- By CNI
- Category: အားကစား
- Hits: 277
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
ပြင်သစ်ကြယ်ပွင့်ဘတ်ပီက ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့အမြဲတမ်း စံပြပုဂ္ဂိုလ်ဖြစ်သလို သူဟာ ရီးရယ်လ်အသင်းမှာ နံပါတ်တစ်အဖြစ်ရှိနေဆဲလို့ Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဘတ်ပီက “ခရစ္စတီယာနိုဟာ ကျနော့်အတွက်တော့ အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါ။ သူနဲ့စကားပြောရတာ ကံကောင်းပြီး သူဟာ ကျနော့်ကို အကြံဉာဏ်တွေလည်း ပေးသလို အကူအညီတွေလည်းပေး ပါတယ်။ သူဟာ မက်ဒရစ်မှာ နံပါတ်တစ်အဖြစ် ရှိနေဆဲလို့ ကျနော်ထင်ပါတယ်။ ပရိသတ်တွေက ရော်နယ်ဒိုကို အိပ်မက် မက်နေ ဆဲဖြစ်ပေမယ့် ကျနော်ကတော့ ကိုယ့်လမ်းကိုယ်လျှောက်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီရဲ့ငယ်ဘဝ Idol တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ၉ ရာသီကြာ ကစားခဲ့ပြီး သွင်းဂိုး ၄၅၀ သွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၆ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီကလည်း လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ခြေရာအတိုင်း လိုက်လုပ်နိုင်ဖို့ မျှော်လင့်နေပြီး ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာလည်း အကောင်းဆုံး ခြေစွမ်းပြသနေပြီး ရီးရယ်လ်အသင်းအတွက် ကစားထားတဲ့ ၁၀ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ အဇာဘိုင်ဂျန်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လူစာရင်းကနေ ထွက်ခွာကာ ရီးရယ်လ်အသင်းထံ ပြန်လာခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရီးရယ်လ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဘတ်ပီ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 302
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဗင်နီဇွဲလားအသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီကို လာမယ့် ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
စကာလိုနီက “မက်ဆီကို ဒီပွဲမှာ မကစားစေဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ပွာတိုရီကိုနဲ့ပွဲမှာ မက်ဆီ ရှိနေနိုင်ဖို့ မျှော်လင့်ပြီး လာမယ့် ရက်တွေမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ အင်တာမိုင်ယာမီအသင်းရဲ့ Hard Rock Stadium မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဗင်နီဇွဲလားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ လိုဆယ်ဆိုက တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ ဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်ကနေ မိသားစုနဲ့အတူ ကြည့်ရှုအားပေးနေခဲ့တာပါ။
မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဒီပေါလ်ဟာ ဗင်နီဇွဲလားအသင်းနဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ မေဂျာလိဂ် ပွဲစဉ် ကစားဖို့ရှိနေတဲ့ အတွက် ဗင်နီဇွဲလားအသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ ရှိနေ တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရထားပေမယ့် လိဂ်မှာ အဆင့် ရပ်တည်နိုင်မှု ကောင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာဂျင်တီးနားအသင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
လီဗာပူးလ်အသင်းဟာ တောင်ပံကစားသမား ဆာလက်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘုန်းမောက်အသင်းက ဆီမန်ညိုနဲ့ ဘိုင်ယန်မြူးနစ်အသင်းက အိုလီဆီတို့ကို ပစ်မှတ်ထားနေတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၄၂၀ အသုံးပြုပြီး ကစားသမားသစ်တွေ အားဖြည့်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ရာသီအစမှာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အရေးနိမ့်ထားခဲ့တာပါ။
လီဗာပူးလ်အသင်း ရလဒ်တွေ မကောင်းဖြစ်နေချိန်မှာ ကစားသမား အများအပြားဟာ ဝေဖန်မှုတွေ ခံနေရပြီး ဒီအထဲမှာ ဆာလက်လည်း ပါဝင်တာဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်း သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံ ထားရပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဆာလက်ရဲ့ နေရာကို ဆက်ခံနိုင်တဲ့ ကစားသမားတစ်ဦးကို ရှာဖွေနေပြီး သူတို့ရဲ့စာရင်း ထဲမှာ ဆီမန်ညိုနဲ့အိုလီဆီတို့ ပါဝင်နေတာ ဖြစ်ပါတယ်။

ဆီမန်ညိုကို တွေ့ရစဉ်
ဆီမန်ညိုဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လိဂ်ပွဲစဉ် ၇ ပွဲမှာ ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။
ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆီမန်ညိုကို ဘုန်းမောက်အသင်းက ပေါင် ၇၅ သန်း တန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အိုလီဆီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ပြီးကတည်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာပါ။
အိုလီဆီဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားထားတဲ့ ၁၀ ပွဲမှာ ဂိုးပါဝင် ပတ်သက်မှု ၁၁ ဂိုးအထိ ရှိနေပြီး ဟာရီကိန်း၊ ဒီယက်ဇ်တို့နဲ့အတူ တိုက်စစ်မှာ အတွဲညီနေတာ ဖြစ်ပါတယ်။
အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီး အကယ်ဒမီတွေမှာ ဖြတ်သန်းခဲ့ဖူးတဲ့ အိုလီဆီဟာ ၂၀၂၃ ခုနှစ်က ချယ်လ်ဆီး အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ အိုလီဆီကို လာမယ့် နွေရာသီမှာ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘဲ သူဟာ အသင်းမှာ နောက်ထပ် ၉ နှစ်ကြာအထိ ကစားနိုင်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 308
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
အင်တာမိုင်ယာမီအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်နေမာကို ခေါ်ယူပြီး မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ပြန်ပြီး အတူတွဲဖက် ကစားစေဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ဟာ ဘာစီလိုနာအသင်းမှာ အတူတွဲ ကစားခဲ့ချိန်က ဂိုးအများအပြား သွင်းယူပြီး ဆုဖလား အများအပြား ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ သူတို့ ၃ ဦးကို နောက်ဆုံးအကြိမ် ထပ်ပြီး အတူတွဲကစားစေဖို့ နေမာကို အသင်းထံ ခေါ်ယူချင်နေတာပါ။
နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းနဲ့ ဒီဇင်ဘာအထိ စာချုပ်ရှိနေတဲ့အတွက် ဒီနှစ်ကုန်ရင် အခြားအသင်း တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီကုန်ရင် အနားယူတော့မယ့် ကွင်းလယ်လူ ဘတ်စ်ကွက်နဲ့ နောက်ခံလူ အယ်လ်ဘာတို့ကို လက်လွှတ်ရမှာဖြစ်လို့ ကြယ်ပွင့် ကစားသမားအချို့ကို အသင်းထံခေါ်ယူနိုင်ဖို့ စာရင်းပြုစု ထားတာပါ။

နေမာနဲ့ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ကစားဖော်တွေကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီနဲ့ တိုက်စစ်မှူး ဆွာရက်ဇ်တို့ကို စာချုပ်သစ် ချုပ်ဖို့ လုပ်ဆောင်နေသလို နေမာကို ခေါ်ယူနိုင်ဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေ မပြုလုပ်ရသေးပေမယ့် နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် အမေရိကန်နိုင်ငံထံ ပြောင်းရွှေ့ဖို့ အလားအလာရှိနေတာပါ။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ အခြားရွေးချယ်စရာ တွေကိုလည်း ထည့်သွင်း စဉ်းစားဖွယ် ရှိနေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီမှာ မေဂျာလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး မက်ဆီကလည်း မေဂျာလိဂ် ပုံမှန်ရာသီမှာ ၂၄ ဂိုး သွင်းယူထားကာ ရွှေဖိနပ်ဆု ရယူနိုင်ဖို့ ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 249
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
ပြင်သစ်အသင်းက အဇာဘိုင်ဂျန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲစဉ်မှာ ၁ ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘတ်ပီဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ၁၀ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ရီးရယ်လ်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ကစားထားတဲ့ ၁၃ ပွဲမှာ ၁၇ ဂိုး သွင်းယူထားတာပါ။
အဇာဘိုင်ဂျန်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူတဲ့သွင်းဂိုးဟာ ဘတ်ပီအတွက် ပြင်သစ်လက်ရွေးစင် ကစားသမားဘဝ ၅၃ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဘတ်ပီဟာ ပြင်သစ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ လိုင်လီ တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ ၅၇ ဂိုးစံချိန်ကို လိုက်မီဖို့ ၄ ဂိုးသာလိုတော့တာပါ။
ဘတ်ပီဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားတာကြောင့် လာမယ့် ပြင်သစ်အသင်းရဲ့ ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဘတ်ပီကိုတွေ့ရစဉ်
ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်က ဘတ်ပီဟာ ပြီးခဲ့တဲ့ ၆ ရက်က ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန် ရရှိခဲ့တဲ့ ခြေကျင်းဝတ်မှာပဲ ဒဏ်ရာ ထပ်ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့ပေမယ့် ဒဏ်ရာ အခြေအနေ ပြင်းထန်မှုကို နောက်ပိုင်းမှာ သိရမယ်လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်က ဒီပွဲမှာ အသင်းရဲ့ နှေးကွေးစွာ စတင်မှုကို မနှစ်သက်ပေမယ့် ခြေစစ်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိတဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ဒုတိယနေရာ က ယူကရိန်းအသင်းကို ၄ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။
ပြင်သစ်အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်မှာ အိုက်စလန်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 328
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ဘရာဇီးလ် တိုက်စစ်မှူး ဂျီးဆပ်စ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အသင်းရဲ့ လိုအပ်တဲ့ တိုက်စစ်ပိုင်းအတွက် ၂၀၂၂ ခုနှစ် နွေရာသီမှာ ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ မန်စီးတီးအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ်ကို လာကာဇတ်တီနဲ့ အူဘာမီယန်းတို့ရဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူဟာ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူးဟာ နောက်ဆုံးနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။
ဂျီးဆပ်စ်ဟာ လက်ရှိ အချိန်မှာလည်း ဒဏ်ရာကြောင့် အနားယူနေရပြီး ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခြင်း မရှိသေးဘဲ နှစ်သစ်မှာ ပြန်လာနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဂျီးဆပ်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက စပို့တင်း တိုက်စစ်မှူး ယိုကီရက်စ်ကို ခေါ်ယူခဲ့သလို ကိုင်ဟာဗက်ဇ် လည်း ရှိနေတာကြောင့် ဂျီးဆပ်စ်ကို ရောင်းချဖို့ စဉ်းစားနေတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျီးဆပ်စ်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ်တွေဖြစ်တဲ့ ဖလာမင်ဂိုနဲ့ ပါလ်မီးရပ်စ်အသင်းတို့ဟာ ဂျီးဆပ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အဲဗာတန်အသင်းကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။
အာဆင်နယ်နဲ့ ဂျီးဆပ်စ်တို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တဲ့ ကစားသမား အများအပြား ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ထွက်ခွာခွင့်ပေးခဲ့သလို ကစားသမား အချို့ကိုလည်း အငှားနဲ့ပြောင်းရွှေ့ ခွင့်ပြု ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းအတွက် ကစားထားတဲ့ ၃ ရာသီမှာ ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၉၆ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ၂၆ ဂိုးသွင်းယူခဲ့ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အင်တာမီလန်အသင်းကွင်းလယ်လူမစ်ခီတာရန်က အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိနိုင်တဲ့အတွက် ဖုန်းအသုံးပြုမှုကို ကန့်သတ်ဖို့ အကြံပေးခဲ့ပါတယ်။
မစ်ခီတာရန်က “ဖုန်းကိုပဲ ကြည့်နေမယ်ဆိုရင် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်ဟာ အဝတ်လဲခန်း ဒါမှမဟုတ် အားကစားခန်းမမှာ ဖုန်းအလွန်အကျွံသုံးတာကို မကြိုက်ပါဘူး။ ဒါက စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကွင်းထဲကို ရောက်ပြီဆိုရင်လည်း ခေါင်းကို ငုံ့ပြီး ဘောလုံးကိုသာ ကြည့်ကာ အသင်းဖော်တွေကို မတွေ့ရတော့ပါဘူး။ ဒါက ကလေးအများအပြားအတွက် ရောဂါတစ်ခုလိုဖြစ်နေပြီး ဘောလုံးကိုတောင် ကျော်သွားခဲ့တယ်”လို့ Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ မစ်ခီတာရန်ဟာ အင်တာမီလန်အသင်းနဲ့ စီးရီအေဖလား ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ်ရောက်ရှိခဲ့တာပါ။ အာမေးနီးယားကစားသမားဟာ အင်တာမီလန်အသင်းမှာ နည်းပြချီဗူး ယုံကြည်ရတဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိ အချိန်မှာ လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေချိန်မှာ မစ်ခီတာရန်က အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို အကြံပေးမှုတွေပြုလုပ်ခဲ့တာပါ။
မစ်ခီတာရန်ဟာ ကလပ်ရဲ့အဆောက်အဦအတွင်း ဖုန်းအသုံးပြုခြင်းရဲ့အန္တရာယ်တွေကို ပြောခဲ့သလို ကစား သမားတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေကြောင်းလည်း ပြောခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ဒီရာသီအစကို နှေးကွေးစွာစတင်ခဲ့ပြီး ပထမ ၆ ပွဲမှာ ၂ ပွဲအထိ အရေးနိမ့်ထားတာပါ။ ဒါပေမယ့် အင်တာမီလန် အသင်းဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက နာပိုလီအသင်းနဲ့ ၃ မှတ်သာ ကွာဟပါတယ်။
မစ်ခီတာရန်က သူ့ရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို အသုံးပြုပြီး အင်တာမီလန်အသင်းကို ချန်ပီယံဆုပြိုင်ပွဲအတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိအောင် ကူညီပေးဖို့ မျှော်လင့်နေပါတယ်။ အင်တာမီလန် အသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အယ်လ်ဂျီးရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)ပွဲစဉ်မှာ ဆိုမာလီယာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားအသင်းဟာ ဆိုမာလီယာအသင်းကို အနိုင်ရခဲ့တဲ့အတွက် ခြေစစ်ပွဲကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့ တဲ့ အချိန်မှာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ယူဂန်ဒါအသင်းကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။
အဲဒါကြောင့် အယ်လ်ဂျီးရီးယားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။
မာရက်ဇ် ဦးဆောင်တဲ့ အယ်လ်ဂျီးရီးယားအသင်းဟာ မော်ရိုကို၊ တူနီးရှားနဲ့ အီဂျစ်အသင်းတို့ ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်တဲ့ စတုတ္ထမြောက် အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။

အယ်လ်ဂျီးရီးယားနဲ့ဆိုမာလီယာအသင်း ယှဉ်ပြိုင်နေစဉ်
အယ်လ်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အရင်ယှဉ်ပြိုင် ခဲ့တဲ့ ၄ ကြိမ်မှာ အမြင့်ဆုံးအဖြစ် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားအသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုပြီးကောင်းမွန်တဲ့ အဆင့်ကို တက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဖရိကဇုန်ခြေစစ်ပွဲကနေ ထိပ်ဆုံးအသင်း ၉ သင်းဟာ တိုက်ရိုက် ဝင်ခွင့်ရမှာ ဖြစ် တာကြောင့် လာမယ့် နောက်ဆုံးပွဲစဉ်တွေမှာ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၅ သင်းထပ်ပြီး ထွက်ပေါ်လာတော့ မှာ ဖြစ်ပါတယ်။
အကောင်းဆုံး အုပ်စုဒုတိယအသင်း ၄ သင်းကတော့ နောက်ထပ်အဆင့် ထပ်ပြီးယှဉ်ပြိုင်ရမှာပါ။
အယ်လ်ဂျီးရီးယားအသင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယူဂန်ဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အင်္ဂလန်အသင်းက ဝေးလ်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဝင်ဘလေကွင်းထဲ အင်္ဂလန် ပရိသတ်တွေရဲ့ အားပေးသံ တိတ်ဆိတ်နေမှုကို နည်းပြတူချယ်လ်က ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
တူချယ်လ်က “အားကစားကွင်းက အသံတိတ်ဆိတ်နေပြီး ကျနော်တို့ဟာ ပရိသတ်တွေဆီကနေ အားအင်တွေ ပြန်မရခဲ့ပါဘူး။ ဝေးလ်စ်ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကြားနေရတာဟာ ဝမ်းနည်းဖို့ကောင်းပြီး အသင်းဟာ ကြီးမားတဲ့ပံ့ပိုးမှုနဲ့ ထိုက်တန်ပါတယ်။ ဆားဘီးယားနဲ့ပွဲက အားပေးပံ့ပိုးမှုတွေက လုံးဝကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ အင်္ဂလိပ်ဘောလုံး ပရိသတ်တွေကို ချစ်ပေမယ့် ဒီပွဲမှာအားပေးမှုတွေက ကွင်းအတွင်းက စွမ်းဆောင် ရည်တွေနဲ့ မကိုက်ညီပါဘူး”လို့ ITV Sport နဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ အတွင်းမှာ ဝက်ကင်စ်၊ ရော်ဂျာစ်၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဝေးလ်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် နည်းပြ တူချယ်လ်ဟာ အိမ်ကွင်းပရိသတ် ၇၀,၀၀၀ ကျော်ရဲ့ အားပေးမှုတွေကို စိတ်ပျက်နေခဲ့တာပါ။

ဝေးလ်နဲ့ အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲမှာ ဝေးလ်စ်အသင်း ပရိသတ် ၇၀၀၀ ကျော်ဟာ ဝင်ဘလေကွင်းထဲမှာ ရှိတဲ့အိမ်ရှင် ပရိသတ်တွေထက် ဆူညံသံတွေ ပိုပြီးဖန်တီးနိုင်ခဲ့တာကြောင့် နည်းပြတူချယ်လ်က အင်္ဂလန်ပရိသတ်တွေကို ဝေဖန်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြတူချယ်လ်က လာမယ့် လတ်ဗီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်ပရိသတ်တွေရဲ့ ထိပ်တန်းအားပေးမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ တူချယ်လ် လက်ထက်မှာ ၇ ပွဲ ကစားထားပြီး ၆ ပွဲအနိုင်ရရှိကာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲတည်းသာ အရေးနိမ့်ထားတာပါ။
အင်္ဂလန်အသင်းဟာ အနိုင်ရခဲ့တဲ့ ၆ ပွဲစလုံး ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၅ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး လာမယ့် လတ်ဗီးယားအသင်းနဲ့ပွဲစဉ်ကို အနိုင်ရရင် ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်သွားပြီ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 231
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဟာ နည်းပြဟောင်း စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။
ဒါပေမယ့် စတီဗင်ဂျရတ်ဟာ သူ့ရဲ့နည်းပြဘဝ စတင်ခဲ့တဲ့ ရိန်းဂျားစ်အသင်းထံ ပြန်လာပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၂၀-၂၁ ရာသီလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပြီး အဓိကပြိုင်ဘက် ဆဲလ်တစ်အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်း ဂန္ထဝင်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

စတီဗင်ဂျာရတ်ကို တွေ့ရစဉ်
ဒီနောက်ပိုင်းမှာ စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။
Sky Sports News က ရိန်းဂျားစ်အသင်းရဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း ရပ်ဆဲလ်မာတင်ရဲ့ နေရာမှာ စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတယ်လို့ ဖော်ပြထားပါတယ်။
နည်းပြမာတင်ရဲ့ လက်ထက်မှာ ရိန်းဂျားစ်အသင်းဟာ စကော့တလန်လိဂ် ရာသီအစ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၅ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ဒါအပြင် ရိန်းဂျားစ်အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ၂ ပွဲစလုံး အရေးနိမ့်ထားပါတယ်။
ရိန်းဂျားစ်အသင်းနဲ့ စတီဗင်ဂျရတ်တို့ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဆွေးနွေးသွားဖို့ရှိနေပြီး စကော့တလန် ကလပ်ဟာ အခြားနည်းပြ အချို့ကိုလည်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ရိန်းဂျားစ်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ လိဂ်ပွဲစဉ်အဖြစ် ဒန်ဒီးယူနိုက်တက်၊ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘရန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
