CNI New

၂၀၂၅ ခုနှစ်၊ ဇူလိူင် ၂၄

အမေရိကန်သည် မြန်မာနိုင်ငံကို ပိတ်ဆို့တားဆီးနိုင်ရေးအတွက် ဥပဒေကြမ်း ၃ ခုအား အတည်ပြုလိုက်သော် လည်း အမေရိကန်၏ ပြိုင်ဘက် နိုင်ငံတကာအုပ်စုများသို့ ဝင်ရောက်ပြီး ရှောင်ရှားနိုင်သည်ဟု နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။

အမေရိကန်သည် နစကနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများ အပါအဝင် လေယာဉ်ဆီ ရရှိမှု ကန့်သတ် ပိတ်ဆို့ရန်အတွက် BRAVE မြန်မာဥပဒေကြမ်း၊ မြန်မာ GAP ဥပဒေကြမ်း၊ မြန်မာဘဏ္ဍာရန်ပုံငွေ အသစ်မရနိုင်ရေး ဥပဒေကြမ်း စသည့် ဥပဒေကြမ်း ၃ ခုကို ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ အပါအဝင် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း(ILO)တို့က စီးပွားရေး ပိတ်ဆို့ထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပိတ်ဆို့ခံရမှုများကို နိုင်ငံတကာ အုပ်စုများဖွဲ့စည်းခြင်းဖြင့် ရှောင်ရှားရမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆွေးနွေးနေစဉ်

၎င်းက “စီးပွားရေး အပိုင်းကတော့ မြန်မာပြည်ကို ဒီဒဏ်ခတ်တာတွေကလည်း ခဏခဏ များလွန်းအားကြီးတဲ့ အခါကြတော့ သူက ဘယ်လိုထိခိုက်မလဲဆိုတာ ပြောရခက်နေတာပေါ့။ ကျနော်တို့တင် မဟုတ်ဘူး ရှရှားပါ သူ ဒဏ်ခတ်တာနော်။ သူအရေးယူပိတ်ဆို့မှု လုပ်တာပဲ။ ဒါပေမယ့် ဟိုကလည်း သူ့ဟာသူ ရပ်တည်နေတာပဲ လှုပ်ရှား နေတာပဲပေါ့။ ဒါကတော့ အသေးစိတ်တွေကတော့ ပြောလို့မရဘူးပေါ့။ အများကြီးပေါ့နော်။ ကျနော်တို့ကလည်း ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေပေါ့နော်။ အဲတော့ တရုတ်တို့၊ အိန္ဒိယတို့၊ အမေရိကန်က ပိတ်ဆို့လိုက်လည်း ကျန်တဲ့လူကပြီးလိုက်ပိတ်ဆို့တာမှ မဟုတ်ဘဲ။ အဲတော့ အကျိုးသက်ရောက်မှုတော့ ရှိတာပေါ့၊ ဘာပဲ ပြောပြော ကောင်းတော့ မကောင်းဘူးပေါ့။ သို့သော်လည်းပဲ ကျနော်တို့က အိမ်နီးချင်းတွေနဲ့ သော်လည်းကောင်း၊ နိုင်ငံတကာ အုပ်စုတွေဖွဲ့ပြီးတော့ သော်လည်းကောင်း ဒါကိုပဲ ရှောင်ကြရှားကြရတာပေါ့။ ဒီလိုပဲဖြစ်နေမှာပါ သိပ် ဆိုးဆိုးရွားရွားကြီး ထိခိုက်စရာတော့ မရှိပါဘူး”ဟု ပြောသည်။

မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာစေရေးအတွက် နစကသည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသလို ပြည်တွင်းမှာလည်း ရင်းနှီးမြုပ်နှံမှုများ လာရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ စီးပွားရေး လစ်ဘရယ် အယူအဆရှိသည်ကို အမေရိကန်မှ ယုံကြည်သွားပြီး တကယ် လုပ်ပါမည်ဆိုသည့် မက်ဆေ့စ်မျိုးပေးနိုင်လျှင် အဆင်ပြေသွားမည်ဟု စီးပွားရေး‌လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

BRICS အဖွဲ့ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “Sanction ကတော့ လုပ်ရင်တော့ ထိတာကြီးပဲပေါ့။ ဗီယမ်နမ် ကြုံခဲ့ဖူးတာပဲလေ။ သို့သော်ငြားလည်း တ ကယ် စီးပွားရေးလုပ်တဲ့ အခါကြတော့ သူတို့ လက်တွေ့ ရုန်းကန်ခဲ့ရတာပေါ့။ အမေရိကန်နဲ့ မပြေလည်လို့ရှိရင် ဘာမှလုပ်လို့မရဘူးဆိုတာ သူတို့သိတာပေါ့။ အဲတော့ အမေရိကန်နဲ့ပြေလည်တဲ့ လမ်းကြောင်းကို ဖောက်ထား တာပေါ့။ ကုန်သွယ်ရေးမှာတော့ စီးပွားရေးမှာ လစ်ဘရယ် အယူအဆရှိတာ သူတို့ယုံကြည်သွားရင်တော့ ရတာပဲ လေ။ နောက်ပိုင်းကတော့ နောက်ကိစ္စပေါ့လေ အကြောင်းတော့ ရှိတာပေါ့လေ။ တရုတ်ပြည်နဲ့ ဘယ်လိုခေါ်မလဲ မတည့်တာလည်း ပါတာပေါ့။ အဓိကတော့ ဒီပြဿနာသည် ဘယ်ကလာလဲဆိုတော့ အခြေခံ အကြောင်းတရား တွေ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရသည် ကျနော်တို့က အာဏာရှင်လို့ ပြောလို့မရဘူးလေ။ ၂၀၀၈ အရဆိုရင် ကျနော်တို့က ပုံစံတစ်ခုက ဝင်ပြီးသားလေ။ အဲပုံစံကို တကယ်လုပ်ပါမယ် တကယ်သွားမယ်ဆိုတဲ့ မက်ဆေ့စ်မျိုး သူတို့ပေးနိုင်ရင် ကျနော်ထင်တယ် အဆင်ပြေသွားမှာပေါ့”ဟု ပြောသည်။ 

နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု ခံနေရမှုများကို ကျော်လွှားနိုင်ရေး အပါအဝင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် စီးပွားရေး ကျဆင်းမူကို ပြန်လည်ကုစားနိုင်ရေးအတွက် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကျင်းပ၍ အစိုးရသစ် တစ်ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်ဖြစ်လိုကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)မှာ ပြောကြားခဲ့သည်။

အလားတူ ရုရှား၊ တရုတ်၊ ဘရာဇီးလ်၊ တောင်အာဖရိက၊ အိန္ဒိယ စသည့်နိုင်ငံများပါဝင်သည့် BRICS ကိုလည်း အဖွဲ့ဝင်အဖြစ် ဝင်နိုင်ရေး နစကမှ ကြိုးပမ်းလျက်ရှိသည်။