- By CNI
- Category: အားကစား
- Hits: 269
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူအသင်းကို တာဝန်ယူ ကိုင်တွယ်ပြီးနောက်ပိုင်း အကြီးမားဆုံး နိုင်ပွဲလို့ ပြောခဲ့ပါတယ်။
အာမိုရင် “ကျနော်ဟာ ယူနိုက်တက်အသင်းမှာ နိုင်ပွဲတွေ အများကြီး မရရှိထားတာကြောင့် ဒါက အလွန်အရေး ပါ ပါတယ်။ ဒီနိုင်ပွဲဟာ ကျနော့်ရဲ့ ယူနိုက်တက်အသင်း နည်းပြဘဝမှာ အကြီးမားဆုံး နိုင်ပွဲလို့ ထင်ပါတယ်။ ကျနော် တို့ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ စိတ်ဓါတ်ကို လာမယ့်ပွဲအတွက် ယူဆောင်သွားရမှာဖြစ်ပြီး ၃ ပွဲဆက်တိုက်နိုင်ပွဲရဖို့ လုပ်ဆောင်ရမယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အမ်ဘူမိုရဲ့ ပွဲအစ ၆၂ စက္ကန့်မှာ သွင်းယူခဲ့တဲ့သွင်းဂိုးနဲ့ လီဗာပူးလ်အသင်းကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂတ်ပိုက လီဗာပူးလ်အသင်းအတွက် ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမယ့် မက်ဂွဲယားဟာ ခေါင်းတိုက်ဂိုးနဲ့ အဖိုးတန်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ဟာ လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် အန်ဖီးလ်ကွင်း မှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာကြောင့် အသင်းသားတွေဟာ ပွဲအပြီး အဝတ်လဲခန်းထဲမှာ အောင်ပွဲခံခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင် လက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲ ဆက် နိုင်ပွဲ ရယူနိုင်ခဲ့တဲ့အတွက် နည်းပြအာမိုရင်ဟာ ဖိအားတွေ လျော့သွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ပြီး အမှတ်ပေး ဇယား အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၄ နေရာကို ရောက်ရှိသွားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအဆင့် ၉ နေရာအထိ ရောက်ရှိလာပြီး လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 416
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့် ယာမဲလ်ဟာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။
Forbes က ဆယ်ကျော်သက် ယာမဲလ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေ အကောင်း ဆုံး ထိပ်တန်း စာရင်းကို ဝင်နိုင်ဖို့အတွက် လုံလောက်တဲ့ ဝင်ငွေရရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
ယာမဲလ်ဟာ နာမည်ကြီး Adidas ၊ Visa ၊ Konami တို့နဲ့ စပွန်ဆာ စာချုပ်ချုပ်ခဲ့တာကြောင့် သူ့ရဲ့ဝင်ငွေတွေဟာ ပိုမိုတိုးလာခဲ့တာ ဖြစ်ပါတယ်။
ယာမဲလ်ဟာ စီးပွားဖြစ် ဝင်ငွေကနေ ဒေါ်လာ ၁၀ သန်းနဲ့အတူ ဒီရာသီမှာ ဒေါ်လာ ၄၃ သန်း ရရှိမယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

ယာမဲလ်ကို တွေ့ရစဉ်
၂၀၂၃-၂၄ ရာသီမှာ ဘာစီလိုနာအသင်းအတွက် စတင် ပွဲထွက်ခဲ့တဲ့ ယာမဲလ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်း ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၆ နှစ် စာချုပ်ချုပ်ထားပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
Forbes ရဲ့ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားစာရင်းမှာ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုက ဒေါ်လာသန်း ၂၈၀ နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီက ဒေါ်လာသန်း ၁၃၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အယ်လ်အစ်တီဟတ်အသင်း တိုက်စစ်မှူး ဘန်ဇီမာက ဒေါ်လာ ၁၀၄ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေ ပါတယ်။
ဘတ်ပီ၊ ဟာလန်း၊ ဗီနီစီးယက်စ်၊ ဆာလက်၊ မာနေး၊ ဘယ်လင်ဂမ်နဲ့ ယာမဲလ်တို့က သူတို့တွေရဲ့အနောက်မှာ အစဉ်အလိုက် ရပ်တည်နေကြပါတယ်။
ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်ပြောင်းရွှေ့ခဲ့တဲ့ နေမာနဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာပြီး နာပိုလီ အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဒီဘရိုင်းတို့ကတော့ ဝင်ငွေတွေ လျော့သွားတဲ့အတွက် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ ပါဝင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 328
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ဘရာဇီးလ်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲ နောက်ဆုံး ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေအဖြစ် ဥရောပမှာ ဆီနီဂေါ၊ တူနီးရှား အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) က ကြေညာခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဆီနီဂေါအသင်းနဲ့ နိုဝင်ဘာ ၁၅ ရက် အမ်းမရိတ်ကွင်း၊ နောက် ၃ ရက်အကြာမှာ တူနီးရှား အသင်းနဲ့ ပြင်သစ်မှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။
ဆီနီဂေါအသင်းနဲ့ တူနီးရှားအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေဖြစ်လို့ ပြိုင်ပွဲမတိုင်မီ အာဖရိကအသင်းတွေနဲ့ ယှဉ်ပြိုင်တာဟာ ဘရာဇီးလ်အသင်းအတွက် အဖိုးတန်တဲ့ အတွေ့အကြုံ တွေ ရမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နိုင်ငံတကာပွဲတွေမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထား တဲ့ တောင်ကိုရီးယား၊ ဂျပန်အသင်းတို့နဲ့ အာရှမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တာပါ။

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်
ဘရာဇီးလ်အသင်းဟာ တောင်ကိုရီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဂျပန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဂျပန်အသင်းကို ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့ပြီးနောက် သူတို့အတွက် သင်ခန်းစာတွေ ရခဲ့တယ်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ခုနှစ်၊ မတ်လထဲ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲတွေကိုတော့ အမေရိကန်နိုင်ငံမှာ ဥရောပ ထိပ်သီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပေမယ့် ၂၀၀၂ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့အတွက် အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီကလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 344
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
အီတလီအသင်းနည်းပြ ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်း ခြေစစ်ပွဲ မအောင်မြင်ရင် နိုင်ငံကနေ ထွက်ခွာပြီး အခြားနိုင်ငံမှာ သွားရောက် နေထိုင်မယ်လို့ ပြောခဲ့ပါတယ်။
ဂတ်တူဆိုက “ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် လုပ်နိုင်ရင် ကျနော် ဂုဏ်ပြုခံရမှာပါ၊ ဒီလိုမှ မဟုတ်ရင် တော့ ကျနော်ဟာ အီတလီနိုင်ငံနဲ့ ဝေးရာကို ထွက်ခွာသွားမှာပါ။ စပိန်နိုင်ငံ မာဘယ်လာမှာ နေထိုင်ဖို့ ရှိနိုင်ပေမယ့် ဒီထက်ဝေးရာကိုလည်း သွားနိုင်ပါတယ်။ ဒီအကျိုးဆက်ကို ကျနော်သိပါတယ်”လို့ ပြောခဲ့တာပါ။
၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂတ်တူဆိုဟာ ဇွန်လမှာ အီတလီ လက်ရွေးစင်အသင်းကို နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ဂတ်တူဆိုရဲ့ လက်ထက်မှာ အီတလီအသင်းဟာ ၄ ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပြီး အနိမ့်ဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရဖို့ သေချာခဲ့ပါတယ်။

အီတလီအသင်း ယှဉ်ပြိုင်စဉ်
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ နော်ဝေအသင်းနဲ့ ၃ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ ထပ်ပြီး မအောင်မြင်မှာကို စိုးရိမ်မှုတွေ ရှိနေကြတာပါ။
အီတလီအသင်းကို ကိုင်တွယ်ရတာ ဖိအားဒဏ်တွေ ခံစားရပေမယ့် ဂတ်တူဆိုကတော့ နိုင်ငံအသင်းကို နည်းပြ ရတဲ့အပေါ် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ နည်းပြ ဂတ်တူဆိုရဲ့ လက်ထက် ကစားထားတဲ့ ၄ ပွဲမှာ ၁၆ ဂိုးသွင်းပြီး ပေးဂိုး ၅ ဂိုး ခွင့်ပြု ထားရတာပါ။
အီတလီအသင်းဟာ လာမယ့် နိုဝင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် မောလ်ဒိုဗာ၊ နော်ဝေအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 277
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာစတာမာက အက်စတွန်ဗီလာနဲ့ မက္ကာဘီတဲလ်အဗစ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အစ္စရေးပရိသတ်တွေကို ပွဲတက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
West Midlands Police က နိုဝင်ဘာ ၆ ရက် ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ ဘေးကင်းလုံခြုံမှုရှိရေး စိုးရိမ်မှုတွေကြောင့် အန္တရာယ်များတယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အေဂျက်စ်နဲ့ မက္ကာဘီတဲလ်အဗစ်တို့ အမ်စတာဒမ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ယူရိုပါလိဂ်ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အမုန်းတရားတွေ အပါအဝင် လက်ရှိအခြေအနေနဲ့ အရင်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာစတာမာက ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ရဲတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက အကြမ်းဖက်ခံရမှာ ဒါမှမဟုတ် ခြိမ်းခြောက်မှုကို မကြောက်ဘဲ ဘောလုံးပရိသတ်တွေအားလုံး ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းကလည်း သူတို့နဲ့ မက္ကာဘီတဲလ်အဗစ်တို့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ပွဲစဉ်ကို အဝေးကွင်း ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်ဘူးဆိုတာ အတည်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေးအသင်း ပရိသတ်တွေကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အေဂျက်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ မက္ကာဘီတဲလ်အဗစ်အသင်း ပရိသတ်တွေ ဟာ အမ်စတာဒမ်မှာ တိုက်ခိုက်မှုတွေ ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့လက ဂရိကလပ် PAOK အသင်း ပရိသတ်တွေဟာ မက္ကာဘီတဲလ်အဗစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ရပ်တန့်ဖို့ဆိုပြီး ရေးသားထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ပါတယ်။
အခုအပတ် အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အစ္စရေးနိုင်ငံတော် သီချင်း သီဆိုချိန် အီတလီပရိသတ်တွေက လှောင်ပြောင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရရှိထားကာ မက္ကာဘီတဲလ် အဗစ် အသင်းက ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 282
CNI Sport News
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆
ပိုလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ရီးရယ်လ်အသင်းနဲ့ ကစားမယ့် El Clasico ပွဲကိုလွဲမယ့်တိုက်စစ်မှူးလီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းက ဒေါသထွက်နေပါတယ်။
လီဝန်ဒေါစကီးဟာ ဒီပွဲမှာနာကျင်မှုကို ခံစားနေရပေမယ့် ပွဲကိုဆက်ကစားခဲ့တာကြောင့် ၁ လကြာအနားယူရမယ့်အပေါ်မှာ ဘာစီလိုနာအသင်းက ဒေါသထွက်နေတာလို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။
အသက် ၃၇ နှစ်အရွယ်ရှိတိုက်စစ်မှူးဟာ ပိုလန်အသင်းနဲ့ လစ်သူယေးနီးယားအသင်းတို့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ပထမပိုင်းမှာ အဆင်မပြေဖြစ်ခဲ့ပေမယ့် ဆက်ပြီးကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ အခုရာသီအစပိုင်းမှာ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရဖူးပေမယ့် ပွဲကိုပြီးဆုံးအောင်အထိ ဆက်ကစားသွားခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ဒီဆုံးဖြတ်ချက်ကြောင့် အနည်းဆုံး ၄ ပတ်ကြာအထိ အနားယူရမှာဖြစ်လို့ ရီးရယ်လ်အသင်းနဲ့ ပွဲကြီးပွဲကောင်းကို လွဲချော်တော့မှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ လီဝန်ဒေါစကီးရဲ့ဒဏ်ရာအခြေအနေကိုင်တွယ်မှုကို စိတ်ပျက်နေပြီး စပိန်သတင်းစာမာကာက သူဟာ ချက်ချင်းလူစားလဲဖို့ တောင်းဆိုသင့်တယ်ဆိုပြီး ကလပ်အသင်းဘက်က ယုံကြည်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်နဲ့ဆေးအဖွဲ့ဝင်တွေကလည်း အတွေ့အကြုံရှိ ကစားသမားတစ်ဦးရဲ့ ဒဏ်ရာအခြေအနေကို ကြိုတင်ပြီး မကာကွယ်တဲ့အပေါ် စိတ်ပျက်နေကြတာပါ။
ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာရကစားသမားအရေအတွက်တိုးလာနေပြီး နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ အော်လ်မိုနဲ့ ဖာရန်တောရက်စ်တို့လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ပွဲတွေမှာ ရက်ရှ်ဖိုဒ့်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုရဖွယ်ရှိနေတာပါ။
လာလီဂါအမှတ်ပေးဇယားအဆင့် ၂ နေရာမှာရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဂျီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:goal
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆
ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂလက်စကို အခြေစိုက်အသင်း ငယ်လေးတစ်သင်းကို ခရီးစရိတ် ကူညီပေးခဲ့တာကြောင့် သူတို့ဟာ အရေးပါတဲ့ စကော့တလန်ဖလား ပွဲစဉ်မတိုင်မီ အဆင်ပြေမှု ရရှိသွားခဲ့ပါတယ်။
ဂိုဗန်အခြေစိုက် အငယ်တန်းကလပ် Benburb FC အသင်းဟာ အောက်တိုဘာ ၂၅ ရက်မှာ Wick အကယ်ဒမီ အသင်းနဲ့ ကစားဖို့ မိုင် ၆၀၀ အသွားအပြန် ပြုလုပ်ရမှာဖြစ်ပါတယ်။
ဖခင်ဖြစ်သူနဲ့အတူ Benburb အသင်းကို ကြည့်ပြီး ကြီးပြင်းလာခဲ့တဲ့ ယူနိုက်တက်အသင်း နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ ကလပ်ရဲ့လာမယ့် ခရီးစဉ်ကို သိရှိတဲ့အချိန်မှာ အသင်းအတွက် တစ်ညတာ တည်းခိုခကို ပေးဖို့ ပြုလုပ်လာခဲ့တာပါ။
ကလပ်ရဲ့ ပူးတွဲမန်နေဂျာ ဂေါ်ဒွန်ရော်ဘတ်ဆန်က ဒီအကူအညီဟာ ဆာအဲလက်စ် ထံကနေ အံ့သြဖွယ်ကောင်းတဲ့ အမူအရာဖြစ်တယ်လို့ BBC Scotland ကို ပြောခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ မကြာသေးမီက ကလပ်ထံ လာရောက် လည်ပတ်ခဲ့ပြီး ဒီအသင်းအပေါ် သူ့ရဲ့ချစ်ခင်မှု ကို မကြာခဏ ပြောခဲ့တာပါ။

စကော့တလန်အသင်း ယှဉ်ပြိုင်နေစဉ်
ဂေါ်ဒွန်ရော်ဘတ်ဆန်က ဆာအဲလက်စ်ဟာ စကော့တလန်ဖလား ဒုတိယအဆင့် ပွဲစဉ်ကစားဖို့ ကလပ်သွားရောက် ရမယ့် ရှည်လျားတဲ့ ခရီးစဉ်ကို သိရှိတဲ့အချိန်မှာ ထိတ်လန့်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂေါ်ဒွန်ရော်ဘတ်ဆန်က “၆ နာရီကြာ ခရီးစဉ်ဖြစ်ပြီး ကစားသမားတွေ တစ်ညတာတည်းခိုဖို့ဟာ ကလပ်အတွက် ကြီးမားတဲ့ စရိတ်စက ဖြစ်ပါလိမ့်မယ်။ ဆာအဲလက်စ်က ကစားသမားတွေနဲ့ အသင်းအဖွဲ့ဝင်တွေ တစ်ညတာ တည်းခိုဖို့အတွက် သူပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ကျနော်တို့ ဒါကို အလွန်တန်ဖိုးထားပြီး ကစားသမား တွေက ပီတိဖြစ်ကာ ပျော်ရွှင်နေတယ်”လို့ ပြောခဲ့ပါတယ်။
Benburb FC အသင်းအနေနဲ့ စကော့တလန်ဖလားပြိုင်ပွဲမှာ စတုတ္ထအဆင့်ကို ရောက်ရှိနိုင်ခဲ့ရင် စကော့တလန် ထိပ်သီးတွေဖြစ်တဲ့ ဆဲလ်တစ်၊ ရိန်းဂျားစ်အသင်းတို့နဲ့ ထိပ်တိုက် တွေ့ဆုံနိုင်မယ့် အခွင့်အရေးရရှိလာမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 237
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၆
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်လူဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်း လူစာရင်းမှာ အရေးပါတဲ့သူအဖြစ်ရှိနေဆဲလို့ နည်းပြတူချယ်လ်က ပြောခဲ့ပါတယ်။
တူချယ်လ်က “ဘယ်လင်ဂမ်က အရေးပါတဲ့ကစားသမားဖြစ်သလို ကြီးမားတဲ့ ကစားသမားပါ။ ကျနော်ဟာ ကစားသမားတွေအများကြီးနဲ့ စကားပြောသွားမှာဖြစ်ပြီး ဒီစခန်းသွင်းတဲ့အထဲမှာ မပါဝင်တဲ့သူတွေလည်း ပါဝင်ပါတယ်။ အခြားသူတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ လိုပါတယ်။ လူတိုင်းက လူစာရင်းထဲပြန်လာဖို့စိတ်အားထက်သန်နေပြီး ကျနော်တို့နဲ့ ထိုက်တန်တဲ့သူတွေအများကြီးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းလူစာရင်းထဲ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ နာမည်ကြီးကစားသမားတွေထဲက တစ်ဦးပါ။
ဘယ်လင်ဂမ်ဟာ ပခုံးခွဲစိတ်မှုကနေ ပြန်လည်သက်သာလာပြီး ရီးရယ်လ်အသင်း အတွက် ပါဝင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ် ၉၀ ပြည့်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

နည်းပြတူချယ်လ်နှင့် ဘယ်လင်ဂမ် ကို တွေ့ရစဉ်
အဲ့ဒါကြောင့်လည်း အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က သူ့ကို လူစာရင်းထဲ ရွေးချယ်ခဲ့ခြင်းမရှိတာပါ။
အင်္ဂလန်အသင်းနည်းပြတူချယ်လ်ဟာ လာမယ့်နိုဝင်ဘာမှာကစားမယ့် ဆားဘီးယား၊အယ်လ်ဘေးနီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ ဘယ်လင်ဂမ်နဲ့ စကားပြောဆိုမှုတွေပြုလုပ်သွားမှာဖြစ်ပြီး သူ့ကိုလူစာရင်းထဲ ပြန်လည်ရွေးချယ် သွားဖွယ် လည်း ရှိနေပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ ဘယ်လင်ဂမ်၊ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့မပါဝင်ဘဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုရယူနိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ ပြောထားတာပါ။
ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ ဒီရာသီ အဲဗာတန်နဲ့ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြသနေပေမယ့် နည်းပြတူချယ်လ်က သူတို့ကို အင်္ဂလန်အသင်း လူစာရင်းထဲမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 301
CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၆
ရီးရယ်လ်အသင်းမှာကစားခဲ့ချိန်က တစ်နှစ်ကို လုပ်ခလစာ ပေါင်၂၉သန်းနီးပါးအထိ ရရှိခဲ့တဲ့ ဝေးလ်စ်ကစားသမားဟောင်း ဂါရတ်ဘေးလ် က ဒေဝါလီခံရမှာကို စိုးရိမ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဂါရတ်ဘေးလ်က “ကျနော့်ရဲ့စိတ်ထဲမှာ အမြဲတမ်းကြောက်လန့်နေတဲ့ အရာတစ်ခုရှိပါတယ်။ ပရောဖက်ရှင်နယ်ကစားသမားတွေဟာ သူတို့ရဲ့ကစားသမားဘ၀ ပြီးဆုံးသွားတဲ့အချိန်မှာ ဒေဝါလီခံရတဲ့ သတင်းတွေကို ဖတ်ခဲ့ရပါတယ်။ သူတို့ဟာ ငွေတွေကို ဘယ်လိုစီမံရမလဲ ဆိုတာမသိသလို ဘာတွေလုပ်ရမလဲဆိုတာကိုလည်း မသိကြပါဘူး။ အားကစားသမားအများအပြားဟာ ခမ်းနားထည်ဝါတဲ့ လူနေမှုပုံစံ နဲ့နေကြတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီလိုမလုပ်ဖို့ကြိုးစားပြီး ဘောလုံးသမားဘဝ အလွန်မှာ ဖြစ်လာမယ့်အရာတွေကို အမြဲတမ်းကြည့်နေခဲ့တာပါ”လို့ Front Office Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
စပါးနဲ့ရီးရယ်လ်အသင်းကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
အားကစားသမားအများအပြားဟာ ကစားသမားဘ၀ ပြီးဆုံးသွားချိန်မှာ သူတို့ပိုင်ဆိုင်တဲ့အရာတွေကို ဆုံးရှုံးပြီး ဒေဝါလီခံခဲ့ရတာတွေကြောင့် ဂါရတ်ဘေးလ်က ဒီလိုဖြစ်လာမှာကို စိုးရိမ်ပြီး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်။

ဂါရတ်ဘေးလ် ကို တွေ့ရစဉ်
၂၀၁၆ ခုနှစ်က ရီးရယ်လ်အသင်းနဲ့ ပေါင်သန်း၁၅၀တန်ကြေးရှိ ၆နှစ်စာချုပ်ချုပ်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ဥရောပရဲ့အချမ်းသာဆုံးကစား သမားတွေထဲက တစ်ဦးအဖြစ်လည်း ရှိခဲ့တာပါ။
ဂါရတ်ဘေးလ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ကာဒစ်ဖ်မှာ စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ခဲ့ပြီး ကာဒစ်စီးတီးအသင်းကို ဝယ်ယူဖို့ ကြိုးပမ်းမှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ဂါရတ်ဘေးလ်ဟာ TNT Sports မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ပြုလုပ်ခဲ့သလို BMW နဲ့လည်း စပွန်စာစာချုပ်ရှိနေတာပါ။
ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန်က ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့သလို မေဂျာလိဂ်ကလပ် LAFC အသင်းမှာလည်း မေဂျာလိဂ်ဖလားနဲ့ Supporters' Shield တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 256
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅
ဝက်စ်ဟမ်းအသင်း နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ထုတ်ပယ်ခံရတဲ့ နည်းပြတိုမာဆန်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဆွီဒင်အသင်း နည်းပြရာထူးကို ရယူဖို့ဆန္ဒရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကိုဆိုဗိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ခြေစစ်ပွဲ ၄ ပွဲ ကစားထားတာမှာ ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။
အဲဒါကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြတိုမာဆန်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာက ဝက်စ်ဟမ်းအသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရေဟမ်ပေါ်တာဟာ သူ့ရဲ့ နည်းပြဘဝ အောင်မြင်မှုရခဲ့တဲ့ ဆွီဒင်နိုင်ငံထံ ပြန်သွားပြီး ဆွီဒင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ချင်နေတာပါ။
ဂရေဟမ်ပေါ်တာက “ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးက အံ့မခန်းပါပဲ။ ဆွီဒင်အတွက် ကျနော့်မှာ ခံစားချက်တွေ အများကြီးရှိပြီး ကျနော်ဒီနိုင်ငံကို ချစ်သလို ဆွီဒင်ဘောလုံးကိုလည်း ချစ်ပါတယ်။ ဆွီဒင်ဘောလုံး အပေါ် ကျေးဇူးတင်ဖို့တွေလည်း အများကြီးရှိပါတယ်။ ဆွီဒင်နည်းပြရာထူးက ကျနော့်အတွက် ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်မယ်ဆိုတာ သေချာတယ်”လို့ Fotbollskanalen နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဆွီဒင်အသင်း ယှဉ်ပြိုင်နေစဉ်
အသက် ၅၀ နှစ်အရွယ်ရှိ ဂရေဟမ်ပေါ်တာဟာ ဆွီဒင်ကလပ် အိုစတာဆန့်အသင်းကို ၇ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး စတုတ္ထတန်းအဆင့်ကနေ ဆွီဒင်ထိပ်တန်းလိဂ်အဆင့်ထံ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ် ပြိုင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
ဂရေဟမ်ပေါ်တာဟာ ဒီနောက်ပိုင်းမှာ ဆွမ်ဆီး၊ ဘရိုက်တန်၊ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတွေကို ကိုင်တွယ် ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ နည်းပြသစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေ ပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရလဒ်ဆိုးနေပေမယ့် နေးရှင်းလိဂ်မှာ လိဂ် B ကို တန်းတက်နိုင်ခဲ့ တာကြောင့် ပလေးအော့ဖ်ကနေ တစ်ဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။
Source: CNA
