- By CNI
- Category: အားကစား
- Hits: 456
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁
အီရတ်အသင်းဟာ ကမ္ဘာ့ဖလား ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘိုလီးဗီးယားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ တာကြောင့် ၁၉၈၆ နောက်ပိုင်း နှစ်ပေါင်း ၄၀ အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
အီရတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ နောက်ဆုံး အသင်းလည်း ဖြစ်ခဲ့ တာပါ။
အီရတ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု I မှာ ပြင်သစ်၊ နော်ဝေ၊ ဆီနီဂေါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် အုပ်စုကျပ်ထဲ ကျရောက်နေတာ ဖြစ်ပါတယ်။
အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က စစ်မှန်တဲ့ တိုက်ပွဲဝင် စိတ်ဓါတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကစားသမားတွေကို ဂုဏ်ပြုကြောင်းနဲ့ သူတို့ကြောင့် ဒီလိုအောင်မြင်မှု ရခဲ့တာလို့ ပြောခဲ့ပါတယ်။

အီရတ်အသင်းကို တွေ့ရစဉ်
ဒါ့အပြင် ဂရေဟမ်အာနိုးလ်က ကောင်းမွန်စွာ ကစားခဲ့တဲ့ ဘိုလီးဗီးယားအသင်းကို အသိအမှတ်ပြုရမှာ ဖြစ်သလို ဒီနိုင်ပွဲကြောင့် လူပေါင်း ၄၆ သန်းကို ပျော်ရွှင်စေခဲ့တဲ့အတွက် သူပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။
အီရတ်အသင်းဟာ ၁၉၈၆ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ကြိမ်တည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်း ၃ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
အခုအချိန်မှာတော့ အီရတ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိအောင် ကြိုးပမ်းဖို့ ပစ်မှတ် ထားနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီရတ်အသင်းအပြင် အာရှတိုက်က အသင်း ၉ သင်း ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ဒီအသင်းတွေကတော့ ဂျပန်၊ အီရန်၊ ဥဇဘတ်ကစ္စတန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်၊ သြစတြေးလျ၊ ဆော်ဒီနဲ့ ကာတာအသင်းတို့ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 347
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁
ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း လူကာကူဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို ရောက်မလာခဲ့ပြီးနောက် နာပိုလီအသင်းက သူ့ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု ပြုလုပ်ဖို့ စဉ်းစားနေပါတယ်။
အင်တာမီလန်နဲ့ရိုးမားအသင်းမှာ အငှားကစားခဲ့တဲ့ လူကာကူဟာ ၂၀၂၄ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကနေ နာပိုလီ အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။
လူကာကူဟာ ကြံ့ခိုင်မှုပိုင်း အားနည်းတာကြောင့် ဘယ်လ်ဂျီယံအသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပေမယ့် နာပိုလီအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းခြင်း မရှိသေးတာ ဖြစ်ပါတယ်။
နာပိုလီအသင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်စောင်မှာ လူကာကူဟာ လေ့ကျင့်ခန်း အစီအစဉ်အတွက် အသင်းထံ သတင်းမပို့ခဲ့တာကြောင့် ကလပ်အသင်းဟာ သင့်လျော်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဖော်ပြထားတာပါ။
လူကာကူဟာ ဘယ်လ်ဂျီယံအသင်း လူစာရင်းကနေ ထွက်ခွာပြီးကတည်းက နာပိုလီအသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်လ်ဂျီယံမှာ တစ်ဦးချင်း လေ့ကျင့်မှုတွေ ပြုလုပ်နေ ဖြစ်ပါတယ်။

လူကာကူကို တွေ့ရစဉ်
အဲ့ဒါကြောင့် လူကာကူဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ထံ ပြန်မလာဘူးဆိုရင် ပထမအသင်း လူစာရင်း ကနေ ချန်လှပ်ခံရနိုင်ကြောင်း သတိပေးခံထားရပါတယ်။
လူကာကူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် ဒီရာသီမှာ နာပိုလီအသင်းအတွက် ၇ ပွဲသာ ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ လည်း ရှိနေတာပါ။
လူကာကူက သူဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု ပြည့်ဝအောင် ပြုလုပ်ပြီး နာပိုလီနဲ့ ဘယ်လ်ဂျီယံ အသင်းတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးသွားချင်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တုန့်ပြန်ထားပါ တယ်။
လူကာကူဟာ နာပိုလီအသင်းမှာ ကစားတဲ့ ၂ ရာသီအတွင်း ၄၅ ပွဲ ကစားထားပြီး ၁၅ ဂိုးသွင်းယူကာ စီးရီးအေနဲ့ အီတလီစူပါဖလား ရရှိထားပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး သူတို့ရဲ့ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း အမေရိကန်နိုင်ငံမှာ ကစားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောခဲ့ပါတယ်။
အင်ဖန်တီနိုက “အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာပါ။ သူတို့ဟာ အလွန်တောင့်တင်းတဲ့ အသင်းဖြစ်တာကြောင့် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ပွဲစဉ်တွေကို မဲခွဲမှုအရ စီစဉ်ထားတဲ့အတိုင်း သူတို့ကစား ရမယ့် နေရာမှာ ကစားရမှာပါ”လို့ AFP ကို ပြောခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်-အစ္စရေးတို့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မရေမရာ ဖြစ်နေခဲ့တာပါ။
အီရန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက သူတို့ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားပွဲတွေကို အမေရိကန်နိုင်ငံကနေ မက္ကဆီကိုနိုင်ငံထံ ပြောင်းရွှေ့ပြီး ကစားဖို့ ဖီဖာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် အင်ဖန်တီနိုကတော့ အီရန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေကို စီစဉ်ထားတဲ့အတိုင်း အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရမယ်လို့ ပြောခဲ့တာပါ။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို တွေ့ရစဉ်
အီရန်အသင်းဟာ ဇွန်လ ၁၅ ရက်နဲ့ ၂၁ ရက်ကျရင် လော့စ်အိန်ဂျလိစ်မှာ နယူးဇီလန်နဲ့ ဘယ်လ်ဂျီယံ၊၂၆ ရက်မှာ အီဂျစ်အသင်းနဲ့ ဆီတဲလ်မှာ အုပ်စုပွဲတွေ ကစားသွားမှာ ဖြစ်ပါတယ်။
အီရန်အသင်းက ကော်စတာရီကာအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲကို တက်ရောက်ကြည့်ခဲ့တဲ့ အင်ဖန်တီနိုက သူဟာ အသင်းကို မြင်တွေ့ခဲ့သလို ကစားသမားတွေနဲ့ နည်းပြကို စကားပြောခဲ့ပြီး အရာအားလုံး အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ မိုဟာမက်နာဘီက သူတို့ဟာ ဖီဖာဆုံးဖြတ်တဲ့ အရာတွေကို လိုက်နာရမှာဖြစ်ပြီး အိမ်ရှင်နိုင်ငံတိုင်းဟာ ဖီဖာအပေါ် ကတိကဝတ်တွေရှိလို့ သူတို့ လေးစားရမယ်လို့ ပြောခဲ့တာပါ။
Source: BBC
- By CNI
- Category: အားကစား
- Hits: 276
CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁
အီတလီအသင်းဟာ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ် ဆက်တိုက် လွဲချော်သွားခဲ့ပါတယ်။
ချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားတဲ့ အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ကို ၃ ကြိမ်ဆက်တိုက် လွဲချော်တဲ့ ပထမဆုံး ချန်ပီယံဟောင်း အသင်းအဖြစ်လည်း မှတ်တမ်းဆိုး ရရှိခဲ့ပါတယ်။
ဒီပွဲမှာ အီတလီအသင်းဟာ မွိုက်စ်ကိန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၄၁ မိနစ်မှာ ဘာစတိုနီ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကစားသမား တစ်ဦးလျော့နဲ့ ကစားခဲ့ရတာပါ။
အီတလီအသင်းဟာ ပွဲချိန် ၇၉ မိနစ်မှာ ဘော့စနီးယားအသင်းကို ချေပဂိုး ခွင့်ပြုခဲ့ရတာကြောင့် ပွဲချိန်အတွင်း ၁ ဂိုး စီ သရေကျပြီး အချိန်ပို ယှဉ်ပြိုင်ခဲ့ရပါတယ်။

အီတလီအသင်းကို တွေ့ရစဉ်
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ဘော့စနီးယားအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အီတလီကစားသမားတွေနဲ့ နည်းပြဂတ်တူဆိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ငိုကြွေး ခဲ့ကြပါတယ်။
အီတလီအသင်း နောက်ခံလူ စပင်နာဇိုလာက သူတို့ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကို မယုံနိုင်သေးကြောင်းနဲ့ အားလုံးအတွက် စိတ်မကောင်းဖြစ်မိသလို အီတလီ ကလေးငယ်တွေဟာ အီတလီ မပါဝင်တဲ့ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ခုကို မြင်တွေ့ရဦးမယ်လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းနည်းပြ ဂတ်တူဆိုက ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ချင်ပြီး အခု အချိန်မှာ သူ့ရဲ့အနာဂတ် အကြောင်းပြောဖို့က အရေးမကြီးဘူးလို့ ပြောခဲ့တာပါ။
ဥရောပဇုန်ရဲ့ အခြား ပလေးအော့ဖ် ဗိုလ်လုပွဲတွေမှာ ဆွီဒင်အသင်းက ပိုလန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရပြီး ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါ့အပြင် တူရကီအသင်းက ကိုဆိုဗိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သလို ချက်အသင်းက ဒိန်းမတ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 446
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
ယူနိုက်တက်အသင်းဟာ နောက်ခံလူ မက်ဂွဲယားနဲ့ စာချုပ်သစ် ချုပ်ဖို့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းရဲ့လက်ရှိ စာချုပ်ဟာ ဇွန်လဆိုရင် ကုန်ဆုံးမှာပါ။
စာချုပ်သစ်အတွက် မက်ဂွဲယားရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူနိုက်တက်အသင်းကြား ဆွေးနွေးမှုတွေက အပြု သဘော ဆောင်တယ်လို့ ဖော်ပြထားတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ နှစ်ဖက်စလုံးက မျှော်လင့် နေပါတယ်။
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို ၂၀၂၇ ရာသီကုန်အထိရှိမယ့် ၁ နှစ် သက်တမ်းတိုးမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ အသင်းမှာ ဆက်ရှိမယ့် နောက်ထပ် တစ်ရာသီ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ပါဝင်မှာ ဖြစ်ပါတယ်။
နည်းပြကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့တဲ့ မက်ဂွဲယားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။

မက်ဂွဲယားနဲ့ ကိုဘီမေနူးကို တွေ့ရစဉ်
မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရလာခဲ့တာကြောင့် နည်းပြတူချယ်လ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံခဲ့ရပြီး ဥရုဂွေးအသင်းနဲ့ ခြေစမ်းပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။
ဒါပေမယ့် မက်ဂွဲယားဟာ နည်းပြတူချယ်လ်ရဲ့ ဦးစားပေး ဗဟိုနောက်ခံလူ မဟုတ်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ပါဝင်ဖို့သေချာမှု မရှိသေးတာပါ။
မက်ဂွဲယားဟာ ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ယူနိုက်တက်အသင်းဟာ မက်ဂွဲယားအပြင် ကိုဘီမေနူးကိုလည်း ကာလရှည် စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။
နည်းပြကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်ခွင့်ရခဲ့တဲ့ ကိုဘီမေနူးဟာ အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေသေးတာပါ။
ယူနိုက်တက်အသင်းကတော့ သူ့ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
နော်တင်ဟမ်ဖော်ရက်စ်အသင်း ကွင်းလယ်လူ အဲလီယော့အန်ဒါဆန်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ် နေတဲ့ ထင်ကြေးတွေကို လျစ်လျူရှုမယ်လို့ ကတိပြုခဲ့ပြီး ကလပ်အသင်းနဲ့ အင်္ဂလန်အသင်းအတွက် အောင်မြင်မှု ရရှိဖို့ကိုသာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
အဲလီယော့အန်ဒါဆန်က “နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကျနော့် မျက်လုံးတွေက ဒီအတွက် နဲ့ အင်္ဂလန်အတွက် ကစားပေးဖို့ကို အာရုံစိုက်ထားပါတယ်။ ကျနော်ဟာ တံဆပ်တပ် ထားပြီးသားဖြစ်လို့ အခု အချိန်မှာ ဒီအကြောင်းအရာကိုပဲ စဉ်းစားနေပါတယ်။ ကျနော်ဟာ ဖော်ရက်စ်နဲ့ ရာသီ အဆုံးသတ်ဖို့လည်း ရှိသေးလို့ ကျနော့်ရဲ့ စံနှုန်းတွေကို မြင့်အောင် ဆက်ထိန်းပြီး ပွဲထွက်လူစာရင်းထဲ သေချာအောင် လုပ်ရမယ်”လို့ ပြောခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ အင်္ဂလန်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည် တွေကြောင့် လာမယ့် နွေရာသီမှာ သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စား နေကြပါတယ်။
အန်ဒါဆန်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ အင်္ဂလန်အသင်းကြီးအတွက် ပွဲထွက်ခွင့် ရခဲ့ပေမယ့် ကမ္ဘာ့ဖလား လူစာရင်းထဲပါဝင်ဖို့ သေချာနေတာပါ။

အန်ဒါဆန်ကို တွေ့ရစဉ်
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ အန်ဒါဆန်ကို အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ တွဲဖက် ပြီး အသုံးပြုဖို့ ရှိနေတာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ လက်ရှိအချိန်မှာ အနာဂတ်ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ကိုသာ အာရုံစိုက်နေတာပါ။
ဒါ့အပြင် အန်ဒါဆန်က သူဟာ ကွင်းထဲမှာ အကောင်းဆုံး ပေးဆပ်ဖို့ကိုသာ ကြိုးစားပြီး ဝတ်ထားတဲ့ အင်္ကျီအတွက် တိုက်ပွဲဝင်သွားမှာလို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းကနေ ရောက်လာခဲ့တဲ့ အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ကစားထားတဲ့ ၂ ရာသီမှာ ပွဲပေါင်း ၈၃ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူထားတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အဲလီယော့အန်ဒါဆန်တို့ရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 268
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ခရိုအေးရှားအသင်းနဲ့ ကစားရမယ့် ခြေစမ်းပွဲမတိုင်မီ သူနဲ့ ရီးရယ်လ်အသင်းမှာ လက်တွဲခဲ့တဲ့ ကွင်းလယ်လူ မိုဒရစ်ကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “မိုဒရစ်ဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားဖြစ်လို့ ကွင်းထဲမှာရှိတဲ့ ဘယ်နေရာမှာမဆို သူကစားနိုင်ပါတယ်။ သူဟာ ကျနော် နည်းပြခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ အံ့မခန်းဖွယ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ပြီး သူဟာ ထူးခြားတဲ့ ကစားသမားလည်း ဖြစ်ပါ တယ်။ ကမ္ဘာပေါ်မှာ မိုဒရစ်လို ကစားသမားမျိုး မရှိပါဘူး”လို့ ပြောခဲ့တာပါ။
၂၀၁၈ Ballon d'Or ဆုရှင် မိုဒရစ်ဟာ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ အမှတ်ပေးဖလား ၄ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၂၈ ခု ရယူပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းမှာ ကစားနေတဲ့ အသက် ၄၀ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင် စွမ်း ရှိနေဆဲဖြစ်ပြီး လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ဖို့ ရှိနေပါတယ်။

မိုဒရစ်ကို တွေ့ရစဉ်
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ ပြင်သစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ခရိုအေးရှား အသင်း ကတော့ ကိုလံဘီယာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက သူတို့ဟာ တိုးတက်ဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ ဘာလုပ်ချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားတယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းကို မေလ ၁၈ ရက် မှာ ကြေညာဖို့ရှိနေပြီး ပထမဆုံးပွဲအတွက် ပွဲထွက်လူစာရင်းကို ရှင်းရှင်းလင်းလင်း သိထားသလို အပြီးသတ်လူ စာရင်းအတွက်လည်း အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 257
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁
အီတလီအသင်းနည်းပြ ဂတ်တူဆိုက ကမ္ဘာ့ဖလား ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဘော့စနီးယားမှာ သူ့အသင်း ရင်ဆိုင်ရမယ့် ကွင်းအခြေအနေနဲ့ ပရိသတ် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။
ဂတ်တူဆိုက “ဒါက ဆင်ခြေတွေပါ။ ကွင်းအခြေအနေ ဆိုးရွားရင် ၂ သင်းစလုံးအတွက် ဆိုးရွားမှာဖြစ်ပြီး ပွဲက တော့ ဆက်ကစားရမှာပါ။ ကွင်းကို ကျနော် မြင်တွေ့ပြီးပါပြီ၊ အဆင်ပြေပါတယ်။ ကွင်းထဲမှာ သူတို့ပြသခဲ့တဲ့ အရာတွေအတွက် ဘော့စနီးယားအပေါ် ကျနော်တို့ထားတဲ့ လေးစားမှုကကြီးမားပါတယ်။ ပရိသတ်တွေ အကြောင်းပြောရရင် သူတို့က ဂိုးတွေသွင်းတဲ့သူတွေ မဟုတ်ပါဘူး။ ကျနော့်အတွက် ဒီလိုမျိုးက ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ဖြစ်တဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဘော့စနီးယားအသင်းနဲ့ ဇီနီကာမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲမှာ မြောက်အိုင်ယာလန်အသင်းကို အနိုင်ရခဲ့ပြီး ဘော့စနီးယား အသင်းက ဝေးလ်စ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။

အီတလီအသင်းနည်းပြ ဂတ်တူဆိုကို တွေ့ရစဉ်
ဘော့စနီးယားမှာ ဆီးနှင်းနဲ့မိုးရွာသွန်းမှုကြောင့် ကွင်းအခြေအနေအပေါ် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြီးနောက် အီတလီအသင်းဟာ သူတို့ရဲ့ အစီအစဉ်တွေကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
အီတလီအသင်းနည်းပြ ဂတ်တူဆိုကတော့ ကွင်းအခြေအနေ စိုးရိမ်မှုတွေကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအဖြစ် အီတလီအသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဂတ်တူဆိုဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ နိုင်ငံအသင်းရဲ့ နည်းပြအဖြစ် စပယ်လက်တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး တာဝန်ယူခဲ့တာပါ။
ဂတ်တူဆိုက လက်ရှိ အသင်းကိုလည်း သူတို့အသင်းကလို ပြင်းထန်တဲ့ စိတ်ဓါတ်မျိုး မြင်တွေ့ချင်နေပြီး ဒါက ဘောလုံးသမိုင်းမှာ အရေးအကြီးဆုံး ရှုထောင့်လို့ ပြောခဲ့ပါတယ်။
ဘော့စနီးယားအသင်းခေါင်းဆောင် ဂျက်ကိုက အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက် လွဲချော်မယ့် ဖိအားတွေကို ခံစားနေရပြီး ဒါကို သူတို့ကြောက်နေကြတယ်လို့ ပြောခဲ့ပါတယ်။
ဘော့စနီးယားအသင်းဟာ ၂၀၁၄ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 284
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းက ဂိုးသမား စတီဂန်ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေရတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားဖို့ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။
နာဂယ်လ်စမန်းက “အခြေအနေအားလုံးကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်တဲ့အတွက် အခွင့်အရေးက အလွန် အလွန်ကို နည်းပါးပါတယ်။ သူဟာ တစ်နှစ်လောက် မကစားခဲ့ရသလို ထပ်ပြီးဒဏ်ရာ ရခဲ့ပါတယ်။ သူဟာ တစ်နှစ်လောက် အနားယူခဲ့ရတဲ့အတွက် ကစားချိန် အလွန်နည်းခဲ့ပါတယ်။ သူဟာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပေမယ့် သူကအခု ၂၁ နှစ်အရွယ် မဟုတ်တော့ပါဘူး။ ကျနော်တို့ အားလုံး စိတ်ရှည်ရပါမယ်”လို့ စတီဂန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဘာစီလိုနာအသင်း ဂိုးသမား စတီဂန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျီရိုနာ အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
ဒါဟာ စတီဂန်အတွက် နောက်ထပ်ဒဏ်ရာ ဆုတ်ယုတ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။

ဂိုးသမား စတီဂန်ကို တွေ့ရစဉ်
စတီဂန်နဲ့ စကားပြောဆိုမှုတွေရှိခဲ့တဲ့ နည်းပြ နာဂယ်လ်စမန်းက ဂိုးသမားဟာ အသင်းရဲ့ လူစာရင်းထဲ ပါဝင် နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့တာပါ။
စတီဂန်ဟာ ဂျာမနီအသင်းမှာ နံပါတ်တစ် ဂိုးသမား နူအာရဲ့ အရန်အဖြစ် နှစ်ပေါင်းများစွာကြာရှိခဲ့ပြီး နူအာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ အနားယူခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် စတီဂန်ဟာ ဂျာမနီအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာခဲ့ပေမယ့် ဒဏ်ရာနှိပ်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
နာဂယ်လ်စမန်းက စတီဂန်ဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် ဆက်ရှိနေတယ်လို့ ပြောထားခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။
ဂျာမနီအသင်းက ဆွစ်ဇာလန်အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဟော့ဖန်ဟိမ်းအသင်း ဂိုးသမား အိုလီဗာဘော်မန်းက အသင်းရဲ့ ပွဲထွက် ဂိုးသမားအဖြစ် ပါဝင်ခဲ့ရတာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 342
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
ကမ္ဘာ့ချန်ပီယံဟောင်း မေဝယ်သာက ပတ်ကွီအိုနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ မကျေပွဲဟာ သရုပ်ပြပွဲဖြစ်ပြီး ကျင်းပမယ့် နေရာကို မဆုံးဖြတ်ရသေးဘူးလို့ ပြောခဲ့ပါတယ်။
မေဝယ်သာက “လက်ရှိအထိတော့ ဘယ်နေရာမှာ ထိုးရမလဲဆိုတာ ကျနော်တို့ အတိအကျ မသိရသေးပါဘူး။ The Sphere က သူတို့ပြောခဲ့တဲ့ နေရာတွေထဲက တစ်ခုပါ၊ ဒါကြောင့် အဲ့ဒီနေရာမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်လာမလား ဆိုတာ ကျနော်တို့ မသိပါဘူး။ ပြီးတော့ ဒီပွဲက အမှန်တကယ် ထိုးသတ်မယ့်ပွဲ မဟုတ်ပါဘူး။ သရုပ်ပြပွဲပါ။ ဒါက သရုပ်ပြပွဲဖြစ်လို့ ကျနော်တို့ ၂ ဦးစလုံးက အနိုင်ရတဲ့သူတွေပါ။ ကျနော်တို့ ကောင်းမွန်တဲ့ ဖျော်ဖြေပွဲ ပြုလုပ်ပေး သွားမှာပါ”လို့ Vegas Sports ကိုပြောခဲ့တာပါ။
အသက် ၄၉ နှစ်အရွယ်ရှိ မေဝယ်သာနဲ့ ၄၇ နှစ်အရွယ်ရှိ ပတ်ကွေအိုတို့ဟာ လာမယ့် စက်တင်ဘာလကျရင် Las Vegas ရှိ the Sphere မှာ ထိုးသတ်ကြမယ်လို့ ဖေဖော်ဝါရီလထဲ ကြေညာခဲ့ပါတယ်။
ဒီပွဲကို Netflix က တိုက်ရိုက် ထုတ်လွှင့်ပြသသွားမယ်လို့လည်း ကြေညာထားတာပါ။

ပတ်ကွီအိုနဲ့ မေဝယ်သာကို တွေ့ရစဉ်
မေဝယ်သာနဲ့ပတ်ကွီအိုတို့ဟာ ၂၀၁၅ ခုနှစ်၊ မေလက ထိုးသတ်ခဲ့တာမှာ မေဝယ်သာက အနိုင်ရခဲ့တဲ့အတွက် သူတို့နှစ်ဦး မကျေပွဲ ထိုးမယ့်ပွဲကို လူအများအပြားက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် မေဝယ်သာက ဒီပွဲဟာ သရုပ်ပြပွဲဖြစ်မယ်လို့ ပြောလာခဲ့တာပါ။
မေဝယ်သာဟာ MMA ဖိုက်တာမက်ဂရီဂေါနဲ့ ၂၀၁၇ ခုနှစ်မှာ ထိုးသတ်ခဲ့တဲ့ပွဲဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံး ထိုးခဲ့တဲ့ပွဲဖြစ်ပါတယ်။
မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၅၀ ထိုးသတ်ခဲ့တာမှာ ၅၀ စလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိခဲ့တာ ပါ။
မေဝယ်သာဟာ မက်ဂရီဂေါနဲ့ ပွဲပြီးကတည်းက သရုပ်ပြပွဲတွေ ထိုးသတ်နေခဲ့တာဖြစ်ပြီး မကြာသေးမီကမှ အနား ယူတာကနေ ကြိုးဝိုင်းထဲ ပြန်လာမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
Source: CNA
