- By CNI
- Category: အားကစား
- Hits: 318
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ကွင်းလယ်လူကိုင်စီဒို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက် တသမတ်တည်း မရှိမှုကို မေးခွန်း ထုတ်ခဲ့ပါတယ်။
မာရက်စ်ကာက “ကိုင်စီဒိုရဲ့ အနီကတ်အကြောင်း ကျနော့်ကို မေးကြပေမယ့် ဒါက အနီကတ်ပါပဲ။ ဒါဆိုရင် စပါး အသင်းနဲ့ပွဲမှာ ဘန်တန်ကာက ရီးစ်ဂျိမ်းစ်ကို ဖျက်ထုတ်တာ ဘာကြောင့် အနီကတ်မပြတာလဲ။ ဒါကြောင့် ကျနော် တို့ နည်းပြတွေဟာ ဒိုင်လူကြီးတွေရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်တွေကို နားလည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ ချာလိုဘာရဲ့ ဖြစ်ရပ်အတွက်လည်း ဒိုင်လူကြီးကို ကျနော်မေးခဲ့ပါတယ်။ သူကတော့ တံတောင်နဲ့တိုက်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒိုင်တွေဟာ မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချနေကြပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ကိုင်စီဒိုဟာ မယ်ရီနိုကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက VAR သုံးသပ်အပြီးမှာ တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် ချာလိုဘာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး မယ်ရီနိုက အာဆင်နယ်အသင်းအတွက် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီသရေနဲ့ အမှတ်ခွဲယူခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကိုင်စီဒိုရဲ့ အနီကတ်ဟာ ထိုက်တန်ပေမယ့် ချာလိုဘာကို တံတောင်နဲ့ တိုက်ခဲ့တဲ့ အာဆင်နယ်အသင်း နောက်ခံလူ ဟင်ကာပီလည်း အနီကတ်ပြသခံရပြီး ထုတ်ပယ်ခံရသင့်တယ်လို့ ယုံကြည်နေပါတယ်။

ချယ်လ်ဆီးအသင်း အငြင်းပွားနေစဉ်
ဒါ့အပြင် မာရက်စ်ကာက အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကို စပါးအသင်း ကွင်းလယ်လူ ဘန်တန်ကာ ဖျက်ထုတ် ခဲ့တာနဲ့ ပတ်သက်ပြီး ကိုင်စီဒိုရဲ့ အနီကတ်ပြသခံရတာနဲ့ နှိုင်းယှဉ်ကာ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်ခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ကိုင်စီဒို ထုတ်ပယ်ခံရအပြီးမှာ ချယ်လ်ဆီးအသင်း ကစားသမားတွေ ဟာ သူ့ရဲ့ကစားသမားတွေ ထုတ်ပယ်ခံရအောင် ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဇူဘီမန်ဒီ၊ မိုစကွဲယား၊ ကာလာဖီအိုရီနဲ့ ဟင်ကာပီတို့ အဝါကတ် ပြသခံခဲ့ရပြီး ဒုတိယပိုင်းမှာ ကာလာဖီအိုရီရဲ့နေရာ လူစားလဲဝင်လာခဲ့တဲ့ စကယ်လီ၊ တိုက်စစ်မှူး ယိုကီရက်စ်တို့လည်း အဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
အာဆင်နယ်အသင်း တိုက်စစ်မှူး ယိုကီရက်စ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယိုကီရက်စ်ဟာ နိုဝင်ဘာ အစပိုင်းမှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခြင်းမရှိဘဲ အသင်းနောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲစလုံး လွဲချော် ထားခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ယိုကီရက်စ် ပါဝင်နိုင်ဖွယ် ရှိ/မရှိ စစ်ဆေးမှုတစ်ခု ပြုလုပ်ရဦးမှာဖြစ်ပြီး သူ့ရဲ့အခြေအနေကို မြင်တွေ့ရမယ်လို့ ပြောထားပါတယ်။
အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ မယ်ရီနိုက အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် လာရဖို့ ရှိနေပါတယ်။

ယိုကီရက်စ်ကို တွေ့ရစဉ်
ရာသီအဖွင့် ပွဲစဉ်ပြီးကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကိုလည်း ချယ်လ်ဆီးအသင်းနဲ့ ပွဲမတိုင်မီ စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပြီး ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဂါဘရီရယ်လ်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒီဇင်ဘာကုန်အထိ အနားယူရဖွယ်ရှိနေတာပါ။
အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့ မာဒူအက်ကေးတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ တောင်ပံကစားသမား ထရော့ဆာဒ့်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက မျှော်လင့်နေပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ပြီးရင် ကြားရက်ထဲမှာ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဗီဇာခွဲဝေမှု အကန့်အသတ်သာ ရရှိမှုကို ကန့်ကွက်တဲ့ အနေနဲ့ လာမယ့်အပတ် အမေရိကန်နိုင်ငံမှာ ပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲပွဲကို အီရန် သပိတ်မှောက်မယ်လို့ အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
“အီရန် ကိုယ်စားလှယ်အဖွဲ့အတွက် မဲခွဲပွဲအခမ်းအနားကို တက်ရောက်ဖို့ ဗီဇာထုတ်ပေးတဲ့ နောက်ဆုံး အခြေ အနေနဲ့ ပတ်သက်ပြီး အီရန် ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲကို တက်ရောက်မှာမဟုတ်ဘူး”လို့ အီရန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အလာဗီက အီရန်အားကစားသတင်းဝက်ဘ်ဆိုက် Tarafdari ကို ပြောခဲ့တာပါ။
အမေရိကန်ဟာ နိုင်ငံရေးနဲ့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် အီရန်နိုင်ငံသားတွေအပေါ်မှာ ဗီဇာ ကန့်သတ် ချက်ကို ကာလကြာရှည်စွာ တင်းကျပ်ထားပါတယ်။
အမေရိကန်ဟာ နည်းပြချုပ် အပါအဝင် အီရန်ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင် ၄ ဦးကို ဗီဇာ ထုတ်ပေးခဲ့ပေမယ့် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ဗီဇာမပေးခဲ့ဘူးလို့ အလာဗီက ပြောခဲ့ပါတယ်။

အီရန်အသင်းကို တွေ့ရစဉ်
ဒီဇင်ဘာ ၅ ရက် ဝါရှင်တန်ဒီစီမှာ ကျင်းပမယ့် မဲခွဲပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အာဏာပိုင်တွေဟာ အားကစားနဲ့ မသက်ဆိုင်တဲ့လုပ်ရပ် ပြုလုပ်ခဲ့တယ်လို့လည်း အလာဗီက ပြောခဲ့တာပါ။
အဲ့ဒါကြောင့် အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့ဖလားမဲခွဲပွဲ အခမ်းအနားကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာထံ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အကြီးအကဲ အင်ဖန်တီနိုနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ထံ အကြောင်းကြားထားပါတယ်။
ဖီဖာက ဒီဖြစ်ရပ်ကို အလေးအနက်ထားပြီး လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ကြောင်း အလာဗီရဲ့ ပြောကြားမှုကို Tarafdari သတင်းမှာ ဖော်ပြထားပါတယ်။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၇ ကြိမ်မြောက် ယှဉ်ပြိုင်မှုအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်သွား မှာဖြစ်ပြီး ယှဉ်ပြိုင်ခဲ့တဲ့ အကြိမ်တိုင်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကွန်ညာ၊ ဆက်စ်ကိုနဲ့ မက်ဂွဲယားတို့ဟာ ခရစ္စတယ်ပဲ လေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “ဆက်စ်ကိုဟာ အချိန်အနည်းငယ် ပိုယူရမှာဖြစ်ပြီး မက်ဂွဲယားလည်း အတူတူပါပဲ။ ကွန်ညာကိုတော့ လာမယ့်ပွဲဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပြီး ပဲလေ့စ်အသင်းနဲ့ပွဲမှာ သူပါဝင်နိုင်မှာ မဟုတ် ပါဘူး။ ဆက်စ်ကိုရဲ့ ဒဏ်ရာ အခြေအနေကို ကျနော်တို့ ဂရုစိုက်ပြီး ကိုင်တွယ်နေပါတယ်”လို့ ပြောခဲ့တာပါ။
ဆက်စ်ကိုနဲ့ မက်ဂွဲယားတို့ဟာ စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကွန်ညာကတော့ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အဲဗာတန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ အာမိုရင်ဟာ အသင်းရဲ့ ရလဒ်တွေကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ပါတယ်။

နည်းပြအာမိုရင်ကို တွေ့ရစဉ်
အာမိုရင်က “ကျနော်တို့ဟာ ဒီပွဲတွေကိုကြည့်ရင် အမှတ်တွေ ပိုပြီးရသင့်တယ်လို့ ထင်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ပွဲက ရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။ ကျနော်တို့ဟာ ပွဲတွေကို အနိုင်ရဖို့ အရေးတကြီး လိုအပ်လာပြီလို့ ခံစားရပါတယ်။ ကျနော်တို့ပွဲတွေ အနိုင်မရရင် ကလပ်အသင်း တစ်ဝိုက်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့သိပါတယ်။ လာမယ့်ပွဲကို အာရုံစိုက်ပြီး အနိုင်ရဖို့ကြိုးပမ်းသွားမယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရမှတ်တွေ ဆက်တိုက် ဆုံးရှုံးခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာအထိ ရောက်ရှိသွားခဲ့ပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၃ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 281
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ အင်္ဂလန် ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
မာရက်စ်ကာက “သူပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အသင်းဖော်တွေ အားလုံး ပျော်ရွှင်နေသလို ကျနော်တို့ အားလုံးလည်း ပျော်ရွှင်နေကြပါတယ်။ အရေးကြီးဆုံးအရာက ကိုးလ် ပျော်ရွှင်နေဖို့ဖြစ်ပြီး သူပွဲတွေကစားဖို့ လိုအပ်ပါတယ်။ သူက ကျနော်တို့ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့အတွက် သူပြန်လာတာကို ကျနော်တို့ ပျော်ရွှင်ပါတယ်။ သူရာနှုန်းပြည့် ကြံ့ခိုင်မှုရှိအောင် ကျနော်တို့ အချိန်ပေးဖို့လိုပါတယ်”လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ နေအိမ်မှာ မတော်တဆမှုကြောင့် ခြေချောင်း ထိခိုက်သွားခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်က ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်၊ ကြားရက်မှာကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကိုးလ်ပါလ်မာဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကိုလည်း လွဲချော် ဖွယ်ရှိတယ်လို့ ထင်ခဲ့ပေမယ့် မကြာသေးမီက အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးနောက် ပါဝင်နိုင်မယ်လို့ ပြောခဲ့တာပါ။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ စက်တင်ဘာက ယူနိုက်တက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
အသက် ၂၃ နှစ်အရွယ်ရှိ ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၄ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာ မပါဝင်နိုင်ပေမယ့် နောက်ပိုင်းတွေမှာ နိုင်ပွဲတွေဆက်ပြီး ရလဒ်ကောင်းတွေ ရရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၂ နေရာရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 288
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ဖီယင်နုအသင်းနည်းပြ ဗန်ပါစီက ဆဲလ်တစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သားဖြစ်သူ ရှာကွီးလ်ကို အသင်းကြီး ပွဲဦးထွက်အဖြစ် အသုံးပြုတာဟာ ဖခင်တစ်ဦးအနေနဲ့ မဟုတ်ဘဲ နည်းပြတစ်ဦးအနေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ပါစီက “ဂိုးရဖို့ လိုအပ်နေတာကြောင့် သူ့ကို အသုံးပြုဖို့ ကျနော်ဆုံးဖြတ်ခဲ့တာပါ။ ရှာကွီးလ်ဟာ နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့သူ ဖြစ်တဲ့အတွက် သူ့ကိုလူစားလဲ ထည့်သွင်းခဲ့တာပါ။ ဖခင်တစ်ဦး အနေနဲ့ ကြည့်ရင် သားဖြစ်သူ ပွဲဦးထွက်ခွင့်ရတာဟာ အမြဲတမ်းထူးခြားတဲ့ အခိုက်အတန့်ဖြစ်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီးအကယ်ဒမီမှာ နှစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် ဖခင်ခြေရာ ကို လိုက်နင်းကာ ၂၀၁၇ ခုနှစ်မှာ ဖီယင်နုအသင်းထံ ပြောင်းရွှေ့လာခဲ့ပါတယ်။
ရှာကွီးလ်ဟာ ၂၀၂၂ ခုနှစ်မှာ ဖီယင်နုအသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ရှာကွီးလ်ကို တွေ့ရစဉ်
ရှာကွီးလ်ဟာ ပြီးခဲ့အပတ်က ဒတ်ချ်လိဂ်ပွဲစဉ်မှာ ဖီယင်နုအသင်းရဲ့ ပွဲလူစာရင်းထဲ ပါဝင်ခဲ့ပြီး ၄ ရက်အကြာမှာ တော့ အသင်းကြီး ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။
ဖီယင်နုအသင်းက ဆဲလ်တစ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၁ မိနစ်မှာ ရှာကွီးလ်ဟာ လူစားဝင်အဖြစ် ပါဝင်ခဲ့ရပါတယ်။
ရှာကွီးလ်ဟာ ဂိုးဧရိယာထဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ပွဲအပေါ်ကြီးမားတဲ့ သက်ရောက်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဗန်ပါစီက သူဟာ ရှာကွီးလ်ကို ကစားသမားတစ်ဦး အနေနဲ့ပဲ မြင်ပြီး လွန်ခဲ့တဲ့နှစ် အနည်းငယ်က အတူတွဲလုပ်ခဲ့ တဲ့ အချိန်မှာ သဘောတူထားတဲ့အရာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဖီယင်နုအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ယူရိုပါလိဂ် ၅ ပွဲကစားအပြီးမှာ ၁ ပွဲသာအနိုင်ရကာ ၄ ပွဲရှုံးပြီး အဆင့် ၃၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 255
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
လိဒ်စ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ မန်စီးတီးအသင်း ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ကယ်လ်ဗင်ဖီးလစ်ဟာ ၂၀၂၂ နွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ လိဒ်စ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ပြီး ကတည်းက သူ့ရဲ့ကစားသမားဘဝဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ကယ်လ်ဗင်ဖီးလစ်ဟာ ဝိတ်တက်နေတယ်ဆိုပြီး မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသလို မန်ချက်စတာကလပ်မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိပါဘူး။
ကယ်လ်ဗင်ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဝက်စ်ဟမ်းနဲ့ အစ်စဝှစ်ချ်အသင်းတွေမှာ အငှားကစားခဲ့ပေမယ့် အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကယ်လ်ဗင်ဖီးလစ်ကို တွေ့ရစဉ်
ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁ ပွဲတည်းသာ ပါဝင်ကစားထားရတဲ့ ကယ်လ်ဗင်ဖီးလစ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေတာပါ။
ဒီအချိန်မှာ လိဒ်စ်အသင်းဟာ ကယ်လ်ဗင်ဖီးလစ်ကို အငှားနဲ့ ပြန်ပြီးခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်ကစားသမားရဲ့ ကြီးမားတဲ့လုပ်ခလစာက ဒီအပြောင်းအရွှေ့ကို အတားအဆီးဖြစ်နိုင်တယ်လို့ သိရပါတယ်။
ကယ်လ်ဗင်ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ ဝုလ်ဗ်စ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် လိဒ်စ်အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။
လိဒ်စ်အသင်းနဲ့ ဝုလ်ဗ်စ်အသင်းတို့ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေဖို့အတွက် သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားကောင်းအောင်ပြုလုပ်ဖို့ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ကယ်လ်ဗင်ဖီးလစ်ဟာ လိဒ်စ်အသင်းမှာ ကစားခဲ့ချိန်က ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်း လူစာရင်းနဲ့ ဝေးကွာခဲ့ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 285
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို အနိုင်ရပြီး ယူ-၁၇ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ပွဲချိန် ၃၂ မိနစ်မှာ ကာဘရယ်က သွင်းယူခဲ့တာပါ။
ကာဘရယ်ဟာ ဒီပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ရွှေဖိနပ်ဆုရခဲ့တဲ့ သြစတြီးယားအသင်းက မိုဆာထက် ၁ ဂိုးသာ လျော့နည်းခဲ့ပါတယ်။
အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပတဲ့ ၂၀၂၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းမှာ ဒုတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီအသင်းဟာ ၃၂ သင်းအဆင့်မှာ ဘယ်လ်ဂျီယံ၊ ၁၆ သင်းအဆင့်မှာ မက္ကဆီကို၊ ကွာတားဖိုင်နယ် မှာ ဆွစ်ဇာလန်၊ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲရောက်ရှိခဲ့တာပါ။

ပေါ်တူဂီ ယူ-၁၇ အသင်း အောင်ပွဲခံနေစဉ်
ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရင်က အမြင့်ဆုံး အောင်မြင်မှုအဖြစ် တတိယသာရရှိခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ဗိုလ်လုပွဲမှာ သြစတြီးယားအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ လူငယ် ကစားသမားတွေရဲ့ အောင်မြင်မှုအတွက် သူ့ရဲ့ဆိုရှယ် မီဒီယာကနေ ဂုဏ်ယူပါတယ်၊ ကမ္ဘာ့ချန်ပီယံဆုတွေဆိုပြီး ရေးသားကာ ဂုဏ်ပြုခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ တတိယ နေရာလုပွဲမှာ အီတလီအသင်းက ဘရာဇီးလ်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရပြီး တတိယနေရာ ရရှိခဲ့ပါတယ်။
၂၀၂၅ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပေါ်တူဂီအသင်းက မာတီးယက်စ်မီဒီက ရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကိုလည်း ပေါ်တူဂီအသင်းက ရိုမာရီယိုကွန်ဟာက ရရှိခဲ့တာပါ။
ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ နိုင်ဂျီးရီးယားအသင်းဖြစ်ပြီး ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီက အသင်း ကစားသမားတွေဟာ နည်းပြအလွန်ဆိုကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ အိုလံပီယာကော့စ်အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
ဘတ်ပီက “လူတွေက အပြင်မှာ အများကြီး ပြောနေကြတယ်ဆိုတာ ကျနော်သိပါတယ်။ ရီးရယ်လ်အတွက် ကစားတဲ့ အချိန်မှာ လူတွေက စကားပြောကြတာပုံမှန်ပါပဲ။ ကစားသမားတွေ၊ နည်းပြနဲ့အဖွဲ့ဝင်တွေကို ကျနော်တို့ ကာကွယ်ပေးရမှာပါ။ နိုင်ပွဲပြန်ရဖို့က အလွန်အရေးကြီးခဲ့ပါတယ်။ ကျနော်တို့ဟာ အပြင်မှာရှိနေတဲ့ လူတွေကို ဆန့်ကျင်တယ်လို့ ကျနော် မပြောပေမယ့် ကျနော်တို့ အတူတကွ ရှိနေကြပြီး ပရိသတ်တွေကလည်း ကျနော်တို့နဲ့ အတူ ရှိနေတယ်ဆိုတာ ကျနော်သိတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ အိုလံပီယာကော့စ်အသင်းနဲ့ ပွဲမတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့် နည်းပြအလွန်ဆိုဟာ ဖိအားတွေ ခံစားခဲ့ရပါတယ်။
ဒါ့ပြင် အလွန်ဆိုဟာ ဗီနီစီးယက်စ် အပါအဝင် အဓိက ကစားသမားအချို့နဲ့ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေတယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဘတ်ပီနဲ့ ဗီနီစီးယက်စ်ကို တွေ့ရစဉ်
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ၄ ဂိုးစလုံး သွင်းခဲ့တဲ့ ဘတ်ပီကတော့ အသင်းနဲ့ နည်းပြအဖွဲ့ဟာ စည်းလုံးမှု ရှိတယ်လို့ ပြောခဲ့ပါတယ်။
အိုလံပီယာကော့စ်အသင်းကို အနိုင်ရခဲ့ပြီးနောက် အောင်ပွဲခံချိန်မှာ ဗီနီစီးယက်စ်နဲ့ အလွန်ဆိုတို့ ပွေ့ဖက်မှုတွေ ပြုလုပ်ခဲ့ကြတာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ရီးရယ်လ်အသင်း ကွင်းလယ်လူ ကာမာဗင်ဂါကလည်း သူတို့ဟာ နည်းပြအလွန်ဆိုကို ကူညီနိုင်ဖို့ အရာအားလုံး လုပ်သွားမှာဖြစ်ပြီး အနိုင်ရလဒ်က အရေးပါခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အိုလံပီယာကော့စ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၅ နေရာ ရပ်တည်နေပြီး လာလီဂါပြိုင်ပွဲမှာတော့ အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၁ မှတ် အသာနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 366
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်းစ်)မှာ ကမ္ဘောဒီးယား နိုင်ငံဟာ ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်း ၈ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘဲ နုတ်ထွက်ခဲ့ ပါတယ်။
ကမ္ဘောဒီးယားအမျိုးသား အိုလံပစ်ကော်မတီ(NOCC)ဟာ နိုဝင်ဘာ ၂၆ ရက်မှာ အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်(SEAGF) နဲ့ ထိုင်းဆီးဂိမ်းစ် ကျင်းပရေးကော်မတီ(THASOC)ထံ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး အားကစားနည်း ၈ မျိုးမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဒီထဲမှာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပီတန်း၊ နပန်း၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလတ်နဲ့ ဝူရှူးတို့ ပါဝင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ ဒီအားကစားနည်း ၈ မျိုးကနေ နုတ်ထွက်ခဲ့ပေမယ့် အားကစားနည်း ၁၃ မျိုးမှာ ပါဝင်သွား မယ်လို့ အတည်ပြုခဲ့တာပါ။
ဒီအားကစားနည်းတွေကတော့ ရေကူး၊ ပြေးခုန်ပစ်၊ esports၊ ဓားရေး၊ ကျွမ်းဘား၊ ဂျူဂျစ်ဆု၊ ကစ်ဘောက်ဆင်၊ တိုက်ကွမ်ဒို၊ ဘောလီဘောနဲ့ အခြား အားကစားနည်းတို့ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝူရှူးပြိုင်ပွဲဝင်ကို တွေ့ရစဉ်
ဆီးဂိမ်းစ်ပြိုင်ပွဲ မစတင်မီမှာ ကမ္ဘောဒီးယားရဲ့ အားကစားနည်း ၈ မျိုး နုတ်ထွက်ကြောင်း ကြေညာမှုဟာ ပွဲစီစဉ် သူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာပါ။
ကမ္ဘောဒီးယားအမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတို့ဟာ အုပ်စုတွင်းမှာ အိမ်ရှင်ထိုင်းအသင်းနဲ့ တစ်အုပ်စု တည်း ကျရောက်နေပါတယ်။
ကမ္ဘောဒီးယားအသင်းရဲ့ နုတ်ထွက်မှုကြောင့် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စု A မှာ ထိုင်းနဲ့ တီမောတို့ ၂ သင်း သာ ရှိတော့တာပါ။
ဆီးဂိမ်းစ်စီစဉ်သူတွေဟာ အမျိုးသားဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်မှု မရှိသေးပေမယ့် အသင်း ၄ သင်း ပါဝင်နေတဲ့ အုပ်စု C က အသင်းတစ်သင်းဟာ အုပ်စု A ကို ပြောင်းရွှေ့ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အုပ်စု C မှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်ကနေ ၂၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Vietnamnet
