CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃

ဂျာမန်နောက်ခံလူဟောင်း မာတီဆက်ကာဟာ အာဆင်နယ်အသင်း အကယ်ဒမီ မန်နေဂျာအဖြစ် ၈ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် ရာသီကုန်ချိန်မှာ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ 

မာတီဆက်ကာက သူဟာ အသစ်တစ်ခုခုကို စူးစမ်းမှုတွေပြုလုပ်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပြီး အာဆင်နယ်အသင်း ကလည်း သူ့ရဲ့ ထွက်ခွာမှုကို ကလပ်ရဲ့ ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။ 

အာဆင်နယ်အသင်းမှာ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အထိ ကစားပြီး ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ မာတီဆက်ကာဟာ အနားယူပြီးနောက် ကလပ်အသင်းရဲ့ အကယ်ဒမီကို ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။ 

မာတီဆက်ကာဟာ စကယ်လီ၊ ဝမ်နရီ၊ ဒေါင်းမန်းတို့ အပါအဝင် လူငယ် ကစားသမားတချို့ကို နည်းပြအာတီတာ ရဲ့ အာဆင်နယ်အသင်းကြီးထံ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 

မာတီဆက်ကာကို တွေ့ရစဉ် 

မာတီဆက်ကာက အာဆင်နယ်အသင်းဟာ သူ့အတွက် အမြဲတမ်း အလွန်ထူးခြားတဲ့ အသင်းဖြစ်တာကြောင့် ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ရာသီကုန်မှာ ထွက်ခွာမယ့်အပေါ် ပြောခဲ့ပါတယ်။ 

ကစားသမားဘဝကနေ အကယ်ဒမီ အကြီးအကဲအဖြစ် တိုက်ရိုက်ပြောင်းလဲချိန်မှာ ကလပ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ အသစ်အဆန်းတွေကို လေ့လာပြီး ကိုယ့်ကိုကိုယ် ပိုတွန်းအားပေးရမယ့် အချိန်ရောက်ပြီလို့ လည်း မာတီဆက်ကာက ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်း CEO ရစ်ချတ်ဂါလစ်က ရာသီကုန်ချိန်မှာ သူထွက်ခွာတာ မြင်တွေ့ရမှာ ဝမ်းနည်းမိပေမယ့် သူ့ကို အကယ်ဒမီ မန်နေဂျာအဖြစ် ခန့်အပ်နိုင်တဲ့အတွက် ကံကောင်းခဲ့ပြီး သူဟာ အသင်းရဲ့ ရပ်တည်ချက်ကို နားလည်တဲ့သူလို့ ပြောခဲ့ပါတယ်။ 

မာတီဆက်ကာဟာ အာဆင်နယ်အသင်း ကစားသမားဘဝမှာ FA ဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရယူနိုင် ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိခဲ့ပါတယ်။ 

Source: Dailymail