- By CNI
- Category: အားကစား
- Hits: 232
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီက ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂျက်ဆန်ရဲ့ စွမ်းဆောင်ရည်ကို ကာကွယ်မှု ပြုလုပ်ခဲ့ပါတယ်။
ကွန်ပနီက “ကျနော်ဟာ ဂျက်ဆန်နဲ့ ပတ်သက်ပြီး ပြင်ပက အမြင်တွေနဲ့ ကွဲပြားတဲ့အမြင် ရှိပေမယ့် သူ ဂိုး အနည်းငယ် ထပ်သွင်းနိုင်ခဲ့ရင်တော့ အငြင်းပွားရမယ့် အရာတွေရှိတော့မှာ မဟုတ်ပါဘူး။ သူဟာ ကျနော်တို့ကို အများကြီး ကူညီပေးခဲ့ပြီးပြီလို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာပါ။
ဆီနီဂေါ တိုက်စစ်မှူး ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ဝေဖန်မှု အများအပြားနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ပါဝင်ကစားထားပြီး ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂိုးပေါက် ပျောက်ဆုံးနေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၃ ပွဲစလုံး အနိုင်ရထားပြီး အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

ဂျက်ဆန်နဲ့ ကွန်ပနီကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီယက်ဇ်၊ အိုလီဆီနဲ့ ဒီရာသီဂိုး ၂၀ သွင်းယူထားတဲ့ ဟာရီကိန်းတို့ကိုသာ ပွဲထွက် လူစာရင်းမှာ ပုံမှန်အသုံးပြုတာကြောင့် ဂျက်ဆန်ဟာ ဂနာဘရီ၊ ကားလ်တို့နဲ့အတူ နေရာရဖို့ ယှဉ်ပြိုင်နေရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဘယ်သူ့မှ သူတို့ရဲ့ နေရာအတွက် အာမခံချက် မရှိဘဲ လူတိုင်းက သူတို့ရဲ့ ပွဲကစားချိန် မိနစ်တွေကို စွမ်းဆောင်ရည်နဲ့ ရယူရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလုံးအသင်းနဲ့ ဂျာမန်ဖလား ပွဲစဉ်ပြီးရင် လေဗာကူဆင်အသင်းနဲ့ ဘွန်ဒက်လီဂါ၊ PSG အသင်းနဲ့ ချန်ပီယံလိဂ် ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 262
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉
ယူနိုက်တက်အသင်းမှာ နည်းပြ အများအပြားနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က နည်းပြဟောင်း ဆိုးလ်ရှား လက်အောက်မှာ ကစားရတာကို သူနှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “အိုလီဟာ အံ့သြစရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့လက်အောက်မှာ ကစားရတာကို ကျနော် နှစ်သက်ပါတယ်။ ကျနော်တို့ဟာ သူ့အတွက် ကစားရတာကို နှစ်သက်ပျော်ရွှင်တယ်လို့ ကျနော် ပြောတဲ့အချိန်မှာ ယူနိုက်တက် ကစားသမား အများအပြား ကိုယ်စား ကျနော် ပြောနိုင်ပါတယ်။ အိုလီ လက်အောက်မှာ ကျနော်တို့ ဘောလုံး ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ကျနော့်အတွက် အလွန်အောင်မြင်တဲ့ ကာလဖြစ်ခဲ့ပြီး အိုလီနဲ့ ပတ်သက်ရင် ကျနော့်မှာ မကောင်းတဲ့စကား ပြောစရာမရှိပါဘူး”လို့ TV2 ကို ပြောခဲ့တာပါ။
နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ အသင်းဟောင်း ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တာကြောင့် အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ဗီလာရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တာ ကြောင့် ဆုဖလား မရရှိခဲ့တာပါ။

ဆိုးလ်ရှားနဲ့ ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဒါပေမယ့် ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှားလက်ထက် ၂၀၁၉-၂၀ ရာသီမှာ ယူနိုက်တက်အသင်းအတွက် ၄၄ ပွဲ ကစားခဲ့ပြီး ၂၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်အသင်း ကစားသမားဘဝ အကောင်းဆုံး ရာသီကတော့ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် လက်အောက် ၂၀၂၂-၂၃ ရာသီမှာဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး ၃၀ သွင်းယူနိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းထံ အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြသနေကာ အသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၃ ပွဲမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: dailymail
- By CNI
- Category: အားကစား
- Hits: 209
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
တူရကီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာစီယို့စ်မာနိုဂလူက တူရကီပရော်ဖက်ရှင်နယ်လိဂ်မှာ တာဝန်ထမ်းဆောင်နေ တဲ့ ဒိုင်လူကြီး ၅၇၁ ဦးထဲမှာ ၃၇၁ ဦးဟာ လောင်းကစား အကောင့်တွေ ဖွင့်ထားပြီး ၁၅၂ ဦးကတော့ လောင်း ကစား ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဟာစီယို့စ်မာနိုဂလူက “သူတို့ကို မကြာမီ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ လွှဲပြောင်းပေးမှာဖြစ်ပြီး ကျနော် တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ သက်ဆိုင်တဲ့ ပြစ်ဒဏ်တွေကို ခံယူရမယ်”လို့ အစ္စတန်ဘူလ်မှာ ပြုလုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
တူရကီဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းအရ ဘောလုံးပွဲတွေမှာ လောင်းကစား ပြုလုပ် ကြောင်း တွေ့ရှိရမယ်ဆိုရင် ၃ လကနေ ၁ နှစ်ကြာအထိ ပွဲတာဝန်ယူခွင့် ဒါမှမဟုတ် ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကနေ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်ကိုတွေ့ရစဉ်
တူရကီမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို အငြင်းပွားမှုတွေရှိခဲ့ကာ ပြည်တွင်း ထိပ်တန်း ပွဲစဉ်အချို့ကို နိုင်ငံခြားဒိုင်လူကြီးတွေကို ခန့်အပ်ပြီး တာဝန်ပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဂါလာတာစာရေးနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ အစ္စတန်ဘူလ်ဒါဘီပွဲစဉ်ကို ဆလိုဗေးနီးယား ဒိုင်လူကြီး ဗင်ဆစ်က တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
သူဟာ တူရကီမှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ပွဲကြီးပွဲကောင်း တစ်ပွဲကို ကိုင်တွယ်တဲ့ ပထမဆုံးနိုင်ငံခြား ဒိုင်လူကြီး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖီနာဘာချီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ တူရကီရှိ ဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေကို မကြာခဏ ဆိုသလို မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 216
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူ့ရဲ့ဦးစားပေးဟာ အာဆင်နယ်အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အထိ ဆက်နေဖို့ဖြစ်ပေမယ့် အသင်းဟောင်း ပါလ်မီးရပ်စ်ထံ ပြန်သွားဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂျီးဆပ်စ်က “ကျနော်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်ရှိနေပြီး စာချုပ်သက်တမ်း မတိုးခဲ့ရင် အနည်းဆုံး ၂၀၂၇ အထိ ဆက်ရှိနေမှာပါ။ ကျနော်ဟာ ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် အခုအချိန်မှာ ပြောဖို့ အနည်းငယ် ခက်ပေမယ့် ဘရာဇီးလ်ကို ပြန်ချင်တယ်လို့ ခံစားရတဲ့အချိန်မှာ ကျနော့်ရဲ့ဆန္ဒက အမြဲတမ်း ပါလ်မီးရပ်စ်ပါပဲ”လို့ ESPN Brazil ကို ပြောခဲ့တာပါ။
အာဆင်နယ် ကစားသမားဘဝကို ဒဏ်ရာ အများအပြားနဲ့ ဖြတ်သန်းနေရတဲ့ ဂျီးဆပ်စ်က သူ့ရဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်ဟာ ဘယ်အချိန် ပြန်ကစားနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် အာဆင်နယ်အသင်း ဟာ ဇန်နဝါရီမှာ သူ့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ဂျီးဆပ်စ်ကို တွေ့ရစဉ်
ပါလ်မီးရပ်စ်ကတော့ ဂျီးဆပ်စ်ကို အသင်းထံ ပြန်ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ လူသိရှင်ကြား ပြောထားတာပါ။
ပါလ်မီးရပ်စ် လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဘရာဇီးလ်ကလပ်မှာ ၂၀၁၇ အထိ ကစားခဲ့ပြီးနောက် မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ပါလ်မီးရပ်စ်အသင်း အကြီးအကဲ လိုင်လာပါရဲရားက ဂျီးဆပ်စ်ဟာ မကြာမီအိမ်ကို ပြန်လာတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်က လက်ရှိဒဏ်ရာဟာ သူ့ဘဝမှာ အကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ပေမယ့် ကာလရှည်ကြာစွာ စောင့်ဆိုင်းနေရတဲ့ ကွင်းထဲ ပြန်လာနိုင်ဖို့ နီးစပ်နေပြီယုံကြည်ကြောင်း ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 342
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
နာပိုလီအသင်းက ကွင်းလယ်လူဒီဘရိုင်းဟာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး သတင်းတွေ မှာ သူဟာ လပေါင်းများစွာကြာ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
နာပိုလီအသင်းက အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဒီဘရိုင်းဟာ အသင်း အတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် ချက်ချင်းဆိုသလို သူ့ရဲ့ညာဘက်ပေါင် အနောက်ဘက်ကို ဆုပ်ကိုင်ခဲ့တာပါ။
ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ဝမ်းနည်းနေပြီး ဆေးအဖွဲ့ဝင် ၂ ဦးရဲ့ အကူအညီနဲ့ ကွင်းပြင်ကို ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ကွင်းထဲကနေ ထွက်ခွာချိန်မှာ ချိုင်းထောက်နဲ့ ထွက်ခွာခဲ့ရပြီး သူ့ရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ ပေါင်ကြွက်သားဒဏ်ရာ ရခဲ့တယ်လို့ နာပိုလီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဘရိုင်းကို တွေ့ရစဉ်
ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စတင်နေတဲ့ ဒီဘရိုင်း အသင်းအတွက် ဘယ်အချိန် ပြန်ကစားနိုင်မလဲ ဆိုတာကိုတော့ နာပိုလီအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။
မန်စီးတီးအသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် နွေရာသီမှာ နာပိုလီအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘရိုင်းဟာ အသင်းအတွက်ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။
စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ နာပိုလီအသင်းဟာ ဒီဘရိုင်းကို လပေါင်းများစွာကြာ အနားပေးရမှာက ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာနိုင်တာပါ။
ဒီဘရိုင်းရဲ့ ဒဏ်ရာသတင်းဟာ နိုဝင်ဘာထဲမှာ အရေးကြီးတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ရှိနေတဲ့ ဘယ်လ်ဂျီယံ အသင်းအတွက်လည်း ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြသ ထားတာ ပါ။
နာပိုလီအသင်းဟာ လာမယ့် စီးရီးအေ ပွဲစဉ်တွေအဖြစ် လက်ချီ၊ ကိုမိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 273
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ လာမယ့် ၂၀၂၆ ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေပေမယ့် သူပါဝင်ကစားဖွယ် ရှိ/မရှိဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတာဟာ အံ့သြစရာကောင်းတဲ့ အရာဖြစ်ပြီး ကျနော် အဲ့နေရာမှာ ရှိချင် ပါ တယ်။ လာမယ့်နှစ် အင်တာမိုင်ယာမီအသင်းနဲ့ ရာသီကြို စတင်တဲ့အချိန်မှာ နေ့တိုင်း အကဲဖြတ်မှုတွေ ပြုလုပ် သွားမှာဖြစ်ပြီး ကျနော် ၁၀၀ ရာခိုင်နှုန်း လုပ်နိုင်မလားဆိုတာ ကြည့်သွားမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တာကြောင့် ကျနော် အလွန်စိတ်အား ထက်သန်ပါတယ်။ ကမ္ဘာ့ဖလားကို ကွင်းထဲမှာ ပြန်ပြီးကာကွယ်နိုင်တာဟာ အံ့မခန်း ဖြစ်ပြီး ဒါကြောင့် ဘုရားသခင်က ကျနော့်ကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး လုပ်ခွင့်ပေးနိုင်ဖို့ မျှော်လင့်တယ်”လို့ NBC News နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ အကောင်းဆုံးပုံစံတွေ ပြသနေပေမယ့် ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝပြီး အာဂျင်တီးနားအသင်းကို အရေးပါတဲ့ နည်းလမ်းတွေနဲ့ ကူညီမှုတွေပြုလုပ်နိုင်မှသာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ရာသီကို ကောင်းမွန်စွာ အဆုံးသတ်နိုင်ဖို့ လုပ် ဆောင်နေပြီး အသင်းဟာ မေဂျာလိဂ်ဖလား ပလေးအော့ဖ် Round 1 ရဲ့ ပထမပွဲမှာ နက်ရှ်ဗေးလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိထားတာပါ။
အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ မေဂျာလိဂ် ရာသီကုန်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိထားပါတယ်။
ဒါ့အပြင် မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆု အတွက်လည်း နောက်ဆုံး ဆန်ခါတင် စာရင်းထဲမှာ ပါဝင်နေပြီး ဒီဆုကို ရယူနိုင်ခဲ့ရင် မေဂျာလိဂ် အကောင်းဆုံး ကစားသမားဆုကို ၂ ရာသီဆက် ရယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာပါ။
အင်တာမိုင်ယာမီအသင်းဟာ နိုဝင်ဘာ ၁ ရက်မှာ နက်ရှ်ဗေးလ်အသင်းနဲ့ Round 1 ဒုတိယမြောက် ပွဲစဉ် ကစားရ မှာဖြစ်ပြီး ဒီပွဲအနိုင်ရရင် အရှေ့ပိုင်းဇုန် ဆီမီးဖိုင်နယ်ကို တက်နိုင်မှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 224
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
အက်စတွန်ဗီလာအသင်းက မန်စီးတီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် အဖြစ် ပါဝင်ခဲ့တဲ့ ဆန်ချိုကို လူစားပြန်လဲခဲ့တာက ကြံ့ခိုင်မှု အကြောင်းပြချက်တွေကြောင့်သာ ဖြစ်တယ်လို့ နည်းပြ အူနှိုင်းအမ်မရီက ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “ဆန်ချိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မိနစ် ၅၀ ကျော် ကစားခဲ့ပြီး အလွန်ကောင်းမွန်တဲ့ မိနစ်တွေရခဲ့ပါတယ်။ သူ့ကို ဒီပွဲရဲ့ဒုတိယပိုင်းမှာ ဝင်ရောက် ကစားစေဖို့ စီစဉ်ထားပေမယ့် ဘူအန်ဒီယာ ဒဏ်ရာ ရသွားအပြီးမှာ သူ့ကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့သက်ရောက်မှုက ကောင်းပေမယ့် ကျနော့်ရဲ့ အစီအစဉ်က သူ့ကို ပြန်လူစားလဲဖို့ ဖြစ်တယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော့်ကို ဒေါသထွက်တာ ရှိနိုင်ပေမယ့် သူ ၄၅ မိနစ်ကစားသွားတာ အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဆန်ချိုဟာ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အက်စတွန် ဗီလာအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၂၉ မိနစ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဘူအန်ဒီယာရဲ့ နေရာမှာ လူစားလဲ ဝင်ရောက်ခဲ့တာပါ။

ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ဆန်ချိုဟာ အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့တဲ့အတွက် နည်းပြ အူနှိုင်းအမ်မရီဟာ ပွဲချိန် ၇၄ မိနစ်မှာ သူ့ကို လူစားပြန်လဲခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ လူစားပြန်လဲခဲ့ရတဲ့အတွက် အလွန်စိတ်ပျက်နေခဲ့ပြီး နည်းပြက သူ့ကို နှုတ်ဆက်တဲ့ အချိန်မှာ လျစ်လျူရှုကာ အရန်ခုံတန်းပေါ် သွားရောက်ခဲ့တာပါ။
နည်းပြ အူနှိုင်းအမ်မရီကတော့ ဆန်ချိုဟာ ပါဝင်ကစားချိန်မှာ အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ကို လူစားပြန်လဲဖို့ စီစဉ်ပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဆန်ချိုဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပေမယ့် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခြင်း မရှိသေးတာပါ။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
ဒေသတွင်းဘောလုံး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ အရှေ့တောင် အာရှနိုင်ငံများ (အာဆီယံ)တို့အကြား သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် FIFA Asean Cup လို့ခေါ်တဲ့ ပြိုင်ပွဲအသစ် တစ်ခုကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်းမှာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ MOU အသစ်တစ်ခုကို လက်မှတ် ရေးထိုးပြီးနောက် FIFA Asean Cup ပြိုင်ပွဲအသစ် ကျင်းပမှာကို ကြေညာခဲ့တာပါ။
၂၀၂၁ ခုနှစ်မှာ ဖီဖာကနေ ပထမဆုံး ကျင်းပခဲ့တဲ့ အာရပ် ဖလားပြိုင်ပွဲလို ပုံစံမျိုးနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအသင်းတွေ အားလုံးက လက်ရွေးစင်အသင်းတွေ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အင်ဖန်တီနိုကို တွေ့ရစဉ်
အင်ဖန်တီနိုက “ဒါက ဒေသတွင်း ဘောလုံး ပြက္ခဒိန်အတွက် အလွန်ကောင်းမွန်တဲ့ ပြိုင်ပွဲတစ်ခု ထပ်တည့်မှု ဖြစ် လာမှာပါ။ ဖီဖာ အာဆီယံဖလားကနေ တဆင့် ကျနော်တို့ဟာ နိုင်ငံတွေကို အတူတကွ စုစည်းပြီး အာဆီယံ ဒေသ တွင်းရှိ လက်ရွေးစင် အသင်းတွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှ တစ်ဝှမ်းရှိ အားကစား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲဟာ အလွန်အောင်မြင်မှာပါ”လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၊ ဖီဖာအဖွဲ့ဝင်တွေ အပါအဝင် ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး FIFA Asean Cup ပြိုင်ပွဲပုံစံကို အပြီးသတ်ရေးဆွဲဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 318
CNI Spor၀t News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ၄ မှတ်အသာနဲ့ ဦးဆောင်ထားပေမယ့် နည်းပြ အာတီတာက အသင်းဟာ တိုးတက်အောင် လုပ်ရမယ့်အရာ တွေ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ပွဲစဉ်တိုင်းရဲ့ အခက်အခဲကို သိပေမယ့် တည်ငြိမ်စွာ လုပ်နိုင်ခဲ့တဲ့အတွက် ကျနော် တို့ ကိုယ့်ကိုယ်ကို အသိအမှတ် ပြုရပါမယ်။ အခုက အစောကြီးပဲရှိသေးပြီး ကျနော်တို့ ကောင်းမွန်စွာ လုပ်နေတဲ့ အရာတွေ အများကြီးကို ဆက်လုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ကလွဲပြီး တခြား ဘာမှမရှိပါဘူး။ ဒါပေမယ့် တိုးတက် အောင် လုပ်ရမယ့် အရာတွေ ရှိပါသေးတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အီဇီက အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ် အသင်းဘက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားထားတာမှာ ၁၁ ပွဲအထိ အနိုင်ရထားပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
ပရီးမီးယားလိဂ်ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေမှာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ သူတို့နစ်သင်းနဲ့ အမှတ်ကွာဟမှုကို ထပ်ပြီးတိုးနိုင်ခဲ့ပါတယ်။
လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ပရီးမီးယားလိဂ်က ဘယ်လောက် ခက်ခဲလဲဆိုတာကို ပြသနေတယ်လို့ အာဆင်နယ်အသင်း နည်းပြ အာတီတာက ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ပွဲအထိ ပေးဂိုး မပေးရအောင် စွမ်းဆောင်ထားနိုင်ပြီး ပေးဂိုးထပ် မပေးရအောင် ပြုလုပ်နိုင်ခဲ့တာက အလွန် အရေးကြီးတယ်လို့လည်း နည်းပြ အာတီတာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲပြီးရင် ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
ရီးရယ်လ်အသင်းက ဘာစီလိုနာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ Clasico ပွဲအပြီးမှာ ယာမဲလ်ကို ရန်စခဲ့တဲ့ ကာဗာဟယ်လ်ရဲ့ လုပ်ရပ်ကို ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒီဂျောင်က ဝေဖန်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ နှစ်သင်း ကစားသမားတွေဟာ ကွင်းအတွင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပါတယ်။
ဒီဂျောင်က “ကာဗာဟယ်လ်ဟာ ယာမဲလ်နဲ့ စကားပြောချင်ရင် သူသီးသန့် ပြောလို့ရပါတယ်။ သူတို့က စပိန် လက်ရွေးစင်မှာ အသင်းဖော်တွေ ဖြစ်တဲ့အတွက် တစ်ဦးအကြောင်းတစ်ဦး သိပါတယ်။ ဘာကြောင့် ကွင်းထဲမှာ ဒီလိုတွေ ဖြစ်အောင် လုပ်တာလဲဆိုတာ နားမလည်နိုင်ဘူး”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ယာမဲလ်ဟာ ဒီပွဲမတိုင်မီ ဘာစီလိုနာအသင်း ကစားသမားဟောင်း ပီကေး တည်ထောင်ထားတဲ့ Kings League YouTube Channel မှာ ရီးရယ်လ်အသင်းဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို လုယူဖို့ ကြိုးစားသလို အမြဲတမ်း ညည်းညူကြတယ်လို့ ဒီပြိုင်ပွဲမှာ ပါဝင်နေတဲ့ အသင်းတစ်သင်းနဲ့ နှိုင်းယှဉ်ပြီး ပြောသွားခဲ့ပါတယ်။
ယာမဲလ်ဟာ ဒီမှတ်ချက်ကြောင့် ပွဲချိန်တစ်လျှောက်လုံး ရီးရယ်လ်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတာပါ။

ဘာစီလိုနာနဲ့ရီးရယ်လ် အချင်းများနေကြစဉ်
ပွဲအပြီးမှာ ကာဗာဟယ်လ်က ယာမဲလ်ကို စကားတွေ အများကြီး ပြောလွန်းတယ်ဆိုပြီး လက်အမူအရာနဲ့ ပြုလုပ်ခဲ့သလို ယာမဲလ်ကလည်း သူ့ရဲ့စပိန်အသင်းဖော်ထံ သွားရောက်ဖို့ ပြုလုပ်ခဲ့ပါတယ်။
ဒီအချိန်မှာ ရီးရယ်လ်အသင်း ကွင်းလယ်လူ ကာမာဗင်ဂါက ယာမဲလ်ကို တားဆီးနိုင်ခဲ့ပေမယ့် ကစားသမား အများအပြား ဝင်ရောက်လာခဲ့ပြီး ကော့တွိုက်စ်က ယာမဲလ်ကို တွန်းထုတ်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဗီနီစီးယက်စ်ကလည်း ယာမဲလ်နဲ့ ထိပ်တိုက်တွေ့ဖို့ လုပ်ခဲ့ပေမယ့် သူဟာ တားဆီးခံခဲ့ရပြီး ယာမဲလ်ကို လုံခြုံရေး တွေက ကွင်းထဲကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။
ဘာစီလိုနာအသင်း ကွင်းလယ်လူ ပက်ဒရီ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ပွဲပြီးခါနီးမှာလည်း အရန်ခုံတန်းမှာရှိတဲ့ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်း ကစားသမားတွေဟာ အချင်းများမှုတွေ ဖြစ်ခဲ့ကြပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ဘတ်ပီနဲ့ ဘယ်လင်ဂမ်တို့က သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို ဖာမင်လိုပက်ဇ်က သွင်းယူခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းကို ၅ မှတ်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: ESPN
