- By CNI
- Category: အားကစား
- Hits: 238
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅
မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းဟာ အက်သလက်တီကိုအသင်း ကွင်းလယ် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ ဖလော်ရီဒါ အခြေစိုက် ကလပ်ထံ ပြောင်းရွှေ့ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ချိတ်ဆက်ခံ ခဲ့ရပြီးနောက် အမေရိကန်နိုင်ငံထံ သွားရောက်ကာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
ဂရစ်ဇ်မန်းဟာ အစောပိုင်းက ဖေဖော်ဝါရီလကုန်ပိုင်းမှာ အော်လန်ဒိုစီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ ပေမယ့် အက်သလက်တီကိုအသင်း ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ကို ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် ကစားသမားဟောင်းဟာ ဆုဖလားရယူပြီး အက်သလက်တီကိုအသင်း ကစားသမားဘဝကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေတာပါ။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်
ဂရစ်ဇ်မန်းဟာ ဒီရာသီကုန်တဲ့အထိ အက်သလက်တီကိုအသင်းမှာ ဆက်ရှိပြီး ဇူလိုင်လမှာ အော်လန်ဒိုစီးတီး အသင်းထံ တရားဝင်ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ဂရစ်ဇ်မန်းက အော်လန်ဒိုစီးတီးအသင်းနဲ့အတူ သူ့ကစားသမားဘဝရဲ့ နောက်ထပ် အခန်းကဏ္ဍတစ်ခုကို စတင်ဖို့ အလွန်စိတ်လှုပ်ရှားနေသလို အသင်းကို အောင်မြင်မှုရရှိအောင် ကူညီပေးဖို့ အစွမ်းကုန် ပေးဆပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂရစ်ဇ်မန်းက အက်သလက်တီကိုအသင်းထံ ရေးခဲ့တဲ့ နှုတ်ဆက်စာမှာ အသင်းအတွက် ကစားပေးဖို့ ကျန်ရှိတဲ့ မိနစ်တိုင်းကို အကောင်းဆုံး ကြိုးစားသွားပြီး ၂၀၂၆ ရာသီရဲ့ နောက်ဆုံး ထွက်သက်အထိ အနီနဲ့အဖြူ အတိုင်း ရှိနေမှာပါလို့ ဖော်ပြခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းအတွက် ပွဲပေါင်း ၄၅၀ ကျော် ကစားထားပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 226
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅
ယူနိုက်တက်အသင်း တိုက်စစ်မှူး ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားကို Super Sub ဆိုပြီး တံဆိပ်ကပ် ခေါ်နေတာကို မနှစ်သက်ဘူးလို့ ပြောခဲ့ပါတယ်။
အေးဂျင့် ဘာဆာနိုဗစ်က “ဒီနာမည်အကြောင်း မေးတာကို ကျနော် မနှစ်သက်ပါဘူး။ ကျနော်က Super Striker ကို ပိုပြီးကြိုက်နှစ်သက်ပါတယ်။ ဘင်ဂျမင်က Super Striker လို့ ကျနော်ထင်ပါတယ်။ သူဟာ ဒီနှစ်မှာ ၁၃ ပွဲ ပွဲထွက်ခဲ့ပြီး ၁၃ ပွဲက အရန်ခုံကနေ ဝင်ရောက်ခဲ့ရပါတယ်။ ပွဲစတင်ချိန်မှာလည်း ဂိုးတစ်ဝက် သွင်းယူခဲ့သလို လူစားဝင်ချိန်မှာလည်း ဂိုးတစ်ဝက် သွင်းယူခဲ့ပါတယ်။ သူက ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်ပြီး Super Striker ဆိုတဲ့နာမည်နဲ့ ထိုက်တန်ကြောင်း” Arena Sport ကို ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက လိုက်ပ်ဇစ်အသင်းကနေ ပြောင်းလာခဲ့တဲ့ ဆက်စ်ကိုဟာ ယူနိုက်တက်အသင်း ကစားသမား ဘ၀ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာ ၉ ဂိုးသွင်းယူထားပါတယ်။
ဆက်စ်ကိုဟာ နည်းပြကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေပြီး ဒီအထဲကသွင်းဂိုး ၇ ဂိုးကို ဒီနှစ်ထဲမှာ သွင်းယူထားတာ ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်နဲ့ ဆက်စ်ကို ကိုတွေ့ရစဉ်
ဆက်စ်ကိုဟာ ယူနိုက်တက်အသင်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့အတွက် အရေးပါတဲ့သွင်းဂိုး ၄ ဂိုး ကို လူစားလဲ ဝင်ရောက်ပြီး သွင်းယူခဲ့တာပါ။
ဆက်စ်ကိုဟာ ဖူလ်ဟမ်နဲ့ အဲဗာတန်အသင်း ပွဲတွေမှာ အနိုင်ဂိုး၊ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ နောက်ဆုံး မိနစ် ချေပဂိုး၊ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ အသင်းရရှိတဲ့ တတိယသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဆက်စ်ကိုဟာ Super Sub လို့ ခေါ်ခံနေရပြီး သူ့ရဲ့အေးဂျင့်ကတော့ ဒီနာမည်ခေါ်တာကို နှစ်သက်မှု မရှိတာပါ။
ဆက်စ်ကိုဟာ နည်းပြကာရစ် လက်ထက်မှာ ပွဲထွက်လူစာရင်းထဲ ၂ ကြိမ်သာ ပါဝင်ထားရတာကြောင့် ပွဲထွက် လူစာရင်းမှာ ပိုပြီး ပါဝင်နိုင်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ဆက်စ်ကိုကတော့ သူဟာ ပါဝင်ခွင့်ရတဲ့ အချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ဖို့ စိတ်ပိုင်း ဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅
အီဂျစ်တောင်ပံကစားသမား ဆာလက်ဟာ လီဗာပူးလ်အသင်းမှာ ၉ ရာသီကြာ ကစားခဲ့ပြီးနောက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။
ဆာလက်က “ကံမကောင်းစွာနဲ့ပဲ အသင်းကနေ ထွက်ခွာတော့မယ်ဆိုပြီး ပြောရမယ့်နေ့က ရောက်လာပါပြီ။ ဒီကလပ်၊ ဒီမြို့နဲ့ ဒီလူတွေက ကျနော့်ဘဝရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဘယ်လောက်အထိ နက်ရှိုင်းတယ်ဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ လီဗာပူးလ်က ဘောလုံးကလပ် တစ်ခုဆိုတာထက် ပိုပါတယ်။ ဒီမှာရှိခဲ့တဲ့ အချိန် တစ်လျှောက်လုံး ဒီကလပ်ရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တဲ့လူတိုင်း အထူးသဖြင့် အသင်းဖော်တွေ အားလုံးကို ကျေးဇူး တင် ပါတယ်။ ပရိသတ်တွေကိုတော့ စကားလုံးတွေနဲ့ပြောဖို့ မလုံလောက်ပါဘူး။ ထွက်ခွာဖို့ဆိုတာ မလွယ်ကူခဲ့ဘဲ ဒီကလပ်က ကျနော့်အတွက် အမြဲတမ်းအိမ်ပါပဲ”လို့ ပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ရိုးမားအသင်းကနေ ရောက်လာခဲ့တဲ့ ဆာလက်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ လီဗာပူးလ် အသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဆာလက်ကို စာချုပ် မကုန်ဆုံးမီမှာ ထွက်ခွာဖို့ သဘောတူညီခဲ့တာကြောင့် သူဟာ ဒီရာသီကုန်ရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာမှာဖြစ်ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဆာလက်ဟာ ဒီရာသီ လီဗာပူးလ်အသင်းမှာ အခက်အခဲတွေနဲ့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
ဒါဟာ ဆာလက်ရဲ့ လီဗာပူးလ်အသင်းကစားသမားဘဝမှာ အနိမ့်ဆုံး ဂိုးသွင်းနှုန်းလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ နည်းပြ အာနီဆလော့နဲ့လည်း အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့သေးတာပါ။
ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၄၃၅ ပွဲ ကစားထားပြီး ၂၅၅ ဂိုး သွင်းယူကာ အသင်းရဲ့သမိုင်းမှာ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ် ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ ကာရာဘောင်းဖလား၊ FA ဖလား၊ ကွန်မြူနတီဒိုင်းတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
ကိုရင်သီယန်အသင်း တိုက်စစ်မှူး ဒီပိုင်းဟာ ဘရာဇီးလ် ထိပ်တန်းလိဂ်ပွဲ တစ်ပွဲအတွင်း အရန်ခုံပေါ်မှာထိုင်ကာ မိုဘိုင်းဖုန်း အသုံးပြုနေခဲ့မှုနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။
ဒီပိုင်းက “ဖုန်းအသုံးပြုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောရရင် အဲ့ဒီအချိန်မှာ နယ်သာလန် ဆေးအဖွဲ့ဝင် တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ဖို့ပါ။ ကျနော်ဟာ ဒဏ်ရာကြောင့် အဝတ်လဲခန်းထဲမှာပဲ နေနိုင်တဲ့အချိန် အသင်းကို အားပေးမှု ပြုလုပ်ဖို့ အပြင်ထွက်လာခဲ့တာပါ”လို့ X ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဖလာမင်ဂိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ဒီပိုင်း မိုဘိုင်းဖုန်း အသုံးပြုနေတာကို ရုပ်သံ ကင်မရာတွေက ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ပွဲချိန် ၂၂ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ဒီပိုင်းဟာ နိုင်ငံတကာပွဲတွေ မတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှု အခြေအနေကို နယ်သာလန်အသင်းကို အသိပေးခဲ့တာလို့ ပြောခဲ့တာပါ။

ဒီပိုင်းကို တွေ့ရစဉ်
ကိုရင်သီယန်နည်းပြ အဖွဲ့ဝင်တွေဟာ ပွဲကစားနေချိန်အတွင်း အရန်ခုံပေါ်မှာ မိုဘိုင်းဖုန်း အသုံးမပြုဖို့ ဒီပိုင်းကို ပြောနေခဲ့တဲ့ ပုံတွေလည်း ဆိုရှယ်မီဒီယာပေါ် ထွက်ပေါ်ခဲ့ပါတယ်။
နယ်သာလန်အသင်းအတွက် ၅၅ ဂိုး သွင်းယူပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဒီပိုင်းဟာ အသင်းရဲ့ ခြေစမ်းပွဲတွေကို လွဲချော်ဖို့ရှိနေပါတယ်။
နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဒီပိုင်းဟာ နော်ဝေ၊ အီကွေဒေါအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ ပြောထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဒီပိုင်းဟာ အသင်းအတွက် ၇၆ ပွဲ ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 230
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
လီဗာပူးလ်အသင်း တောင်ပံကစားသမား ချီယေဆာဟာ ကြံ့ခိုင်မှု အပြည့်အဝ မရှိတာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်ပွဲ ယှဉ်ပြိုင်မယ့် အီတလီအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အီတလီအသင်းနည်းပြ ဂတ်တူဆိုဟာ ချီယေဆာရဲ့ နေရာမှာ အစားထိုးမှုအဖြစ် ဘိုလော့ဂ်နာအသင်းက ကမ်ဘီယာဂီကို ခေါ်ယူခဲ့ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ချီယေဆာဟာ အသင်းရဲ့ လာမယ့်ပွဲ ၂ ပွဲကို မကစားနိုင်တာကြောင့် လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေး စခန်းကနေ ထွက်ခွာခဲ့တဲ့အတွက် သူ့ရဲ့နေရာမှာ ကမ်ဘီယာဂီကို ခေါ်ယူခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲပြီးကတည်းက အီတလီအသင်းအတွက် ပါဝင်ကစားခြင်း မရှိတော့တဲ့ ချီယေဆာဟာ ပြီးခဲ့တဲ့ လူစာရင်းတွေမှာ သူ့ကိုထည့်သွင်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချီယေဆာကို တွေ့ရစဉ်
ချီယေဆာဟာ အီတလီအသင်းရဲ့ အရေးကြီးတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ကြံ့ခိုင်မှု အခြေအနေကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်ကို လွဲချော်ခဲ့တဲ့ အီတလီအသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ဆန္ဒပြင်းပြနေပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ အီတလီအသင်းဟာ မတ်လ ၂၆ ရက်မှာ မြောက်အိုင်ယာလန် အသင်းနဲ့ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို အတ္တလန်တာအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင် ရမှာပါ။
ဒီပွဲအနိုင်ရတဲ့ အသင်းဟာ ဝေးလ်စ်နဲ့ ဘော့စနီးယား အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 263
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
ဘရာဇီးလ်နောက်ခံလူ ဂါဘရီရယ်လ် အပါအဝင် အာဆင်နယ်အသင်း ကစားသမား ၆ ဦးဟာ ဒဏ်ရာစိုးရိမ်မှုတွေ ကြောင့် ဒီလထဲကစားမယ့် နိုင်ငံတကာပွဲတွေအတွက် သူတို့နိုင်ငံရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ကြပါတယ်။
ဂါဘရီရယ်လ်ဟာ ပြင်သစ်နောက်ခံလူ ဆာလီဘာ၊ ဘယ်လ်ဂျီယံတောင်ပံ ကစားသမား ထရော့ဆာဒ်၊ နယ်သာ လန် နောက်ခံလူ တင်ဘာ၊ အင်္ဂလန်ကွင်းလယ်လူ အီဇီတို့နဲ့အတူ ဒဏ်ရာတွေကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေတာ ကြောင့် နော်ဝေအသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာပါ။
နုတ်ထွက်ခဲ့တဲ့ ကစားသမားတွေရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဂါဘရီရယ်လ်၊ ဆာလီဘာနဲ့ ထရော့ဆာဒ်တို့ရဲ့ နုတ်ထွက်မှုဟာ ကြိုတင်ကာကွယ်မှုသာ ဖြစ်ဖို့များပါတယ်။
မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဒူးနာကျင်မှု ခံစားခဲ့ရတဲ့ ဂါဘရီရယ်လ်ဟာ ပွဲကစားဖို့ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ ဘရာဇီးလ်အသင်း ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ ဂါဘရီရယ်လ်နဲ့အတူ ဗဟိုနောက်ခံလူအဖြစ် ပွဲထွက်ခဲ့တဲ့ ဆာလီဘာဟာ ပြင်သစ်အသင်း လေ့ကျင့် ရေး စခန်းထံ ပူးပေါင်းနိုင်မှာ မဟုတ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဖော်ပြခဲ့တာပါ။

အာဆင်နယ်ကစားသမားများကို တွေ့ရစဉ်
ဆာလီဘာဟာ ခြေချင်းဝတ်နာကျင်မှုကြောင့် ကုသမှုခံယူဖို့နဲ့ အနည်းဆုံး ၁၀ ရက် အနားယူဖို့ လိုအပ်နေပါတယ်။
ဗိုလ်လုပွဲမှာ ၈၂ မိနစ်ကြာ ကစားခဲ့တဲ့ ထရော့ဆာဒ်ဟာ ဘယ်လ်ဂျီယံ FA နဲ့ အာဆင်နယ်အသင်းတို့အကြား ဆွေးနွေးပြီးနောက် ဘယ်လ်ဂျီယံအသင်းကနေ ထွက်ခွာခဲ့တာပါ။
အင်္ဂလန်နဲ့ နယ်သာလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အီဇီနဲ့တင်ဘာတို့ဟာ ဒဏ်ရာတွေကြောင့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း အာဆင်နယ်အသင်းအတွက် ၁ ပွဲသာ ကစားထားရသေးတဲ့ အိုဒီဂတ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံဖြစ်နေဖို့ အရေးကြီးတယ်လို့ နော်ဝေအသင်းနည်းပြက ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာ ပွဲတွေအပြီးမှာ FA ဖလား၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီပွဲတွေမှာ ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 252
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
လီဗာပူးလ်အသင်း နည်းပြဟောင်း ကလောပ့်က အခုနွေရာသီမှာ ရီးရယ်လ်အသင်းနဲ့အတူ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်လာမယ်ဆိုတဲ့ ထင်ကြေးသတင်းတွေက အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ကလော့ပ်က “ရီးရယ်လ်က ဖုန်းဆက်ခဲ့ရင် ကျနော်တို့ အခုလောက်ဆို ဒီအကြောင်းကို ကြားပြီးနေလောက်ပါပြီ။ ဒါပေမယ့် ဒါတွေက အဓိပ္ပါယ်မရှိပါဘူး။ သူတို့က တစ်ကြိမ်တစ်ခါတောင် ခေါ်ဆိုခဲ့ခြင်း မရှိပါဘူး။ ကျနော့်ရဲ့ အေးဂျင့်လည်း ရှိတဲ့အတွက် သူ့ကိုမေးကြည့်လို့ ရပါတယ်။ အခုအချိန်မှာ ကျနော် ဒီအကြောင်းကို မစဉ်းစားသေး သလို ဒီလိုလုပ်ဖို့လည်း အကြောင်းမရှိသေးပါဘူး”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ကလော့ပ်ဟာ ဒီရာသီကုန်ရင် နည်းပြ အာဘီလိုအာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ၂၀၂၃-၂၄ ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် နည်းပြ လောကထဲကို ဝင်ရောက်ခြင်း မရှိဘဲ ရက်ဘူးလ်အစုအဖွဲ့မှာ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူနေတာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ရက်ဘူးလ်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ကလော့ပ်ဟာ အခုနွေရာသီ Magenta TV မှာ ကမ္ဘာ့ဖလား ဝေဖန် သုံးသပ်သူအဖြစ် ဂျာမန် ကစားသမားဟောင်းတွေဖြစ်တဲ့ မူလာ၊ ဟမ်းမဲလ်စ်တို့နဲ့အတူ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
ကလော့ပ်ဟာ ရီးရယ်လ်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆန်ခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကလောပ့်က သူဟာ နည်းပြတစ်ဦး အနေနဲ့ လုံးဝပြီးဆုံးသွားတာ မဟုတ်တဲ့အတွက် လာမယ့်နှစ်တွေမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲလို့ ပြောခဲ့တာပါ။
ကလော့ပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ဂျာမနီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 260
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် စပါးအသင်းဟာ တန်းဆင်းဇုန်အန္တရာယ်ကို ရှောင်ရှားနိုင်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ လက်ထောက်နည်းပြ ဘရူနိုဆော်လ်တာက ပြောခဲ့ပါ တယ်။
ဘရူနိုဆော်လ်တာက “ကျနော်တို့ ရုန်းကန်နေရပြီး ခက်ခဲတဲ့ အခြေအနေမှာ ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီရလဒ်တွေက ကျနော်တို့အတွက် နာကျင်စေပါတယ်။ ကျနော်တို့ဟာ ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်မယ် ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပြီး လီဗာပူးလ်နဲ့ အက်သလက်တီကို ပွဲတွေမှာ ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ အခု အချိန်မှာတော့ ကျနော်တို့ဟာ ဒီအခြေအနေတွေကို ပြောင်းလဲအောင် လုပ်ဆောင်ရတော့မယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ စပါးအသင်းဟာ ဒီရှုံးပွဲ ကြောင့် အမှတ်ပေးဇယားအဆင့် ၁၇ နေရာကို ရောက်ရှိသွားခဲ့ပြီး တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်း အသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ စပါးအသင်းဟာ ၁၉၇၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်တန်းလိဂ်ကနေ တန်းဆင်းမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

စပါးအသင်းကို တွေ့ရစဉ်
စပါးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ယာယီနည်းပြ တူဒေါဟာ ထုတ်ပယ်ခံရဖွယ်ရှိနေပြီး သူ့ရဲ့နေရာမှာ ရှောင်ဒိုက်၊ ရိုင်ယန်မေဆန်နဲ့ ဟယ်ရီရက်နပ်တို့ အစားထိုး ဝင်ရောက်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ စပါးအသင်းဟာ လိဂ်သမိုင်းမှာ ဒုတိယမြောက် အရှည်ကြာဆုံး နိုင်ပွဲပျောက်နေတဲ့ စံချိန်နဲ့တူညီခဲ့ပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအဖြစ် ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ဝုလ်ဗ်စ်၊ အက်စတွန်ဗီလာ၊ လိဒ်စ်၊ ချယ်လ်ဆီး၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 207
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
လာလီဂါကလပ် ဘီလ်ဘာအိုအသင်းဟာ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာကို လာမယ့် ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြ အီရာအိုလာနဲ့ ဘုန်းမောက်အသင်း စာချုပ်ဟာ စာချုပ်ကုန်ဆုံးမှာပါ။
အဲ့ဒါကြောင့် ဘုန်းမောက်အသင်းကလည်း သူ့ကိုစာချုပ်သစ် ချုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
နွေရာသီမှာ နည်းပြသစ်တွေ ခန့်အပ်မယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ စပါးအသင်းတို့ကလည်း အီရာအိုလာနဲ့ ဆွေးနွေးမှု တွေ ရှိခဲ့ကြပါတယ်။
ဒါပေမယ့် အီရာအိုလာဟာ ကစားသမားဘဝတုန်းက ဘီလ်ဘာအိုအသင်းမှာ ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့တာ ကြောင့် ဘီလ်ဘာအိုအသင်းဟာ သူ့နှလုံးသားရဲ့ အထူးတစ်နေရာမှာ ရှိနေတာပါ။

နည်းပြ အီရာအိုလာကို တွေ့ရစဉ်
ဘီလ်ဘာအိုအသင်းကို လက်ရှိ ကိုင်တွယ်နေတဲ့ နည်းပြဗယ်လ်ဗာဒီဟာ ဒီရာသီကုန်ရင် ထွက်ခွာတော့မှာဖြစ်လို့ အီရာအိုလာဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ရေပန်းစားတဲ့ ရွေးချယ်မှုအဖြစ် ရှိနေပါတယ်။
ဘုန်းမောက်အသင်းကတော့ လာမယ့် ရက်တွေအတွင်းမှာ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခုသိရဖို့ မျှော်လင့်နေပါတယ်။
ယူနိုက်တက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အီရာအိုလာက သူဟာ ဘုန်းမောက်အသင်းမှာ ပျော်ရွှင် နေသလို အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ စတင် ကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း ၁၂၀ ကိုင်တွယ် ထားတာမှာ ၄၃ ပွဲ အနိုင်ရရှိထားပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့ ဘုန်းမောက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 260
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
ရီးရယ်လ်အသင်းက အက်သလက်တီကိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မက်ဒရစ်ဒါဘီ လာလီဂါပွဲမှာ အသင်းအတွက် ခြေစွမ်းပြသပြီး ၂ ဂိုးသွင်းယူခဲ့တဲ့ ဗီနီစီးယက်စ်ရဲ့ စွမ်းဆောင်ရည်ကို နည်းပြအာဘီလိုအာက ချီးကျူးခဲ့ပါတယ်။
အာဘီလိုအာက “ဗီနီအတွက် နောက်ထပ် ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူ့ရဲ့အရည်အချင်း၊ ရဲရင့်မှုနဲ့ စရိုက် လက္ခဏာကို ထပ်ပြီး ပြသနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့်မှာ သူဟာ ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ်။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ရရှိထားတာက ကျနော်ကံကောင်းပါတယ်။ သူ့ရဲ့ ကစားသမား ဘဝမှာ အကောင်းဆုံးပုံစံ ရှိနေလားဆိုတာ မသိပေမယ့် ဒါက အလွန်ဝေးကွာနေတာ မဟုတ်ဘူး”လို့ ပြောခဲ့ပါ တယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်းဟာ အက်သလက်တီကိုအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပြီး သွင်းယူနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲရဲ့ပွဲချိန် ၇၇ မိနစ်မှာ ဗယ်လ်ဗာဒီ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပေမယ့် လက်ကျန် မိနစ်တွေမှာ အနိုင်ရလဒ်ထိန်းပြီး အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းနဲ့ အက်သလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်
ဒီနိုင်ပွဲကြောင့် ရီးရယ်လ်အသင်းဟာ ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းကို ၄ မှတ်အကွာနဲ့ ဆက်ပြီး ဖိအားပေး နိုင်ခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ နည်းပြ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံးပုံစံတွေကို ပြန်ပြသနိုင်ခဲ့တာဖြစ်ပြီး ကြားရက်က မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ရီးရယ်လ်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ဗီနီစီးယက်စ်က နည်းပြ၊ ကစားသမားတွေနဲ့ ပရိသတ်တွေဟာ အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပြီး ဒီလိုပွဲတွေ အတွက် ရာသီတစ်လျှောက် ကြိုးစားခဲ့ရတာဖြစ်လို့ အလွန်ပျော်ရွှင်ကြောင်း ရီးရယ်လ် TV ကိုပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက သူတို့ဟာ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ချိန်မှာ ပွဲကိုပိုပြီးကောင်း အောင် ထိန်းချုပ်နိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယားအဆင့် ၄ နေရာကို ရောက်ရှိ သွားခဲ့ပါ တယ်။
Source: ESPN
