏ ပြိုင်ဆိုင်မှုကို မီးမောင်းထိုးပြနေသည့် အာရှ-ပစိဖိတ်ဒေသအတွက် စစ်အေးခေတ်သစ် တင်းမာလာခြင်းကို ရှီကျင့်ဖျင်က အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC-အေပက်) ထိပ်သီး အစည်းအဝေး မတိုင်မီ ရှီ၏ အထက်ပါ သတိပေးချက်သည် ဒေသတွင်း မဟာမိတ်များ၊ မိတ်ဖက်များနှင့် အတူ အမေရိကန်၏ ကြိုးပမ်းနေခြင်းကို သိသာထင်ရှားစွာ ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိ အနေအထားတွင် အမေရိကန်သည် တရုတ်၏ စီးပွားရေးနှင့်စစ်ရေး လွှမ်းမိုးမှု ကြီးထွားလာခြင်းကို အကျပ်ကိုင်မှု တစ်ရပ်အဖြစ် ရှုမြင်ထားသည်။

APEC အစည်းအဝေး ပြင်ဆင်မှုကိုတွေ့ရစဉ်
“ကျနော်တို့ ပြည်သူတွေကို စစ်အေးတိုက်ပွဲသစ် ဆင်နွှဲဖို့ ဘယ်တော့မှ ခွင့်မပြုဘူး” ဟု အေပက်ထိပ်သီး အစည်း အဝေးနှင့် ဆက်နွှယ်သည့် စီးပွားရေးဆိုင်ရာ အခမ်းအနားတစ်ခုသို့ စာတစ်စောင်ရေးသား၍ ရှီက သဘောထား မှတ်ချက်ပေးခဲ့သည်။
“ကျနော်တို့အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့ အားလုံး ပါဝင်နိုင်မယ့် လမ်းကြောင်းတစ်ခုကို လိုက်နာသင့်ပါ တယ်။ ကြီးကြီးမားမား ပါဝါပြိုင်ဆိုင်မှုအတွက် ဒီဒေသဟာ ပြိုင်ပွဲကွင်းပြင်အဖြစ် မပြောင်းလဲသင့်ပါဘူး” ဟု ရှီက အဆိုပါ အခမ်းအနားသို့ ပေးပို့သော မိန့်ခွန်း စာသားထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
တဖက်သတ်ဝါဒနှင့် အကာအကွယ် ပေးရေးဝါဒကို မိမိတို့အားလုံး ပယ်ချသင့်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို လက်နက်ဖြင့် ချဲ့ထွင်ဖို့ ကြိုးပမ်းခြင်းများကိုလည်း ပယ်ချသင့်ကြောင်း ရှီက တိုက် တွန်းခဲ့သည်။
ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့်အမေရိကန်တို့သည် မကြာသေးမီ နှစ်များအတွင်း ကုန်သွယ်ရေး၊ ထိုင်ဝမ်ကျွန်းကိစ္စ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှု၊ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖယ်ရှားရေးနှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှု စသည့်ဖြစ်စဉ်များကြောင့် ဆက်ဆံရေးတင်းမာနေခဲ့သည်။

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ်ကိုတွေ့ရစဉ်
အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ်သည် လာမည့်သီတင်းပတ် နိုဝင်ဘာ ၂၂ ရက်တွင် တောင်တရုတ် ပင်လယ် အစွန်းရှိ ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်းများသို့ သွားရောက်ရန်ရှိသဖြင့် ဘေဂျင်းက အပြစ်တင် ရှုတ်ချ လာမည့် လုပ်ရပ်ဟု ယူဆနေကြသည်။
ဟားရစ်၏ ခရီးစဉ်သည် စပရက်တလီကျွန်းစု (Spratly Islands) နှင့် ကပ်လျက် သွယ်တန်းနေသည့် ကျွန်းများသို့ ပထမဆုံး သွားရောက်မည့် အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်သည်။
ထိုကျွန်းများနှင့်ပတ်သက်၍ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့၏ ကန့်ကွက် တောင်းဆိုမှု များကို ရင်ဆိုင်ရင်း တရုတ်သည် စပရက်တလီကျွန်းစုတွင် ဆိပ်ကမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့ တည်ဆောက်ရန် ပင်လယ်ရေအောက်ကြမ်းပြင်ကို သောင်တူးထားပြီး ဖြစ်သည်။
Source: Reuters, Channel News Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 944
CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၁၈
မြောက်ကိုရီးယားသည် နိုဝင်ဘာ ၁၈ ရက် (ယနေ့)တွင် ဂျပန်ရေပိုင်နက်အနီးသို့ ကျရောက်ခဲ့သည့် တိုက်ချင်းပစ် တာဝေးဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း ၎င်း၏အိမ်နီးချင်းများ ဖြစ်ကြသော ဂျပန်နှင့်တောင်ကိုရီးယားတို့က အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။
အမေရိကန်နိုင်ငံအထိ ပစ်မှတ်ထား၍ ပြီးပြည့်စုံသော လက်နက်စနစ်များကို ထုတ်လုပ်ရန် ၎င်း၏ဆုံးဖြတ်ချက်အား ပြသသည့် ယခုလအတွင်း မြောက်ကိုရီးယား၏ ဒုတိယမြောက် အရေးပါသော လက်နက်စမ်းသပ်မှုလည်း ဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားသည်။
ယခုပစ်လွှတ်မှုမှာ မကြာသေးမီ လများအတွင်း မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှုများကို အမေရိကန်၏ ရန်လိုခြင်းအား တုံ့ပြန်ခြင်းဟု ပြောပြီး နောက်ဆုံး ပစ်လွှတ်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု တင်းကျပ်ရန် အမေရိကန်၏ လုပ်ဆောင်ချက်ကို တရုတ်နှင့်ရုရှားတို့ က ဆန့်ကျင်ကြသဖြင့် ယခုကဲ့သို့ လက်နက်စမ်းသပ်မှုများအား မြောက်ကိုရီးယား ဆက်လက် လှုပ်ရှားနိုင်ဖွယ် ရှိသည်ဟု စစ်ရေးကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သွားရာလမ်းကြောင်းကိုတွေ့ရစဉ်(AP)
မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ဘက်မှ ပစ်လွှတ်လိုက်သည်ဟု ယူဆရသော တိုက်ချင်းပစ် ဒုံးကျည် (ICBM) ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တွေ့ရှိရကြောင်း၊ အဆိုပါ လက်နက်သည် မိမိတို့ နိုင်ငံ၏ကောင်းကင်ယံမှ ဖြတ်ကျော်လျက် အရှေ့ဘက်ကမ်းရိုးတန်းဘက်သို့ ပျံသန်းသွားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယားကို စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေခဲ့ပြီး အမေရိကန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း ပူးတွဲစစ်ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အဆိုပါလက်နက်ကို ICBM အမျိုးအစား တိုက်ချင်းပစ် တာဝေးဒုံးကျည် အဖြစ်ကနဦး သတ်မှတ်ခဲ့သည်။
၎င်းဒုံးကျည်သည် ဂျပန်၏ အဓိကကျွန်း တစ်ကျွန်းဖြစ်သော ဟော့ကိုင်းဒိုး၏ အနောက်ဘက်ရှိ ဂျပန်သီးသန့် စီးပွားဇုန်အတွင်းရှိ ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ယုံကြည်ရသည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဖူမီယိုကီရှိဒါ ရောက်ရှိနေစဉ် သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1018
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၁၈
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ကြားဖြတ်ရွေးကောက်ပွဲများအပြီး လာမည့်လွှတ်တော် အသစ်တွင် ဦးစီးဦးဆောင်နေရာကို ရယူတော့မည်မဟုတ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
အောက်လွှတ်တော်တွင် မိန့်ခွန်းတစ်ရပ်ပြောကြား၌ ပလိုစီက ဒီမိုကရက်တစ်လွှတ်တော်အမတ်များကို မိမိ နှစ်ပေါင်း ၂၀ ကြာ ဦးစီးခဲ့ပြီးနောက် ခေါင်းဆောင်နေရာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း အတိအလင်း ပြောကြား ခဲ့သည်။
ပြီးခဲ့သည့်လ၌ ဆန်ဖရန်စစ္စကိုနေအိမ်တွင် ၎င်း၏ခင်ပွန်းသည် ပေါလ်ပလိုစီ ရက်ရက်စက်စက် တိုက်ခိုက်ခံရပြီး နောက် ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
သူမသည် အမေရိကန်သမိုင်းတွင် အရေးပါသည့် ကယ်လီဖိုးနီးယားပြည်နယ်မှ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ယနေ့ခေတ်တွင် ၎င်း၏ဟောပြောစည်းရုံးမှုများမှာ ဩဇာအကြီးမားဆုံးဖြစ်နေခဲ့သည်။

လာမည့်နှစ် ဇန်နဝါရီလတွင် အမေရိကန်(ကွန်ဂရက်) လွှတ်တော်သစ်၏ အစည်းအဝေးစတင်ချိန်တွင် သူမသည် ဆန်ဖရန်စစ္စကိုမြို့မှ လွှတ်တော်အမတ်တစ်ဦးအဖြစ် လွှတ်တော်ထဲတွင် ဆက်လက်ရပ်တည်နေဦးမည်ဖြစ် ကြောင်း နန်စီပလိုစီက ပြောကြားခဲ့သည်။
“ကွန်ဂရက်ထဲမှာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်နေရာအတွက် ပြန်အရွေးခံဖို့ ကျမ နောက်ထပ် မကြိုးစား တော့ဘူး။ ကျမ အင်မတန်လေးစားရတဲ့ ဒီမိုကရက်တစ်ပါတီအတွက် ဦးဆောင်ဖို့ မျိုးဆက်သစ်တွေရဲ့ အချိန် ကျရောက်လာပါပြီ” ဟု ပလိုစီက ဆက်လက်ပြောကြားခဲ့သည်။
“ကျမတို့ဟာ အနာဂတ်တစ်ခုကို ရဲရဲဝံ့ဝံ့နဲ့ ဆက်ပြီး လျှောက်လှမ်းကြရမယ်” ဟုလည်း ၎င်းက တိုက်တွန်းခဲ့သည်။
အဖြူရောင်ဝတ်စုံ ဆင်မြန်းထားသော ပလိုစီသည် အဆောတလျင် ပြောကြားခဲ့သော သူမ၏မိန့်ခွန်းအပြီးတွင် တက်ရောက်နားထောင်ကြသူများကို ရွှင်လန်းတက်ကြွစွာဖြင့် နှုတ်ခွန်းဆက်ခဲ့သည်။
မိန့်ခွန်းပြောကြားပြီးနောက် လွှတ်တော်အမတ်များနှင့် တက်ရောက်နားထောင်သူ ဧည့်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် ပလိုစီကို ပွေ့ဖက်နှုတ်ဆက်ကြပြီး သမိုင်းဝင်အခိုက်အတန့်တစ်ခုအတွက် သူမနှင့်တွဲ၍ selfie ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1464
CNI International News
ဝါဆော၊ နိုဝင်ဘာ ၁၆
ရုရှားလုပ် ဒုံးကျည်တစ်စင်း မိမိတို့နိုင်ငံ၏အရှေ့ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူ ၂ ဦး သေဆုံးကြောင်း ပိုလန်အစိုးရက နိုဝင်ဘာ ၁၆ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဒုံးကျည်မှာ ရုရှားဘက်မှ ပစ်လွှတ်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ သော်လည်း ပိုလန်အစိုးရကတော့ အထက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်အပေါ် အလွန်သိသာ ထင်ရှားသည့် တိုးမြှင့်လုပ်ဆောင်မှု တစ်ရပ်အဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက မှတ်ချက်ချခဲ့ပြီး စက်မှုထိပ်သီး (G-7) နိုင်ငံများနှင့် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး) ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ဘိုင်ဒန်ကို တိုက်တွန်းခဲ့သည်။
အကယ်၍ နေတိုးအဖွဲ့ဝင် ပိုလန်ကို တမင်တကာ ရန်လိုသည့် တိုက်ခိုက်မှုဖြစ်ခဲ့လျှင် နေတိုးမဟာမိတ်အဖွဲ့၏ စုပေါင်းစစ်ရေး တုံ့ပြန်မှု ဖြစ်ပေါ်လာနိုင်သည်ဟု အေပီသတင်းဌာနက ရေးသားသည်။

ပိုလန်နိုင်ငံထဲ ဒုံးကျည်ကျရောက် ပေါက်ကွဲလို့ ပိုလန် ရဲများ စစ်ဆေးနေစဉ် (AP)
သို့သော် ပိုလန်နှင့်ယူကရိန်း နယ်စပ်အနီးတွင် ရုရှားလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ရှိနေခြင်းကြောင့် ဒုံးကျည်ပစ်လွှတ်မှု အခြေအနေများနှင့်ပတ်သက်၍ အဓိကကျသည့် မေးခွန်းထုတ်စရာများ ကျန်ရှိနေဆဲဖြစ်သည်။
ပိုလန်နယ်နိမိတ်အတွင်း အဆိုပါဒုံးကျည် ကျရောက် ပေါက်ကွဲခြင်းမှာ ရုရှား ပါဝင်ပတ်သက်ခြင်း မရှိကြောင်း မော်စကိုက ငြင်းဆိုထားသည်။
နိုဝင်ဘာ ၁၅ ရက်၌ ယူကရိန်းလျှပ်စစ် အခြေခံ အဆောက်အအုံများ တိုက်ခိုက်ခံနေရစဉ်အတွင်း အဆိုပါဒုံးကျည် ကျရောက်ပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူ ၃ ဦးက အကဲဖြတ် ပြောကြားခဲ့ သည်။
၎င်းတို့ ၃ ဦး၏ အမည်ကိုတော့ အေပီက ထုတ်ဖော်ရေးသားခြင်း မရှိပါ။
ထိုဖြစ်စဉ်အပေါ် ပိုလန်အစိုးရက စုံစမ်းစစ်ဆေးနေပြီး မိမိတို့၏စစ်ရေး ပြင်ဆင်မှုအဆင့်ကို မြှင့်တင်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ ပြင်ဆင်မှုကို ဘိုင်ဒန်က ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လက်နက်ကြီးကို ရုရှားနိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ထဲတွင် ရေးသားထားသည်။ ဒုံးကျည်သည် ရုရှားနိုင်ငံထုတ် ဖြစ်နိုင်ခြေအရှိဆုံးဟု ပိုလန်သမ္မတ အန်ဇညက်ဒူ ဘာ (Andrzej Duda) က ပြောကြားခဲ့သော်လည်း ဒုံးကျည်၏ မူလဇစ်မြစ်ကို အတည်ပြုနေဆဲ ဖြစ်သည်။

G-7 နဲ့ နေတိုးအဖွဲ့၀င်များ အစည်းအဝေးလုပ်နေစဉ်
“ကျနော်တို့ ခေါင်းအေးအေးထားပြီး လုပ်နေပါတယ်။ ဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ရပ်ပါ” ဟု ဒူဘာက ဆက်လက် ပြောကြားခဲ့သည်။
အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် ဘိုင်ဒန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာ၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေဆဲဖြစ်သည့် G-20 ထိပ်သီး အစည်းအဝေး နောက်ဆုံးနေ့အတွက် အချိန်ဇယား အပြောင်းအလဲ ဖြစ်စေခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေး တက်ရောက်နေစဉ် ဒုံးကျည် သတင်းကြောင့် ညတွင်းချင်း ၎င်း၏ဝန်ထမ်းများက အသိပေးခဲ့သဖြင့် ၎င်း၏ဝမ်းနည်းကြောင်း ပြောကြားရန် ဘိုင်ဒန်သည် ပိုလန်သမ္မတ အန်ဇညက်ဒူဘာထံသို့ တယ်လီဖုန်းခေါ်ဆိုခဲ့သည်။
ပိုလန်၏ စုံစမ်းစစ်ဆေးနေမှုကို အမေရိကန် အပြည့်အဝ ထောက်ခံကြောင်းနှင့် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုအတွင်း ဘိုင်ဒန်က ကတိပြုခဲ့ပြီး နေတိုးအုပ်စုဝင် နိုင်ငံတစ်နိုင်ငံအတွက် အကာအကွယ်ပေးမည့် အစီအစဉ်ကို ထပ်လောင်း အတည်ပြုခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1329
CNI International News
ဆိုးလ်၊ နိုဝင်ဘာ ၁၆
မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကို ထိန်းချုပ်ရာတွင် ပိုမိုတက်ကြွပြီး အပြုသဘောဆောင် သည့်အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံအား တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက တိုက်တွန်းခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုဝင်ဘာ ၁၅ ရက်၌ တွေ့ဆုံစဉ် ယွန်ဆော့ရွဲက အထက်ပါအတိုင်း တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ကိုရီးယားအနေဖြင့် ပြိုင်ဘက်မြောက်ကိုရီးယားနှင့် ဆက်ဆံရေးမြှင့်တင်ရန် မိမိမျှော်လင့်ကြောင်း ရှီကျင့်ဖျင်က ယွန်ဆော့ရွဲကို ပြန်လည်ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန် ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မြောက်ကိုရီးယားအပေါ် ကွဲပြားခြားနားသည့်အမြင်များရှိနေကြောင်း အဆိုပါ တွေ့ဆုံမှုက ထင်ဟပ်စေခဲ့သည်။
မြောက်ကိုရီးယားသည် မကြာသေးမီရက်သတ္တပတ်များအတွင်း နျူကလီးယားစွမ်းရည်အပါအဝင် ဒုံးကျည် အများအပြား ဆက်တိုက်ပစ်လွှတ်ခဲ့ပြီးနောက် ရှီနှင့်ယွန်တို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

G-20 ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်လာသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-အေပီ)
၎င်းတို့တွေ့ဆုံမှုသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်ချင်း ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပြီး G-20 ထိပ်သီးအစည်းအဝေး၏ပြင်ပတွင် သီးခြားဆွေးနွေးခဲ့ကြသည်။
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်းခြင်းကို တရုတ်နှင့်ရုရှားတို့က ဆန့်ကျင်ကန့်ကွက်ကြသဖြင့် မြောက်ကိုရီးယားသည် ၎င်း၏ဒုံးကျည်စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ဝါရှင်တန်သည် ဘေဂျင်းနှင့် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွင် ဘတစ်ပြန် ကျားတစ်ပြန်ဖြစ်နေသလို ယူကရိန်းသို့ ကျူးကျော်စစ်ကြောင့်လည်း မော်စကိုနှင့် ထိပ်တိုက်တွေ့နေသည်။
မြောက်ကိုရီးယားကို အကြီးမားဆုံးအကူအညီပေးအပ်နေပြီး ၎င်းအတွက် စီးပွားရေးအသက်သွေးကြောဖြစ်သော တရုတ်သည် မြောက်ကိုရီးယားအပေါ် ဩဇာအလွှမ်းဆုံးဖြစ်ကြောင်း ယုံကြည်ရသည်။
သို့သော် ကုလသမဂ္ဂ၏ဒဏ်ခတ်ပိတ်ဆို့မှုများကို မြောက်ကိုရီးယား အပြည့်အဝ လိုက်နာမှုမရှိခြင်းနှင့် ဆင်းရဲ နွမ်းပါးသည့် ဆိုရှယ်လစ်မဟာမိတ်ဖြစ်သူ မြောက်ကိုရီးယားကို တရုတ် လျှို့ဝှက်ကူညီနေခြင်းတို့မှာ သံသယ ဖြစ်စရာများ ရှိနေခဲ့သည်။ ထိုသို့လုပ်ဆောင်မှုသည် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်ဩဇာလွှမ်းမိုးခြင်းကို ဆန့်ကျင်သည့် အဟန့်အတားတစ်ခုအဖြစ် ရှုမြင်ကြသည်။
Source: AP
