- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆
ဆွီဒင်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဂရေဟမ်ပေါ်တာဟာ သူ့ရဲ့ပထမဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ တာမှာ အာဆင်နယ်အသင်း တိုက်စစ်မှူး ယိုကီရက်စ် မပါဝင်ခဲ့ပေမယ့် လီဗာပူးလ်အသင်း တိုက်စစ်မှူး အစ်ဆက် ပါဝင်ခဲ့ပါတယ်။
ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ဒီရက်သတ္တပတ်ထဲ နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခံရဖို့ရှိနေတာပါ။
ယိုကီရက်စ်ဟာ ဒဏ်ရာကြောင့် ဆလားဗီးယားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အစ်ဆက်ကလည်း ပေါင်ခြံဒဏ်ရာကြောင့် အောက်တိုဘာ ၂၂ ရက်ကတည်းက လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဒါပေမယ့် အစ်ဆက်ဟာ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ဆွီဒင်အသင်းရဲ့လူစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။
စပါးအသင်း ကွင်းလယ်လူ ဘာ့ဂ်ဗောလ်နဲ့ နယူးကာဆယ်အသင်း တောင်ပံကစားသမား အီလန်ဂါတို့လည်း နည်းပြ ဂရေဟမ်ပေါ်တာရဲ့ ဆွီဒင်အသင်း လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ တိုမာဆန်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဆွီဒင်အသင်းရဲ့ နည်းပြသစ်အဖြစ် ကာလတို ခန့်အပ်ခြင်း ခံခဲ့ရတာပါ။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု B မှာ ၄ ပွဲကစားထားပြီး ရမှတ် ၁ မှတ်နဲ့ နောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဆွီဒင်အသင်းဟာ အုပ်စုတွင်းမှာ ဒုတိယနေရာနဲ့ အဆုံးမသတ် နိုင်ခဲ့ရင်တောင် ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ် ကစားခွင့်ရဖို့ အခွင့်အရေး ရရှိနေတာပါ။
ဒါပေမယ့် ဆွီဒင်အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၂ ပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 219
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆
ချယ်လ်ဆီးအသင်းနဲ့ ကာရာဘတ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ နည်းပြ မာရက်စ်ကာက ချယ်လ်ဆီးကစားသမားတွေရဲ့ ခံစစ်နဲ့တိုက်စစ်စွမ်းဆောင်ရည်အပေါ် ဝေဖန်မှု ပြုလုပ် ခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော့်အတွက် ကြီးမားတဲ့ကွာခြားချက်က ဂိုးဧရိယာထဲမှာဆိုတာ အရင်က ပြောခဲ့ဖူး တယ်လို့ထင်ပါတယ်။ ကျနော်တို့ပေးလိုက်ရတဲ့ဂိုးတွေက ကျနော့်အတွက်တော့ မပေးသင့်တဲ့ ဂိုးတွေပါ။ သူတို့ရဲ့ဂိုးဧရိယာထဲကို ကျနော်တို့အကြိမ်အများအပြားရောက်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းက လုံလောက်မှု မရှိပါဘူး။ ဒါက ကျနော့်အတွက် ကြီးမားတဲ့ကွာခြားမှုပါ။ ကျနော်တို့ဟာ ဒီပွဲကို အနိုင်ရရှိရမှာဖြစ်ပေမယ့် အမှားတွေကို အနာဂတ်မှာ ရှောင်ရှားရမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ အက်စ်တီဗာအိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကာရာဘတ် အသင်း ကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပြန်ပြီးပေးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလူစားလဲဝင်ရောက်လာတဲ့ ဂါနာချို က ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းဟာ အနိုင်ဂိုးဖြစ်စေမယ့် နောက်ထပ် သွင်းဂိုးကို ထပ်ပြီးသွင်းယူနိုင်ခြင်းမရှိတော့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ကာရာဘတ်အသင်းကို ဂိုးပေါက်ကန်သွင်းမှုအများအပြားပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကြောင့် ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာပါ။
၂၀၂၃ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ရောက်ရှိလာပြီး ကတည်းက ဒဏ်ရာတွေနဲ့ရုန်းကန်နေရတဲ့ ကွင်းလယ်လူလာဗီးယားဟာ ဒီပွဲမှာ ဒဏ်ရာထပ်ရသွားခဲ့လို့ ပွဲချိန် ၈ မိနစ်မှာလူစားလဲခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက လာဗီးယားရဲ့ဒဏ်ရာ ကြီးကြီးမားမားမဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်လိဂ်ပွဲစဉ် အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 233
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆
မန်စီးတီးအသင်းက ဒေါ့မွန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် ဖိုဒန်ပြန်လာပြီလို့ နည်းပြ ဂွာဒီယိုလာက ယုံကြည်မှုရှိနေပါတယ်။
ဂွာဒီယိုလာက “ဒီရာသီမှာ ဖိုဒန်ပြန်လာပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ ဖိုဒန်တင်မဟုတ်ပါဘူး၊ ကျနော်တို့ အားလုံးရုန်းကန်ခဲ့ရပါတယ်။ သူဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး သူ့ရဲ့သွင်းဂိုးတွေကို ကျနော်တို့ လိုအပ်ပါတယ်။ ဒါကို ဒီပွဲမှာ သူလုပ်နိုင်ခဲ့ပြီး ဒါဟာ ပထမခြေလှမ်းဖြစ်ဖို့ မျှော်လင့်ပါတယ်။ ပြန်လာနိုင် တဲ့ သူ့ရဲ့ပုံစံကိုရဖို့က အရေးကြီးတယ်”လို့ ပြောခဲ့တာပါ။
ဖိုဒန်ဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီ ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် မဲပေးခြင်းခံခဲ့ရတာပါ။
ဒါပေမယ့် ဖိုဒန်ဟာ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံးပုံစံတွေပျောက်ဆုံးပြီး ရုန်းကန်ခဲ့ရတာကြောင့် ရလဒ်တွေမကောင်းဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းကို ကူညီပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ဖိုဒန်ဟာ ဒီရာသီမှာတော့ အကောင်းဆုံး ပုံစံအချို့ပြန်ရနေပြီး ဒီပွဲမှာ သွင်းခဲ့တဲ့ ၂ ဂိုးကြောင့် သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးက ဂိုး ၂၀ အထိ ရှိလာခဲ့တာပါ။

ဖိုဒန်ဟာ ပုံစံကောင်းတွေပျောက်ဆုံးနေမှုကြောင့် အင်္ဂလန်အသင်းရဲ့နောက်ဆုံး ၃ ကြိမ်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဖိုဒန်ဟာ နိုဝင်ဘာထဲကစားမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည်ပါဝင်ဖို့မျှော်လင့်နေသလို နည်းပြဂွာဒီယိုလာကလည်း သူ့ကို နိုင်ငံအသင်း အတွက်ပြန်လည်ခေါ်ယူဖို့ ထောက်ခံခဲ့ပါတယ်။
ဂွာဒီယိုလာက “တူချယ်လ်ဟာ ဖိုဒန်ရဲ့အကြောင်းကို ကောင်းကောင်းသိတယ်လို့ ကျနော်ထင်ပါတယ်။ အင်္ဂလန်မှာ ကစားသမားကောင်းတွေအများကြီးရှိတဲ့အတွက် ဖိုဒန်အနေနဲ့ သူ့ကိုယ်သူပိုပြီး ကောင်းမွန် အောင် တွန်းအားပေးရမှာပါ။ ဖိုဒန်ဟာ ထိပ်တန်းအဆင့်ကစားသမားဖြစ်ပြီး အခုသူပြန်လာပြီလို့ ခံစားရ ကြောင်း” ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၁၀ မှတ်ရရှိထားတဲ့ မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 235
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ သူဟာ ကစားသမားဘဝကနေ အနားယူဖို့အတွက် ပြင်ဆင်ထားပြီးပြီလို့ ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုက “ကျနော့်ရဲ့အနားယူမှုကို မြင်ယောင်ကြည့်နိုင်ပါတယ်၊ ဒါက မကြာမီဖြစ်လာတော့မှာပါ။ ဒီအတွက်လည်း ကျနော်ပြင်ဆင်ထားပြီးပြီလို့ထင်ပါတယ်။ ခက်ခဲမှာဖြစ်သလို ကျနော်ငိုမိမယ်ဆိုတာလည်း သေချာပါတယ်။ ဒါပေမယ့် ကျနော်ဟာ အသက် ၂၅၊ ၂၆၊၂၇ နှစ်ကတည်းက ကျနော့်ရဲ့အနာဂတ်ကို ပြင်ဆင်ထားပါတယ်။ ဒါကြောင့်လည်း ဒီဖိအားကို ကျနော်ခံနိုင်ရည်ရှိမယ်လို့ထင်ပါတယ်။ အရာအားလုံးမှာ အဆုံးသတ်ရှိပြီး အခြားအရာတွေအတွက် အချိန်ပိုရလာမှာပါ”လို့ ပြောခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ အသက် ၄၀ နှစ်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ ထိပ်တန်းအဆင့်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ကြောင်း ပြသနေတာဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီ၊အင်္ဂလန်၊စပိန်၊အီတလီနဲ့ ဆော်ဒီနိုင်ငံတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ ရော်နယ်လ်ဒိုအတွက် ကစားသမားဘဝကနေ အနားယူဖို့ နီးကပ်လာပြီဖြစ်တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝကို မကြာမီမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားသလို ဒီအတွက်လည်း ပြင်ဆင်ထားတယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုး ၁,၀၀၀ ပြည့်အောင်သွင်းယူနိုင်ဖို့လည်း ရည်မှန်းထားပါတယ်။
ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ၉၅၂ ဂိုးသွင်းယူထားပြီး နောက်ထပ် ၄၈ ဂိုးသွင်းယူနိုင်ရင် သူ့ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုပြည့်မြောက်သွားမှာပါ။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့လည်း ဆန္ဒပြင်းပြနေပါတယ်။
ရော်နယ်လ်ဒိုရဲ့အယ်လ်နာဆာအသင်းဟာ ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပြီး လာမယ့်လိဂ်ပွဲစဉ်အဖြစ် နီယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 227
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးနဲ့ ဗြိတိန်လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့လုပ်ဆောင်ပေးခဲ့တဲ့အရာတွေကြောင့် knighthood ဘွဲ့ကို တရားဝင်လက်ခံရရှိခဲ့ပါတယ်။
အခုနှစ်အစောပိုင်းက ချားလ်စ်ဘုရင်ရဲ့မွေးနေ့ဂုဏ်ပြုစာရင်းထဲမှာ နာမည်ပါဝင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ဆာရဲတိုက်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ချားလ်စ်ဘုရင်ရဲ့ Knighthood ဘွဲချီးမြှင့်ခြင်းကို ခံခဲ့ရပြီး ဆာဒေးဗစ်ဘက်ခမ်း ဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဟောင်းဟာ ဒီအခမ်းအနားကို ဇနီးဖြစ်သူ ဗစ်တိုးရီးယား၊ သူ့ရဲ့မိဘတွေနဲ့ တက်ရောက်ခဲ့တာပါ။
ဒေးဗစ်ဘက်ခမ်းက “ကျနော်ဒီထက်ပိုပြီး ဂုဏ်ယူနိုင်စရာမရှိတော့ပါဘူး။ လူတွေက ကျနော်ဘယ်လောက် မျိုးချစ်စိတ်ရှိလဲဆိုတာကို သိကြပြီး ကျနော့်နိုင်ငံကို ကျနော်ချစ်ပါတယ်။ ဒီနေ့ဟာ ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက် အလွန်ဂုဏ်ယူစရာကောင်းတဲ့နေ့ပါ”လို့ ပြောခဲ့ပါတယ်။

ဒေးဗစ်ဘတ်ခမ်းတို့ မိသားစုကိုတွေ့ရစဉ်
ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက် ၁၁၅ ပွဲကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ၂၀၀၀ ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ရီးရယ်လ်အသင်းကစားသမားဟောင်းဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ကြိမ်၊ယူရိုပြိုင်ပွဲ ၂ ကြိမ်ပါဝင်ကစားခဲ့ပါတယ်။
အရှေ့လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းဟာ လန်ဒန်မှာ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲကျင်းပနိုင်ဖို့ အဓိက အခန်းကဏ္ဍကနေ ဦးဆောင်ခဲ့သလို ၂၀၀၅ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း Unicef မှာ အလုပ်လုပ်ခဲ့ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ၂၀၀၃ ခုနှစ်က ဘုရင်မကြီး အဲလိဇဘက် II ရဲ့ OBE ဘွဲ့ချီးမြှင့်ခြင်းကို ခံခဲ့ရတာပါ။
ဒေးဗစ်ဘက်ခမ်းဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်သလို လိဂ်တူးကလပ်ဆယ်လ်ဖိုဒ့်စီးတီးအသင်းကို ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့အတူ ပူးတွဲပိုင်ဆိုင် ထားတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 246
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းခဲ့တဲ့ အာနိုးလ်ဟာ အသင်းဟောင်း အန်ဖီးလ်ထံ ပြန်လာခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုခံခဲ့ရသလို ရီးရယ်လ်အသင်းကလည်း ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းက ရီးရယ်လ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ကွင်းလယ်လူမက်အလစ္စတာက ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းယူခဲ့တာပါ။
အင်္ဂလန်နောက်ခံလူအာနိုးလ်ဟာ သွေးပူလေ့ကျင့်မှုတွေပြုလုပ်ချိန်နဲ့ ပွဲချိန်မိနစ် ၈၀ မှာ အာဒါဂူလာရဲ့နေရာ လူစားလဲဝင်ရောက်ဖို့ ပြင်ဆင်ချိန်မှာ လီဗာပူးလ်အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းနည်းပြဇာဘီအလွန်ဆိုက “အလွန်ပြင်းထန်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ အန်ဖီးလ်ရဲ့လေထုက ထိပ်တန်းပါပဲ။ ကျနော်တို့ဟာ အာနိုးလ်ရဲ့အရည်အသွေးကို လိုအပ်ပြီး တောင်ပံကနေ သူ့ရဲ့ခြိမ်းခြောက်မှုကို ကျနော်တို့လိုအပ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေရဲ့တုံ့ပြန်မှုကို မျှော်လင့်နိုင်ပြီး သူက ပရော်ဖက်ရှင်နယ်ဆန်သလို ရင့်ကျက်ပါတယ်။ သူဟာ ဒီအတွက်အသင့်ဖြစ်နေလို့ လှောင်ပြောင်ခံရတဲ့အပေါ်မှာ ပြဿနာမရှိဘူး”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းအောင်ပွဲခံနေစဉ်
လီဗာပူးလ်အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အာနိုးလ်ဟာ အသင်းကြီးအတွက် ၃၅၄ ပွဲပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာပါ။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့အတည်ပြုခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာလည်း အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က ပွဲအပြီးမှာ အာနိုးလ်နဲ့ ခဏတာစကားပြောခဲ့သလို ပွေ့ဖက်မှုတွေပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားပြီး အရေးနိမ့်ခဲ့တဲ့ ရီးရယ်လ်အသင်းကလည်း ၃ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 225
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅
PSG အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို သွင်းဂိုးတွေကို လက်ဆောင်ပေးခဲ့တဲ့ သူ့ရဲ့အသင်းကို နည်းပြလူးဝစ်အင်းနရစ်က ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ပထမပိုင်းမှာ သူတို့ဟာ ကျနော်တို့ထက်ပိုကောင်းခဲ့သလို အခွင့်အရေးတွေလည်း ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ကတော့ ပထမပိုင်းမှာ သူတို့ကို လက်ဆောင်လှလှလေးတွေပေးခဲ့ပါတယ်။ ဒီလိုလက်ဆောင်တွေပေးရင် သူတို့က ဂိုးတွေသွင်းမှာပါ။ ကျနော်ဆင်ခြေပေးနေတာမဟုတ်ပါဘူး၊ ပိုပြီးကောင်းအောင်လုပ်ဖို့က ကျနော်တို့ရဲ့တာဝန်ပါ။ သူတို့ဟာ ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့ပေမယ့် ၄ ဂိုးသွင်းနိုင်ခဲ့သင့်တာပါ။ ဒီပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်”လို့ ပြောခဲ့ပါတယ်။
လက်ရှိချန်ပီယံ PSG အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့သလို ပြိုင်ပွဲစုံမှာတော့ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီရာသီကစားထားတဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲစလုံးအနိုင်ရရှိထားတဲ့အသင်းအဖြစ် မှတ်တမ်းကောင်းပိုင်ဆိုင်ထားပါတယ်။

PSG အသင်းကို တွေ့ရစဉ်
PSG အသင်းဟာ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပွဲချိန် ၃၂ မိနစ်အတွင်းသွင်းဂိုး ၂ ဂိုးစလုံးခွင့်ပြုခဲ့ရပြီး ဒီဂိုးတွေသွင်းခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပထမပိုင်းပြီးခါနီးမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
PSG အသင်းဟာ ဒုတိယပိုင်းမှာ ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် သွင်းဂိုး ၁ ဂိုးသာပြန်သွင်းနိုင်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ PSG အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ ဟာကီမီတို့ ဒဏ်ရာရခဲ့သလို ဒူယီကိုလည်း ဒဏ်ရာကြောင့် အသုံးပြုနိုင်ခြင်းမရှိသေးတာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက အသင်းရဲ့နိုင်ပွဲဆက်နေမှုဟာ အသင်းလိုက်လုပ်ဆောင်မှုကြောင့် ရရှိခဲ့တာလို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 296
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂
မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ မတိုင်မီ အီဂျစ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းထံ စောစီးစွာ စေလွှတ်ပေးဖို့ မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက အီဂျစ်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ပါဝင်ကစားပြီး ဒဏ်ရာရခဲ့တဲ့ အိုမာမာမွတ်ရှ်ဟာ မကြာသေးမီကမှ မန်စီးတီးအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့တာပါ။
အိုမာမာမွတ်ရှ်ဟာ မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ဒီရာသီ အသင်းအတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အိုမာမာမွတ်ရှ်ဟာ အီဂျစ်အသင်း အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ရင် မန်စီးတီး အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲအထိ လွဲချော်နိုင်တယ်လို့ သိရပါတယ်။
အီဂျစ်အသင်းဟာ ဒီဇင်ဘာ ၁၄ ရက်မှာ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပေမယ့် မန်စီးတီး အသင်းကလည်း အဆိုပါနေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ရှိတာကြောင့် အိုမာမာမွတ်ရှ်ကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာပါ။

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ဒီပွဲစဉ်ပြီးမှသာ အိုမာမာမွတ်ရှ်ကို အီဂျစ်လက်ရွေးစင်အသင်းထံ စေလွှတ် သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကလည်း သူတို့ရဲ့တောင်ပံကစားသမား ဆာလက်နဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနဲ့ တူညီတဲ့ ဆုံးဖြတ်ချက်ချနိုင်တာပါ။
အီဂျစ်အသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ တောင်အာဖရိက၊ အန်ဂိုလာ၊ ဇင်ဘာဘွေအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်အထိ မော်ရိုကို နိုင်ငံမှာ ကျင်းပသွားမှာပါ။
ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ သူတို့ရဲ့အဓိက ကစားသမားတွေကို ဒီပြိုင်ပွဲအတွက် စေလွှတ်ပေးရမှာ ဖြစ်လို့ ပွဲစဉ်အချို့ကို အဓိက ကစားသမားတွေ မပါဝင်ဘဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 290
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁
ပေါ့ဘာဟာ လေ့ကျင့်ရေးကွင်းမှာ အသေးစား ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် မိုနာကိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖို့ ထပ်ပြီး စောင့်ဆိုင်း ရဖွယ်ရှိနေပါတယ်။
တားမြစ်ဆေးကြောင့် ၁၈ လကြာ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ ပေါ့ဘာဟာ ကာလရှည်ကြာ စောင့်ဆိုင်းနေရတဲ့ ပွဲပြန် ကစားဖို့ စိတ်အား ထက်သန်နေပေမယ့် မိုနာကိုအသင်းနဲ့ ဒီအပတ်ထဲ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေကျင်းဝတ် လိမ်သွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ပေါ့ဘာဟာ မိုနာကိုအသင်းနဲ့ ပဲရစ်အသင်းတို့ရဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်ကို လွဲချော်မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားတာပါ။
ဒဏ်ရာက ပြင်းထန်မှု မရှိတဲ့အတွက် ပေါ့ဘာဟာ လာမယ့် အပတ်ထဲမှာ မိုနာကိုအသင်းနဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ပေါ့ဘာဟာ ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပြီးနောက် ၂ နှစ်ကျော်အတွင်းမှာ သူ့ရဲ့ပထမဆုံးပွဲကို ပါဝင်ကစားဖို့ အဆင် သင့် ဖြစ်နေချိန်မှာ နောက်ထပ် ဒဏ်ရာ ဆုတ်ယုတ်မှုကို ခံစားခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဇွန်လက မိုနာကိုအသင်းထံ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ့ဘာဟာ အသင်းအတွက် ပါဝင်ကစားဖို့ ကြံ့ခိုင်မှု အပြည့်အဝ နီးပါးရှိနေပြီလို့ နည်းပြပိုကိုနိုလီက မကြာသေးမီကမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာက သူဟာ မှောင်မိုက်တဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ဒါက ဒုတိယအခွင့်အရေး ဖြစ်တဲ့အတွက် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ မိုနာကိုအသင်းနဲ့ စာချုပ်ချုပ်ခဲ့တုန်းက ပြောခဲ့ပါတယ်။
မိုနာကိုအသင်း နည်းပြကလည်း ပေါ့ဘာကို ဂရုတစိုက်ကိုင်တွယ်ကာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေ တွေ့စေချင်တယ်လို့ ပြောခဲ့ပါတယ်။
မိုနာကိုအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အဆင့် ၂၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 299
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းမှာ ပုံမှန်ကစားခွင့် မရရှိတဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုလာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အာမိုရင်က “ဇန်နဝါရီမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော် မသိပါဘူး။ ကျနော်တို့ အသင်းမှာတော့ အဖြစ် အပျက်တွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရှိပြီး ကစားသမားအချို့ဟာ ပုံမှန်ကစားခွင့် မရကြပါဘူး။ သူတို့တွေဟာ ထွက်ခွာဖို့ တောင်းဆိုလာကြမှာဖြစ်ပြီး ဒါကြောင့် ကျနော်ဟာ အရာအားလုံးကို စီမံခန့်ခွဲရမှာပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ ကိုဘီမေနူးနဲ့ ဇက်ခ်ဇီတို့ဟာ ဒီရာသီမှာ ပွဲကစားချိန် အကန့် အသတ်သာ ရရှိနေတဲ့အပေါ်မှာ စိတ်ပျက်နေကြပါတယ်။
သူတို့နှစ်ဦးဟာ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့် မရဘူးဆိုရင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့ နယ်သာလန်အသင်းရဲ့ လူစာရင်းတွေမှာ ပါဝင်ခွင့် ဆုံးရှုံးရမှာပါ။
အဲ့ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ကိုဘီမေနူးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ တောင်းဆိုခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့တာပါ။
အင်္ဂလန်ကြယ်ပွင့် ကိုဘီမေနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပေမယ့် လူစားဝင်အဖြစ် ပါဝင်ရတာက ပိုပြီးများခဲ့ပါတယ်။
အီတလီကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဇက်ခ်ဇီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၅ ပွဲသာ ပါဝင် ကစားထားရတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ ဇန်နဝါရီမှာ သူတို့နှစ်ဦး အပါအဝင် ကစားသမားတွေ ထွက်ခွာဖို့ တောင်းဆိုလာမယ့် အလားအလာအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် ကိုင်တွယ်ပြီးနောက်မှာ ကစားသမား ဝယ်ယူမှုအတွက် ပေါင်သန်း ၂၅၀ နီးပါး အသုံးပြုထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနိုင်တယ်လို့လည်း နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
Source: ESPN
