- By CNI
- Category: အားကစား
- Hits: 193
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ယာမဲလ်ကို ဆိုစီဒက်အသင်းနည်းပြ ဆာဂျီယိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးသွားခဲ့ပါတယ်။
ဆာဂျီယိုက “ယာမဲလ် ကွင်းထဲမှာ ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူ့ကို ရပ်တန့်အောင် လုပ်ရတာက အလွန်ခက်ခဲပါတယ်။ သူကစားတာကို ကြည့်ရတာဟာ အလွန်ကောင်းပြီး သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုတာ ထပ်ပြီးပြသခဲ့ပါတယ်။ သူ့ရဲ့ဝင်ရောက်လာမှုက ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လွဲချော်ခဲ့ပြီး ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
ယာမဲလ်ဟာ ကွင်းထဲဝင်ရောက်လာပြီးနောက် တစ်မိနစ်အကြာမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ကို အသင်းအတွက် ပြန်အသုံးပြုနိုင်ခဲ့လို့ ပျော်ရွှင်ပြီး သူဟာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဟန်ဆီဖလစ်က ယာမဲလ်ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ ဒုတိယနေရာ ရခဲ့ပေမယ့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့အတွက် ပိုပြီးကောင်းအောင်လုပ်ဖို့ အာရုံစိုက်တော့မယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့် အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် PSG ၊ လာလီဂါ ပွဲစဉ်အဖြစ် ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 198
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ထိပ်တန်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုနောက်ခံလူ အဖြစ်လည်း ကစားနိုင်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ကလပ် PDRM အသင်းကနေ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ပြီး ကစားမှာပါ။
ကျော်မင်းဦးဟာ PDRM အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၄၉ ပွဲမှာ ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
တီရန်ဂါနူးအသင်းက ကျော်မင်းဦး အသင်းထံ ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ကြောင်း ကြေညာခဲ့ပြီး သူဟာ အသင်းရဲ့ ကွင်းလယ်နဲ့ခံစစ်ကို ပိုပြီးအားကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကျော်မင်းဦးကို တွေ့ရစဉ်
ကျော်မင်းဦးကလည်း တီရန်ဂါနူးအသင်းနဲ့အတူ စိန်ခေါ်မှု အသစ်တွေ စတင်ဖို့ စိတ်လှုပ်ရှားနေပြီး အခုရာသီမှာ အသင်းသတ်မှတ်ထားတဲ့ ပစ်မှတ်တွေ အောင်မြင်အောင် ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း အသင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
တီရန်ဂါနူးအသင်းဟာ ဒီရာသီ မလေးရှား စူပါလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ကျော်မင်းဦးဟာ အောက်တိုဘာ ၃ ရက်မှာ ကစားမယ့် ကီလန်တန်အသင်းနဲ့ပွဲစဉ်မှာ တီရန်ဂါနူးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။
ကျော်မင်းဦးဟာ ဒီပွဲပြီးရင် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး ဆီးရီးယားအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။
Source: terengganufc
- By CNI
- Category: အားကစား
- Hits: 181
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၃ ပွဲ ရှုံးနိမ့်ထားတာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၃၄ မှတ်သာ ရယူပေးထားနိုင်ပြီး အသင်းရဲ့ အဆိုးရွားဆုံး နည်းပြစာရင်းထဲကို ရောက်ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားတယ်လို့ ဘရန်ဖို့ဒ်အသင်း ကို အရေးနိမ့်ပြီးနောက် သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က နည်းပြအာမိုရင်ကို ထောက်ခံမှုပေးထားပြီး ရာသီအပြည့် ကိုင်တွယ်ပြီးမှသာ အကဲဖြတ်တာက မျှတတယ်လို့ ယူဆထားတာပါ။

ယူနိုက်တက်နဲ့ဘရန်ဖို့ဒ် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက် သတင်းရင်းမြစ်တွေကလည်း ကလပ်အသင်းဟာ နည်းပြအာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားခြင်းမရှိဘူးလို့ ပြောထားပါတယ်။
အာမိုရင်ကတော့ သူဟာ သူ့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိသလို ဒီမှာရှိနေချိန်အတွင်း အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်း နောက်ခံလူ ဒီလစ်က ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်မှု မရှိခဲ့ကြောင်းနဲ့ နည်းပြအာမိုရင် တစ်ဦးတည်းအပေါ် အပြစ်ပုံချတာဟာ မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ အဆင့် ၁၄ နေရာ ရပ်တည်နေပြီး လာမယ့် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းအနေနဲ့ ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ရင် နည်းပြအာမိုရင်ရဲ့ အနာဂတ်ဟာ ပိုပြီးလှုပ်ခတ်လာနိုင်တယ်လို့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေက မှတ်ချက်ပြုထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 193
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို နောက်ကျ အနိုင်ဂိုးကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာတီတာက သူတို့ဟာ နောက်တစ်ဆင့်ကို တက်နိုင်တယ်ဆိုတာ သက်သေပြသခဲ့တယ်လို့ ပြောခဲ့ပါ တယ်။
အာတီတာက “နောက်တစ်ဆင့်တက်ဖို့နဲ့ အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေကို ဘယ်လို သင်ယူရမလဲဆိုတာ ကျနော် တို့ ဆွေးနွေးခဲ့ပါတယ်။ အသင်းဟာ ဒီပွဲမှာ ထူးခြားတဲ့ အရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ အလွန် ခက်ခဲတဲ့ကွင်းမှာ နည်းမျိုးစုံနဲ့ကစားပြီး သတ်မှတ်ထားတဲ့ ပုံစံအတိုင်း အနိုင်ရယူနိုင်ခဲ့တာကို ပြသခဲ့ပါတယ်။ ဘောလုံးဆိုတာ စိတ်ခံစားမှုနဲ့ ဖြတ်သန်းရတဲ့ အရာဖြစ်ပြီး ပွဲအပြီးမှာ ကျနော်တို့ဟာ လှပတဲ့အရာတစ်ခု ရခဲ့ပါ တယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဝေါ်လ်တီမာဒီရဲ့ သွင်းဂိုးနဲ့ နယူးကာဆယ်အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် လူစားဝင်လာတဲ့ မယ်ရီနိုက ပွဲချိန် ၈၄ မိနစ်မှာ အာဆင်နယ်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၆ မိနစ်မှာ ဂါဘရီရယ်လ်က သွင်းယူခဲ့တာပါ။

အာဆင်နယ်နဲ့နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်ရဲ့ အစောပိုင်းမှာ ပင်နယ်တီရနိုင်မယ့် အခွင့်အရေးကို ကွင်းလယ်ဒိုင်လူကြီးက ငြင်းပယ်ခဲ့တာကြောင့် နစ်နာခဲ့ရပေမယ့် နောက်ကျ အနိုင်ဂိုးကြောင့် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်း နည်းပြ အာတီတာက ယိုကီရက်စ်ရဲ့ ဖျက်ထုတ်ခံရမှုမှာ သူတို့သေချာပေါက် ပင်နယ်တီ ရရှိသင့်တယ်လို့ ပြောခဲ့သလို တောင်ပံကစားသမား ဆာကာကလည်း ဆုံးဖြတ်ချက်တွေက အသင်းကို အမြဲတမ်း ဆန့်ကျင်နေပေမယ့် နောက်ဆုံးမှာထိုက်တန်တဲ့အရာကို ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ထပ်ဆောင်း အချိန်ပိုမှာ ပေးခဲ့ရတဲ့သွင်းဂိုးကြောင့် ဒီရာသီ ဒုတိယမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးနောက် နည်းပြ အက်ဒီဟောင်းက သူတို့အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
လာမယ့် ကြားရက်ထဲမှာ ချန်ပီယံလိဂ် ပွဲစဉ်တွေအဖြစ် အာဆင်နယ်အသင်းက အိုလံပီယာကို့စ်၊ နယူးကာဆယ် အသင်းက အူနယွန်း SG အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 394
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
အင်တာမိုင်ယာမီအသင်း ကွင်းလယ်လူ ဘတ်စ်ကွက်က သူဟာ ၂၀၂၅ မေဂျာလိဂ်ပြိုင်ပွဲ ရာသီကုန်မှာ ကစား သမား ဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။
ဘတ်စ်ကွက်က “ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို နှုတ်ဆက်ရ မယ့် အချိန်ရောက်ပြီလို့ ခံစားရပါတယ်။ ကျနော် အမြဲအိပ်မက်မက်ခဲ့တဲ့ ဒီမယုံကြည်နိုင်စရာကောင်းတဲ့ ဇာတ် လမ်းကို ခံစားခဲ့ရတာ နှစ်ပေါင်း ၂၀ နီးပါးရှိပါပြီ။ ဘောလုံးက အကောင်းဆုံးခရီးသွားဖော်တွေနဲ့အတူ အံ့သြစရာ ကောင်းတဲ့ နေရာတွေမှာ ထူးခြားတဲ့ အတွေ့အကြုံတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဘာစီလိုနာ၊ စပိန် လက်ရွေးစင်နဲ့ အင်တာမိုင်ယာမီအသင်းတို့ကို အလွန်ကျေးဇူးတင်ပါတယ်”လို့ Instagram မှာ ပြောခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ဘတ်စ်ကွက်စ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော် ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပါတယ်။
ဘတ်စ်ကွက်စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ယူရိုချန်ပီယံ ဖလားတို့ကိုလည်း ရယူနိုင်ခဲ့တာ ပါ။

ဘတ်စ်ကွတ်စ်ကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်မှာ မက်ဆီ၊ အယ်လ်ဘာတို့နဲ့အတူ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာခဲ့တဲ့ ဘတ်စ်ကွက်စ်ဟာ မေဂျာလိဂ်ကလပ်နဲ့ လိဂ်ဖလား၊ Supporters' Shield တို့ကိုလည်း ရရှိခဲ့ပါတယ်။
ဘတ်စ်ကွက်စ်က သူ့ရဲ့အသင်းဖော်တွေ အပါအဝင် လှပပြီးမမေ့နိုင်တဲ့ အခိုက်အတန့်တွေကို မျှဝေပေးခဲ့ကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဘတ်စ်ကွက်စ်နဲ့ အင်တာမိုင်ယာမီအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်နေရာ ရရှိထားတာကြောင့် ဘတ်စ်ကွက်စ်ဟာ ဆုဖလားတစ်ခု ထပ်မံရယူပြီး ကစားသမားဘဝကို အဆုံးသတ်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 214
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြကွန်ပနီရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတဲ့ ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာကို စပါးအသင်း အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပယ်လ်ဟင်ညာဟာ ကြီးမားတဲ့မျှော်လင့်ချက်နဲ့ ဖူလ်ဟမ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ရှိလာခဲ့ပေမယ့် နည်းပြကွန်ပနီလက်အောက်မှာ ပွဲကစားခွင့်ရနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။
အဲ့ဒါကြောင့် ပယ်လ်ဟင်ညာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၅ ပွဲသာပါဝင်ကစားခဲ့ရတဲ့ ပယ်လ်ဟင်ညာဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၈ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။
ပယ်လ်ဟင်ညာရဲ့အငှားစာချုပ်ထဲမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ပါဝင်တာကြောင့် စပါးအသင်းဟာ သူ့ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာကို တွေ့ရစဉ်
စပါးအသင်းဟာ အစောပိုင်းက ပယ်လ်ဟင်ညာကို အပြီးသတ်ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ရာသီကုန်မှသာ ဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပါတယ်။
ဒါပေမယ့် TBR Football က စပါးအသင်းဟာ ပယ်လ်ဟင်ညာကို အပြီးသတ်ဝယ်ယူဖို့အတွက် ဇန်နဝါရီမှာ ပြုလုပ်လာနိုင်ပြီး ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
ပယ်လ်ဟင်ညာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အပယ်ခံကစားသမားဖြစ်ခဲ့ပေမယ့် စပါးအသင်းမှာ အဓိက ကစားသမားဖြစ်လာတဲ့အထိ သူ့ရဲ့တန်ဖိုးကို သက်သေပြသနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်လ်ဟင်ညာကို စပါးအသင်းထံ အပြီးသတ်ရောင်းချချင်နေတာကြောင့် မကြာမီမှာ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ ၂ သင်းစလုံးဆန္ဒရှိနေပါတယ်။
စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 216
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
အာဆင်နယ်လူငယ် ကစားသမားဟောင်း ဘီလီဗီဂါဟာ ပွဲချိန်အတွင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဦးနှောက်ဒဏ်ရာ ပြင်းထန်စွာခံစားရပြီး သေဆုံးသွားခဲ့တယ်လို့ ချီချက်စတာစီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။
အသက် ၂၁ နှစ် အရွယ်ရှိ ဗီဂါဟာ အင်္ဂလိဂ်ဘောလုံးရဲ့သတ္တမတန်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ စနေနေ့က ဝင်းဂိတ် အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးကို ကွင်းအပြင်မထွက်အောင် ထိန်းဖို့ကြိုးစားရင်း ကွန်ကရစ်နံရံနဲ့ တိုက်မိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဗီဂါဟာ သတိလစ်မေ့မျောသွားခဲ့တာကြောင့် ဆေးရုံပို့ဆောင်ခဲ့ရပြီး ပြန်ကောင်းလာဖို့အတွက် အင်္ဂါနေ့မှာ ခွဲစိတ်မှုခံယူခဲ့ပေမယ့် ကြာသပတေးနေ့မနက်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ချီချက်စတာစီးတီးအသင်းက ဘီလီဗီဂါသေဆုံးသွားကြောင်းအတည်ပြုရတဲ့အတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ သူဟာ အသင်းရဲ့နှလုံးသားထဲမှာ ထာဝရရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ချီချက်စတာအသင်းဟာ ဘီလီဗီဂါသေဆုံးမှုကြောင့် စနေနေ့မှာကစားမယ့် လူးဝစ်အသင်းနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဗီဂါကိုတွေ့ရစဉ်
ဗီဂါဟာ အာဆင်နယ်အသင်းအကယ်ဒမီကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ကာ စွယ်စုံရတဲ့ တိုက်စစ်မှူးအဖြစ်ဖော်ပြခြင်းခံခဲ့ရတာပါ။
အာဆင်နယ်အသင်းကလည်း ဗီဂါကွယ်လွန်သွားပြီဆိုတဲ့ တုန်လှုပ်ခြောက်ချားဖွယ်သတင်းကြောင့် အသင်းမှာရှိတဲ့ လူတိုင်းကြေကွဲနေပြီး ငြိမ်းချမ်းစွာအနားယူပါ ဗီဂါဆိုပြီး ရေးသားထားတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗီဂါဟာ အာဆင်နယ်အသင်းကြီးအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့ဘဲ ၂၀၂၄ ခုနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာခဲ့တာပါ။
ဗီဂါဟာ ဒါဘီယူ-၂၁ အသင်းအပြင် ဟက်စတင်းအသင်းတွေမှာလည်း အငှားသွားရောက်ကစားခဲ့ပါတယ်။
ဒီအသင်းတွေကလည်း ကစားသမားဟောင်းဗီဂါသေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းသူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ ကြေညာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 205
CNI Spot News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
အက်စတွန်ဗီလာအသင်းက ဘိုလော့ဂ်နာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် သွင်းဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးဝက်ကင်စ်ရဲ့သွင်းဂိုးတွေ ရောက်ရှိ လာမယ်လို့ နည်းပြအူနှိုင်းအမ်မရီက ယုံကြည်မှုရှိနေပါတယ်။
အူနှိုင်းအမ်မရီက “သူဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူဒီပွဲမှာလုပ်ခဲ့တဲ့အလုပ်ကြောင့် သွင်းဂိုးတွေရောက်ရှိလာမှာပါ။ သူ့ရဲ့အလုပ်ကို ကောင်းမွန်စွာလုပ်နိုင်ခဲ့တဲ့အတွက် ကျနော်ပျော်ရွှင်ပြီး ဒါကအရေးကြီးပါတယ်။ သူဟာ ဒီပွဲမှာ အခွင့်အရေးတွေရခဲ့ပြီး ပင်နယ်တီလွဲချော်ခဲ့ပေမယ့် ပါဝင်ကစားတဲ့ မိနစ် ၃၀ အတွင်းမှာ ကောင်းမွန်တဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့ရင်တော့ သူဟာ ပိုကောင်းတဲ့ခံစားချက်ကို ခံစားရမှာပါ။ ဒီပွဲမှာ ဂိုးမသွင်းနိုင်လို့ သူ့အတွက် မလုံလောက်ခဲ့ပေမယ့် ကောင်းမွန်စွာကစားနိုင်ခဲ့ပြီး ဒါက ပထမခြေလှမ်း”လို့ ပြောခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဝက်ကင်စ်ဟာ ၁၀ မိနစ်အကြာမှာ အက်စတွန်ဗီလာ အသင်းရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့တာပါ။
ဒါပေမယ့်သူ့ရဲ့ကန်သွင်းမှုကို ဘိုလော့ဂ်နာအသင်းဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာနဲ့အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။

နည်းပြအူနှိုင်းအမ်မရီကို တွေ့ရစဉ်
ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဆဲလ်တစ်အသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လွဲချော်မှုအပါအဝင် အက်စတွန်ဗီလာ အသင်းအတွက် နောက်ဆုံးကန်သွင်းခဲ့တဲ့ ပင်နယ်တီ ၅ ကြိမ်မှာ ၃ ကြိမ်လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းခေါင်းဆောင် မက်ဂင်းက ဝက်ကင်စ်ဟာ ထိပ်တန်းတိုက်စစ်မှူးဖြစ်ပြီး ဂိုးမသွင်းနိုင်ရင်တောင် အသင်းအတွက် ကြိုးစားအားထုတ်နေတဲ့သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဘိုလော့ဂ်နာအသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီမှာ နိုင်ပွဲမရရှိသေးတာကို အဆုံးသတ်နိုင်ခဲ့ပြီး ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 231
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
အင်တာမိုင်ယာမီအသင်းဟာ နယူးယော့ခ်စီးတီးအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိကာ မေဂျာလိဂ်ပလေးအောဖ့် တစ်နေရာရရှိခဲ့ပြီးနောက် သူတို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီလို့ နည်းပြမာရှေယာနိုက ပြောခဲ့ပါတယ်။
မာရှေယာနိုက “ကျနော်တို့ရဲ့ပထမဆုံးရည်မှန်းချက်ပန်းတိုင်အောင်မြင်ခဲ့ပြီး ဒါက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ရှေ့ကိုဆက်ပြီးတွန်းအားပေးရမှာဖြစ်သလို အကောင်းဆုံး ပလေးအောဖ့်နေရာကိုလည်း ရယူချင်ပါတယ်။ ကျနော်တို့ဟာ Supporters’ Shield အတွက်လည်း တိုက်ပွဲဝင်ချင်ပေမယ့် လာမယ့်တိုရွန်တိုနဲ့ပွဲကို အာရုံစိုက်ဖို့လိုပါတယ်” လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲစဉ်မှာ မက်ဆီက ၂ ဂိုး၊ ရိုဒရီဂွက်ဇ်နဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး လက်ကျန်ပွဲကစားဖို့ ၂ ပွဲကျန်ရှိနေချိန်မှာ ထိပ်ဆုံးနေရာကအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။

မက်ဆီနှင့် အင်တာမိုင်ယာမီကစားသမားများကိုတွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ပလေးအော့ဖ်ဝင်ခွင့်ရခဲ့ပြီးနောက် Supporters’ Shield ရယူနိုင်ဖို့လည်း အခွင့်အရေးတွေရှိနေတာဖြစ်ပါတယ်။
ဒီပွဲမှာ အင်တာမိုင်ယာမီအသင်း ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ချိန်မှာ အသင်းခေါင်းဆောင်မက်ဆီဟာ သူမကန်သွင်းဘဲ အသင်းဖော်တိုက်စစ်မှူးဆွာရက်ဇ်ကို ကန်သွင်းစေပြီး ဂိုးရရှိစေခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြမာရှေယာနိုက မက်ဆီကို ချီးကျူးခဲ့ပြီး ဆွာရက်ဇ်ဂိုးသွင်းနိုင်ဖို့လိုအပ်ချိန်မှာ အခုလိုပြုလုပ်ခဲ့တာက အသင်းအတွက် အလွန်ကောင်းမွန်တဲ့အရာလို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီစီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာလည်း ၂ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
လီဗာပူးလ်အသင်းဟာ နည်းပြအာနီဆလော့ လက်ထက်မှာ အကောင်းဆုံးပုံစံတွေ ပြသနေတဲ့ ဒတ်ချ်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်ကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
GiveMeSport က လီဗာပူးလ်အသင်းဟာ လာမယ့်ဆောင်းရာသီမှာ ဂရာဗန်ဘာ့ချ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေစတင်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။
လီဗာပူးလ်အသင်းဟာ အသင်းခေါင်းဆောင်ဗန်ဒိုက်၊ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဂတ်ပိုတို့ကို စာချုပ်သစ်ချုပ်ခဲ့ပြီးနောက် ဂရာဗန်ဘာ့ချ်ကို စာချုပ်သစ်ချုပ်နိုင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
၂၀၂၃ နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ၅ နှစ်စာချုပ်နဲ့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဂရာဗန်ဘာချ့်ဟာ နည်းပြအာနီဆလော့လက်ထက် မနှစ်ကရာသီပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ကူညီပေးထားနိုင်ပြီး သွင်းဂိုး ၂ ဂိုးသွင်းယူထားတာပါ။

ဂရာဗန်ဘာချ့်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၁၀၀,၀၀၀ ကျော်ရရှိနေတဲ့ ဂရာဗန်ဘာ့ချ်ဟာ စာချုပ်သစ်ချုပ်ခဲ့ရင် ဒီပမာဏထက် ပိုမိုများပြားတဲ့ လစာရရှိမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို စဉ်းစားဖွယ်ရှိနေတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းအတွက် ၉၂ ပွဲကစားထားပြီး ၆ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားတစ်ကြိမ်စီ ရရှိထားပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
