- By CNI
- Category: အားကစား
- Hits: 246
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
ဒေါ့မွန်အသင်းဟာ အက်စတွန်ဗီလာအသင်းမှာ အငှားကစားနေတဲ့ ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေတာကြောင့် သူဟာနွေရာသီမှာ အသင်းဟောင်းထံ အပြီးသတ် ပြန်လာဖွယ်ရှိနေပါတယ်။
ဆန်ချိုနဲ့ ယူနိုက်တက်အသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိပေမယ့် ကလပ်အသင်းက သူ့ကို ထွက်ခွာခွင့်ပြုဖို့ ရှိနေတာပါ။
ဆန်ချိုဟာ ဒေါ့မွန်အသင်းထံ ပြန်သွားဖို့အတွက် လုပ်ခလစာ လျှော့ယူဖို့ ဆန္ဒရှိနေပြီး လက်ရှိအချိန်မှာ ဂျာမန် ကလပ်ဟာ သူနဲ့တိုက်ရိုက် ပြောဆိုရခြင်း မရှိသေးဘဲ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ပဲ ဆွေးနွေးရသေးတယ်လို့ Bild သတင်းမှာ ဖော်ပြထားပါတယ်။
ဆန်ချိုဟာ တစ်ပတ်ကို လုပ်ခလစာပေါင် ၂၅၀,၀၀၀ ဝန်းကျင် ရရှိနေပေမယ့် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ဖို့ဆိုရင် ဒီလစာရဲ့ ထက်ဝက်ကျော် လျှော့ယူဖို့ လိုအပ်နေတာပါ။
၂၀၂၃-၂၄ ရာသီက ဒေါ့မွန်အသင်းထံ ဆန်ချိုအငှားနဲ့ ပြောင်းရွှေ့ခဲ့တုန်းက ယူနိုက်တက်အသင်းဟာ သူ့လစာရဲ့ ပေါင် ၁၀၀,၀၀၀ ဝန်းကျင် ပေးခဲ့ရပါတယ်။

ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ဒေါ့မွန်အသင်း အကြီးအကဲတွေနဲ့ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားတဲ့သူ တစ်ဦးဖြစ်ပါတယ်။
အင်္ဂလန်တောင်ပံ ကစားသမားဟာ ယူနိုက်တက်အသင်းထံ မပြောင်းရွှေ့မီ ဒေါ့မွန်အသင်းမှာ ရှိခဲ့တဲ့ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ အဆင်ပြေမှု မရှိခဲ့တာကြောင့် အသင်းဟောင်း ဒေါ့မွန်နဲ့ မနှစ်က ရာသီမှာ ချယ်လ်ဆီးအသင်းထံ အငှားချခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မဝယ်ယူခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကိုပြီးခဲ့တဲ့ နွေရာသီမှာ အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့တာပါ။
ဆန်ချိုဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ၂၉ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 276
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်ပြီး ပြုလုပ်နေပေမယ့် အမေရိကန်မှာ ပွဲတွေယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မယ်ဒီတာ့ဂျ်က “လက်ရွေးစင်အသင်းက တူရကီမှာ လေ့ကျင့်ရေးစခန်း ပြုလုပ် နေပြီး အဲ့ဒီမှာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ ရှိပါတယ်။ ကျနော်တို့က အမေရိကကို သပိတ်မှောက်မှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာ မဟုတ်ဘူးလို့ “Fars News Agency ကို ပြောခဲ့တာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ အစောဆုံးနိုင်ငံတွေထဲက ၁ သင်း ဖြစ်ခဲ့ပေမယ့် အမေရိကန်၊ အစ္စရေးတို့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာမှုတွေ ဖြစ်ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ အားကစားဝန်ကြီးက ဒီအခြေအနေတွေကြောင့် အီရန် လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားခဲ့တာပါ။

အီရန်အသင်းကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ အုပ်စု G မှာ ကျရောက်နေတဲ့ အီရန် အသင်းဟာ သူတို့ရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ပွဲတွေကို မက္ကဆီကိုနိုင်ငံထံ ပြောင်းရွှေ့ပြီးကစားဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံကလည်း အီရန်အသင်းရဲ့ ပွဲတွေကို သူတို့ရဲ့နိုင်ငံမှာ လက်ခံကျင်းပဖို့ ပြောထားပေမယ့် ဖီဖာကသာ ဒါကို ဆုံးဖြတ်ချက် ချမယ့်သူဖြစ်တာပါ။
ဖီဖာကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှာ အတည်ပြု ကြေညာခဲ့တဲ့ ပွဲစဉ်ဇယားအတိုင်းသာ ပြိုင်ပွဲဝင် အသင်းတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ကြဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။
အီရန်အသင်းဟာ ဒီလထဲမှာ ခြေစမ်းပွဲတွေအဖြစ် နိုင်ဂျီးရီးယား၊ ကော်စတာရီကာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် PSG အသင်းဟာ သူတို့နဲ့ ထပ်မံတွေ့ရမှာကို နှစ်သက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ သူတို့ကို ရှုံးနိမ့်ခဲ့ပေမယ့် အလွန် ကောင်းမွန်စွာ ကစားခဲ့ပြီး ပယ်နယ်တီနဲ့ အရေးနိမ့်ခဲ့တာပါ။ PSG အသင်းဟာ အခုအချိန်ထိ အလွန် အထင်ကြီးစရာ ကောင်းနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို မြင်ပြီးနောက်မှာ သူတို့ ကျနော်တို့နဲ့ ကစားရမှာကို နှစ်သက်မှာ မဟုတ်ဘူး လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ဟာ သူတို့ကို အချိန်ပိုနဲ့ ပယ်နယ်တီအထိ ရောက်အောင် ခေါ်ဆောင်နိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်”လို့ TNT Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ဂါလာတာစာရေးအသင်းကို ၄ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပထမအကျော့ပွဲတုန်းက ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ ဂိုးပြတ်နိုင်ပွဲ ကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ ဂါလာတာစာရေးအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ် တက်ခဲ့ တာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၁ ဂိုး သွင်းယူခဲ့တဲ့ ဆာလက်ဟာ ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး အာဖရိက ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ PSG အသင်းနဲ့ တွေ့ဆုံရမှာပါ။
ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့တုန်းက PSG အသင်းဟာ ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ဂန္ထဝင် ကစားသမား တစ်ဦးဖြစ်တဲ့ မက်နာမန်က PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီကလို တူညီတဲ့ ခြိမ်းခြောက်မှုမျိုး မရှိသေးဘူးလို့ ယုံကြည်နေပြီး အသင်းခေါင်းဆောင်ဟောင်း ဂျရတ်က လီဗာပူးလ်အသင်း အနေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့ဆိုရင် နှစ်ကျော့စလုံး ပြီးပြည့်စုံရမယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပွဲအဖြစ် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 403
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
ချယ်လ်ဆီးအသင်းဟာ PSG အသင်းကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က သူဟာ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိမလားဆိုတာ မသိဘူးလို့ ပြောခဲ့ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က “ကျနော်မသိပါဘူး။ ပရီးမီးယားလိဂ်က ၈ ပွဲ ကျန်သေးတယ်၊ FA ဖလားလည်း ကစားဖို့ ရှိပါသေးတယ်။ နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါပြီးရင်တော့ ဘာတွေ ဖြစ်လာမလဲဆိုတာ မြင်တွေ့ရမယ်လို့” လာမယ့်ရာသီ ချယ်လ်ဆီးမှာ ဆက်ရှိနေမလားဆိုတဲ့ ESPN ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ PSG အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၈ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးယူရို ၁၂၁ သန်းနဲ့ ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့ လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားထားပြီး အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေရတာပါ။
ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၄၅ ပွဲ ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ PSG အသင်း အပါအဝင် ဥရောပထိပ်သီးတချို့က စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က လက်ရှိအချိန်မှာ သူ့ရဲ့အာရုံစိုက်မှုက FA ဖလားကိုရယူဖို့နဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် လိဂ်ပွဲ အဖြစ် အဲဗာတန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: bbc
- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
ဂျူဗင်တပ်စ်အသင်းဟာ မာဆေးလ်အသင်းမှာ ဂိုးအများအပြား သွင်းယူနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အသင်းလူစာရင်းကို ကြီးကြီးမားမား ပြောင်းလဲမှုပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဂရင်းဝုဒ်ဟာ သူတို့လိုချင်နေတဲ့ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။
La Gazzetta Dello Sport က ဂျူဗင်တပ်စ်အသင်း အကြီးအကဲတွေဟာ ၂၀၂၄ ခုနှစ်ကတည်းက ဂရင်းဝုဒ်ရဲ့ တိုးတက်မှု အခြေအနေကို စောင့်ကြည့်ခဲ့ပြီး အခုအချိန်မှာတော့ သူဟာအသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ဖို့ သင့်တော်တဲ့သူလို့ ယုံကြည်မှု ရှိနေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေ ချန်ပီယံဆုအတွက် ရာသီတိုင်း ယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်အောင် ပြန်လည် တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး ဂရင်းဝုဒ်ကို အီတလီဘောလုံးရဲ့ နည်းဗျူဟာဝန်းကျင်မှာ ကြီးကြီးမားမား တိုးတက် နိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်ထားတာပါ။
ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ မနှစ်ကရာသီမှာ ၂၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်း ကစားသမားဟောင်းဟာ ဒီရာသီမှာလည်း သူ့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ခဲ့ပြီး မာဆေးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားထားတာမှာ ၂၅ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးထားတာပါ။
ဂရင်းဝုဒ်ရဲ့ ပုံစံကောင်းတွေကြောင့် ဥရောပထိပ်သီး ကလပ်တွေနဲ့ ဆော်ဒီကလပ်တွေက သူ့ကိုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်အတွက် ပေါင်သန်း ၄၀ ကျော် တန်ကြေး သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်နေပြီး ဂျူဗင်တပ်စ်အသင်းဟာ ပြောင်းရွှေ့ကြေး အပါအဝင် ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းမှု ပြုလုပ်နိုင်တာပါ။
မာဆေးလ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂရင်းဝုဒ်ဟာ အသင်းတွင်း အခြေအနေတွေကြောင့် နွေရာသီမှာ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 253
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းကွင်းအပြင်ထွက်ခွာခဲ့တာကြောင့် ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ချန်ပီယံအဖြစ် ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက မော်ရိုကိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့်ဒီပွဲရဲ့ထပ်ဆောင်းအချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက အိမ်ရှင်မော်ရိုကိုအသင်းကို ပယ်နယ်တီပေးခဲ့တာကြောင့် ဆီနီဂေါအသင်း နည်းပြနဲ့ ကစားသမားအများအပြားဟာ ပွဲကစားဖို့ငြင်းဆန်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းကြယ်ပွင့်မာနေးရဲ့ဖျောင်းဖျပြောဆိုမှုကြောင့် ဆီနီဂေါကစားသမားတွေကွင်းထဲပြန်ဝင်လာကာ ၁၇ မိနစ်ကြာ ရပ်နားခဲ့ရတဲ့ ပွဲကို ပြန်စတင်နိုင်ခဲ့တာပါ။
ဒီအချိန်မှာ ဘရာဟင်ဒီယက်ဇ်ရဲ့ပယ်နယ်တီကို ဆီနီဂေါအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ဂေးယီက ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါအသင်းနှင့်မော်ရိုကိုအသင်း ယှဥ်ပြိုင်နေစဉ်
ဒါပေမယ့် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က အယူခံတင်သွင်းပြီးနောက် အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့အယူခံဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချအပြီး မှာ ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ကာ မော်ရိုကိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ပေးကြောင်း ကြေညာခဲ့တာပါ။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပေမယ့် အမျိုးသားဘောလုံးအသင်းရဲ့ X ဆိုရှယ်မီဒီယာမှာ ကစားသမားတွေ အာဖရိကဖလားနဲ့ အောင်ပွဲခံနေတဲ့ ရုပ်သံဖိုင်တင်ထားပါတယ်။
သတင်းတွေမှာတော့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ ဒီဆုံးဖြတ်ချက်အတွက် နိုင်ငံတကာအားကစားခုံရုံးထံ အယူခံတင်သွင်းဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူတို့ဟာ အခုအချိန် မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “ကျနော်တို့ဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပွဲတိုင်းမှာ အနိုင်ရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိနေပါ တယ်။ ဒါကြောင့် ကျနော်တို့ဟာ လာမယ့် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ဒီပွဲကို စောင့်မျှော်နေပါတယ်။ ဒါက ရယူဖို့ အသင့်ဖြစ်နေတဲ့ ပထမဆုံး ဆုဖလားဖြစ်ပြီး ဒါကိုရယူနိုင်ခဲ့ရင် ရှေ့ဆက်သွားမယ့် အရှိန်အဟုန်က အလွန်ကြီးမားပါတယ်”လို့ CBS Sports ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် ဒုတိယ အကျော့မှာ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရာသီဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။

အာတီတာနဲ့ ဒီကလန်ရိုက်စ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ FA ဖလား ရယူပြီးနောက်ပိုင်း ပထမဆုံး ဆုဖလားအဖြစ် ကာရာဘောင်း ဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒီအချိန်မှာ ဒီကလန်ရိုက်စ်က သူ့ရဲ့အသင်းဖော်တွေဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲအတွက် အလွန် စိတ်လှုပ်ရှားနေကြပြီး ဒီရလဒ်က အသင်းရဲ့ လာမယ့်ပွဲတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဒီကလန်ရိုက်စ်က သူတို့ဟာ အခုအချိန်မှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
အာဆင်နယ်အသင်း နည်းပြ အာတီတာက ၃ ရက်ကို ၁ ပွဲ ကစားနေရတာဟာ အလွန်ခက်ခဲပေမယ့် အသင်းတစ်သင်းလုံးရဲ့ စိတ်ဓာတ်ပိုင်းတွေ၊ သူတို့ပြသခဲ့တဲ့ စိတ်အားထက်သန်မှုတွေနဲ့ တုန့်ပြန်မှုတွေက အံ့မခန်းပဲလို့ ပြောခဲ့ပါတယ်။
ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 355
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ၂၀၃၁ ခုနှစ်အထိ ပြန်လည် တာဝန်ထမ်းဆောင်ရမယ့် လာပေါ်တာက အသင်းထံ ပြန်လာဖို့ မက်ဆီအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
လာပေါ်တာက “လီယိုဟာ ဂုဏ်ပြုပွဲတစ်ပွဲနဲ့ ရုပ်တုတစ်ခု ပြုလုပ်ခံရဖို့ ထိုက်တန်ပါတယ်။ ဒါက အလွန် အရေးပါ ပါလိမ့်မယ်။ သူဆန္ဒရှိတဲ့အချိန်တိုင်း ဘာစီလိုနာအသင်းဟာ သူ့အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ ဒါကြောင့်သူဟာ ဒီအဖွဲ့အစည်းကို ဆက်အားကောင်းစေကာ ကြီးကျယ်ခမ်းနားမှုကို ယူဆောင်လာပေးနိုင်မှာ ပါ”လို့ TV3 ကို ပြောခဲ့တာပါ။
လာပေါ်တာဟာ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဗစ်တာဖောင့်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး နောက်ထပ် သက်တမ်းတစ်ခုကို တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဗစ်တာဖောင့်ဟာ လာပေါ်နဲ့ မက်ဆီရဲ့ ဆက်ဆံရေး အဆင်မပြေမှုကို အခွင့်ကောင်းယူပြီး ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ရာထူးကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မဲအပြတ်အသတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

မက်ဆီကို တွေ့ရစဉ်
ရွေးကောက်ပွဲ မဲဆွယ်နေချိန်အတွင်းမှာ ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီက လာပေါ်တာကို လိမ်ညာတဲ့ သူလို့ခေါ်ကာ သူဟာ ၂၀၂၃ ခုနှစ်မှာ မက်ဆီအသင်းထံ ပြန်လာမှာကို ပိတ်ပင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မက်ဆီကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြောခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့တာပါ။
ဘာစီလိုနာအသင်းအတွက် ၇၇၈ ပွဲ ကစားခဲ့ပြီး ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ အနာဂတ်မှာ ကလပ်အသင်း ထံ ပြန်လာချင်ကြောင်း ပြောထားပါတယ်။
လာပေါ်တာက လာမယ့် ၅ နှစ်အတွင်းမှာ နည်းပြ ဟန်ဆီဖလစ်၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့အတူ ကောင်း မွန်တဲ့ အသင်းတစ်သင်းကို ဆက်တည် ဆောက်သွားမှာဖြစ်သလို ပရိသတ်တွေ နှစ်သက်တဲ့ ဆုဖလားတွေလည်း ရယူသွားမယ်လို့ Mundo Deportivo ကို ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 249
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ယူနိုက်တက်အသင်းဟာ ရာသီကုန်ချိန်မှာ ဝါရင့်ကွင်းလယ်လူ ကတ်စီမီရိုကို အသင်းကနေ ထွက်ခွာခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အစီအစဉ် မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ရရှိနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုဟာ စာချုပ် ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ ဇန်နဝါရီလက ကြေညာခဲ့တာပါ။
ကတ်စီမီရိုဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေပေမယ့် ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုကို စာချုပ်သစ် မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ ပေးချေမှုကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လုပ်ခလစာ အများကြီး ပေးချေနေရတဲ့ ကတ်စီမီရိုကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ထွက်ခွာခွင့် ပေးခဲ့တာပါ။

ကတ်စီမီရိုကို တွေ့ရစဉ်
ကတ်စီမီရိုကလည်း ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် သူအသင်းကနေ ထွက်ခွာမယ့် အကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ကတ်စီမီရိုဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပြီးနောက် ယူနိုက်တက် အသင်း ပရိသတ်တွေအရှေ့မှာ သူ့အင်္ကျီပေါ်က ကလပ်တံဆိပ်ကို အကြိမ်ကြိမ် ပြသပြီး အောင်ပွဲခံခဲ့တာပါ။
ပရိသတ်တွေကလည်း ကတ်စီမီရိုကို နောက်ထပ် တစ်ရာသီကြာ အသင်းမှာ ဆက်နေပေးဖို့ သီဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ကတ်စီမီရို ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ အစီအစဉ် မရှိကြောင်း သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်နွေရာသီမှာ ရီးရယ်လ်အသင်းကနေ ရောက်လာခဲ့တဲ့ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၅၄ ပွဲကစားထားပြီး ၂၄ ဂိုး သွင်းယူထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 234
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇
ချယ်လ်ဆီးအသင်း ခေါင်းဆောင် ရီးစ်ဂျိမ်းစ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ အပါအဝင် အသင်းရဲ့ ပွဲအများအပြားကို လွဲချော်ဖွယ် ရှိနေပါတယ်။
ရီးစ်ဂျိမ်းစ်ဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ ပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာချိန်မှာ နာကျင်မှုကို ခံစားခဲ့ရပြီး အသင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
မကြာသေးမီကမှ ချယ်လ်ဆီးအသင်းမှာ ၂၀၃၂ ခုနှစ်အထိရှိမယ့် ၆ နှစ် စာချုပ်သစ် ချုပ်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲတချို့ လွဲချော်မယ်လို့ နည်းပြရိုစီနီယာက အတည်ပြုခဲ့ပါတယ်။
ရီးစ်ဂျိမ်းစ်ဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာ ဒဏ်ရာတွေကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ဒီရာသီမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ချယ်လ်ဆီးအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားထားတာပါ။

ရီးစ်ဂျိမ်းစ်ကို တွေ့ရစဉ်
အခုအချိန်မှာတော့ ရီးစ်ဂျိမ်းစ်ဟာ ရာသီရဲ့ အရေးကြီးတဲ့ အချိန်မှာ ဒဏ်ရာကြောင့် အနားယူရဦးမှာဖြစ်လို့ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဒဏ်ရာတွေကြောင့် နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၁၃၀ ကျော် လွဲချော်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဟာ လာမယ့် အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲတွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အင်္ဂလန်သင်းအတွက် ၂၂ ပွဲ ကစားထားတဲ့ ရီးစ်ဂျိမ်းစ်ဟာ နည်းပြ တူချယ်လ် လက်ထက်မှာ အဓိက ကစားသမားအဖြစ် ပါဝင်နေရတာပါ။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ရီးစ်ဂျိမ်းစ် မပါဝင်နိုင်ချိန် ညာနောက်ခံလူ နေရာအတွက် အာနိုးလ်၊ ကွန်ဆာနဲ့ လီဗရာမန်တိုတို့ကို အသုံးပြုဖို့ ရှိနေပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် ဥရုဂွေး၊ ဂျပန်၊ နယူးဇီလန်၊ ကော်စတာရီကာ အသင်းတို့နဲ့ ကစားဖို့ရှိနေပါတယ်။
Source: metro
