- By CNI
- Category: အားကစား
- Hits: 258
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ဝက်စ်ဟမ်းအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ်လို့သတင်းတွေထွက်နေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာဟာ အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမလာမီအထိ အသင်းမှာဆက်ရှိနေမယ်လို့ TBR Football က ဖော်ပြထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လာမယ့်နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ အဲဗာတန်၊ အာဆင်နယ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အရှက်တကွဲမဖြစ်ဘူးဆိုရင် ဝက်စ်ဟမ်းအသင်းဟာ သူတို့စီစဉ်ထားတဲ့အတိုင်း ပြောင်းလဲသွားဖွယ်မရှိဘူးလို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြဟောင်း နူနိုဆန်တို၊ အသင်းနည်းပြဟောင်း ဘီလစ်တို့နဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

နည်းပြ ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဒေးဗစ်ဆူလေဗန်ဟာ လာမယ့်ရက်သတ္တပတ်တွေမှာ အသင်းအကြီးအကဲတွေနဲ့တွေ့ဆုံပြီး နောက်ထပ်ခြေလှမ်းတွေအတွက် ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေတာပါ။
လန်ဒန်ကလပ်ဟာ ဂရေဟမ်ပေါ်တာရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေတာအဆင်မပြေမချင်း သူ့ကိုအသင်းမှာဆက်ပြီးထားဖို့ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အသင်းမှာကစားခဲ့ဖူးပြီး ဘုန်းမောက်နဲ့ ဝုလ်ဗ်စ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဂယ်ရီအိုနေးလ်ကိုလည်း နည်းပြသစ်ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၁ ပွဲသာအနိုင်ရကာ ၄ ပွဲအရေးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေတာပါ။
ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာထွက်ခွာထားရပါတယ်။
ဝက်စ်ဟမ်းအသင်းပရိသတ်တွေဟာ အသင်းရဲ့ဆိုးရွားတဲ့ ရလဒ်တွေအတွက် အလွန်စိတ်ပျက်နေပြီး အပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
လီဗာပူးလ်အသင်းက ဆောက်သမ်တန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ တိုက်စစ်မှူးအက်ကီတီကေရဲ့အနီကတ်က မလိုအပ်တဲ့မိုက်မဲမှုလို့ နည်းပြအာနီဆလော့က ဝေဖန်ခဲ့ပါတယ်။
အာနီဆလော့က “ဒါက မလိုအပ်တဲ့ မိုက်မဲမှုဖြစ်ပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ရပါမယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ပွဲချိန် ၈၇ မိနစ်မှာ ကစားသမား ၃ ဦးကို ကျော်ဖြတ်ကာ အပေါ်ထောင့်ကို လှပတဲ့သွင်းဂိုးသွင်းပြီး သူဒီလိုမျိုးအောင်ပွဲခံရင် ကျနော်နားလည်နိုင်ပါတယ်။ ကျနော်သာ ဒီပွဲကလိုမျိုးသွင်းဂိုးသွင်းယူနိုင်ခဲ့ရင် ချီယေဆာဆီသွားပြီး မင်းကြောင့် ဒီလိုမျိုးသွင်းယူနိုင်တာဆိုပြီးပြောမှာပါ။ အခုတော့ မလိုအပ်တဲ့ မိုက်မဲတဲ့လုပ်ရပ်ကိုလုပ်ခဲ့တယ်” လို့ ပြောခဲ့တာပါ။
အက်ကီတီကေဟာ ဒီပွဲစဉ်မှာ လူစားလဲဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နည်းပြအာနီဆလော့ကို တွေ့ရစဉ်
အက်ကီတီကေဟာ အဝါကတ်ထိထားပေမယ့် ဂိုးသွင်းပြီးချိန်မှာ အင်္ကျီချွတ်ပြီးအောင်ပွဲခံခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက သူ့ကို နောက်ထပ်အဝါကတ်ပြသပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာပါ။
အဲ့ဒါကြောင့် အက်ကီတီကေဟာ လာမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြအာနီဆလော့ကတော့ အက်ကီတီကေရဲ့ဒီလုပ်ရပ်ကို အလွန်စိတ်ပျက်ပြီး ပွဲအပြီးမှာ ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဖရန့်ဖတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အက်ကီတီကေဟာ ဒီရာသီမှာ လီဗာပူးလ် အသင်းအတွက် ၈ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးထားတာပါ။

တိုက်စစ်မှူးအက်ကီတီကေကို တွေ့ရစဉ်
အက်ကီတီကေက သူဟာ အသင်းကို နိုင်ပွဲရအောင်ကူညီပေးနိုင်ခဲ့တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိခဲ့ပြီး လီဗာပူးလ်မိသားစုအားလုံးကို တောင်းပန်တယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးအစ်ဆက်ဟာ ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
အက်ကီတီကေရဲ့အနီကတ်ကြောင့် အစ်ဆက်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်လာမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 247
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ရီးရယ်လ်အသင်းက လီဗန်တေးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လှပတဲ့သွင်းဂိုးသွင်းယူခဲ့တဲ့ ဗီနီစီးယက်စ်က ဒီသွင်းဂိုးဟာ သူသွင်းယူခဲ့တဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးလို့ပြောခဲ့ပါတယ်။
ဗီနီစီးယက်စ်က “ဒီလိုသွင်းဂိုးမျိုးသွင်းဖို့ မိုဒရစ်က ကျနော့်ကို သင်ပေးခဲ့ပါတယ်။ နိုင်ပွဲနဲ့အတူ ကျနော်အလွန် ပျော်ရွှင်ပါတယ်။ ဒီလိုသွင်းဂိုးတွေထပ်ပြီးသွင်းယူနိုင်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်။ ဒီသွင်းဂိုးဟာ ကျနော်သွင်းယူခဲ့တဲ့ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးပါ။ ကျနော်တို့ဟာ အသင်းလိုက်လုပ်ဆောင်မှု အားကောင်းပြီး ဒီအတိုင်းသာဆက်သွားရင် ဒီရာသီမှာ နိုင်ပွဲတွေအများကြီးရယူနိုင်မှာပါ” လို့ ပြောခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ ဒီပွဲစဉ်မှာ ဂိုးဧရိယာထဲကနေ လှပတဲ့သွင်းဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော်မာစတန်တူအိုနိုရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်အသင်းအတွက် နောက်ထပ်သွင်းဂိုး ၂ ဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။

ဗီနီစီးယက်စ်နှင့် ဘတ်ပီတို့ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီကစားထားတဲ့ လာလီဂါပွဲစဉ် ၆ ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရတဲ့အတွက် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရသလို ပြီးခဲ့တဲ့ပွဲမှာလည်း လူစားလဲခံရတဲ့အတွက် စိတ်ပျက်နေခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြဇာဘီအလွန်ဆိုက ဗီနီစီးယက်စ်ဟာ ဒီပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး သူက အလွန်အရေးပါတဲ့သူလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဇာဘီအလွန်ဆိုက အသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပေမယ့် တိုးတက်ဖို့တွေရှိသေးသလို လုပ်စရာတွေလည်း အများကြီးရှိတယ်လို့ ပြောခဲ့တာပါ။
လီဗန်တေးအသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၇ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်လာလီဂါပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်းနဲ့ မက်ဒရစ်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 267
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာက သူဟာ ဥရောပချန်ပီယံ PSG အသင်းမှာ ဆက်ပြီးရှိနေချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒွန်နာရမ်မာက “မန်စီးတီးက ကျနော့်ကို မိသားစုလို ကြိုဆိုခဲ့ကြပြီး ဒါဟာ ကျနော့်အတွက် အလွန်အရေးကြီး ပါတယ်။ အပြောင်းအလဲက ခက်ခဲပြီး PSG မှာ အလွန်ထူးခြားတဲ့ အားပေးတဲ့သူတွေ၊ ထူးခြားကောင်းမွန်တဲ့ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေ၊ အားကစားဒါရိုက်တာ၊ အသင်းဥက္ကဋ္ဌတို့ကို ကျနော်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ကျနော်ဆက်နေချင်ခဲ့တာပါ”လို့ Yashin Trophy ဆုလက်ခံရယူပြီးနောက် သတင်းထောက်တွေ ကို ပြောခဲ့တာပါ။
၂၀၂၁ ခုနှစ်က အေစီမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ဒွန်နာရမ်မာဟာ ဒီရာသီ နည်းပြ လူးဝစ်အင်းနရစ်ရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် PSG အသင်း ကနေ ထွက်ခွာခဲ့ရတာပါ။

ဒွန်နာရမ်ကို တွေ့ရစဉ်
ဒွန်နာရမ်မာဟာ မန်စီးတီးအသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ဒွန်နာရမ်မာက မန်စီးတီးအသင်းဟာ သူ့ကိုမိသားစုလို ကြိုဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဒွန်နာရမ်မာဟာ မန်စီးတီးအသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး ဒီပွဲတွေမှာ အသင်း ဟာ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပြီး ၂ ပွဲ ပေးဂိုးမပေးခဲ့ရတာပါ။
မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းလိဂ် ဖလားပွဲစဉ်အဖြစ် ဟတ်ဒါဖီးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒွန်နာရမ်မာဟာ ဒီပွဲကို အနားပေးခံရဖွယ်ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပွဲစဉ်တွေအဖြစ် ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်၊ မိုနာကိုအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 298
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခဲ့ရတဲ့ ကြယ်ပွင့်ကစားသမား ကိုးလ်ပါလ်မာဟာ ပေါင်ခြံခွဲစိတ်မှုကို ရှောင်နိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ဆေးအဖွဲ့တွေက ခွဲစိတ်မှုနဲ့ပတ်သက်ပြီး ကျနော့်ကို မပြောခဲ့ပါဘူး။ နောက်ရက်တွေ ဒါမှမဟုတ် နောက်အပတ်တွေမှာ ဖြစ်လာမလားဆိုတာတော့ ကျနော် မသိပါဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော် ကတော့ ခွဲစိတ်ရမယ်လို့ မထင်ပါဘူး။ သူဟာ ၁၀၀ ရာခိုင်နှုန်းမရှိပေမယ့် အသင်းဖော်တွေကို ကူညီဖို့နဲ့ ပွဲကြီး ပွဲကောင်းကို ပါဝင်ချင်တာကြောင့် ယူနိုက်တက်အသင်းနဲ့ပွဲမှာ ပါဝင်ခဲ့တာပါ။ သူနာကျင်နေတဲ့အတွက် လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို နေ့တိုင်း စောင့်ကြည့်မှုတွေ ပြုလုပ်ပြီးရင် ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်မယ်”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်ပွဲလုံးပါဝင်ပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ကိုးလ်ပါလ်မာ ဟာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၂၁ မိနစ်ကြာသာ ပါဝင်ကစားခဲ့ပြီးနောက် လူစားလဲမှု ပြုလုပ် ခံခဲ့ရတဲ့အတွက် ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ သူ့ရဲ့အခြေအနေကို ကြီးမားတဲ့ စိုးရိမ်မှုတွေရှိခဲ့တာပါ။
မာရက်စ်ကာက ကိုးလ်ပါလ်မာဟာ ဒီပွဲမတိုင်မီမှာ ကြံ့ခိုင်မှုအပြည့် မရှိခဲ့ပေမယ့် ပါဝင်ချင်ခဲ့တယ်လို့ ပြောခဲ့ပါ တယ်။
ကိုးလ်ပါလ်မာဟာ လင်ကွန်းအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်နိုင်ဖွယ် ရှိ/မရှိ စောင့်ကြည့်ရမှာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲပြီးရင် ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 270
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or အဆင့် သတ်မှတ်ချက်မှာ နံပါတ် ၁၃ နေရာ ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဒီအဆင့် ရပ်တည်မှုအပေါ် ဒေါသထွက်ခဲ့ကြပါတယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုး သွင်းယူနိုင်ခဲ့သလို ၁၄ ဂိုးဖန်တီးပြီး ဘွန်ဒက်လီဂါဖလားရရှိကာ ဆုဖလားမရရှိတဲ့ ကျိန်စာကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဒါပေမယ့် ဟာရီကိန်းဟာ ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ Ballon d'Or အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံး ၁၀ နေရာအပြင်ဖြစ်တဲ့ နံပါတ် ၁၃ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ဒေါသတွေကို ဖော်ပြခဲ့တာပါ။

ဟာရီကိန်းကို တွေ့ရစဉ်
ပရိသတ်တစ်ဦးက “ဒါက ရယ်စရာကောင်းပြီး ဟာရီကိန်းက ထိပ်ဆုံး ၅ ဦးထဲမှာ ရပ်တည်နေရမယ့်သူ”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက “သူဟာ ဘတ်ပီထက် ပိုပြီးကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာကြောင့် ဒါက နောက်ပြောင်တာပဲ”လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် ပရိသတ်တစ်ဦးက “ဟာရီကိန်းက ထိပ်ဆုံး ၁၀ ဦးထဲကို လွယ်လွယ်ကူကူနဲ့ ဝင်သင့်တဲ့သူပါ၊ ဒါက ငြင်းခုံနေဖို့တောင်မလိုဘူး”လို့ ရေးသားကာ နောက်ထပ်ပရိသတ်က “ကိုးလ်ပါလ်မာက ဟာရီကိန်းရဲ့ အထက်မှာ ရှိနေတာက လုံးဝစိတ်ပျက်ဖို့ကောင်းပြီး သူဟာ ရာသီဝက်လောက်ကို ပျောက်ဆုံးနေတဲ့သူလို့” ရေးသားခဲ့ကြပါ တယ်။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးပါဝင်ပတ်သက်မှု ၅၅ ဂိုးရှိခဲ့ပြီး ဥရောပထိပ်တန်း ၅ လိဂ်မှာ တတိယမြောက် အများဆုံးဖြစ်ခဲ့ကာ သူ့ရဲ့အထက်မှာ ရာဖင်ညာနဲ့ ဆာလက်တို့သာ ရှိခဲ့တာပါ။
ဟာရီကိန်းကတော့ သူဟာ နိုင်ငံနဲ့ ကလပ်အသင်းကို ဆုဖလားတွေ ရရှိအောင် ကူညီပေးဖို့ အာရုံစိုက်နေတယ်လို့ ပြောထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာလည်း သူ့ရဲ့အကောင်းဆုံး ပုံစံတွေကို ဆက်ထိန်းသိမ်းနေပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားထားတဲ့ ၇ ပွဲမှာ ၁၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 201
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ပြည်တွင်းဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ ပြင်သစ် ကြယ်ပွင့် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ကို အသာရပြီး ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ Ballon d'Or ဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ PSG အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဒမ်ဘီလီဟာ PSG အသင်းကို ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့ပြီး အသင်းဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ကာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။
ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ခဲ့တဲ့ အရာတွေကြောင့် Ballon d'Or ဆုကို ကစားသမားဘဝ ပထမဆုံး အကြိမ် ရရှိခဲ့တာပါ။
ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပေမယ့် အကောင်းဆုံးပုံစံ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး PSG အသင်းထံ ပြောင်းရွှေ့လာချိန်မှာတော့ နည်းပြ လူးဝစ်အင်းနရစ် လက်အောက်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာပါ။

ယာမဲလ်ကို တွေ့ရစဉ်
ဒမ်ဘီလီဟာ ကိုပါ၊ ပလာတီနီ၊ ပါပင်၊ ဇီဒန်းနဲ့ ဘန်ဇီမာတို့ပြီးနောက် Ballon d'Or ဆုကို ရရှိတဲ့ ၆ ဦးမြောက် ပြင်သစ် ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ဒမ်ဘီလီက “အားလုံးကို ကျေးဇူးတင်ပြီး ကျနော့်အတွက် ဖြစ်ခဲ့တဲ့အရာတွေက မယုံနိုင်လောက်အောင်ပါပဲ။ PSG အသင်းနဲ့ အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပြီး အသင်းမှာရှိတဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင် ချင်ပါတယ်။ နည်းပြအင်းနရစ်က ကျနော့်အတွက် ဖခင်တစ်ဦးလိုပါပဲ။ ဒါက မပြီးဆုံးသေးပေမယ့် သူဟာ ကျနော့် ကစားသမားဘဝအတွက် အလွန်အရေးပါတဲ့သူပါ။ အသင်းဖော်တွေကြောင့်လည်း ကျနော်တို့ အားလုံးနီးပါး အနိုင် ရခဲ့ပြီး ဒီအောင်မြင်မှုမှာ သူတို့လည်းပါဝင်တယ်”လို့ ပြောခဲ့ပါတယ်။
Ballon d'Or ဆုမှာ ဒမ်ဘီလီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ယာမဲလ်ဟာ အကောင်းဆုံး လူငယ် ကစားသမားဆုဖြစ်တဲ့ Kopa Trophy ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ကစားနေတဲ့ စပို့တင်းတိုက်စစ်မှူးဟောင်း ယိုကီရက်စ်က ဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ Gerd Muller ဆုကို ရခဲ့ပြီး မန်စီးတီးအသင်းဂိုးသမား ဒွန်နာရမ်မာက အကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ Yashin Trophy ဆုကို ရခဲ့တာပါ။
PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
အမျိုးသမီး Ballon d'Or ဆုကို ဘာစီလိုနာအသင်းကြယ်ပွင့် ဘွန်မာတီက ၃ နှစ်ဆက်တိုက် ရရှိခဲ့ပြီး မက်ဆီ၊ ပလာတီနီတို့နဲ့အတူ ဒီဆုကို ၃ နှစ်ဆက်တိုက်ရရှိတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 267
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ပွဲတွေ အများကြီး ကစားရတာကြောင့် အလှည့်ကျစနစ် အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မှာ အလှည့်ကျ အသုံးပြုဖို့ ရွေးချယ်ခွင့်ရှိတဲ့အတွက် ကောင်းပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မိနစ် ၉၀ ကစားခဲ့ကြတဲ့ ဗန်ဒိုက်၊ ကိုနာတေး၊ ဆာလက်၊ ဂရာဗန်ဘာ့ချ်နဲ့ ဆိုဘို့ဆလိုင်းတို့ကို ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ မြင်တွေ့ ရမှာ မဟုတ်ဘူးဆိုတာ ပြောချင်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အဲဗာတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်သလက်တီကို အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၄ ဦး အပြောင်း အလဲ ပြုလုပ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပွဲတွေ အများအပြား ယှဉ်ပြိုင်ရမှာဖြစ်လို့ အလှည့်ကျစနစ်ကို အသုံးပြုတာက အရေးပါ တယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့တာပါ။

ဆာလက်နဲ့ ကစားသမား ၄ ဦးကို အနားပေးမယ်လို့ အာနီဆလော့ ပြော
ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအချို့ကို အနားပေးမှာဖြစ်လို့ ပုံမှန်ကစားခွင့် မရသေးတဲ့ သူတွေနဲ့ လူငယ်ကစားသမားတွေအတွက် အခွင့်အရေးရလာဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ချီယေဆာ၊ အန်ဒို၊ မာမာဒက်ရှ်ဗီလီ၊ အန်ယိုနီနဲ့ အန်ဂူမိုဟာတို့ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုလာဖို့ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲကို နိုင်ပွဲ ရယူထားပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းကိုလည်း အနိုင်ယူပြီး သူတို့ရဲ့ရာနှုန်းပြည့် နိုင်ပွဲ ရယူထားတဲ့ မှတ်တမ်းကို ဆက်ထိန်းသိမ်းချင်နေတာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
ဘင်ဖီကာအသင်း နည်းပြသစ် မော်ရင်ဟိုက သူ့ရဲ့နည်းပြဘဝ တစ်ချိန်ချိန်မှာ ပေါ်တူဂီထံ ပြန်လာဖို့ အမြဲတမ်း ရည်မှန်းထားပေမယ့် ကလပ်အသင်းကို ကိုင်တွယ်ရဖို့ မဟုတ်ဘဲ နိုင်ငံအသင်းကို ကိုင်တွယ်ဖို့ တွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မော်ရင်ဟိုက “ကျနော် ရိုးရိုးသားသားပြောရရင် ပေါ်တူဂီကို ပြန်လာဖို့ အမြဲတမ်း တွေးခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ဟာ နိုင်ငံအသင်းကို ကိုင်တွယ်ဖို့ ပြန်လာမယ်ဆိုပြီး တွေးခဲ့ပြီး မကြာခင် ဒါမှမဟုတ် နောက်ကျပြီးမှ ကိုင်တွယ်ရမယ်ဆိုတာ ကျနော်သိပါတယ်။ အရင်က ကမ်းလှမ်းမှုတွေကို လက်မခံခဲ့ပေမယ့် တစ်နေ့တော့ ဖြစ် လာမယ်လို့ ကျနော် တွေးခဲ့ပါတယ်။ အခုတော့ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ဖြစ်ခဲ့တယ်”လို့ Sky Sports News ကို ပြောခဲ့တာပါ။
ချယ်လ်ဆီး၊ ရီးရယ်လ်နဲ့ ယူနိုက်တက်အသင်း နည်းပြဟောင်း မော်ရင်ဟိုဟာ နည်းပြဘဝ စတင်ခဲ့တဲ့ ဘင်ဖီကာ အသင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ပေါ်တူဂီနိုင်ငံထံ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ မော်ရင်ဟို ဒုတိယအကြိမ်မြောက် ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ AVS အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
မော်ရင်ဟိုက သူဟာ ဘင်ဖီကာအသင်းထံ ပြန်လာရလို့ ဝမ်းမြောက်ပေမယ့် အရင်က ငြင်းဆန်ခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့အတွက် အိမ်ပြန်လာချင်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ဘင်ဖီကာအသင်း နည်းပြသစ်အဖြစ် မခန့်အပ်ခံရမီက တူရကီကလပ် ဖီနာဘာချီအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းချန်ပီယံလိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် မရခဲ့တာကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။
မော်ရင်ဟိုက ဖီနာဘာချီအသင်းကို ကိုင်တွယ်ခဲ့တာဟာ မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းကို ဆုဖလားအောင်မြင်မှု ရယူပေးနိုင်ဖို့ မျှော်လင့်ထားပြီး ဘင်ဖီကာအသင်းဟာ လာမယ့် ပေါ်တူဂီလိဂ် ပွဲစဉ်တွေအဖြစ် ရီယိုအေဗီ၊ ဂီလ်ဗီဆန်တီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘင်ဖီကာအသင်းဟာ လာမယ့် စက်တင်ဘာ ၃၀ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရ မှာဖြစ်တဲ့အတွက် မော်ရင်ဟိုဟာ အသင်းဟောင်း ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကွင်းကို ပြန်လာရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
ဘာစီလိုနာအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပွဲကြိုအစည်းအဝေးကို နောက်ကျပြီးမှ ရောက်ရှိလာတာကြောင့် ဂီတာဖေးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယာမဲလ်ဒဏ်ရာကြောင့် မပါဝင်နိုင်သေးချိန်မှာ သူ့ရဲ့နေရာကို ဆက်ထိန်းသိမ်း နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂီတာဖေးအသင်းနဲ့ ပွဲစဉ်မှာ နည်းပြ ဟန်ဆီဖလစ်ဟာ ဖာရန်တောရက်စ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုပြီး ရက်ရှ်ဖို့ဒ်ကို အရန်ခုံမှာ ထားခဲ့တာပါ။
ဒေးလီးမေးလ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့ မနက်က ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်း အစည်းအဝေးကို နောက်ကျပြီးမှ ရောက်ရှိလာတာကြောင့် ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံရတာလို့ ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ အသင်း အစည်းအဝေးနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို အချိန်မီ ရောက်ရှိဖို့ လိုအပ်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချမှတ်ခဲ့တာပါ။
ဟန်ဆီဖလစ်ဟာ အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ရာဖင်ညာကိုတောင် သူ့ရဲ့စည်းမျဉ်းဖောက်ဖျက်ခဲ့လို့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပါတယ်။
ရက်ရှ်ဖို့ဒ်ကို ပွဲထွက်လူစာရင်း ချန်လှပ်ခဲ့တဲ့အပေါ် မေးမြန်းခဲ့ချိန်မှာ ဟန်ဆီဖလစ်က “၃ ရက်၊ ၄ ရက်တိုင်းကို ကျနော်တို့ ပွဲကစားနေရတဲ့အတွက် ဒါက ပုံမှန်ပါပဲ။ ကျနော်တို့ဟာ ကွင်းထဲမှာ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်ပါတယ်”လို့ ဖြေခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြအဲရစ်တန်ဟတ် လက်အောက် ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်ကလည်း အစည်းအဝေး နောက်ကျခဲ့လို့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရဖူးတာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ ဂီတာဖေးအသင်းနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာခဲ့ပြီး အော်လ်မို သွင်းယူခဲ့တဲ့ သွင်းဂိုးကို ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Dailymail
