- By CNI
- Category: အားကစား
- Hits: 277
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
စပါးအသင်းတိုက်စစ်မှူး ဆိုလန်ကီဟာ နယူးကာဆယ်အသင်းရဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ် အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။
ဒီအပြောင်းအရွှေ့ဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ရပ်တည်မှုအပေါ် မူတည်နေပြီး ဘုန်းမောက်အသင်းမှာ အတူလက်တွဲ အလုပ်လုပ်ဖူးတဲ့ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းဟာ ဆိုလန်ကီအကြောင်းကို သိတဲ့သူ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ နွေရာသီမှာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ရှိနေပြီး ယူနိုက်တက်အသင်းကို အနိုင်ဂိုး သွင်းခဲ့တဲ့ အိုဆူလာကို အသင်းတချို့က စောင့်ကြည့်နေကြတာကြောင့် တိုက်စစ်မှူးသစ် အားဖြည့်ဖို့ရှိနေတာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ ဆိုလန်ကီဟာ စပါးအသင်းရဲ့ အစီအစဉ်တွေမှာ အဓိကကျတဲ့သူအဖြစ် ရှိနေတာကြောင့် အသင်းဟာ သူ့ကိုဆက်ပြီး ထိန်းသိမ်းချင်နေပါတယ်။
ဆိုလန်ကီဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပေမယ့် အသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၄ ပွဲမှာ ၅ ဂိုး သွင်းယူထားတာပါ။

ဆိုလန်ကီကို တွေ့ရစဉ်
စပါးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ ပွဲဆက် ရှုံးနိမ့်ခဲ့ကာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့ပါတယ်။
ဆိုလန်ကီက အခက်အခဲတွေ ရှိတယ်ဆိုတာ သိပေမယ့် ဘယ်လိုဆင်ခြေမှ ပေးလို့မရတော့ကြောင်းနဲ့ ရလဒ် ကောင်းတွေရရှိဖို့ ကွင်းထဲမှာ အလုပ်တွေ ကောင်းမွန်စွာ လုပ်ကြဖို့ အသင်းဖော်တွေကို ပြောထားပါတယ်။
စပါးအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းရမယ်ဆိုရင် ဆိုလန်ကီ အပါအဝင် အဓိက ကစားသမား အများအပြားကို ဆုံးရှုံးရဖို့ရှိနေတာပါ။
စပါးအသင်းဟာ လာမယ့်ပွဲတွေအဖြစ် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့၊ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲယှဉ်ပြိုင်ရမှာဖြစ်လို့ နောက်ထပ် ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
အေစီမီလန်အသင်းဟာ အင်တာမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စီးရီးအေမီလန်ဒါဘီ ၂ ပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်။
အက်စ်တူပီနန်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ အေစီမီလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အင်တာမီလန်အသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး အခုဆိုရင် ၇ မှတ်သာ ကွာဟတော့တာပါ။
အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အေစီမီလန်အသင်းကို အရေးနိမ့်ပြီးကတည်းက စီးရီးအေပြိုင်ပွဲ မှာ ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အေစီမီလန်အသင်းနဲ့ ပြန်အတွေ့မှာ အင်တာမီလန်အသင်းရဲ့ မှတ်တမ်းကောင်းဟာ ရပ်တန့်သွား ခဲ့တာပါ။
အေစီမီလန်အသင်းနည်းပြ အယ်လီဂရီက အင်တာမီလန်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်း စားနေဆဲလို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အေစီမီလန်နဲ့ အင်တာမီလန် ယှဉ်ပြိုင်နေစဉ်
အယ်လီဂရီက “ဒီ ၃ မှတ်က ကျနော်တို့ကို စိတ်ဓာတ် ခွန်အားတွေပေးပြီး အောင်ပွဲတွေဆီ ပြန်ခေါ်ဆောင်လာ ပေးပါတယ်။ အင်တာမီလန်က ထိုက်တန်တဲ့အတွက် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။ သူတို့ဟာ လိဂ်မှာ ထိုက်တန်တဲ့ အမှတ်တွေ ရခဲ့ကြပြီး အမှတ်ပေးဇယားက အသင်းတွေရဲ့ အခြေအနေကို ထင်ဟပ်စေပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ပျော်ရွှင်ပေမယ့် လာမယ့်ပွဲကိုအာရုံစိုက်ရမယ်”လို့ ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရခဲ့သလို ကိုပါအီတာလီယာ ဖလားပြိုင်ပွဲ ကနေလည်း ထွက်ခွာထားရလို့ စီးရီးအေပြိုင်ပွဲ တစ်ခုတည်းကိုသာ အာရုံစိုက်နေရတာပါ။
စီးရီးအေ ၂ ပွဲဆက် ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့်ပွဲအဖြစ် လာဇီယိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 255
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
အီရတ်အသင်းနည်းပြ ဂရေဟမ်အာနိုးလ်က အိမ်နီးချင်း အီရန်နိုင်ငံရှိ ပဋိပက္ခကြောင့် ခရီးသွားလာမှု ပိတ်ပင်ထား လို့ ဒီလထဲ မက္ကဆီကိုနိုင်ငံမှာ ကစားရမယ့် အသင်းရဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာကို တောင်းဆိုခဲ့ပါတယ်။
ဂရေဟမ်အာနိုးလ်က “လေဆိပ်ပိတ်ထားတဲ့ ဒီအဆင့်မှာ တခြားရွေးချယ်စရာ တစ်ခုကို ရှာဖွေဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော့် အမြင်အရတော့ ဖီဖာက ဒီပွဲကိုရွှေ့ဆိုင်းပေးရင် ကျနော်တို့ ကောင်းမွန်စွာ ပြင်ဆင်ဖို့ အချိန်ရပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ပလေးအော့ဖ်မှာ အနိုင်ရတဲ့အသင်းနဲ့ ကျနော်တို့ အမေရိကန်မှာ ကစား မယ်။ အနိုင်ရတဲ့သူက ဒီမှာဆက်နေပြီး ရှုံးတဲ့သူက အိမ်ပြန်ရမှာပါ။ ကျနော်တို့ရဲ့ အဖွဲ့ချုပ်ကလည်း ဒီအတွက် အလုပ်တွေ လုပ်နေတာကြောင့် ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံးချဖို့ လိုအပ်ကြောင်း” AAP ကို ပြောခဲ့တာပါ။
အရှေ့အလယ်ပိုင်းမှာ ခရီးသွားလာမှု ပိတ်ပင်ထားတဲ့အတွက် အီရတ်အသင်းဟာ မက္ကဆီကိုနိုင်ငံထံ လာရောက်ပြီး ကမ္ဘာ့ဖလား ပလေးအော့ဖ်ပွဲ မကစားနိုင်မှာကို စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။
၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ အီရတ် အသင်း ဟာ ဘိုလီးဗီးယားနဲ့ ဆူရီနမ်အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲ ကစားရမှာပါ။

အီရတ်အသင်းကို တွေ့ရစဉ်
ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အီရတ်အသင်းဟာ လက်ရှိအချိန်မှာ ဒေသတွင်း ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာတာကြောင့် ဒီပွဲအတွက် ပြင်ဆင် ဖို့ ခက်ခဲမှုတွေ ရှိနေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ အီရတ်အသင်းနည်းပြရဲ့ အကြံပြုချက်နဲ့ပတ်သက်ပြီး တုန့်ပြန်မှု မရှိသေးပါဘူး။
အီရတ်အသင်းဟာ နိုင်ငံအပြင်ဘက်မှာ အခြေစိုက်တဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ကမ္ဘာ့ဖလား မျှော်လင့်ချက် နည်းပါးနိုင်မယ်လို့ နည်းပြ ဂရေဟမ်အာနိုးလ်က ပြောခဲ့ပါတယ်။
ဂရေဟမ်အာနိုးလ်ဟာ ပထမဦးစားပေး အသင်းလူစာရင်းရဲ့ ၆၀ ရာခိုင်နှုန်းကို အီရတ် ပြည်တွင်းလိဂ်ကနေ ရွေးချယ်ထားပေမယ့် သူတို့တွေဟာ နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ခက်ခဲနေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
ယူနိုက်တက်အသင်း ကစားသမားဟောင်း လင်ဂတ်ဟာ ဘရာဇီးလ်ကလပ် ကိုရင်သီယန်စ်အသင်းနဲ့ ၂၀၂၆ ရာသီ ကုန်အထိ စာချုပ်ချုပ်ခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ပါဝင်ပါတယ်။
FC ဆိုးလ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ လင်ဂတ်ဟာ ကိုရင်သီယန်စ်အသင်းမှာ ယူနိုက်တက်အသင်းဖော်ဟောင်း ဒီပိုင်းနဲ့ ပြန်ပြီးအတူတွဲဖက် ကစားရမှာ ဖြစ်ပါတယ်။
ကိုရင်သီယန်စ်အသင်းမှာ အသင်းဖော်အသစ်တွေနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ လင်ဂတ်ဟာ ဘရာဇီးလ်ကလပ်အတွက် ပွဲဦးထွက်ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
လင်ဂတ်ဟာ ကိုရင်သီယန်စ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်ဖွား ကစားသမား တစ်ဦးဖြစ် ခဲ့တာပါ။
ပထမတစ်ဦးကတော့ ကာဇင်ရစ်ချတ်ဖြစ်ပြီး သူဟာ ဗြိတိန်မှာ မွေားဖွားခဲ့ပေမယ့် တူရကီနိုင်ငံသား ခံယူကာ ကိုရင်သီယန်စ်အသင်းနဲ့အတူ ၂၀၁၇ ခုနှစ်မှာ ဘရာဇီးလ်ချန်ပီယံရှစ် အပါအဝင် ဆုဖလားတချို့ ရယူနိုင်ခဲ့ပါတယ်။

လင်ဂတ်ကို တွေ့ရစဉ်
လင်ဂတ်ဟာ ကိုရင်သီယန်စ်အသင်းနဲ့ စာချုပ် မချုပ်မီ ဘရာဇီးလ် ထိပ်တန်းလိဂ်ကို တန်းတက်လာတဲ့ ရီမိုအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပျက်ပြယ်ခဲ့တာကြောင့် လင်ဂတ်ဟာ ကိုရင်သီယန်စ်အသင်းထံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
လင်ဂတ်ဟာ ဒီရာသီ ကိုရင်သီယန်စ်အသင်းရဲ့ ၇ ဦးမြောက် ခေါ်ယူတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ကိုရင်သီယန်စ်အသင်းဟာ ဒီရာသီမှာ ကိုပါလီဘာတေးဒိုးစ် ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်သလို မနှစ်က ရာသီကထက် လိဂ်ပြိုင်ပွဲမှာ ပိုမိုကောင်းမွန်တဲ့ ရပ်တည်မှုရရှိနိုင်ဖို့ ရည်မှန်းထားတာပါ။
ကိုရင်သီယန်စ်အသင်းဟာ ဒီရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေ ရရှိနေပေမယ့် ဘရာဇီးလ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ နိုဗိုရီဇွန်တီနိုအသင်းကို အရေးနိမ့်ခဲ့ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 261
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးကို ပြန်လည်ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ လာပေါ်တာက ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို အသင်းမှာ နောက်ထပ် တစ်ရာသီကြာ ဆက်ထိန်းဖို့ စီစဉ်နေကြောင်း အရိပ်အမြွက်ပြောခဲ့ ပါတယ်။
လာပေါ်တာက “ဘာစီလိုနာက ကစားသမားတွေ ခေါ်ယူနိုင်ပြီး ကျနော်တို့မှာ အလွန်ကောင်းမွန်တဲ့ တိုက်စစ်မှူး တွေဖြစ်တဲ့ ဖာရန်နဲ့ လီဝန်ဒေါစကီးတို့ ရှိပါတယ်။ ပြီးတော့ အော်လ်မို၊ ရက်ရှ်ဖို့ဒ်နဲ့ယာမဲလ်တို့လည်း ဒီနေရာမှာ ကစားနိုင်ပါတယ်။ ဈေးကွက်မှာ စိတ်ဝင်စားဖို့ကောင်းပြီး အသင်းလူစာရင်းကို တိုးတက်မယ်လို့ထင်တဲ့ အခွင့် အရေးကို မြင်ရင် ဒေကိုက ကျနော်တို့ကို အကြံပြုပါလိမ့်မယ်၊ ပြီးရင် ကျနော်တို့ ဆုံးဖြတ်မှာပါ”လို့ နွေရာသီမှာ တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူဖွယ် ရှိ/မရှိ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူဟာ အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတာပါ။

လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့ စာချုပ်ကို နောက်ထပ်တစ်နှစ် သက်တမ်း တိုးနိုင်သလို လာပေါ်တာ ကလည်း သူအသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက်ကို ပြောခဲ့ပါတယ်။
မေဂျာလိဂ်နဲ့ဥရောပကလပ် အသင်းတချို့ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ လီဝန်ဒေါစကီးကတော့ သူ့ရဲ့အနာဂတ်ကို အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ လာမယ့် ၃ လအတွင်းမှာ စဉ်းစားပြီး ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်လာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ပွဲပေါင်း ၁၈၀ ကစားထားပြီး သွင်းဂိုး ၁၁၀ ကျော် သွင်းယူထားပါတယ်။
လာပေါ်တာဟာ ပြီးခဲ့တဲ့လမှာ ဘာစီလိုနာဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပေမယ့် အခုလထဲ ကျင်းပမယ့် ရွေးကောက်ပွဲအသစ်ကို ဝင်ရောက်ယှဉ်ပြိုင်နေတာပါ။
လာပေါ်တာဟာ အဝတ်လဲခန်း၊ နည်းပြဟန်ဆီဖလစ်နဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ရဲ့ ထောက်ခံမှု ရရှိထား တာကြောင့် ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 257
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ သူတို့ရဲ့ အလားအလာ အပြည့်အဝကို အကောင်အထည် ဖော်နိုင်လိမ့် မယ်လို့ ပြိုင်ဘက်အသင်းတွေကို သတိပေးခဲ့ပြီး သူဟာအသင်းမှာ ဆက်ရှိဖို့ အသင့်ဖြစ်နေပြီဆိုတာ နည်းပြ ဂွာဒီယိုလာက အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ ပြီးပြည့်စုံတဲ့ အသင်းမဟုတ်ဘူးဆိုတာ တကယ့် အခြေအနေဖြစ်ပေမယ့် တိုးတက်ဖို့ ပြောင်းလဲမှုတွေ အများကြီးရှိနေပါတယ်။ ကျနော်တို့ အမြန်ဆုံးသင်ယူပြီး ဘာမှ မဆုံးရှုံးတော့ဘူး ဆိုရင် နောက်ဆုံးလမှာ အခွင့်အရေးတွေနဲ့အတူ ရောက်လာနိုင်ပါတယ်။ လာမယ့်ရာသီက ပိုပြီး ကောင်းလာ မယ်ဆိုတာ သေချာပါတယ်။ ဒါကို ကျနော် သံသယမရှိပါဘူး”လို့ ပြောခဲ့တာပါ။
ဂွာဒီယိုလာနဲ့မန်စီးတီးအသင်း စာချူပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်း ရှိနေပေမယ့် သူဟာအသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်မယ့် ဆုဖလားလမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားပြီးရင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ဘာနေဗျူးကို သွားရောက်ကာ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပွဲအတွက် မန်စီးတီးအသင်းထက် ၁ ရက်ကျော်ပိုပြီး အနားယူ ပြင်ဆင်ခွင့် ရမယ့်အပေါ် နည်းပြဂွာဒီယိုလာက ဥရောပပွဲစဉ်တွေနဲ့ ပတ်သက်ရင် ပရီးမီးယားလိဂ် ကလပ်တွေဟာ သူတို့ရဲ့ အချိန်ဇယားအတွက် အကူအညီရဖို့ မျှော်လင့်တာကို လက်လျှော့လိုက်ပြီလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ မတ်လထဲမှာ ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့လည်း ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 291
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၇
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ တံကောက်ကြော ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်နေတာကြောင့် မက်ဒရစ်ကို သွားရောက်ပြီး ကုသမှုခံယူနေတယ်လို့ နည်းပြဂျော့ချ်ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲ ကစားထားပြီး ၂၁ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ အသင်းက အယ်လ်ဖေဟာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲမှု ခံခဲ့ရတာ ပါ။
အယ်လ်နာဆာအသင်းကတော့ ရော်နယ်လ်ဒို ဘယ်အချိန် အသင်းအတွက် ပြန်ကစားနိုင်မှာလဲဆိုတာနဲ့ ပတ်သက်တဲ့ အတိအကျကို ပြောထားခြင်း မရှိပါဘူး။
အယ်လ်နာဆာအသင်းနည်းပြ ဂျော့ဂျီးဆပ်စ်က “နောက်ဆုံးပွဲမှာ ခရစ္စတီယာနိုဟာ ကြွက်သားဒဏ်ရာနဲ့ ထွက်ခွာ ခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေအပြီးမှာ ကျနော်တို့ မျှော်လင့်ထားတာထက် ပိုမိုပြင်းထန်တယ်ဆိုတာ သိခဲ့ရပါတယ်။ သူဟာ ဒဏ်ရာကို ကုသဖို့ စပိန်နိုင်ငံကို သွားရောက်ခဲ့ပြီး အသင်းကို ကူညီဖို့အတွက် မကြာမီ ပြန်လာဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒို ဒဏ်ရာရရှိသွားစဉ်
ရော်နယ်လ်ဒိုဟာ ဒဏ်ရာ အခြေအနေကြောင့် ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေဖြစ်တဲ့ မတ်လ ၂၉ ရက်မှာ မက္ကဆီကို၊ ဧပြီလ ၁ ရက်မှာ အမေရိကန်အသင်းတို့နဲ့ ပွဲတွေကို ပါဝင်နိုင်ဖို့ မသေချာတာပါ။
ပေါ်တူဂီအသင်း ခေါင်းဆောင်ကတော့ ဒီခြေစမ်းပွဲတွေ မတိုင်မီ ဒဏ်ရာကနေ အမြန်ဆုံး ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။
ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၆၅ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုဟာ သွင်းဂိုး ၁,၀၀၀ ပြည့်အောင်သွင်းပြီး စံချိန်တင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
အယ်လ်နာဆာအသင်းနဲ့ လာမယ့် ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၂၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၆
မော်ရိုကိုအသင်းနည်းပြ ဝါလစ်ရီဂရာဂွီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဖို့ ၃ လကျော်သာ လိုအပ်တော့တဲ့ အချိန်မှာ နိုင်ငံအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အသက် ၅၀ နှစ်အရွယ်ရှိ နည်းပြဟာ မော်ရိုကိုအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ရှိ အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံး ၄ သင်းအဆင့်ကို တက်နိုင်တဲ့ ပထမဆုံး အာဖရိက အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ရီဂရာဂွီရဲ့ နေရာမှာ ယူ-၂၃ အသင်း နည်းပြ အူအာဘီကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့ ပါတယ်။
မော်ရိုကိုအသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၂၅ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် အချိန်ပိုမှာ ဆီနီဂေါအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

မော်ရိုကိုအသင်း နည်းပြ ရီဂရာဂွီကို တွေ့ရစဉ်
ရီဂရာဂွီက အသင်းဟာ လန်းဆန်းတဲ့ မျက်နှာ၊ ကွဲပြားတဲ့စွမ်းအင်၊ နည်းပြသစ်နဲ့အတူ ရှုထောင့်အသစ် တစ်ခု လိုအပ်ပြီး ထွက်ခွာတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ ဒီအသင်းတိုးတက်မှုရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မော်ရိုကိုအသင်း ခေါင်းဆောင် ဟာကီမီက ရီဂရာဂွီဟာ မော်ရိုကိုဘောလုံးသမိုင်းမှာ မမေ့နိုင်တဲ့ အမှတ်အသား တစ်ခုကို ချန်ထားရစ်ခဲ့တယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ဒီလထဲမှာ ခြေစမ်းပွဲတွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ စပိန်၊ပြင်သစ်နိုင်ငံတို့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဘရာဇီးလ်၊ စကော့တလန်၊ ဟေတီအသင်းတို့နဲ့ အုပ်စု C မှာ ကျရောက်နေပြီး အဖွင့်ပွဲအဖြစ် ဘရာဇီးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၆
အစ္စရေးနဲ့အမေရိကန်တို့ စတင်ခဲ့တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ကာတာနိုင်ငံဟာ အီရန်ဒုံးကျည်တွေရဲ့ ပစ်မှတ် ထားခြင်း ခံနေရပေမယ့် UEFA ဟာ အခုလထဲ ကျင်းပမယ့် အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားဆဲ ဖြစ်တယ်လို့ ESPN က ဖော်ပြထားပါတယ်။
“အခုအချိန်မှာ အခြားနေရာတွေကို စဉ်းစားထားခြင်း မရှိသေးပါဘူး။ လာမယ့် အပတ်အကုန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်လင့်ကြောင်း” UEFA က ပြောခဲ့ပါတယ်။
မတ်လ ၂၇ ရက် ဒိုဟာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်အမေရိက လက်ရှိ ချန်ပီယံအာဂျင်တီးနားနဲ့ ဥရောပ လက်ရှိ ချန်ပီယံ စပိန်အသင်းတို့ပွဲမှာ မက်ဆီနဲ့ ယာမဲလ်တို့ရဲ့ ယှဉ်ပြိုင်မှုကို မြင်တွေ့ရမှာပါ။
ဒီပွဲကို ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကျင်းပခဲ့တဲ့ လူဆေးလ်အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို တွေ့ရစဉ်
အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။
ဒိုဟာမှာပွဲကျင်းပဖို့ လုံခြုံရေးအရ အန္တရာယ်များတယ်လို့ ယူဆခဲ့ရင် စပိန် ဒါမှမဟုတ် ဥရောပနိုင်ငံ တစ်နိုင်ငံမှာ ပြောင်းရွှေ့ပြီး ကျင်းပနိုင်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လက လန်ဒန်ရှိ ဝင်ဘာလေ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ Finalissima ပွဲမှာ အီတလီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့တာပါ။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုအပြီး ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေကြောင့် ကာတာ ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ပြိုင်ပွဲတွေအားလုံးကို ရွှေ့ဆိုင်းထားပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 307
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၆
စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာပြီးနောက် ဘယ်လိုဆင်ခြေမှပေးလို့ မရတော့ဘူးလို့ တိုက်စစ်မှူး ဆိုလန်ကီက ပြောခဲ့ပါတယ်။
ဆိုလန်ကီက “ကျနော်တို့ အကြီးအကျယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေရာက ကျနော်တို့ ရောက်ချင်တဲ့နေရာ မဟုတ်တဲ့အတွက် ဒါကိုအမြန်ဆုံး ကျော်လွှားဖို့ လုပ်ဆောင်ရပါမယ်။ အခက်အခဲတွေ ရှိတယ်ဆိုတာ သိပေမယ့် ဘယ်လို ဆင်ခြေမှပေးလို့ မရတော့ပါဘူး။ ကွင်းထဲမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်ရပါမယ်။ ကျနော်တို့ဟာ ပွဲစဉ်တိုင်း၊ မိနစ်တိုင်းကို တိုက်ပွဲဝင်ဖို့ လိုအပ်တယ်”လို့ TNT Sports ကိုပြောခဲ့တာပါ။
စပါးအသင်းဟာ နည်းပြသစ် တူဒေါ လက်ထက် ၃ ပွဲဆက် အပါအဝင် ပရီးမီးယားလိ ဂ်ပြိုင်ပွဲမှာ ၅ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ထားပါတယ်။
ဒါ့ပြင် စပါးအသင်းဟာ ဒီဇင်ဘာလမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးတာ ၁၁ ပွဲဆက်တိုက် ရှိလာခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စပါးအသင်းကို တွေ့ရစဉ်
စပါးအသင်းဟာ ရလဒ်ဆိုးတွေကြောင့် တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲတွေမှာ ထပ်ပြီး ရလဒ်တွေဆိုးရင် တန်းဆင်းမယ့်အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။
စပါးအသင်း ပရိသတ် အများအပြားဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ အားကစားကွင်းကနေ ထွက်ခွာခဲ့ပြီး အသင်းရဲ့ ရလဒ်တွေကို အလွန်စိတ်ပျက်နေခဲ့ကြပါတယ်။
စပါးအသင်းနည်းပြ တူဒေါက သူဟာ ပရိသတ်တွေလိုပဲ အလွန်စိတ်ပျက်မိပေမယ့် လက်ရှိ အခြေအနေကို သိတဲ့ အတွက် ဆက်ကြိုးစားပြီး ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကစားဖို့ ရှိနေပြီး ဒီပွဲပြီးရင်တော့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
