CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃

စပါးအသင်းဟာ အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူမှုပြိုင်ပွဲမှာ အက်စတွန်ဗီလာ အသင်းကို အသာရပြီး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဂယ်လာဂါကို ခေါ်ယူဖို့ အခြေအနေ ကောင်းခဲ့တယ်လို့ ထင်ရပေမယ့် စပါးအသင်း ဟာ အင်္ဂလန် ကွင်းလယ်လူအတွက် အက်သလက်တီကိုအသင်း တောင်းဆိုတဲ့ ပေါင် ၃၅ သန်းကို ပေးချေဖို့ ဆန္ဒရှိ ကြောင်း ဖော်ပြခဲ့တာပါ။ 

အဲ့ဒါကြောင့် စပါးအသင်းဟာ ဂယ်လာဂါကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာအသင်းဟာ ဂယ်လာဂါကို အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်နဲ့အတူ ကနဦး အငှားစာချုပ်ချုပ်ဖို့ ဆန္ဒရှိနေတာပါ။

ဂယ်လာဂါဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ကို မကြာမီ အပြီးသတ်ဖို့ ရှိနေပါတယ်။ 

ဂယ်လာဂါကို တွေ့ရစဉ် 

လာမယ့် နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည်ပါဝင်ဖို့ ကြိုးစားနေတဲ့ ဂယ်လာဂါအတွက် ပရီးမီးယားလိဂ်ထံ ပြန်လာတာက သူ့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ 

ဂယ်လာဂါဟာ အင်္ဂလန်အသင်းက ဆီနီဂေါအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲ တစ်ပွဲတည်းသာ နည်းပြ တူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရထားတာပါ။ 

၂၀၂၄ ခုနှစ်နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဂယ်လာဂါဟာ အက်သလက်တီကိုအသင်း အတွက် ၇၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။ 

စပါးအသင်းဟာ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ လကြာ အနားယူရမှာဖြစ်လို့ ကွင်းလယ်ပိုင်းကို အားဖြည့်တဲ့အနေနဲ့ ဂယ်လာဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ စပါးအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC