- By CNI
- Category: အားကစား
- Hits: 319
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ နည်းပြအာမိုရင် လက်ထက် ဒီရာသီမှာ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ် အလွန် စိတ်ပျက်နေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာကြောင့် အနားမယူမီအထိ နည်းပြအာမိုရင်က သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ပွဲဆက်တိုက် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ တိုက်စစ် ကစားသမားသစ် ၃ ဦး ခေါ်ယူအားဖြည့်ခဲ့မှုကြောင့် ဇက်ခ်ဇီဟာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဇက်ခ်ဇီဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး သူ့ရဲ့ပွဲကစားချိန်က စုစုပေါင်း ၈၂ မိနစ်သာရှိတာပါ။
ဇက်ခ်ဇီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်း လူစာရင်းထဲ ပါဝင်ဖို့ ရည်ရွယ်ထား တာကြောင့် ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းတစ်သင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။

ဇက်ခ်ဇီကို တွေ့ရစဉ်
ဇက်ခ်ဇီဟာ အောက်တိုဘာထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် နယ်သာလန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
အဲဒါကြောင့်လည်း ဇက်ခ်ဇီဟာ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားကို ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စား ခဲ့ပေမယ့် ယူနိုက်တက်အသင်းက သူတို့ရဲ့စိတ်ဝင်စားမှုတွေကို ပယ်ချခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဇက်ခ်ဇီကို ခေါ်ယူဖို့ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းက စိတ်ဝင် စားနေပါတယ်။
ကိုမိုအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့နဲ့ အမှတ်ပေးဇယား အထက်ပိုင်းကို တက်နိုင်ဖို့ ဇက်ခ်ဇီကို ဇန်နဝါရီမှာ ခေါ်ယူချင်နေတာပါ။
ဇက်ခ်ဇီဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေပြိုင်ပွဲ ထံ ပြန်သွားဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်မှူး ဟော့ဂျ်လန်းကို နာပိုလီအသင်းထံ အငှားနဲ့ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ဇန်နဝါရီမှာ ထွက်ခွာခွင့် ပေးမလားဆိုတာ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 182
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
အာဆင်နယ်အသင်းဟာ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်ကွင်းကို တိုးချဲ့ပြီး ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက် အသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ အစောပိုင်း အဆင့်မှာ ရှိနေပေမယ့် တိုးချဲ့မှုတွေ ပြုလုပ်ခဲ့ရင် ဝင်ဘလေကွင်းကို အိမ်ကွင်း အဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးမှု ပြုလုပ်ထားပါတယ်။
အာဆင်နယ်အသင်းဟာ ၁၉၉၈-၉၉ နဲ့ ၁၉၉၉-၂၀၀၀ ရာသီ နှစ်ခုစလုံးမှာ ဝင်ဘလေကွင်းဟောင်းကို အိမ်ကွင်း အဖြစ် အသုံးပြုပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ပါတယ်။
လာမယ့်နှစ်ဟာ အာဆင်နယ်အသင်းအတွက် ဟိုက်ဘူရီကွင်းကနေ အမ်းမရိတ်ကွင်းကို ပြောင်းရွှေ့ပြီးကစားတာ နှစ်ပေါင်း ၂၀ ပြည့်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံရှိ အကြီးမားဆုံး အားကစားကွင်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပရိသတ်တွေ ပိုပြီးဝင်ဆံ့နိုင်ဖို့ ထိုင်ခုံထောင်ပေါင်းများစွာကို ထပ်ထည့်နိုင်ဖို့လည်း အစီအစဉ်ရှိနေတာပါ။

အာဆင်နယ်အသင်း ဘောလုံးကွင်းကိုတွေ့ရစဉ်
ပရိသတ်ဦးရေ ၆၀,၇၀၄ ဝင်ဆံ့တဲ့ အမ်းမရိတ်ကွင်းဟာ အင်္ဂလန်မှာ ပဉ္စမမြောက် အကြီးမားဆုံး ကွင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းကို ပရိသတ်ဦးရေ ၇၀,၀၀၀ ကျော် ဝင်ဆံ့နိုင်အောင် တိုးချဲ့ဖို့ အစီအစဉ် တွေ ရေးဆွဲထားတာပါ။
လက်ရှိ အချိန်ထိတော့ အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ဆွေးနွေးမှုအဆင့်သာ ရှိသေးတာဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ ပရိသတ်ဦးရေ ၇၄,၈၇၉ ဝင်ဆံ့ကာ အကြီးမားဆုံးဖြစ်ပြီး စပါးအသင်းကွင်းက ၆၂,၈၅၀ ဦးရေနဲ့ ဒုတိယ၊ ဝက်စ်ဟမ်းအသင်းက ၆၂,၅၀၀ ဦးရေနဲ့ တတိယ၊ လီဗာပူးလ်အသင်းက ၆၁,၂၇၆ ဦးရေဝင်ဆံ့ပြီး စတုတ္ထနေရာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 222
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။
အာဂျင်တီးနားအသင်းဟာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရရှိထားပေမယ့် အိမ်ကွင်းအားသာချက်ကို ရရှိစေဖို့အတွက် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်နေတာပါ။

မက်ဆီကို တွေ့ရစဉ်
အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မယ့် အတ္တလန္တာအသင်းနဲ့ ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အင်တာမိုင်ယာမီ အသင်းဟာ Supporters' Shield အတွက်လည်း တိုက်ပွဲဝင်နိုင်တာဖြစ်ပါတယ်
အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ ၅ ဂိုး-၃ ဂိုးနဲ့ အရေးနိမ်ခဲ့ပြီးနောက် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်မှာ ခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မတ်လထဲမှာ ၂၀၂၆ Finalissima ပွဲအဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရခြင်းမရှိသေးတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်ကြာအထိ အနားယူရမှာ ဖြစ်လို့ ဒီလထဲ ကစားမယ့် စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယား အသင်းတို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် စပိန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရတာပါ။
ဒါပေမယ့် ယာမဲလ်ဟာ ဘာစီလိုနာအသင်းက PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ခံစားခဲ့ ရတဲ့အတွက် စပိန်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက စပိန်အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ယာမဲလ်ကို တွေ့ရစဉ်
ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ထားတဲ့ ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ကမှ ဒဏ်ရာကနေ သက်သာပြီး လူစားဝင် ပါဝင်ကစားခဲ့တာပါ။
ယာမဲလ်ဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဆီဗီလာအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒဏ်ရာ သက်သာမယ့် လုပ်ငန်းစဉ်အချိန်အတွက် ၂ ပတ်ကနေ ၃ ပတ်ကြားရှိမယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ခဲ့တာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၅ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု E မှာ ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး ဂိုးပြတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 255
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားသမား ၇ ဦး ဒါမှမဟုတ် ၈ ဦး ဒဏ်ရာကြောင့် မပါဝင်ဘဲ ကစားရမှာက ချန်ပီယံဖြစ်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျိုးဆက်တွေလို့ ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “PSG နဲ့ ချယ်လ်ဆီး အသင်းကသာ ဒဏ်ရာတွေ အများကြီးရခဲ့ရင် ဒါဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကျိုးဆက် အချို့ပါ။ အခုအချိန်မှာ ကျနော်တို့ဟာ ခံစစ်ကစားသမား ၄ ဦး ဒါမှမဟုတ် ၅ ဦးလောက် အထိ မပါဝင်နိုင်ပေမယ့် ဒါကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး မှန်ကန်တဲ့အဖြေကို ရှာဖွေသွားရမှာပါ။ ဒါက ခက်ခဲပေမယ့် တစ်ချိန်တည်းမှာ ကျနော်တို့ဟာ ဒီမှာရှိနေတဲ့ သူတွေကို ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုးလ်ပါလ်မာ၊ ဒီလပ်၊ ဖိုဖာနာ၊ ကိုဝဲလ်၊ အန်ဒရေဆန်းတို့စ်နဲ့ တိုဆင်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နောက်ခံလူ ချာလိုဘာကလည်း ပွဲပယ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ PSG အသင်းတို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ရာသီသစ်အတွက် ပြန်လည်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့ရတာကြောင့် အနားယူချိန် နည်းပါးခဲ့ကြတာပါ။

မာရက်စ်ကာကို တွေ့ရစဉ်
၂ သင်းစလုံးဟာ ပွဲတွေ အများအပြား ကစားရခဲ့တာကြောင့် ဒီရာသီအစပိုင်းမှာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကလည်း ကလပ် ကမ္ဘာ့ဖလားကြောင့် ဒဏ်ရာ အကျိုးဆက်တွေ ခံစားနေရကြောင့် ပြောခဲ့ပေမယ့် ဒဏ်ရာရ ကစားသမားတွေရဲ့ နေရာမှာ လူငယ် ကစားသမားတွေကို ထည့်ပြီး အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံး ကစားသမား တစ်ဦးလျော့နဲ့ ကစားခဲ့ရသလို ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ကစားသမားတစ်ဦး ထပ်ပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ လက်ထက်မှာ အနီကတ် အများအပြား ပြသခံထားရပြီး စည်းကမ်း ပိုင်းဆိုင်ရာအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် သူကတော့ စည်းကမ်းပိုင်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို သူ မတွေ့မိဘူးလို့ ပြောခဲ့ပါတယ်။
Source: The Guardian
- By CNI
- Category: အားကစား
- Hits: 359
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ရလဒ်တွေ ကောင်းမွန်မှုမရှိဘဲ အသင်းမှာ ဆက်ရှိမယ်လို့ ထင်မြင်တာ ဟာ နုံအခြင်း ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီမှာနုံအတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီပရောဂျက်ကို ဆက်ပြီး သွားချင်တယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ပိုင်ရှင် ၂ ဦးနဲ့ စပွန်ဆာတွေ အများကြီးရှိတဲ့ ကြီးမားတဲ့ ကလပ် ဖြစ်တာကြောင့် လူတိုင်းအတွက်မဖြစ်နိုင်တဲ့နေရာကို ရောက်ဖို့လိုပါတယ်။ ဒါကြောင့်ခက်ခဲပြီး ဟန်ချက် ညီဖို့လည်း အလွန်ခက်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဆန်းဒါးလန်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီမှာ သူ့ရဲ့နည်းပြ ရာထူးဟာ ဖိအားတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ လက ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ကိုင်တွယ် ထားတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အာမိုရင်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် နည်းပြအာမိုရင်ဟာ ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ပါတယ်။
ဒါပေမယ့် အသင်းအနေနဲ့ ရလဒ်ကောင်းတွေ မရယူနိုင်ဘူးဆိုရင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ယုံကြည်မှုကို ဆက်ပြီး ရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ နည်းပြအာမိုရင်က လက်ခံထားတာပါ။
ယူနိုတက်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာပွဲတွေ မတိုင်မီ နောက်ဆုံးကစားမယ့် ဆန်းဒါးလန်း အသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရင် နည်းပြအာမိုရင် အတွက် ဖိအားတွေ ပိုပြီးများလာမှာ ဖြစ်ပါတယ်။
အာမိုရင်ကတော့ အသင်းရဲ့ အကြီးအကဲတွေကသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 260
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
အီတလီဂန္ထဝင် ကင်နာဗားရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
ကင်နာဗာရိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ နှုတ်နဲ့ သဘောတူညီထားပြီး ဥဇဘတ်ကစ္စတန်အသင်းဟာ သူ့ကိုအသင်းရဲ့ နည်းပြချုပ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်း ကြေညာသွားဖို့ ရှိနေတာပါ။
ကင်နာဗားရိုးဟာ အာရှဘောလုံးလောကနဲ့ အလွန်ရင်းနှီးပြီး သူဟာ အာရှမှာ ကလပ်နဲ့ နိုင်ငံအသင်းနည်းပြအဖြစ် ၇ နှစ်ကြာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ကင်နာဗားရိုးဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝအစကို ကွမ်ကျိုးအဲဗားဂရမ်ဒီအသင်းနဲ့ တရုတ်စူပါလိဂ် ပြိုင်ပွဲမှာ စတင်ခဲ့တာပါ။
အသက် ၅၂ နှစ်အရွယ်ရှိ ကင်နာဗားရိုးဟာ ကွမ်ကျိုးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး တရုတ်စူပါလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

ကင်နာဗားရိုးကို တွေ့ရစဉ်
ကင်နာဗားရိုးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအပြင် တရုတ် လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ် ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဥရောပထံ ပြန်လာကာ ဘီနီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတို့ကို ကာလတို ကိုင်တွယ်ခဲ့ပါတယ်။
ကင်နာဗားရိုးဟာ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းမှာ ၅ လသာကြာခဲ့ပြီး ၁၄ ပွဲကိုင်တွယ်ကာ ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၅၄ နေရာမှာ ရပ်တည်နေတဲ့ ဥဇဘတ်ကစ္စတန်အသင်းဟာ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့အတွက် နာမည်ကြီး နည်းပြတွေကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ ကင်နာဗားရိုးကို ခန့်အပ်တော့မှာပါ။
ဥဇဘတ်ကစ္စတန်အသင်းဟာ အောက်တိုဘာထဲမှာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ၉ ရက်မှာ ကူဝိတ်၊ ၁၃ ရက်မှာ ဥရုဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
စီးရီးအေကလပ် ကိုမိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။
ဇက်ခ်ဇီဟာ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကြီးမားတဲ့ ပရောဂျက်ထဲမှာ ပါဝင်နေပြီး ယူနိုက်တက်အသင်း ကလည်း သူ့ကို လာမယ့် အပြောင်းအရွှေ့မှာ အငှား ဒါမှမဟုတ် အပြီးသတ် အပြောင်းအရွှေ့အတွက် လမ်းဖွင့် ထားတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဇက်ခ်ဇီဟာ နည်းပြ အာမိုရင် လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ကစားထားတဲ့ ၄ ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၄ လက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ အရန် ကစားသမားအဖြစ်သာ သတ်မှတ်ခံထားရတာပါ။
ယူနိုက်တက်အသင်းကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဇက်ခ်ဇီကို အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့အတွက် ပြုလုပ်လာမယ့် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကို တွေ့ရစဉ်
ကိုမိုအသင်းဟာ အသင်းရဲ့ တိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့နဲ့ စီးရီးအေ အမှတ်ပေးဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ဇက်ခ်ဇီကို ခေါ်ယူချင်နေတာပါ။
ပြီးခဲ့တဲ့နွေရာသီက ဇက်ခ်ဇီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဇက်ခ်ဇီဟာ ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေကလပ် အသင်းတွေ ရဲ့အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။
ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ပုံမှန်ကစားခွင့် ရချင်နေတာကြောင့် အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ ဇက်ခ်ဇီဟာ လာမယ့် ဆန်းဒါးလန်း အသင်းနဲ့ပွဲစဉ်မှာလည်း လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 211
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မူနော့ဇ်၊ အန်ကီတီးယားတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒိုင်နဗိုကိဗ်အသင်းကို အနိုင်ရရှိကာ သူတို့ရဲ့ ဥရောပ ပွဲဦးထွက်ပွဲစဉ်မှာ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာပါ။
၁၉၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အရှည်ကြာ ဆုံး ရှုံးပွဲမရှိအဖြစ် အခုဆိုရင် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၉၆၉ ခုနှစ်က နည်းပြ ဘတ်ဟတ် လက်ထက်မှာ ၁၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင် နိုင်ခဲ့တာကို ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ကျော်ဖြတ်နိုင်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာက ဧပြီ ၁၆ ရက်မှာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်ဖြစ်ပြီး ၅ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီနောက်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရခဲ့ပြီး အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၉ ပွဲဆက် ရှုံးပွဲမရှိတဲ့ ပွဲတွေမှာ ၁၁ ပွဲအနိုင်ရပြီး ၈ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။
နည်းပြဂလက်စ်နာက အသင်းဟာ အောင်မြင်ဖို့ အလွန်ဆာလောင်နေသလို ရည်မှန်းချက် အလွန်ကြီးမားတာ ကြောင့် ဒီလိုမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာလို့ ဒိုင်နမိုကိဗ်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါအပြင် ဂလက်စ်နာက အသင်းဟာ ပြိုင်ပွဲတိုင်းကို အာရုံစိုက်ပြီး တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: talksport
- By CNI
- Category: အားကစား
- Hits: 243
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မစ်ဂျေးလန်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်တွေဟာ နည်းပြ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ သီကြွေး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နှစ်ပေါင်း ၂၉ နှစ်အကြာမှာ ပထမဆုံးအဖြစ် ဥရောပပွဲစဉ်ကို အိမ်ကွင်း လက်ခံ ကျင်းပခဲ့ရပေမယ့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရှုံးပွဲကြောင့် နည်းပြပိုစတီကိုဂလူး လက်ထက် ကစားထားတဲ့ ၆ ပွဲစလုံး နိုင်ပွဲမရရှိသေးသလို ဒီပွဲတွေမှာ အသင်းဟာ ပေးဂိုး ၁၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ရလဒ်ဆိုးတွေကို စိတ်ပျက်နေတဲ့ ပရိသတ်အများစုဟာ ပြီးခဲ့တဲ့ရာသီက စပါး အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြပိုစတီကိုဂလူးကို “ခင်ဗျား မနက်ကျရင် အလုပ်ကနေ ထုတ်ပယ်ခံရတော့မယ်”ဆိုပြီး သီကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒါအပြင် ပရိသတ်တွေဟာ ပထမပိုင်းအပြီးနဲ့ ပွဲအပြီးမှာ အသင်းနဲ့နည်းပြတို့ကို ပြင်းပြင်းထန်ထန် လှောင်ပြောင် မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ်အဖွင့်ပွဲစဉ်မှာ ဘက်တစ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲ ကစားအပြီး ရမှတ် ၁ မှတ်နဲ့ အသင်း ၃၆ သင်းရှိတဲ့ အမှတ်ပေးဇယားမှာ အဆင့် ၂၅ နေရာ ရပ်တည်နေတာပါ။
ပိုစတီကိုဂလူးဟာ သူကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၆ ပွဲစလုံး အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံး နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြအဖြစ်လည်း ဆိုးရွားတဲ့ မှတ်တမ်းရရှိခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ပရိသတ်တွေရဲ့ အသံကို ကျနော်ကြားရပါတယ်။ သူတို့ဟာ ပရိသတ်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အသင်းအနိုင်ရရှိတာကို မြင်တွေ့ချင်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေကို ဖော်ပြခွင့်ရှိပါတယ်။ ဘောလုံးမှာ ကျနော်က ဘာကိုမှ မအံ့သြတော့ပါဘူး။ ဒါကို ထိန်းချုပ်လို့ မရပေမယ့် အသင်းအတွက် နိုင်ပွဲရအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတယ်လို့ ယုံကြည်ပြီး မကြာမီမှာ နိုင်ပွဲတွေရရှိ တော့မှာပါ”လို့ ပြောခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
