CNI International News
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၆
နီပေါနိုင်ငံတွင် ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (KP Sharma Oli) ကို ရာထူးမှဖြုတ်ချခဲ့သည့် ဆန္ဒပြမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော လူငယ်များက ခေါင်းဆောင်သစ်များ ရွေးချယ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလူငယ် တက်ကြွ လှုပ်ရှားသူများအနက် ဒီဂျေ တီးခတ်သူဟောင်းဖြစ်သည့် ဆူဒန် ဂူရန် (Sudan Gurung) သည် ဆန္ဒပြမှုကို ဦးဆောင်သူများအနက် အထင်ရှားဆုံး လူငယ်တစ်ဦးဖြစ်ခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ဂူရန်သည် Hami Nepal (We are Nepal) အမည်ရှိ ပရဟိတအဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ပြီး ဆန္ဒပြမှုများကို လူမှုမီဒီယာများမှတဆင့် စည်းရုံးလှုံ့ဆော်ခဲ့သူဖြစ်သည်။
ဂူရန်နှင့် ၎င်း၏ Hami Nepal အဖွဲ့သည် Discord နှင့် Instagram အက်ပလီကေးရှင်းများကို အသုံးပြုပြီး ဆန္ဒပြ သူများနှင့် ချိတ်ဆက် လှုပ်ရှားခဲ့သည်။
တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီကို တွေ့ရစဉ်
၎င်းတို့ အဖွဲ့သည် VPN များအသုံးပြုပြီး ပိတ်ပင်ခံခဲ့ရသည့် လူမှုမီဒီယာများကို ဝင်ရောက်ခဲ့ကာ သောင်းနှင့်ချီသည့် လူငယ်များအား စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
“အဖွဲ့ဝင် ၄၀၀ လောက်ရှိတဲ့ Discord group ထဲကို ဝင်ဖို့ ကျနော့်ကို invite လုပ်ခဲ့ပါတယ်။ အဲဒီ group ထဲကို ဝင်လိုက်တော့ ဆန္ဒပြမှုတွေ ဘယ်နေရာမှာ လုပ်ကြမယ့် အကြောင်းတွေကို သိရတာကြောင့် ပူးပေါင်းဝင်ရောက် ပြီး ဆန္ဒပြခဲ့တာပါ” ဟု အသက် ၁၈ နှစ်အရွယ် ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သည့် ကာရန် ကူလန် ရိုင် (Karan Kulung Rai) က ပြောကြားခဲ့သည်။
Hami Nepal အဖွဲ့၏ Discord ပေါ်မှ လူမှုမီဒီယာပို့စ်များသည် လူငယ်များကြားတွင် လွှမ်းမိုးလာခဲ့ပြီး နိုင်ငံပိုင် ရုပ်သံကပင် ဖော်ပြခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။
Hami Nepal အဖွဲ့၏ အမည်မဖော်လိုသည့် အဖွဲ့ဝင်များက ၎င်းတို့သည် VPN များ အသုံးပြုပြီး ချိတ်ဆက်လှုပ်ရှား ခဲ့ကြောင်း၊ ဂူရန်နှင့် အခြားခေါင်းဆောင်များသည် လာမည့်နှစ် မတ်လ ၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ယာယီဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ရေး အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်း စဉ်များတွင် ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နီပေါ ဆန္ဒပြ လူငယ်ခေါင်းဆောင် ဆူဒန် ဂူရန်ကို တွေ့ရစဉ်
ဂူရန်နှင့် အခြားဆန္ဒပြ ခေါင်းဆောင်များက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် နာမည်ကြီးသည့် တရား သူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီ (Sushila Karki) ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် နီပေါသမ္မတနှင့် စစ်တပ်အကြီးအကဲကို စည်းရုံးခဲ့ကြကြောင်း Hami Nepal အဖွဲ့ဝင်များက ပြောသည်။
“လူထုရဲ့ လက်ထဲမှာ အာဏာရှိဖို့နဲ့ အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေကို တရားဥပဒေအရ စီရင်ခံရဖို့ ကျနော်တို့ သေချာလုပ်ဆောင်သွားမှာပါ” ဟု ဂူရန်က စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ