- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ကစားသမား ၃ ဦးကို ထွက်ခွာ ခွင့် ပေးဖို့ရှိနေပြီး သူတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဇူဘီမန်ဒီ၊ ယိုကီရက်စ်၊ အီဇီ၊ မာဒူကီ၊ မိုစကွီယာ၊ နော်ဂတ်၊ ကယ်ပါနဲ့ ဟင်ကာပီတို့ကို ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့အတွက် ပေါင်သန်း ၂၅၀ ကျော် အသုံးပြုခဲ့ပါတယ်။
ကစားသမားသစ်တွေဟာ အာဆင်နယ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပြီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၄ မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်းဟာ မာဒူကီ၊ အိုဒီဂတ်၊ ယိုကီရက်စ်၊ မာတင်နယ်လီနဲ့ ဟာဗက်ဇ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် ရလဒ်ကောင်းတွေ ရရှိထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ဖွင့်ချိန်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့မရှိဘဲ အသင်းမှာရှိနေတဲ့ ကစားသမား ၃ ဦးကို သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးဖို့ ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

အာဆင်နယ်ကစားသမားတွေကို တွေ့ရစဉ်
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ပြီး ခြေစွမ်းပြသနေတဲ့ မာတင်နယ်လီရဲ့ စာချုပ်ဟာ နောက်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့ ဇန်နဝါရီမှာ ဆော်ဒီပရိုလိဂ် အသင်းတစ်သင်းရဲ့ ကြီးမားတဲ့ ကမ်းလှမ်းမှု ရမယ်ဆိုရင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနိုင်တာပါ။
တင်ဘာစ် ခြေစွမ်းပြမှုကြောင့် ဒီရာသီ အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဘင်ဝှိုက် အတွက်လည်း လန်ဒန်ကလပ်ဟာ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။
ဒဏ်ရာကနေ သက်သာပြီး အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်ပါဝင်နေတဲ့ ဂျီးဆပ်ဟာ ယိုကီရက်စ်၊ ဟာဗက်ဇ်တို့နဲ့နေရာအတွက် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ ဂျီးဆပ်စ်အတွက် ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ် ထားပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမား ၃ ဦးကို ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေသလို အဓိက ကစားသမား ၃ ဦးကို တော့ ကာလရှည် စာချုပ်သက်တမ်း တိုးချင်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်း စာချုပ်သက်တမ်း တိုးချင်နေတဲ့ ကစားသမား ၃ ဦးကတော့ ဆာကာ၊ တင်ဘာစ်နဲ့ ဒီကလန်ရိုက်စ်တို့ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 204
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ PSG အသင်းထံကနေ ယူရို ၂၆၃ သန်း ရယူချင်နေပြီး PSG အသင်း ကလည်း သူ့ဆီကနေ ယူရိုသန်း ၂၄၀ တောင်းဆိုထားတာကြောင့် သူတို့ရဲ့ရေရှည် အငြင်းပွားမှုဟာ တနင်္လာနေ့မှာ ပါရီအလုပ်သမားခုံရုံးအထိ ရောက်ရှိခဲ့ပါတယ်။
ဘတ်ပီဟာ PSG အသင်းဆီကနေ မရရှိသေးတဲ့ လုပ်ခလစာ ယူရို ၅၅ သန်း အပါအဝင် စာချုပ် အငြင်းပွားမှု၊ အသင်းရဲ့ ဆက်ဆံပုံတွေအတွက် လျော်ကြေးအဖြစ် ရယူချင်နေတာပါ။
PSG အသင်းကလည်း ၂၀၂၃ ခုနှစ်က ဘတ်ပီရဲ့ အယ်လ်ဟီလယ်အသင်းထံ ယူရိုသန်း ၃၀၀ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့အတွက် သူတို့ရဲ့လျော်ကြေးငွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ PSG အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် မနှစ်က နွေရာသီမှာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘတ်ပီနဲ့ PSG အသင်းတို့ရဲ့ ရေရှည်အငြင်းပွားမှုဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ ပြင်သစ်တိုက်စစ်မှူးက ဆော်ဒီ ပရိုလိဂ်ထံ အပြောင်းအရွှေ့ ပယ်ချခဲ့ပြီးနောက် စတင်ခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ဒီအဖြစ်အပျက်ကြောင့် ရာသီကြို ခြေစမ်းခရီးစဉ် လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပြီး PSG အသင်းရဲ့ ရာသီအစပွဲကိုလည်း လွဲချော်ခဲ့တာပါ။
ဘတ်ပီဟာ နောက်ပိုင်းမှာ PSG အသင်းအတွက် ပြန်ပါဝင်ကစားခဲ့ပေမယ့် ရာသီကုန်ပြီးနောက် ထွက်ခွာချိန်မှာ ကျန်ရှိနေတဲ့ လစာငွေတွေနဲ့ အပိုဆုကြေးတွေရဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
တနင်္လာနေ့က ကြားနာမှုအပြီးမှာ ဘတ်ပီဟာ စာချုပ် ကတိကဝတ်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် ကလပ် ထိခိုက်နစ်နာခဲ့ရတဲ့ အရာတွေကို ပြန်ရဖို့ကြိုးပမ်းနေတယ်လို့ PSG အသင်းက ပြောခဲ့ပါတယ်။
ဒါ့ပြင် PSG က ဘတ်ပီဟာ စာချုပ်သက်တမ်းမတိုးမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ဖုံးကွယ်ပြီး သစ္စာမဲ့စွာ လုပ်ဆောင် ခဲ့တယ်လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ PSG အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ၃၀၈ ပွဲမှာ ၂၅၆ ဂိုးသွင်းယူကာ ဆုဖလား ပေါင်း ၁၅ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 233
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈
ဂျာမနီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆလိုဗက်ကီးယားအသင်းကို ၆ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ဒီပွဲမှာ အနိမ့်ဆုံး သရေတစ်မှတ် ရယူနိုင်တာနဲ့ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပေမယ့် ဂိုးပြတ် အနိုင်ရလဒ် ရယူပြီး ဆလိုဗက်ကီးယားအသင်းကို သူတို့အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ပြန်ဆပ် နိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်း တိုက်စစ်မှူး ဝေါ်လ်တီမာဒီဟာ ဂျာမနီအသင်းအတွက် ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ ဆာနေးသွင်းယူတဲ့ ၂ ဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းက “ကစားသမားတိုင်းက အရာအားလုံး ပေးခဲ့ကြပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပြီး အလွန်ကြိုးစားခဲ့ကြပါတယ်။ဖိအားတွေ ရှိခဲ့ပေမယ့် သူတို့ကိုယ် သူတို့ တွန်းအားပေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ အသင်းလိုက် စိတ်ဓါတ်ကို ပြသနိုင်ခဲ့ပါတယ်။ အသင်းအတွက် ကျနော် ဂုဏ် ယူတယ်”လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းကို တွေ့ရစဉ်
ဂျာမနီအသင်း တိုက်စစ်မှူး ဝေါ်လ်တီမာဒီက သူတို့ဟာ ပွဲအစကနေ နောက်ဆုံးစက္ကန့်အထိ နောက်တန်းမှာ ဘယ်လိုအရာကိုမှ ခွင့်မပြုခဲ့ဘဲ ဂိုးရနိုင်မယ့် ဖန်တီးမှုတွေသာ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရဖို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီလို့ ပြောခဲ့တာပါ။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၁ ကြိမ်မြောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ဘရာဇီးလ်အသင်း ၂၃ ကြိမ်ပြီးရင် ဒုတိယမြောက် အများဆုံးအသင်း ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့ ဝေးကွာ နေတာပါ။
ဂျာမနီအသင်းကို အရေးနိမ့်ခဲ့တဲ့ ဆလိုဗက်ကီးယားအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်ခဲ့တာ ကြောင့် ပလေးအော့ဖ်အဆင့် ထပ်ပြီးယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် နောက်ဆုံး ၃ ဦးစာရင်း ထုတ်ပြန်ခဲ့တာမှာ အမျိုးသားဆုအတွက် ဟာကီမီ၊ ဆာလက်နဲ့ အိုဆီမန်တို့ ယှဉ်ပြိုင်ကြရမယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
မော်ရိုကိုနောက်ခံလူ ဟာကီမီဟာ ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းကို အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဖလား ပထမဆုံးအကြိမ် ရရှိနိုင်အောင် ကူညီပေးနိုင်ခဲ့သလို ပြင်သစ်လိဂ်နဲ့ ဖလား၊ ဥရောပစူပါဖလားတို့ကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အီဂျစ်တောင်ပံကစားသမား ဆာလက်ကတော့ မနှစ်ကရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ၂၉ ဂိုးသွင်းယူကာ ၁၈ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

အာဖရိက အကောင်းဆုံး ကစားသမား ၃ ဦးကို တွေ့ရစဉ်
၂၀၁၇ နဲ့ ၂၀၁၈ မှာ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဆာလက်ဟာ ဒီဆုကို တတိယအကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ဟာ ဂါလာတာစာရေးအသင်းကို ပြီးခဲ့တဲ့ရာသီမှာ လိဂ်နဲ့ ဖလား ၂ ခုစလုံး ရယူပေးနိုင်ခဲ့ပြီး ၂၆ ဂိုးနဲ့ တူရကီစူပါလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။
သူတို့ ၃ ဦးစလုံးဟာ ၂၀၂၃ ခုနှစ်က ဆုပေးပွဲမှာလည်း နောက်ဆုံး ၃ ဦးစာရင်းထဲ ပါဝင်ခဲ့ပြီး အိုဆီမန်က ဆုရရှိခဲ့ ကာ ဟာကီမီက ဒုတိယနဲ့ ဆာလက်က တတိယရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့တဲ့ လွတ်ခ်မန်းကတော့ ဒီနှစ်အတွက် နောက်ဆုံး ၃ ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ခြင်း မရှိတာပါ။
နိုဝင်ဘာ ၁၉ ရက် ရာဘတ်မှာ ကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် CAF Awards မှာ အခြားဆု အများအပြားကိုလည်း ပေးသွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 253
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နိုင်ငံနဲ့ ကလပ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ အက်စ်တီဗာအိုလို ကစားသမားမျိုး ပိုင်ဆိုင်တာက သူတို့အတွက်ရော ချယ်လ်ဆီးအသင်း အတွက်ပါ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “သူ့အသက်အရွယ်နဲ့ ဒီအဆင့်မှာ လုပ်ပြနေတာက အံ့အားသင့်စရာပါပဲ။ အက်စ်တီဗာအိုနဲ့ ဘရာဇီးလ်ရဲ့ အနာဂတ်ဟာ အာမခံချက် ရှိသွားပြီလို့ ကျနော် ပြောနိုင်ပါတယ်။ သူဟာ သူ့ရဲ့ အရည်အသွေးတွေ ကို ချယ်လ်ဆီးအသင်းမှာလည်း ပွဲတိုင်းပြသနိုင်ပြီး ဒီလိုမျိုးလုပ်ပြဖို့ မိနစ် အများကြီး မလိုပါဘူး။ ၅ မိနစ် ကစားခွင့် ရရင်တောင် သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ပါတယ်။ သူ့ကိုပိုင်ဆိုင်တာ ဘရာဇီးလ်အသင်းအတွက် အလွန် ကံ ကောင်းသလို ချယ်လ်ဆီးအသင်းလည်း အတူတူပါပဲ”လို့ ပြောခဲ့တာပါ။
အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းက ဆီနီဂေါအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်း အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာက တောင်ကိုရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ဘရာဇီးလ်အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အက်စ်တီဗာအိုကို တွေ့ရစဉ်
အသက် ၁၈ နှစ်အရွယ်ရှိ အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားအပြီးမှာ ၄ ဂိုး သွင်းယူကာ အကောင်းဆုံးပုံစံ ပြသနေတာပါ။
အက်စ်တီဗာအိုဟာ ချယ်လ်ဆီးအသင်း အတွက်လည်း ဒီရာသီ ၁၆ ပွဲ ကစားအပြီးမှာ ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက အက်စ်တီဗာအိုကို ချီးကျူးခဲ့ပြီး သူ့ကိုရထားတာ သူတို့အတွက် ရော ချယ်လ်ဆီး အသင်းအတွက်ပါ ကံကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ ၇ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့် ခြေစမ်းပွဲအဖြစ် တူနီးရှားအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲပြီးရင် လာမယ့်နှစ်၊ မတ်လ ရောက်မှသာ ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 213
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က အယ်လ်ဘေးနီးယားအသင်းနဲ့ ခြေစစ်ပွဲမှာ လူစားလဲချိန် စိတ်ပျက်တဲ့ ပုံစံ ပြသခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ် အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံရမယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ဒါက ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို သူလက်ခံရပါမယ်။ သူ့သူငယ်ချင်းက ကွင်းဘေးမှာ စောင့်ဆိုင်းနေတယ်၊ ဒါကြောင့် လက်ခံရမယ်၊ လေးစားရမယ်၊ ဆက်သွားရမှာပါ။ ဒီအဖြစ်အပျက်ကို ကျနော် ပြန်ပြီးသုံးသပ်ရမှာပါ။ သူမပျော်ရွှင်ဘူးဆိုတာကို ကျနော်မြင်ပါတယ်။ အခုအချိန်မှာတော့ ဒါကို ပိုပြီးကြီးမား အောင် ကျနော် မလုပ်ချင်ပါဘူး”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းက အယ်လ်ဘေးနီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဘယ်လင်ဂမ်ဟာ ဇွန်လနောက်ပိုင်း ပထမဆုံးအကြိမ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့် ရခဲ့ပါတယ်။
ဒါပေမယ့် ပွဲပြီးဆုံးဖို့ ၆ မိနစ်ကျော်သာ ကျန်ရှိတော့တဲ့ အချိန်မှာ နည်းပြတူချယ်လ်ဟာ သူ့ကို မော်ဂန်ရော်ဂျာစ်နဲ့ လူစားလဲခဲ့တာပါ။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်ဟာ စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့လက်တွေကို လေထဲမြှောက်ခဲ့ပြီး နည်းပြတူချယ်လ်ဟာ ဒီတုန့်ပြန်မှုကို နှစ်သက်ခြင်းမရှိတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် နည်းပြတူချယ်လ်က ဆုံးဖြတ်ချက်တွေကို လက်ခံဖို့နဲ့ ဒီအဖြစ်အပျက်ကို ပြန်ပြီးသုံးသပ်သွားမယ်လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ နည်းပြတူချယ်လ် လက်ထက်ကစားခဲ့တဲ့ ခြေစစ်ပွဲ ၈ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရခဲ့သလို ပေးဂိုးလည်း ပေးဂိုးရခြင်း မရှိပါဘူး။
တူချယ်လ်က ပွဲကစားဖို့ လပေါင်းများစွာ ကျန်ရှိသေးတဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ပွဲထွက် လူစာရင်း အကြောင်း မတွေးသေးသလို ဒီပွဲကနေလည်း သူတို့အများကြီး သင်ယူခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းကို အရေးနိမ့်ခဲ့တဲ့ အယ်လ်ဘေးနီးယားအသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရနိုင်ဖို့အတွက် ပလေးအော့ဖ် ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 224
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇
နော်ဝေအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်မှာ အီတလီအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး ၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အက်စ်ပိုဆီတိုက အီတလီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နော်ဝေအသင်းအတွက် နူဆာက ချေပဂိုးသွင်းပြီး ဟာလန်းက ၂ ဂိုးနဲ့ လာဆန်က ၁ ဂိုးသွင်းယူခဲ့တာပါ။
နော်ဝေအသင်းဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲစဉ် ၈ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရနိုင်ဖို့အတွက် ပလေးအော့ဖ် ထပ်ပြီးယှဉ်ပြိုင်ရမှာပါ။
နော်ဝေအသင်းဟာ ယူရို ၂၀၀၀ ပြိုင်ပွဲနောက်ပိုင်း အဓိကပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

နော်ဝေအသင်းသားတွေကို တွေ့ရစဉ်
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ခြေစစ်ပွဲမှာ နော်ဝေအသင်း သွင်းယူနိုင်ခဲ့တဲ့ ၃၇ ဂိုးထဲက ၁၆ ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဟာလန်းက ဖိအားတွေနဲ့ အခြားအရာတွေ အများကြီး ခံစားခဲ့ရပေမယ့် ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တာကြောင့် ပျော်ရွှင်တယ်လို့ ပွဲအပြီး TV2 နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နော်ဝေအသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ အိပ်မက်အတွက် အချိန် အတော်ကြာ ကြိုးစားခဲ့ရတဲ့ အရာဖြစ်ပြီး အတူတကွ ကြိုးစားကာ လုံးဝယုံကြည်မှုရှိခဲ့တဲ့အတွက် ဒီအောင်မြင်မှုကို ရခဲ့တယ်လို့ ပြောခဲ့တာပါ။
အီတလီအသင်းနည်းပြ ဂတ်တူဆိုက ဂိုးပြတ်အရေး နိမ့်ခဲ့တဲ့ရလဒ်အတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထပ်ပြီး လွဲချော်မယ့်အပေါ် ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။
အီတလီအသင်းဟာ ပလေးအော့ဖ် ပွဲတွေကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 241
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
ယူနိုက်တက်အသင်းဟာ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းထံ အငှားချထားတဲ့ ကင်မရွန်းဂိုးသမား အိုနာနာကို ရာသီကုန်ချိန်မှာ ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်က ပေါင် ၄၇.၂ သန်းနဲ့ အင်တာမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ကြီးမားတဲ့ အမှားအယွင်းတွေ အများအပြား ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းမှာ သူ့ရဲ့နံပါတ်တစ်နေရာ ဆုံးရှုံး ခဲ့တာပါ။
အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းထံ အငှားနဲ့ မပြောင်းရွှေ့မီ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လိဂ်ဖလား ပွဲစဉ်တစ်ပွဲတည်းသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ကို ပေါင် ၁၈.၁ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ပထမဆုံး ၅ ပွဲမှာ လက်စွမ်းပြသ နိုင်ခဲ့ ပါတယ်။

လမ်းမန်းစ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီ ၅ ပွဲစလုံး ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။
အိုနာနာရဲ့ အငှားစာချုပ်ထဲမှာ ထရက်ဇွန်စပေါ်အသင်းဟာ သူ့ကို အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် မပါဝင်တာ ကြောင့် သူဟာ နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာပါ။
ယူနိုက်တက်အသင်းကတော့ ဂိုးသမား လမ်းမန်းစ်ကိုသာ လာမယ့်ရာသီမှာလည်း ပထမဦးစားပေး ဂိုးသမားအဖြစ် ဆက်ပြီး အသုံးပြုမှာဖြစ်လို့ ဂိုးသမား အိုနာနာကို ရောင်းချမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဖာဘရီဇီယိုရိုမာနိုက အိုနာနာဟာ ယူနိုက်တက်အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ မထင်တာကြောင့် သူ့ကို ရောင်းချဖို့ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ ပြောထားတာပါ။
ထရက်ဇွန်စပေါ်အသင်းမှာ လက်စွမ်းပြသနေတဲ့ အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေ သေးတာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 189
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ပါကယ်တာက သူဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဖလာမင်ဂိုအသင်းထံ ပြန်သွားဖို့ ကြိုးစားခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး တစ်နေ့မှာ ဘရာဇီးလ်ကလပ်ထံ ပြန်လာမယ်လို့ ပြောခဲ့ပါတယ်။
ပါကယ်တာက “ဖလာမင်ဂိုနဲ့ ကျနော် စကားပြောခဲ့တဲ့ ဒုတိယအချိန်က ကျနော် ပုံမှန်အတိုင်း ဆက်ပြီး ကစားနိုင် မယ်ဆိုတာကို သိနေတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာ ကျနော်ဟာ ဖလာမင်ဂိုထံ ပြန်သွားဖို့ ဆန္ဒတွေ ပိုပြီးရှိလာခဲ့ ပါတယ်။ ကျနော် ပြန်သွားချင်တဲ့ ဆန္ဒကို ပြသခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းကို လေးစားဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာကိုမှ အတင်းအကျပ် မလုပ်တော့ပါဘူး။ ဖလာမင်ဂိုဟာ ကျနော့်အတွက် တံခါးတွေ အမြဲတမ်း ဖွင့်ထားမယ်ဆိုတာ ကျနော်သိပြီး တစ်ချိန်ချိန်မှာ ပြန်လာဖြစ်မယ်ဆိုတာလည်း သိပါတယ်”လို့ Globoesporte ကို ပြောခဲ့တာပါ။
ပါကယ်တာဟာ အားကစားမှာ တရားမဝင် လုပ်ဆောင်တဲ့ အရာတွေရှိတယ်ဆိုပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ စွဲချက်တင်ခြင်းခံရကာ စုံစစ်းစစ်ဆေးမှုတွေ ပြုလုပ်ခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ မေလမှာ ဖလာမင်ဂို အသင်းက သူ့ကို ချဉ်းကပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပါကယ်တာဟာ FA ရဲ့ စွဲချက်တွေကနေ လွတ်မြောက်ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ ဖလာမင်ဂို အသင်းက သူ့ကိုခေါ်ယူနိုင်ဖို့ထပ်ပြီး ကြိုးစားခဲ့တာပါ။
ပါကယ်တာကလည်း ဖလာမင်ဂိုအသင်းထံ ပြန်သွားချင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက သူ့ကိုပံ့ပိုးမှုတွေ ပြုလုပ်ပေးပြီး သူကလည်း ဒီအသင်းကို ချစ်မြတ်နိုးတာကြောင့် ဆက်ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ပါကယ်တာကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်မှာ လိုင်ယွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပါကယ်တာနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်း ရှိနေပါတယ်။
ပါကယ်တာဟာ ဝက်စ်ဟမ်းအသင်းအတွက် ၁၃၂ ပွဲ ကစားထားပြီး ၂၂ ဂိုးသွင်းယူကာ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့တာပါ။
လူငယ် ကစားသမားဘဝ ကတည်းက ဖလာမင်ဂိုအသင်းမှာရှိခဲ့တဲ့ ပါကယ်တာဟာ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
ပါကယ်တာဟာ လက်ရှိအချိန်မှာ နိုဝင်ဘာ နိုင်ငံတကာ ပွဲစဉ်တွေအတွက် ဘရာဇီးလ်အသင်းနဲ့အတူ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 248
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅
အာဂျင်တီးနားအသင်းက အန်ဂိုလာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် မက်ဆီဟာ ၁ ဂိုး သွင်းယူခဲ့သလို တိုက်စစ်မှူး လောတရိုမာတီနက်ဇ် သွင်းယူတဲ့ သွင်းဂိုးကိုလည်း ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
အန်ဂိုလာနိုင်ငံဟာ ပေါ်တူဂီနိုင်ငံထံကနေ လွတ်လပ်ရေး ရခဲ့တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ခြေစမ်းပွဲ ကစားဖို့ အာဂျင်တီးနားအသင်းကို အမေရိကန်ဒေါ်လာ ၁၂ သန်း ပေးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။
ဒီပွဲကို ပရိသတ်ပေါင်း ၅ သောင်းကျော် တက်ရောက် အားပေးခဲ့ကြပြီး မက်ဆီ ကွင်းထဲကနေ ထွက်ခွာချိန်မှာ ပရိသတ်တွေဟာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ကြပါတယ်။
အန်ဂိုလာအသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ အခုဆိုရင် နိုင်ငံပေါင်း ၃၉ နိုင်ငံကို ဂိုးသွင်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အာဂျင်တီးနားအသင်းအတွက် ၁၉၆ ပွဲ ကစားထားပြီး ၁၁၅ ဂိုး သွင်းယူထားတဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ပါဝင်နိုင်ဖို့ ရည်မှန်းထားတာပါ။
ဒါပေမယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ချမှတ်ရခြင်း မရှိသေးပါဘူး။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားအပြီးမှာ အင်တာမိုင်ယာမီအသင်းထံ ပြန်ကာ မေဂျာလိဂ် ဖလား Eastern Conference semifinal ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ Eastern Conference semifinal စင်စင်နာတီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် ရာသီကုန်ရင် ဥရောပကလပ်တွေထံ ကာလတို အငှားပြောင်း ကစားဖို့မရှိဘဲ အနားယူပြီး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးရဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
