- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ထံလာဖို့ စိတ်အား ထက်သန်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ဂေါ်ရက်ဇ်ကာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာ မယ်လို့ ကြေညာထားတာပါ။
အက်သလက်တီကိုအသင်းကလည်း ဂေါ်ရက်ဇ်ကာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် သူကတော့ ရာသီကုန်ချိန်မှသာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။
BILD က အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့ ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲလို့ ဖော်ပြထားတာပါ။

ဂေါ်ရက်ဇ်ကာကို တွေ့ရစဉ်
အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားနေတဲ့အတွက် ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာအပြီးမှာ ရွေးချယ်စရာတွေ အများကြီး ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဂေါ်ရက်ဇ်ကာက သူ့ရဲ့ကစားပုံ စတိုင်ဟာ ပရီးမီးယားလိဂ်နဲ့ အဆင်ပြေမယ်လို့ ယုံကြည်မှုရှိနေပါတယ်။
BILD က ဂေါ်ရက်ဇ်ကာဟာ နွေရာသီမှာ အနားယူပြီးရင် သူပြောင်းရွှေ့မယ့်အသင်းကို ရှာဖွေဖို့ ဆုံးဖြတ်ထားသလို အင်္ဂလန်က သူအနှစ်သက်ဆုံး နေရာတစ်ခု ဖြစ်တဲ့အတွက် အာဆင်နယ်အသင်းအပြင် အခြားရွေးချယ် စရာတွေ လည်း ရှိနိုင်တယ်လို့ ပြောထားပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၈ ရာသီကြာရှိခဲ့ပြီး ဘွန်ဒက်လီဂါဖလား ၆ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခုရယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 357
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ပြီးခဲ့တဲ့ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲမတိုင်မီ သွေးပူလေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်အတွင်း အာဆင်နယ်အသင်းဟာ လေးစားမှု မရှိခဲ့ဘူးလို့ ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာက စွပ်စွဲခဲ့ပြီးနောက် အာတီတာက တောင်းပန်ခဲ့ပါတယ်။
အာတီတာက “ကျနော် မသိပါဘူး၊ ဒါက သူ့ရဲ့အမြင်ပါ။ ကျနော်တို့ဟာ လူတိုင်းကို လေးစားမှု ရှိပါတယ်။ ကျနော် တို့ထဲက တစ်ဦးက သူတို့ဘက် ရောက်သွားတယ်ဆိုရင်တော့ ကျနော် တောင်းပန်ပါတယ်။ ဂိုးသမားတွေက အဝေး ဘော ကန်ရတာကြောင့်လည်း ဒီလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်တဲ့ အတွက် မှတ်ချက် မပေးချင်ပါဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်အသင်းဘက်က သူတို့ဘက်အခြမ်းကို ကျော်ပြီး လေ့ကျင့်မှု ပြုလုပ်နေတာကြောင့် ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာက ကိုယ့်ဘက်အခြမ်းမှာ ကိုယ်လေ့ကျင့်မှု ပြုလုပ်ဖို့ ပြောနေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ရိုစီနီယာက အာဆင်နယ်အသင်းရဲ့ လုပ်ဆောင်မှုကြောင့် သူတို့ရဲ့ သွေးပူ လေ့ကျင့်မှုကို ထိခိုက်စေခဲ့ပြီး လေးစားမှု ကင်းမဲ့ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ကိုင်ဟာဗက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဆာလောင် မှု၊ ကတိကဝတ်တွေနဲ့ ကစားသွားမှာဖြစ်ပြီး ဒီလိုမျိုးသာလုပ်နိုင်ရင် အသင်းဟာ ပွဲတိုင်းအနိုင်ရဖို့ ကြီးမားတဲ့ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။
ကြွက်သားဒဏ်ရာ ခံစားနေရတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ လာမယ့်ရက် အနည်းငယ်အတွင်း ပြန် ကစားနိုင်မှာဖြစ်ပြီး တင်ဘာနဲ့ဆာကာတို့ ဆန်းဒါးလန်းအသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 218
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ရာသီကုန်ပြီးနောက် အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိချင်တဲ့ သူ့ရဲ့ဆန္ဒကို ပထမဆုံးအကြိမ် အရိပ်အမြွက် ပြောခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “ကျနော်ဒီမှာ လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို အပြည့်အဝ သိပါတယ်။ ကျနော်တို့ဟာ အောင်မြင်မှု ရယူချင်ပါတယ်။ ရာသီကုန်ပြီးနောက်မှာ ကျနော်ဟာ အသင်းကို အောင်မြင်မှု ရစေချင်ပါတယ်၊ ကျနော်နဲ့ ဖြစ်ဖြစ်၊ တခြား တစ်ဦးနဲ့ဖြစ်ဖြစ်ပေါ့။ ဒီအဆင့်မှာ ကျနော်ဒါကို မထိန်းချုပ်နိုင် သေးတဲ့အတွက် ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အသင်းကို တိုးတက်အောင် ကြိုးစားပြီး ယူနိုက်တက်ကို ပိုအားကောင်းအောင်လုပ်ရမယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ မန်စီးတီး၊ အာဆင်နယ်၊ ဖူလ်ဟမ်အသင်းတို့နဲ့ ကစားထားပြီး ၃ ပွဲစလုံး နိုင်ပွဲရရှိထားတာပါ။
ဒီရလဒ်တွေကြောင့် မိုက်ကယ်ကာရစ်ဟာ ရာသီအကုန်မှာ ခန့်အပ်မယ့် ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြ ရာထူးအတွက် ရေပန်းစားလာခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
မိုက်ကယ်ကာရစ်ကတော့ ရေတိုရလဒ်တွေက အမြဲတမ်း နည်းပြရာထူးအတွက် ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူး လို့ ယုံကြည်နေပြီး လက်ရှိအချိန်မှာ ကိုယ်လုပ်ရမယ့် အရာတွေကို အာရုံစိုက်ရမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ၄ ရက်အတွင်းမှာ စပါး၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ကစားဖို့ ရှိနေပါတယ်။
မန်ချက်စတာကလပ်ဟာ FA ဖလားကနေ ထွက်ခွာထားရလို့ ဒီပွဲတွေပြီးရင် ၁၂ ရက်ကြာ အနားယူရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ ဒိန်းမတ် နောက်ခံလူ ဒေါ်ဂူဟာ ၁၀ ပတ်ကြာ အနားယူရနိုင်တယ်လို့ မိုက်ကယ်ကာရစ်က အတည်ပြုခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 234
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က ရွှေဘောလုံးဆုဆိုတဲ့ တစ်ဦးချင်းဆုတွေထက် အသင်းလိုက် ရရှိမယ့် ဆုဖလား အောင်မြင်မှုတွေကို ပိုပြီးနှစ်သက်တယ်လို့ Mundo Deportivo နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ယာမဲလ်က “ရွှေဘောလုံး ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကျနော် မစဉ်းစားပါဘူး။ ဒါက ဆုတစ်ခုသာဖြစ်ပြီး စဉ်းစား ကြည့်မယ်ဆိုရင် အဖြေရမှာ မဟုတ်ပါဘူး။ ဒါက အနိုင်ရတာရယ်၊ ကစားတဲ့ပုံစံနဲ့ မဲပေးတဲ့အပေါ်မှာ မူတည်ပါ တယ်။ ကျနော်ကတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး ဘာစီလိုနာ၊ စပိန် လက်ရွေးစင်အသင်းတို့နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူချင်တယ်”လို့ ပြောခဲ့တာပါ။
ယာမဲလ်ဟာ ၂၀၂၅ Ballon d’Or မဲပေးမှုမှာ ဒုတိယနေရာခဲ့ပြီး အနာဂတ်မှာ ဒီဆုကို ရယူနိုင်မယ့်သူအဖြစ် ဖော်ပြခြင်း ခံနေရတာ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်မှာ ဘာစီလိုနာ အသင်းကြီးအတွက် ပွဲဦးထွက်ခွင့် ရခဲ့တဲ့ ယာမဲလ်ဟာ အသင်းဂန္ထဝင် မက်ဆီနဲ့ နှိုင်းယှဉ်ခံရတဲ့အထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေတာပါ။

ယာမဲလ်ကို တွေ့ရစဉ်
Kopa Trophy နဲ့ Golden Boy ဆုတို့ကို ရယူနိုင်ခဲ့တဲ့ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား အပါအဝင် ပြည်တွင်းဖလားတွေ၊ စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုတို့ကိုလည်း ရယူထားပါတယ်။
ဒါ့ပြင် ယာမဲလ်က သူ့ရဲ့ကိန်းဂဏန်းတွေကို အလွန်အမင်း အလေးမပေးဖို့နဲ့ ကောင်းမွန်စွာ ကစားနိုင်ချိန်မှာ ဂိုးမသွင်းနိုင်သလို ဂိုးသွင်းနိုင်တဲ့အချိန်မှာ ကောင်းမွန်စွာ မကစားနိုင်တဲ့ ပွဲတွေရှိတယ်လို့ ပြောခဲ့ပါတယ်။
အဲ့ဒါကြောင့် အသင်းအနိုင်ရဖို့အတွက် ကောင်းမွန်စွာ ကစားချင်တဲ့ပုံစံကို ဆက်ပြီး ထိန်းထားချင်တယ်လို့လည်း ယာမဲလ်က ပြောခဲ့ပါတယ်။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၉ ပွဲ ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နာပိုလီအသင်းဟာ အဓိကကွင်းလယ်လူ တိုမီနေးကို ခေါ်ယူဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ရောက်လာနိုင်တဲ့ အတွက် သူ့ရဲ့ကလပ် အနာဂတ်အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက တိုမီနေးဟာ နာပိုလီအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။
ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်း စီးရီးအေဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ တိုမီနေး ဟာ အသင်းအတွက် လိဂ်ပြိုင်ပွဲမှာ ၁၂ ဂိုးသွင်းခဲ့ပြီး စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါ တယ်။
နာပိုလီအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အင်တာမီလန်အသင်းနဲ့ အမှတ်ကွာဟနေပေမယ့် တိုမီနေးကတော့ ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုးသွင်းပြီး နောက်ထပ် ကောင်းမွန်တဲ့ ရာသီကို ဖြတ်သန်းနေတာပါ။
တိုမီနေးဟာ စကော့တလန်အသင်းကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးထား နိုင်ခဲ့ပါတယ်။

တိုမီနေးကို တွေ့ရစဉ်
တိုမီနေးရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
နာပိုလီအသင်းရဲ့ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ ဂျီယမ်မာရီယိုလီက ဒါဟာ ကလပ် အသင်းအတွက် စိုးရိမ်စရာဖြစ်ပေမယ့် အခြားနေရာ တစ်ခုထံ ကြီးမားတဲ့ အပြောင်းအရွှေ့နဲ့ သူပြောင်းရွှေ့ခဲ့မယ် ဆိုရင် တိုမီနေးကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းနည်းပြ ကွန်တီက တိုမီနေးဟာ တစ်နှစ်ခွဲအတွင်းမှာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တိုမီနေးဟာ နာပိုလီအသင်းအတွက် ၆၉ ပွဲ ကစားထားပြီး ၂၂ ဂိုးသွင်းယူကာ စီးရီးအေဖလားနဲ့ အီတလီစူပါဖလား တို့ကို ရယူထားနိုင်ခဲ့ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 356
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အတွက် အင်္ဂလိပ် ဘောလုံးလိဂ်က သူတို့ကို ၆ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဒီရမှတ်လျှော့မှုဟာ ချက်ချင်း သက်ရောက်ခဲ့တဲ့အတွက် လက်စတာအသင်းဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ ကနေ အဆင့် ၂၀ ကို ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွမ်းအသင်းနဲ့ ရမှတ်တူသွားခဲ့ ပါတယ်။
လက်စတာအသင်းဟာ အကျိုးအမြတ်နဲ့ ရေရှည်တည်တံမှု (PSR) ကို ချိုးဖောက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်း ခံခဲ့ရပြီးနောက် အခုလို ရမှတ်လျှော့ခံခဲ့ရတာပါ။
လက်စတာအသင်းဟာ ၂၀၂၃-၂၄ ခုနှစ်အထိ ၃ နှစ်တာ အကဲဖြတ်ကာလအတွင်းမှာ PSR ကန့်သတ်ချက်ကို ပေါင် ၂၀.၈ သန်းနဲ့ ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့ပြင် လက်စတာအသင်းဟာ တောင်းဆိုတဲ့အခါတိုင်း သူတို့ရဲ့ နှစ်စဉ်စာရင်းတွေကို လိဂ်ထံပေးဖို့ ပျက်ကွက်မှု တွေအတွက် ပရီးမီးယားလိဂ် စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က တွေ့ရှိခဲ့တာပါ။

လက်စတာအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လက်စတာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြကို ထုတ်ပယ်ပြီးချိန်မှာ နောက်ထပ် ဆိုးရွားမှုကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လက်စတာအသင်းကတော့ ဒီဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်းနဲ့ မျှတမှုမရှိဘူးလို့ တံဆိပ်ကပ်ခဲ့တာပါ။
ဒါ့ပြင် လက်စတာအသင်းဟာ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ ပြန်သုံးသပ်နေပြီး ရရှိနိုင်တဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အန်ဒီကင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတဲ့ လက်စတာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဘာမင်ဂမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
အပြောင်းအရွှေ့ အသုံးစရိတ် အငြင်းပွားမှုတွေကြောင့် အယ်လ်နာဆာအသင်းမှာ အနာဂတ် မရေမရောဖြစ်နေတဲ့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုကို ဆော်ဒီပရိုလိဂ်က သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ကမှ အသက် ၄၁ နှစ်ပြည့်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အယ်လ်နာဆာအသင်း ရဲ့ လှုပ်ရှားမှု အားနည်းတဲ့အပေါ် စိတ်ပျက်နေတာပါ။
အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ အယ်လ်ရီယက်ဒ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်နာဆာအသင်း အတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ရော်နယ်လ်ဒိုဟာ ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ကလပ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးမယ်ဆိုပြီး အာမခံချက် မရခဲ့တာကြောင့် နောက်ထပ် ဆော်ဒီပရိုလိဂ်ပွဲကိုပါ ပွဲကစားဖို့ ငြင်းဆန်နေတယ်လို့ ESPN က ဖော်ပြထားတာပါ။
အယ်လ်နာဆာအသင်းကတော့ ရော်နယ်လ်ဒိုကို အယ်လ်အစ်တီဟတ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့် နေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဖော်ဟောင်း ဘန်ဇီမာဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခဲ့တဲ့ PIF ကို ရော်နယ်လ်ဒိုရဲ့ စိတ်ပျက်မှု ပိုကြီးထွား ခဲ့တာပါ။
ဘန်ဇီမာကတော့ အယ်လ်ဟီလယ်အသင်းအတွက် ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြသသွားခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အသင်းတိုင်းဟာ တူညီတဲ့ စည်းမျဉ်းတွေအောက်မှာ လွတ်လပ်စွာ လည်ပတ်နေကြပြီး လူသစ်စုဆောင်းမှု၊ သုံးစွဲမှုနဲ့ မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေက ဒီကလပ် အသင်း တွေနဲ့အတူ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဘယ်လောက်ပဲ အရေးကြီးတဲ့ သူဖြစ်ဖြစ် တစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင် ကလပ်ထက် ကျော်လွန်ပြီး ဆုံးဖြတ်ချက်တွေကို မဆုံးဖြတ်ကြဘူးလို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြီးမားတဲ့ အားဖြည့်မှု မလုပ်နိုင်ခဲ့ပေမယ့် နွေရာသီမှာ ရော်နယ်လ်ဒိုကို စာချုပ်သစ် ချုပ်ခဲ့သလို ဂျာအိုဖီးလစ်နဲ့ ကိုးမန်းတို့လို နာမည်ကြီးတွေကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 236
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
အသင်းလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း လင်ဂတ်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တဲ့ အသင်းတွေထဲမှာ နယ်သာလန်ထိပ်သီး ဖီယင်နုအသင်းလည်း ပါဝင်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဒီရက်သတ္တပတ် အကုန်မှာ သူပြောင်းရွှေ့မယ့် အသင်းကို ဆုံးဖြတ်ချက် ချနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၆၇ ပွဲကစားပြီး ၁၉ ဂိုးသွင်းယူကာ ဒီဇင်ဘာလမှာ FC ဆိုးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ လင်ဂတ်ကို အင်္ဂလန်၊ အီတလီနဲ့ နယ်သာလန် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဝက်စ်ဟမ်း၊ ဝုလ်ဗ်စ်နဲ့ ဂျီနိုအာအသင်းတို့ဟာ အင်္ဂလန် ကွင်းလယ်လူဟောင်းကို ခေါ်ယူနိုင်မယ့် ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

လင်ဂတ်ကို တွေ့ရစဉ်
ဖီယင်နုအသင်းကို လင်ဂတ်ရဲ့ယူနိုက်တက် အသင်းဖော်ဟောင်း ဗန်ပါစီ ကိုင်တွယ်နေပြီး သူဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးမှုတွေ ခံနေရပါတယ်။
လင်ဂတ်ဟာ ရှေ့တန်းရဲ့ နေရာစုံမှာ ကစားနိုင်ပြီး အတွေ့အကြုံရှိတဲ့ သူလည်းဖြစ်သလို တစ်ဦးချင်း လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးဖြစ်အောင် ထိန်းထားနေတာပါ။
အင်္ဂလန် ကွင်းလယ်လူဟောင်းဟာ အပြောင်းအရွှေ့ အပြင်ဘက်မှာ အလွတ်နဲ့ရမယ့် ရွေးချယ်စရာ အနည်းငယ် ထဲက တစ်ဦးဖြစ်တာကြောင့် ဗန်ပါစီက သူ့ကိုခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ လင်ဂတ်ဟာ အသင်းကြီးအတွက် ပွဲပေါင်း ၂၃၀ ကျော် ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူကာ FA ဖလား၊ ကာရာဘောင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ၁ ကြိမ်စီ ရယူနိုင် ခဲ့တာပါ။
လင်ဂတ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ ပေမယ့် တစ်ရာသီကြာသာ ကစားခဲ့ပြီး FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 193
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဒုဥက္ကဋ္ဌ မီဒီနာက ကလပ်ဟာ ၂၀၂၇ ခုနှစ်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
မီဒီနာက “ကျနော်တို့ဟာ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်မှာ မက်ဆီကို နယူးဝဲလ်အသင်းအတွက် ကစားပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ ဒါက နယူးဝဲလ်ထက် ကျော်လွန်တဲ့ စီမံကိန်းဖြစ်ပြီး ရိုဆာရီယိုမြို့၊ ပြည်နယ်နဲ့ အာဂျင်တီးနားဘောလုံးအတွက် စီမံကိန်းတစ်ခုပါ။ မက်ဆီရဲ့အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ရှိထားပေမယ့် ဆုံးဖြတ်ချက်မချရသေးဘူး”လို့ TN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
မက်ဆီဟာ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းမှာ ၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်အထိ လူငယ် ကစားသမားဘဝ ဖြတ်သန်း ခဲ့ပြီး ဘာစီလိုနာလူငယ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် သူ့ရဲ့ငယ်ဘဝ ကလပ် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းနဲ့ ချိတ်ဆက်မှုတွေတော့ ရှိနေပါတယ်။

မက်ဆီကို တွေ့ရစဉ်
နယူးဝဲလ်အသင်းနည်းပြ ဖာဘီယိုက သူ အပါအဝင် ဒီမှာရှိတဲ့လူတိုင်းက မက်ဆီကို သူ့ကလပ်နဲ့သူ့မြို့မှာ သူကစား ခွင့်ရရင် အလွန်ကောင်းမှာပဲဆိုပြီး တွေးနေကြတယ်လို့ ပြီးခဲ့တဲ့လက ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နယူးဝဲလ်အသင်းဒုဥက္ကဋ္ဌ မီဒီနာရဲ့ မှတ်ချက်ကြောင့်လည်း မက်ဆီဟာ မေဂျာလိဂ် ရာသီကုန်ချိန်အတွင်းမှာ အာဂျင်တီးနားကလပ်ထံ အငှားနဲ့ လာကစားနိုင်ဖွယ် ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အရင်ကတည်းက ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် မက်ဆီ ကတော့ သူ့ရဲ့ငယ်ဘဝ ကလပ်ထံ ပြန်သွားဖွယ် ရှိ/မရှိကို လူသိရှင်ကြား ထုတ်ပြောထားခြင်း မရှိတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 225
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောင်းလဲပေးမယ်ဆိုတဲ့ အာမခံချက် မရခဲ့တာကြောင့် သူ့ရဲ့ ရပ်တည် ချက်ကို ဆက်ထိန်းသိမ်းတဲ့ အနေနဲ့ ၂ ပွဲဆက်တိုက် အသင်းရဲ့ပွဲကို ပါဝင်ဖွယ်မရှိဘူးလို့ ESPN က ဖော်ပြထားပါ တယ်။
လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပြောင်းလဲမှုတွေ မပြုလုပ်နိုင်ဘူးဆိုရင် ရော်နယ်လ်ဒိုဟာ ဇွန်လမှာ ထွက်ခွာဖို့ တောင်းဆိုမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲမှာ PIF ကို ဆန့်ကျင်တဲ့အနေနဲ့ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
PIF ဟာ အယ်လ်နာဆာအသင်းကို လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပေးဘဲ သူတို့ရဲ့ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းကို အားသာအောင် ပြုလုပ်ပေးနေတာကြောင့် ရော်နယ်လ်ဒိုက စိတ်ပျက်နေတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ အယ်လ်ဟီလယ်အသင်းထံ ဘန်ဇီမာ မပြောင်းရွှေ့အောင် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအပြောင်းအရွှေ့က မျှတမှုမရှိသလို ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲပါဝင် မကစားခဲ့ပေမယ့် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ သူ့ရဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်နာဆာအသင်းရဲ့ တရားဝင် X ဆိုရှယ်မီဒီယာမှာတော့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်နဲ့ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်တွေ လေ့ကျင့်နေတဲ့ပုံတွေသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိပေမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာနိုင်တဲ့ အချက်ရှိနေတယ်လို့ သိရပါတယ်။
ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲ ကစားထားပြီး ၁၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းတချို့နဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေပါတယ်။
Source: ESPN
