- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
စီးရီးအေအမှုဆောင်ချုပ် ဆီရာဗိုက လိဂ်ပွဲစဉ်တွေကို ပြည်ပထွက်ပြီးကစားမယ့် အစီအစဉ်ကို ဝေဖန်ခဲ့တဲ့ အေစီမီလန်အသင်း ကွင်းလယ်လူ ရာဘီယော့အနေနဲ့ သူ့ရဲ့အလုပ်ရှင်ကို လေးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆီရာဗိုက “သူပြောတာမှန်ပေမယ့် ရာဘီယော့ဟာ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ဖို့ ဘောလုံးကစားဖို့အတွက် ငွေကြေး သန်းပေါင်းများစွာရရှိတဲ့ ဘောလုံးသမားတွေလိုပဲ သူမေ့သွားပါတယ်။ ဒီပွဲကို နိုင်ငံရပ်ခြားမှာ ကစားဖို့ လက်ခံပြီး တွန်းအားပေးတဲ့ သူ့ရဲ့အေစီမီလန် အလုပ်ရှင်ဆန္ဒကို လိုက်လျောပြီး သူရရှိတဲ့ငွေကို လေးစားမှုရှိသင့် တယ်”လို့ ရာဘီယော့ရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
အေစီမီလန်အသင်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီမှာ ကိုမိုအသင်းနဲ့ စီးရီးအေပွဲစဉ်ကို သြစတြေးလျနိုင်ငံ၊ ပါ့ချ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်မီ ဒီဇင်ဘာထဲမှာ ဘာစီလိုနာနဲ့ ဗီလာရီးရယ်လ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကို မိုင်ယာမီမှာ ကျင်းပ သွားမှာပါ။

ရာဘီယော့ကို တွေ့ရစဉ်
အေစီမီလန်အသင်း ကွင်းလယ်လူ ရာဘီယော့က လိဂ်ပွဲစဉ်တွေကို ပြည်ပမှာ ကစားစေမယ့် အစီအစဉ်ဟာ လုံးဝ ရူးသွပ်ပြီး အဓိပ္ပါယ်မရှိဘူးလို့ ဝေဖန်ခဲ့ပေမယ့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာပဲလို့ ပြင်သစ်သတင်းစာ Le Figaro ကို ပြောခဲ့ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ဥရောပလိဂ်ပွဲစဉ် ၂ ပွဲကို ပြည်ပမှာကစားဖို့ ခွင့်ပြုချက် ပေးခဲ့ပေမယ့် ပြည်တွင်းလိဂ် ပွဲစဉ်တွေကို ပြည်ပမှာကစားမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
စီးရီးအေ အမှုဆောင်ချုပ် ဆီရာဗိုက ဒီပွဲဟာ ဆက်ပြီး ကြီးထွားနေမယ်ဆိုရင် ဘောလုံးအနေနဲ့ အခြားအားကစား နည်းတွေရဲ့စံနမူနာအတိုင်း လိုက်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ်မာစတာကတော့ အင်္ဂလန်ထိပ်တန်းလိဂ် ပွဲစဉ်တွေကို ပြည်ပမှာကျင်းပဖို့ အစီအစဉ်မရှိကြောင်း ပြီးခဲ့တဲ့သြဂုတ်က ပြောခဲ့တာဖြစ်ပါတယ်။
Source:CNA
- By CNI
- Category: အားကစား
- Hits: 295
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
အီဂျစ်အသင်းဟာ အသင်းခေါင်းဆောင် ဆာလက်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဂျီဘူတီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အီဂျစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)မှာ အုပ်စုပွဲစဉ် တစ်ပွဲကစားဖို့ ကျန်ရှိသေးပေမယ့် ဒီနိုင်ပွဲကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘာကီနာဖာဆိုအသင်းကို ၅ မှတ်အထိဖြတ်ကာ ဦးဆောင်နိုင်ခဲ့ တာပါ။
အဲဒါကြောင့် အီဂျစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။
အီဂျစ်အသင်းဟာ မော်ရိုကို၊ တူနီးရှားအသင်းတို့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်တဲ့ တတိယမြောက် အာဖရိကအသင်း ဖြစ်လာခဲ့ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
အီဂျစ်အသင်းဟာ အာဖရိကဖလားကို စံချိန်တင် ၇ ကြိမ်အထိ ရရှိထားပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်သာ ယှဉ်ပြိုင်ထားဖူးပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်းပွဲစဉ် ၃ ပွဲစလုံး အရေးနိမ့်ခဲ့ တာပါ။
အီဂျစ်အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုတွင်း ကျော်ဖြတ်ပြီး အကောင်းဆုံးရလဒ် ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အာဖရိကအသင်း တစ်သင်းဖြစ်တဲ့ ကိတ်ဗာဒီအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
ကိတ်ဗာဒီအသင်းဟာ လစ်ဗျားအသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး အနိုင်ရမယ့်အခွင့်အရေး ငြင်းပယ်ခြင်း ခံခဲ့ရတာ ကြောင့် အုပ်စုနောက်ဆုံး ပွဲစဉ်အထိ စောင့်ဆိုင်းရတော့မှာပါ။
ကိတ်ဗာဒီအသင်းဟာ အုပ်စုတွင်းမှာ ကင်မရွန်းအသင်းကို ရမှတ် ၂ မှတ်အသာရပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ခြေစစ်ပွဲမှာ အုပ်စုတွင်း ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်း ၉ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး ဒုတိယရတဲ့ အသင်းတွေထဲမှာ အကောင်းဆုံး ၄ သင်းက နောက်ထပ်အဆင့်ယှဉ်ပြိုင်ရမှာပါ။
အနိုင်ရတဲ့ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်နေရာအတွက် ပလေးအော့ဖ်အဆင့် ထပ်ပြီး ယှဉ်ပြိုင် ရဦးမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 294
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က နည်းပြ အာမိုရင် အနေနဲ့ သူဟာ ကြီးမားတဲ့ နည်းပြ ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အချိန် ၃ နှစ်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က “အာမိုရင်ဟာ သူ့ရဲ့အကောင်းဆုံးပုံစံ မပြသနိုင်သေးသလို အကောင်းဆုံး ရာသီလည်း မရရှိသေးပါဘူး။ သူဟာ ၃ နှစ်အတွင်းမှာ ကြီးမားတဲ့ နည်းပြတစ်ဦး ဖြစ်တယ်ဆိုတာ လုပ်ပြဖို့ လိုအပ်ပါတယ်။ မီဒီယာတွေကို တစ်ခါတစ်လေ ကျနော် နားမလည်နိုင်အောင်ဖြစ်မိပြီး သူတို့က နေ့ချင်းညချင်းကို အောင်မြင်မှု လိုချင်နေပါတယ်။ ဒီလိုမျိုးက ချက်ချင်းလုပ်လို့ မရတဲ့အတွက် အချိန်လိုအပ်တယ်”လို့ ပြောခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာဆိုရင် ယူနိုက်တက်အသင်းကို ကိုင်တွယ်တာ ၁ နှစ်ပြည့်တော့မယ့် နည်းပြ အာမိုရင်ဟာ အသင်းကို ကိုင်တွယ်ဖို့ ရောက်ရှိလာပြီးကတည်းက ဆိုးရွားတဲ့ မှတ်တမ်းတွေကိုသာ ရရှိထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ဒီနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲကာ ကစားသမားသစ်တွေ အားဖြည့်ထားပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဒါအပြင် ယူနိုက်တက်အသင်းဟာ လိဂ်တူးကလပ် ဂရင်စဘီအသင်းကို အရေးနိမ့်ပြီး လိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာထားရတာပါ။
ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြအာမိုရင်ဟာ ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားခဲ့ရပေမယ့် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါ တယ်။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ နည်းပြအာမိုရင်ကို အမြဲတမ်း ထောက်ခံမှုပေးခဲ့သလို The Times' "The Business" podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြ အာမိုရင် အနေနဲ့ သူ့ရဲ့အလုပ်ကို သက်သေပြဖို့ အချိန်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၀ နေရာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာပွဲတွေအပြီးမှာ လိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 428
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ပြင်သစ်တိုက်စစ်မှူး မာတီတာက သူဟာ ချန်ပီယံလိဂ်နဲ့ အကြီးမားဆုံး ဆုဖလားတွေကို ယှဉ်ပြိုင်လိုတဲ့အတွက် မဝေးတော့တဲ့ အနာဂတ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
မာတီတာက “ရည်မှန်းချက်ကြီးမားတဲ့ ကစားသမားတိုင်းက ဒီလိုမှတ်တိုင်မျိုးကို ရောက်ချင်တာက သဘာဝပါပဲ။ အထူးသဖြင့် နိုင်ငံအသင်းကို ရောက်ရှိလာတဲ့အချိန်မှာ ချန်ပီယံလိဂ် ပြိုင်ပွဲကစားပြီး အကြီးမားဆုံး ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ ကစားသမားတွေပဲ ရှိပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမားတွေ ဝိုင်းရံထားတဲ့အချိန်မှာ ဒီလိုမှတ်တိုင်မျိုးကို ရောက်ချင်တာက သဘာဝပါပဲ”လို့ RMC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်က မိန့်ဇ်အသင်းကနေ အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ မာတီတာဟာ ၂၀၂၃-၂၄ ရာသီမှာ ပရီးမီးယား လိဂ် သွင်းဂိုး ၁၆ ဂိုးသွင်းပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
မာတီတာဟာ ပြီးခဲ့တဲ့ရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလား ရရှိအောင်နဲ့ ဒီရာသီအစမှာ ကွန်မြူနတီ ဒိုင်း ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။

မာတီတာကို တွေ့ရစဉ်
မာတီတာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် အသက် ၂၈ နှစ်အရွယ်မှာ ပထမဆုံးအကြိမ် ပြင်သစ်အသင်း လူစာရင်းထဲ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရတဲ့ မာတီဟာ အက်စတွန်ဗီလာ၊ လိဒ်စ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံနေရပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တိုက်စစ်မှူး မာတီတာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် သတ်မှတ်ထားတာပါ။
မာတီတာဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေပေမယ့် သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ အကြီးမားဆုံး ဆုဖလားတွေကို တိုက်ပွဲဝင်နိုင်တဲ့ အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ပြင်သစ်အသင်းဟာ အောက်တိုဘာ ၁၀ ရက်မှာ အဇာဘိုင်ဂျန်၊ ၁၃ ရက်မှာ အိုက်စလန်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ မာတီတာဟာ ပြင်သစ်လက်ရွေးစင်အသင်း ကစားသမား ဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 281
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ယူနိုက်တက်အသင်းဂန္ထဝင် ပေါ်လ်စခိုးလ်က သူဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ ကိုင်စီဒိုနဲ့ အာဆင်နယ် အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်တို့ထက် နယူးကာဆယ်အသင်း ကွင်းလယ်လူ တိုနယ်လီကို ပိုပြီး နှစ်သက် တယ်လို့ ပြောခဲ့ပါတယ်။
တိုနယ်လီဟာ ၂၀၂၃ ခုနှစ်က အေစီမီလန်အသင်းကနေ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက နယူးကာဆယ်အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပါတယ်။
တိုနယ်လီဟာ လောင်းကစား စည်းမျဉ်းချိုးဖောက်မှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခြင်း ခံခဲ့ရပေမယ့် ပွဲပယ်ပြည့် မြောက်လို့ နယူးကာဆယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ချိန်မှာ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး မနှစ်က ရာသီမှာ အသင်းကို ကာရာဘောင်းလိဂ်ဖလား ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒီကလန်ရိုက်စ်နဲ့ ကိုင်စီဒိုတို့ကလည်း သူတို့ရဲ့ ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားတာပါ။

တိုနယ်လီကိုတွေ့ရစဉ်
ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးထားပြီး ကိုင်စီဒိုက ချယ်လ်ဆီးအသင်းကို ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပေါ်လ်စခိုးလ်က တိုနယ်လီကို ပိုပြီးနှစ်သက်နေတာပါ။
ပေါ်လ်စခိုးလ်က “တိုနယ်လီဟာ ထက်မြက်ပြီး အလွန်ကောင်းတာကြောင့် ဒီအချိန်မှာ သူ့ကို ကျနော်ရွေးချယ် ချင်ပါတယ်။ တိုနယ်လီဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားဖြစ်ပြီး သူ့ကို ပိုနှစ်သက် ပေမယ့် သူတို့တွေကလည်း ကောင်းမွန်တဲ့ ကစားသမားတွေပါ”လို့ ပြောခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ တိုနယ်လီဟာ နယူးကာဆယ်အသင်းအတွက် ၆၅ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းယူကာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် အီတလီအသင်းနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 417
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ နည်းပြအာမိုရင် လက်ထက် ဒီရာသီမှာ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ် အလွန် စိတ်ပျက်နေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
ဇက်ခ်ဇီဟာ ပြီးခဲ့တဲ့ရာသီက တံကောက်ကြောဒဏ်ရာကြောင့် အနားမယူမီအထိ နည်းပြအာမိုရင်က သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ပွဲဆက်တိုက် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ တိုက်စစ် ကစားသမားသစ် ၃ ဦး ခေါ်ယူအားဖြည့်ခဲ့မှုကြောင့် ဇက်ခ်ဇီဟာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ဇက်ခ်ဇီဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရပြီး သူ့ရဲ့ပွဲကစားချိန်က စုစုပေါင်း ၈၂ မိနစ်သာရှိတာပါ။
ဇက်ခ်ဇီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်း လူစာရင်းထဲ ပါဝင်ဖို့ ရည်ရွယ်ထား တာကြောင့် ပုံမှန်ကစားခွင့် ရနိုင်မယ့် အသင်းတစ်သင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။

ဇက်ခ်ဇီကို တွေ့ရစဉ်
ဇက်ခ်ဇီဟာ အောက်တိုဘာထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် နယ်သာလန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
အဲဒါကြောင့်လည်း ဇက်ခ်ဇီဟာ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားကို ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စား ခဲ့ပေမယ့် ယူနိုက်တက်အသင်းက သူတို့ရဲ့စိတ်ဝင်စားမှုတွေကို ပယ်ချခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဇက်ခ်ဇီကို ခေါ်ယူဖို့ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ စီးရီးအေကလပ် ကိုမိုအသင်းက စိတ်ဝင် စားနေပါတယ်။
ကိုမိုအသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေဖို့နဲ့ အမှတ်ပေးဇယား အထက်ပိုင်းကို တက်နိုင်ဖို့ ဇက်ခ်ဇီကို ဇန်နဝါရီမှာ ခေါ်ယူချင်နေတာပါ။
ဇက်ခ်ဇီဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေပြိုင်ပွဲ ထံ ပြန်သွားဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်မှူး ဟော့ဂျ်လန်းကို နာပိုလီအသင်းထံ အငှားနဲ့ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် နောက်ထပ် တိုက်စစ်မှူးတစ်ဦးကို ဇန်နဝါရီမှာ ထွက်ခွာခွင့် ပေးမလားဆိုတာ စောင့်ကြည့်ရဦး မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 281
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈
အာဆင်နယ်အသင်းဟာ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်ကွင်းကို တိုးချဲ့ပြီး ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ဖို့အတွက် အသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ အစောပိုင်း အဆင့်မှာ ရှိနေပေမယ့် တိုးချဲ့မှုတွေ ပြုလုပ်ခဲ့ရင် ဝင်ဘလေကွင်းကို အိမ်ကွင်း အဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ခြေကိုလည်း ဆွေးနွေးမှု ပြုလုပ်ထားပါတယ်။
အာဆင်နယ်အသင်းဟာ ၁၉၉၈-၉၉ နဲ့ ၁၉၉၉-၂၀၀၀ ရာသီ နှစ်ခုစလုံးမှာ ဝင်ဘလေကွင်းဟောင်းကို အိမ်ကွင်း အဖြစ် အသုံးပြုပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားခဲ့ပါတယ်။
လာမယ့်နှစ်ဟာ အာဆင်နယ်အသင်းအတွက် ဟိုက်ဘူရီကွင်းကနေ အမ်းမရိတ်ကွင်းကို ပြောင်းရွှေ့ပြီးကစားတာ နှစ်ပေါင်း ၂၀ ပြည့်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံရှိ အကြီးမားဆုံး အားကစားကွင်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပရိသတ်တွေ ပိုပြီးဝင်ဆံ့နိုင်ဖို့ ထိုင်ခုံထောင်ပေါင်းများစွာကို ထပ်ထည့်နိုင်ဖို့လည်း အစီအစဉ်ရှိနေတာပါ။

အာဆင်နယ်အသင်း ဘောလုံးကွင်းကိုတွေ့ရစဉ်
ပရိသတ်ဦးရေ ၆၀,၇၀၄ ဝင်ဆံ့တဲ့ အမ်းမရိတ်ကွင်းဟာ အင်္ဂလန်မှာ ပဉ္စမမြောက် အကြီးမားဆုံး ကွင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းကို ပရိသတ်ဦးရေ ၇၀,၀၀၀ ကျော် ဝင်ဆံ့နိုင်အောင် တိုးချဲ့ဖို့ အစီအစဉ် တွေ ရေးဆွဲထားတာပါ။
လက်ရှိ အချိန်ထိတော့ အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးဘဲ ဆွေးနွေးမှုအဆင့်သာ ရှိသေးတာဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းဟာ ပရိသတ်ဦးရေ ၇၄,၈၇၉ ဝင်ဆံ့ကာ အကြီးမားဆုံးဖြစ်ပြီး စပါးအသင်းကွင်းက ၆၂,၈၅၀ ဦးရေနဲ့ ဒုတိယ၊ ဝက်စ်ဟမ်းအသင်းက ၆၂,၅၀၀ ဦးရေနဲ့ တတိယ၊ လီဗာပူးလ်အသင်းက ၆၁,၂၇၆ ဦးရေဝင်ဆံ့ပြီး စတုတ္ထနေရာ ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 288
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။
အာဂျင်တီးနားအသင်းဟာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရရှိထားပေမယ့် အိမ်ကွင်းအားသာချက်ကို ရရှိစေဖို့အတွက် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်နေတာပါ။

မက်ဆီကို တွေ့ရစဉ်
အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မယ့် အတ္တလန္တာအသင်းနဲ့ ပွဲစဉ်ရလဒ်အပေါ် မူတည်ပြီး အင်တာမိုင်ယာမီ အသင်းဟာ Supporters' Shield အတွက်လည်း တိုက်ပွဲဝင်နိုင်တာဖြစ်ပါတယ်
အင်တာမိုင်ယာမီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ ပွဲစဉ်မှာ ၅ ဂိုး-၃ ဂိုးနဲ့ အရေးနိမ်ခဲ့ပြီးနောက် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသားဖြစ်တဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်မှာ ခြေစမ်းပွဲတွေကစားပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ မတ်လထဲမှာ ၂၀၂၆ Finalissima ပွဲအဖြစ် စပိန်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးထားတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရခြင်းမရှိသေးတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 292
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်ကြာအထိ အနားယူရမှာ ဖြစ်လို့ ဒီလထဲ ကစားမယ့် စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယား အသင်းတို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် စပိန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရတာပါ။
ဒါပေမယ့် ယာမဲလ်ဟာ ဘာစီလိုနာအသင်းက PSG အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ခံစားခဲ့ ရတဲ့အတွက် စပိန်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက စပိန်အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘာစီလိုနာနဲ့ စပိန်အသင်းတို့ကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ယာမဲလ်ကို တွေ့ရစဉ်
ဒီရာသီမှာ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် ၄ ပွဲကို လွဲချော်ထားတဲ့ ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ကမှ ဒဏ်ရာကနေ သက်သာပြီး လူစားဝင် ပါဝင်ကစားခဲ့တာပါ။
ယာမဲလ်ဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဆီဗီလာအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒဏ်ရာ သက်သာမယ့် လုပ်ငန်းစဉ်အချိန်အတွက် ၂ ပတ်ကနေ ၃ ပတ်ကြားရှိမယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ခဲ့တာပါ။
ယာမဲလ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၅ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု E မှာ ၂ ပွဲ ကစားထားပြီး ၂ ပွဲစလုံး ဂိုးပြတ် အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 335
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားသမား ၇ ဦး ဒါမှမဟုတ် ၈ ဦး ဒဏ်ရာကြောင့် မပါဝင်ဘဲ ကစားရမှာက ချန်ပီယံဖြစ်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျိုးဆက်တွေလို့ ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “PSG နဲ့ ချယ်လ်ဆီး အသင်းကသာ ဒဏ်ရာတွေ အများကြီးရခဲ့ရင် ဒါဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကျိုးဆက် အချို့ပါ။ အခုအချိန်မှာ ကျနော်တို့ဟာ ခံစစ်ကစားသမား ၄ ဦး ဒါမှမဟုတ် ၅ ဦးလောက် အထိ မပါဝင်နိုင်ပေမယ့် ဒါကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး မှန်ကန်တဲ့အဖြေကို ရှာဖွေသွားရမှာပါ။ ဒါက ခက်ခဲပေမယ့် တစ်ချိန်တည်းမှာ ကျနော်တို့ဟာ ဒီမှာရှိနေတဲ့ သူတွေကို ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုးလ်ပါလ်မာ၊ ဒီလပ်၊ ဖိုဖာနာ၊ ကိုဝဲလ်၊ အန်ဒရေဆန်းတို့စ်နဲ့ တိုဆင်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နောက်ခံလူ ချာလိုဘာကလည်း ပွဲပယ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ PSG အသင်းတို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ရာသီသစ်အတွက် ပြန်လည်ပြင်ဆင်မှု တွေ ပြုလုပ်ခဲ့ရတာကြောင့် အနားယူချိန် နည်းပါးခဲ့ကြတာပါ။

မာရက်စ်ကာကို တွေ့ရစဉ်
၂ သင်းစလုံးဟာ ပွဲတွေ အများအပြား ကစားရခဲ့တာကြောင့် ဒီရာသီအစပိုင်းမှာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကလည်း ကလပ် ကမ္ဘာ့ဖလားကြောင့် ဒဏ်ရာ အကျိုးဆက်တွေ ခံစားနေရကြောင့် ပြောခဲ့ပေမယ့် ဒဏ်ရာရ ကစားသမားတွေရဲ့ နေရာမှာ လူငယ် ကစားသမားတွေကို ထည့်ပြီး အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံး ကစားသမား တစ်ဦးလျော့နဲ့ ကစားခဲ့ရသလို ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ကစားသမားတစ်ဦး ထပ်ပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာ လက်ထက်မှာ အနီကတ် အများအပြား ပြသခံထားရပြီး စည်းကမ်း ပိုင်းဆိုင်ရာအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပေမယ့် သူကတော့ စည်းကမ်းပိုင်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို သူ မတွေ့မိဘူးလို့ ပြောခဲ့ပါတယ်။
Source: The Guardian
