- By CNI
- Category: အားကစား
- Hits: 277
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
ဂရိထိပ်သီးကလပ် ပါနာသီနိုင်ကို့စ်အသင်းဟာ စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ် ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ဗလင်စီယာ၊ ရီးရယ်လ်၊ အင်တာမီလန်၊ နာပိုလီ၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ သူ့ရဲ့နည်းပြဘဝ ၁၇ သင်းမြောက် အသင်းအဖြစ် ပါနာသီနိုင်ကို့စ်အသင်းကို ကိုင်တွယ် တော့မှာပါ။
ဘင်နီတက်ဇ်ဟာ ပါနာသီနိုင်ကို့စ်အသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ခဲ့ပြီး သူဟာ ဂရိလိဂ်မှာ စံချိန်တင်နည်းပြ လုပ်ခလစာ ပေါင် ၃.၄၇ သန်း ရရှိမယ်လို့ ဒတ်ချ်သတင်းစာ De Telegraaf က ဖော်ပြထားပါတယ်။
ပါနာသီနိုင်ကို့စ်အသင်းဟာ အိုလံပီယာကို့စ်အသင်းပြီးရင် ဂရိမှာ ဒုတိယမြောက် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး လိဂ်ဖလားအကြိမ် ၂၀ ၊ ပြိုင်ပွဲစုံ ဆုဖလား အားလုံးပေါင်း ၄၄ ခု ရရှိထားကာ ထိပ်တန်းလိဂ်ကနေ တန်းဆင်း ဖူးခြင်း မရှိတာဖြစ်ပါတယ်။

ဘင်နီတက်ဇ်ကို တွေ့ရစဉ်
ပါနာသီနိုင်ကို့စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေပြီး လိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်သာ ရရှိကာ ထိပ်ဆုံးနေရာက PAOK အသင်းနဲ့ ၈ မှတ်ကွာဟနေတာပါ။
တစ်ပွဲကစားဖို့ ကျန်ရှိနေတဲ့ ပါနာသီနိုင်ကို့စ်အသင်းဟာ ဂရိစူပါလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ပါနာသီနိုင်ကို့စ်အသင်းဟာ လိဂ်ဖလားကို အကြိမ် ၂၀ အထိ ရရှိထားပေမယ့် ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ဒီဆုဖလားနဲ့ ဝေးကွာနေတာပါ။
ဂရိစူပါလိဂ်ကို ပြန်လည် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ပါနာသီနိုင်ကို့စ်အသင်းဟာ နည်းပြဘဝမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဗလင်စီယာအသင်းနဲ့ လာလီဂါဖလား ၂ ကြိမ်၊ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား၊ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက ဆယ်လ်တာဗီဂိုအသင်းကနေ ထုတ်ပယ် ခံရပြီးနောက်ပိုင်း နည်းပြလောကနဲ့ ဝေးကွာခဲ့ပြီး အခုအချိန်မှာ ပါသီနိုင်ကို့စ်အသင်းနဲ့အတူ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
အင်္ဂလန်တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်က လက်ရှိရာသီထက် ကျော်လွန်ပြီး ဘာစီလိုနာအသင်းမှာ ဆက်နေ ချင်တယ်လို့ ယူနိုက်တက်အသင်းကို ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဘာစီလိုနာအသင်းမှာ ဆက်နေချင်တယ်ဆိုတာ သေချာပါတယ်။ ဒီဘောလုံးအသင်းကို ကျနော် နှစ်သက်ပြီး ဘောလုံးကို ချစ်တဲ့သူတိုင်းအတွက် ဘာစီလိုနာအသင်းဟာ ဘောလုံးသမိုင်းမှာ အဓိက အသင်း တွေထဲက တစ်သင်းလို့ ကျနော်ထင်ပါတယ်။ ကစားသမားတစ်ဦးအတွက် ဒါကဂုဏ်ယူစရာပါပဲ”လို့ ESPN ကို ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး လာမယ့် နွေရာသီမှာ ပေါင် ၂၈ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြူလုပ်ပြီး ခြေစွမ်းပြသနေတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းက သူ့ကို အပြီးသတ် ခေါ်ယူဖွယ် ရှိ/မရှိကို ရာသီကုန်ခါနီးမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ အထိ စာချုပ်ရှိနေပေမယ့် နည်းပြအာမိုရင် လက်ထက်မှာ အသင်း အတွက် ပြန်လည်ကစားပေးဖို့ အခွင့်အရေး မရှိတော့တာပါ။
ရက်ရှ်ဖို့ဒ်က သူဟာ အသက် ၇ နှစ် အရွယ်ကတည်းက ယူနိုက်တက်အသင်းမှာ ရှိခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘဝကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ၄၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၈ ဂိုးသွင်းယူကာ FA ဖလား၊ ကာရာဘောင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 251
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗေးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမတိုင်မီမှာ အသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ် အကြီးအကဲ ဒွန်ဂါဘာက ချီးမြှင့်တဲ့ ၂၀၂၅ လိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို လက်ခံရရှိခဲ့ပါ တယ်။
၂၀၂၅ မေဂျာလိဂ်ပြိုင်ပွဲမှာ ၂၈ ပွဲ ကစားပြီး၂၉ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ပထမဆုံးအကြိမ် မေဂျာလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။
မက်ဆီဟာ မကြာသေးမီက အင်တာမိုင်ယာမီအသင်းမှာ ၂၀၂၈ မေဂျာလိဂ် ရာသီကုန်အထိ ရှိမယ့် ၃ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
မက်ဆီဟာ သွင်းဂိုးတွေအပြင် ဂိုးဖန်တီးမှု ၁၉ ကြိမ်လည်း ပြုလုပ်ထားတာကြောင့် မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရရှိဖို့လည်း ရေပန်းစားနေပါတယ်။

မက်ဆီကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်၊ ဇူလိုင်က အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ အသင်းကို ၂၀၂၃ လိဂ်ဖလား၊ ၂၀၂၄ Supporters' Shield တို့ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း မက်ဆီဟာ ၂၀၂၄ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် အတွက်ပါ ထပ်ပြီး ရယူနိုင်မယ်ဆိုရင် ဒီဆုကို ၂ နှစ် ဆက်တိုက် ရရှိတဲ့ ပထမဆုံး မေဂျာလိဂ် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗေးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ဖလား Round 1 ပွဲစဉ်ရဲ့ ပထမပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ နက်ရှ်ဗေးလ်အသင်းနဲ့ နောက်ထပ် ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရခဲ့ရင် အရှေ့ပိုင်းဇုန် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 244
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ ပြောခဲ့ တဲ့ မှတ်ချက်တွေကို သူဂရုစိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က ပွဲစဉ်အပြီးမှာ လီဗာပူးလ် အသင်းနည်းပြ အာနီဆလော့က ခံစစ်ပိတ်ပြီး အဝေးဘောတွေနဲ့ ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတာဟာ အမြဲတမ်း ခက်ခဲတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာနီဆလော့ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အာမိုရင်က “လီဗာပူးလ်အသင်းနဲ့ပွဲက ပြီးသွားပါပြီ၊ ဒါကို ကျနော် မှတ်ချက် မပေးချင်ပါဘူး။ ဒါက အရေးမကြီးတော့ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာ ဘာတွေ ဖြစ်လာမလဲဆိုတာသာ အရေးကြီးပါတယ်။ ဆလော့ ပြောတဲ့ အရာတွေကိုရော လူတွေက ကျနော်တို့ အသင်းအကြောင်း ပြောနေတာတွေ ကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော့်အသင်းကို ကျနော် အကဲဖြတ်မှုတွေ ပြုလုပ်နိုင်ပြီး ဘောလုံးနဲ့ ပိုပြီးကောင်း အောင် ကစားဖို့လိုတယ်ဆိုတာ ကျနော်သိပါတယ်”လို့ ပြောခဲ့တာပါ။

အာနီဆလော့ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲ ဆက် အနိုင်ရခဲ့ပြီးနောက် ၃ ပွဲဆက် နိုင်ပွဲအဖြစ် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာပါ အနိုင်ယူနိုင်ဖို့ မျှော်လင့်နေပါ တယ်။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲအထိ အရေး နိမ့်ခဲ့ပြီး ၁ ပွဲသာ အနိုင်ရခဲ့ကာ ရလဒ်ဆိုးတွေ ကြုံတွေ့ထားရတာပါ။
ဘရိုက်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ယူနိုက်တက်အသင်းထက် ၁ မှတ် လျော့နည်းပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေကာ ယူနိုက်တက်အသင်းက အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ မာ့ခ်ဂူဟီရဲ့ ကိုယ်စားလှယ်တွေဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။
မာ့ခ်ဂူဟီဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပဲလေ့စ်အသင်းဘက်က သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေတာ အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ ပိတ်ပင်ခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပေမယ့် ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ် ကုန်ဆုံးမယ့် မာ့ခ်ဂူဟီရဲ့ အပြောင်းအရွှေ့ ထင်ကြေးတွေဟာ အခုအချိန်ထိ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက အင်္ဂလန်နောက်ခံလူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ် သစ် ချုပ်ဆိုဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ ပြောခဲ့တာကြောင့် မာ့ခ်ဂူဟီဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်ဆိုတာ သေချာနေပါတယ်။
မာခ့်ဂူဟီဟာ လာမယ့် ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးမှုတွေ ပြုလုပ်လို့ ရမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အချို့က စောင့်ကြည့်နေ တာပါ။

မာ့ခ်ဂူဟီကို တွေ့ရစဉ်
ဂျာမန်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဖလော်ရီယန်က မာ့ခ်ဂူဟီရဲ့ ကိုယ်စားလှယ်တွေဟာ အခုအပတ်ထဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့အတွက် တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အူပါမီကာနိုနဲ့ ကင်မင်ဂျေးတို့ထဲက တစ်ဦးကို ဆုံးရှုံးရဖွယ်ရှိနေတဲ့အတွက် ဗဟို နောက်ခံလူ တစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး ဒေါ့မွန်အသင်း နောက်ခံလူ ရှလိုတာဘက်လည်း သူတို့ရဲ့ပစ်မှတ်ထဲမှာ ပါဝင်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ မာ့ခ်ဂူဟီကို ခေါ်ယူနိုင်ဖို့အတွက် ရီးရယ်လ်၊ လီဗာပူးလ်အသင်းတို့နဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေပြီး လီဗာပူးလ်အသင်းဟာ သူ့ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့တောင် ကြိုးစားလာနိုင်တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မာ့ခ်ဂူဟီကို ရာသီကုန်မှာ အလွတ်နဲ့ဆုံးရှုံးရမှာဖြစ်လို့ ပြောင်းရွှေ့ကြေးရမယ့် ဇန်နဝါရီမှာ ရောင်းချသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 240
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
ရီးရယ်လ်အသင်းမှာ ပွဲကစားချိန် မရတဲ့အပေါ် စိတ်ပျက်နေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး အန်းဒရစ်အနေနဲ့ သူ့ရဲ့ အခွင့်အရေးကို စိတ်ရှည်ပြီးစောင့်ဆိုင်းဖို့ နည်းပြဇာဘီအလွန်ဆိုက သတိပေးခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “လူတိုင်း ကစားချင်တယ်ဆိုတာ ရှင်းပြီး လူငယ်ကစားသမားတွေက ပိုပြီးတောင် ကစားချင် ပါတယ်။ အခြေအနေတွေအရ၊ ပြိုင်ဆိုင်မှုတွေအရနဲ့ ပွဲတွေအပေါ် မူတည်ပြီး ဒါက ခက်ခဲပါတယ်။ အန်းဒရစ် အနေ နဲ့ စိတ်ရှည်ရမယ်၊ ပြီးရင် ပြင်ဆင်မှုတွေ ပြုလုပ်ထားရမှာပါ။ ရီးရယ်လ်မှာ ရှိနေတယ်ဆိုတာ သူသိရမှာဖြစ်ပြီး သူ့ရဲ့ အချိန်ရောက်လာလိမ့်မယ်”လို့ TNT Sports Brazil ကို ပြောခဲ့တာပါ။
အန်းဒရစ်ဟာ ဒီရာသီ နည်းပြ ဇာဘီအလွန်ဆို လက်အောက်မှာ ပွဲကစားချိန် ၁ မိနစ်မှ မရရှိသေးဘဲ အရန်ခုံမှာ ထိုင်နေရတာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုက ပွဲကစားချင်နေတဲ့ အန်းဒရစ်ရဲ့ ဆန္ဒကို သိပေမယ့် အသင်းမှာ နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် သူ့အနေနဲ့ ပွဲကစားချိ န်ရလာတဲ့အချိန်မှာ အခွင့်အရေးအတွက် အဆင်သင့် ဖြစ်နေရမယ်လို့ ပြောခဲ့ပါတယ်။

ဇာဘီအလွန်ဆိုကို တွေ့ရစဉ်
အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ လမ်းဖွင့်ထားတာပါ။
အန်းဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ဖို့ အဓိက ရည်မှန်းထားတာ ကြောင့် ပွဲကစားချိန် အများအပြားရရှိဖို့ လိုအပ်တာဖြစ်ပါတယ်။
အဲဒါကြောင့် အန်းဒရစ်ဟာ ပွဲကစားချိန် အများအပြား ရနိုင်မယ့် အသင်းတွေထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိ နေတာပါ။
အန်းဒရစ်ကို ခေါ်ယူဖို့ ဆိုစီဒက်အသင်းက စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ်အသင်းအချို့နဲ့ အသင်း အများအပြားကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။
၂၀၂၄ ခုနှစ်နွေရာသီမှာ ရီးရယ်လ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အန်းဒရစ်ဟာ စပိန်ကလပ်အတွက် ၃၇ ပွဲ ပါဝင် ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 309
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ ရှောင်ဒိုက် လက်ထက် ပထမဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ကွင်းလယ်တိုက်စစ် ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝှိုက်က အသက်ရှူနိုင်ပြီလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
ဂစ်ဘ်စ်ဝှိုက်က “နောက်ဆုံးတော့ ကျနော် အသက်ရှူနိုင်ပြီလို့ ခံစားခဲ့ရပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေ၊ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ခက်ခဲတဲ့လ အနည်းငယ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဥရောပညရဲ့ အိမ်ကွင်းပွဲစဉ်မှာ အခုလိုမျိုး လုပ်နိုင်ခဲ့တာက မယုံ နိုင် စရာကောင်းတဲ့ ခံစားချက်ဖြစ်ပြီး ပရိသတ်တွေထက် ပိုပြီးထိုက်တန်တဲ့သူ မရှိပါဘူး။ ဒီနိုင်ပွဲက ပရိသတ်တွေ အတွက်ပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ပြီးကတည်းက နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး အသင်းဟာ နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ခဲ့သလို သူ့နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးကိုလည်း ၃၉ ရက်အကြာမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
အဲဗာတန်နဲ့ ဘန်လေအသင်း နည်းပြဟောင်း ရှောင်ဒိုက်ဟာ ဒီရာသီ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့ပြီး အသင်းကို ၂ ရက်အကြာ ကိုင်တွယ်အပြီးမှာ နိုင်ပွဲရယူပေးနိုင်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဒီနိုင်ပွဲဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ဥရောပ နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရှောင်ဒိုက်ကတော့ ဒီနိုင်ပွဲဟာ အသင်းနဲ့ ပတ်သက်တဲ့ သူတိုင်းအတွက် ကျေနပ်စရာ ကောင်းခဲ့ပေမယ့် ခြေလှမ်း တစ်ခုသာဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းဇုန် အဆင့် ၁၈ နေရာ ရပ်တည်နေပြီး လာမယ့် လိဂ်ပွဲစဉ်အဖြစ် အဆင့် ၄ နေရာ ရပ်တည်နေတဲ့ ဘုန်းမောက်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 332
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
အင်တာမိုင်ယာမီအသင်းက အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းမှာ ၂၀၂၈ မေဂျာလိဂ် ရာသီကုန်အထိ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်က ၂ နှစ်ခွဲ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ အသင်းရဲ့ အိမ်ကွင်းအသစ်ဖြစ်တဲ့ Miami Freedom Park မှာ မက်ဆီစာချုပ်ပေါ် လက်မှတ်ရေးထိုးနေတဲ့ ဗွီဒီယိုနဲ့ သူ့ရဲ့စာချုပ်အသစ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “ဒီမှာ ဆက်နေရတာကို အလွန်ပျော်ရွှင်သလို Miami Freedom Park မှာ ကစားချင်တဲ့ အိပ်မက် ကလည်း အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ မိုင်ယာမီကို ရောက်ရှိလာကတည်းက ကျနော် အလွန်ပျော်ခဲ့တာကြောင့် ဒီမှာ ဆက်ကစားရမှာကို ဝမ်းသာမိပါတယ်။ ဒီလိုခမ်းနားတဲ့ အားကစားကွင်းကို အိမ်ကွင်းအဖြစ်ကစားရမှာက အလွန်ထူးခြားတဲ့ အရာဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
Ballon d'Or ဆုကို စံချိန်တင် ၈ ကြိမ်အထိ ရရှိထားတဲ့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ပွဲဦးထွက် ပြီးကတည်းက အသင်းဟာ ကွင်းအတွင်း၊ ကွင်းအပြင် အကျိုးအများအပြား ရခဲ့သလို မေဂျာလိဂ်ကလည်း ပရိသတ်ကြည့်ရှုမှု စံချိန်တင်ခဲ့တာပါ။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားအဖြစ် ၂၀၂၃ လိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး နောက်ထပ် ဆုဖလားအဖြစ် ၂၀၂၄ Supporters' Shield နဲ့ တစ်ရာသီအတွင်း လိဂ်မှာ အမှတ် အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ တစ်ဦးချင်းဆုအနေနဲ့ ၂၀၂၄ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး မကြာသေးမီ ကလည်း ဒီရာသီလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုးသွင်းယူကာ ၂၀၂၅ မေဂျာလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆု အတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်နေပြီး ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိတဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 281
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
အင်တာမီလန်အသင်း အားကစားဒါရိုက်တာ အူဆီလီယိုက အသင်းဟာ ဘရာဇီးလ်ကြယ်ပွင့် နေမာကို အလွတ်နဲ့ ခေါ်ယူလို့ရမယ်ဆိုရင် ခေါ်ယူဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို ပယ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းမှာ ကစား နေပြီး ဒီဇင်ဘာအထိ စာချုပ်ရှိနေတာပါ။
ဆန်းတို့စ်အသင်းအတွက် ဘရာဇီးလ်လိဂ်ပွဲစဉ် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတဲ့ နေမာဟာ လက်ရှိ အချိန်မှာ တံကောက်ကြောဒဏ်ရာ ခံစားနေရတာ ဖြစ်ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ် ကုန်ဆုံးချိန်မှာ ဥရောပ ဒါမှမဟုတ် မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖွယ်ရှိတဲ့ ထင်ကြေးတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ထွက်ပေါ်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ထပ်ပြီး အတူတွဲ ကစားနိုင်ဖို့အတွက် နေမာကို အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
အင်တာမီလန်အသင်းကလည်း နေမာကို အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်တယ်လို့ သတင်းထွက်ပေါ် ခဲ့ပေမယ့် အသင်းအကြီးအကဲ အူဆီလီယိုက ဒါက အဓိပ္ပါယ်မရှိဘူးလို့ Corriere dello Sport အင်တာဗျူးမှာ အခိုင်အမာ ပြောခဲ့တာပါ။
နည်းပြ ချီဗူး ကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းဟာ ဒီရာသီ တိုက်စစ်ပိုင်းအတွက် အခက်အခဲ မရှိဘဲ စီးရီးအေ ၇ ပွဲမှာ ၁၈ ဂိုး သွင်းယူထားသလို ချန်ပီယံလိဂ် ၃ ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။
အသင်းခေါင်းဆောင် လောတရိုမာတီနက်ဇ်က ပြိုင်ပွဲစုံ ၆ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားပြီး မားကပ်စ်သူရမ်က ၅ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အင်တာမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 381
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းကို ဆုဖလားတွေ ရယူပေးနိုင်အောင် ကူညီပြီး ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်း လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားပါတယ်။
မာတင်နယ်လီက “ကမ္ဘာ့ဖလားပြိုင်ပွဲက လာတော့မှာဖြစ်လို့ အားလုံးက စိတ်လှုပ်ရှားနေကြပါတယ်။ ၈ လ လောက် လိုသေးပေမယ့် ကျနော်တို့ အတွက်တော့ တစ်ပတ်ကို ၂ ကြိမ်ကစားပြီး မြန်မြန်ဆန်ဆန် ကုန်ဆုံးသွား တာကြောင့် လူတိုင်းက ပြင်ဆင်ထားချင်ကြပါတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ဟာ လူတိုင်းကို လိုအပ်မှာဖြစ် လို့ပါ။ ကျနော့်ရဲ့ အာရုံစိုက်မှုကတော့ အာဆင်နယ်နဲ့ ဆုဖလားတွေရယူပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ဖြစ်ပါတယ်”လို့ TNT Brazil ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းက အက်သလက်တီကိုအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ ဂိုးသွင်း ခဲ့တဲ့ မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
မာတင်နယ်လီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ချင်တယ်ဆိုရင် သူ လက်ရှိ ပြသနေတဲ့ ပုံစံကောင်းကို ဆက်ပြီး ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ သူလက်ခံထားပါတယ်။

မာတင်နယ်လီကို တွေ့ရစဉ်
အာဆင်နယ်အသင်းနဲ့ သူ့ရဲ့ ၇ ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ မာတင်နယ်လီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ခဲ့ပါတယ်။
မာတင်နယ်လီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နိုင်ငံတကာပွဲတွေမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပြီး ဂျပန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ကာ ၁ ဂိုးသွင်းယူခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ မာတင်နယ်လီဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၂၂ ခုနှစ်မှာ စတင် ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၂၀ ပါဝင် ကစားထားတာမှာ ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: ESPN
