- By CNI
- Category: အားကစား
- Hits: 310
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နာပိုလီအသင်းဟာ အဓိကကွင်းလယ်လူ တိုမီနေးကို ခေါ်ယူဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခု ရောက်လာနိုင်တဲ့ အတွက် သူ့ရဲ့ကလပ် အနာဂတ်အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက တိုမီနေးဟာ နာပိုလီအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတာပါ။
ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်း စီးရီးအေဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ တိုမီနေး ဟာ အသင်းအတွက် လိဂ်ပြိုင်ပွဲမှာ ၁၂ ဂိုးသွင်းခဲ့ပြီး စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါ တယ်။
နာပိုလီအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အင်တာမီလန်အသင်းနဲ့ အမှတ်ကွာဟနေပေမယ့် တိုမီနေးကတော့ ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုးသွင်းပြီး နောက်ထပ် ကောင်းမွန်တဲ့ ရာသီကို ဖြတ်သန်းနေတာပါ။
တိုမီနေးဟာ စကော့တလန်အသင်းကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးထား နိုင်ခဲ့ပါတယ်။

တိုမီနေးကို တွေ့ရစဉ်
တိုမီနေးရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
နာပိုလီအသင်းရဲ့ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ ဂျီယမ်မာရီယိုလီက ဒါဟာ ကလပ် အသင်းအတွက် စိုးရိမ်စရာဖြစ်ပေမယ့် အခြားနေရာ တစ်ခုထံ ကြီးမားတဲ့ အပြောင်းအရွှေ့နဲ့ သူပြောင်းရွှေ့ခဲ့မယ် ဆိုရင် တိုမီနေးကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးမယ်လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းနည်းပြ ကွန်တီက တိုမီနေးဟာ တစ်နှစ်ခွဲအတွင်းမှာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တိုမီနေးဟာ နာပိုလီအသင်းအတွက် ၆၉ ပွဲ ကစားထားပြီး ၂၂ ဂိုးသွင်းယူကာ စီးရီးအေဖလားနဲ့ အီတလီစူပါဖလား တို့ကို ရယူထားနိုင်ခဲ့ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 413
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အတွက် အင်္ဂလိပ် ဘောလုံးလိဂ်က သူတို့ကို ၆ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဒီရမှတ်လျှော့မှုဟာ ချက်ချင်း သက်ရောက်ခဲ့တဲ့အတွက် လက်စတာအသင်းဟာ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ အဆင့် ၁၇ ကနေ အဆင့် ၂၀ ကို ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်ထဲက ဝက်စ်ဘရွမ်းအသင်းနဲ့ ရမှတ်တူသွားခဲ့ ပါတယ်။
လက်စတာအသင်းဟာ အကျိုးအမြတ်နဲ့ ရေရှည်တည်တံမှု (PSR) ကို ချိုးဖောက်ခဲ့မှုကြောင့် ပြီးခဲ့တဲ့နှစ် မေလမှာ ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်ခြင်း ခံခဲ့ရပြီးနောက် အခုလို ရမှတ်လျှော့ခံခဲ့ရတာပါ။
လက်စတာအသင်းဟာ ၂၀၂၃-၂၄ ခုနှစ်အထိ ၃ နှစ်တာ အကဲဖြတ်ကာလအတွင်းမှာ PSR ကန့်သတ်ချက်ကို ပေါင် ၂၀.၈ သန်းနဲ့ ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့ပြင် လက်စတာအသင်းဟာ တောင်းဆိုတဲ့အခါတိုင်း သူတို့ရဲ့ နှစ်စဉ်စာရင်းတွေကို လိဂ်ထံပေးဖို့ ပျက်ကွက်မှု တွေအတွက် ပရီးမီးယားလိဂ် စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ ကော်မရှင်က တွေ့ရှိခဲ့တာပါ။

လက်စတာအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လက်စတာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြကို ထုတ်ပယ်ပြီးချိန်မှာ နောက်ထပ် ဆိုးရွားမှုကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လက်စတာအသင်းကတော့ ဒီဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်းနဲ့ မျှတမှုမရှိဘူးလို့ တံဆိပ်ကပ်ခဲ့တာပါ။
ဒါ့ပြင် လက်စတာအသင်းဟာ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ ပြန်သုံးသပ်နေပြီး ရရှိနိုင်တဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အန်ဒီကင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတဲ့ လက်စတာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဘာမင်ဂမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
အပြောင်းအရွှေ့ အသုံးစရိတ် အငြင်းပွားမှုတွေကြောင့် အယ်လ်နာဆာအသင်းမှာ အနာဂတ် မရေမရောဖြစ်နေတဲ့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုကို ဆော်ဒီပရိုလိဂ်က သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ကမှ အသက် ၄၁ နှစ်ပြည့်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အယ်လ်နာဆာအသင်း ရဲ့ လှုပ်ရှားမှု အားနည်းတဲ့အပေါ် စိတ်ပျက်နေတာပါ။
အဲ့ဒါကြောင့် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ အယ်လ်ရီယက်ဒ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်နာဆာအသင်း အတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ရော်နယ်လ်ဒိုဟာ ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ကလပ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးမယ်ဆိုပြီး အာမခံချက် မရခဲ့တာကြောင့် နောက်ထပ် ဆော်ဒီပရိုလိဂ်ပွဲကိုပါ ပွဲကစားဖို့ ငြင်းဆန်နေတယ်လို့ ESPN က ဖော်ပြထားတာပါ။
အယ်လ်နာဆာအသင်းကတော့ ရော်နယ်လ်ဒိုကို အယ်လ်အစ်တီဟတ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့် နေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဖော်ဟောင်း ဘန်ဇီမာဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခဲ့တဲ့ PIF ကို ရော်နယ်လ်ဒိုရဲ့ စိတ်ပျက်မှု ပိုကြီးထွား ခဲ့တာပါ။
ဘန်ဇီမာကတော့ အယ်လ်ဟီလယ်အသင်းအတွက် ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြသသွားခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အသင်းတိုင်းဟာ တူညီတဲ့ စည်းမျဉ်းတွေအောက်မှာ လွတ်လပ်စွာ လည်ပတ်နေကြပြီး လူသစ်စုဆောင်းမှု၊ သုံးစွဲမှုနဲ့ မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေက ဒီကလပ် အသင်း တွေနဲ့အတူ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဘယ်လောက်ပဲ အရေးကြီးတဲ့ သူဖြစ်ဖြစ် တစ်ဦးချင်းစီဟာ သူတို့ရဲ့ ကိုယ်ပိုင် ကလပ်ထက် ကျော်လွန်ပြီး ဆုံးဖြတ်ချက်တွေကို မဆုံးဖြတ်ကြဘူးလို့ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြီးမားတဲ့ အားဖြည့်မှု မလုပ်နိုင်ခဲ့ပေမယ့် နွေရာသီမှာ ရော်နယ်လ်ဒိုကို စာချုပ်သစ် ချုပ်ခဲ့သလို ဂျာအိုဖီးလစ်နဲ့ ကိုးမန်းတို့လို နာမည်ကြီးတွေကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 310
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
အသင်းလက်မဲ့ဖြစ်နေတဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း လင်ဂတ်ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့တဲ့ အသင်းတွေထဲမှာ နယ်သာလန်ထိပ်သီး ဖီယင်နုအသင်းလည်း ပါဝင်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဒီရက်သတ္တပတ် အကုန်မှာ သူပြောင်းရွှေ့မယ့် အသင်းကို ဆုံးဖြတ်ချက် ချနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၆၇ ပွဲကစားပြီး ၁၉ ဂိုးသွင်းယူကာ ဒီဇင်ဘာလမှာ FC ဆိုးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ လင်ဂတ်ကို အင်္ဂလန်၊ အီတလီနဲ့ နယ်သာလန် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဝက်စ်ဟမ်း၊ ဝုလ်ဗ်စ်နဲ့ ဂျီနိုအာအသင်းတို့ဟာ အင်္ဂလန် ကွင်းလယ်လူဟောင်းကို ခေါ်ယူနိုင်မယ့် ဖြစ်နိုင်ဖွယ်ရှိတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

လင်ဂတ်ကို တွေ့ရစဉ်
ဖီယင်နုအသင်းကို လင်ဂတ်ရဲ့ယူနိုက်တက် အသင်းဖော်ဟောင်း ဗန်ပါစီ ကိုင်တွယ်နေပြီး သူဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးမှုတွေ ခံနေရပါတယ်။
လင်ဂတ်ဟာ ရှေ့တန်းရဲ့ နေရာစုံမှာ ကစားနိုင်ပြီး အတွေ့အကြုံရှိတဲ့ သူလည်းဖြစ်သလို တစ်ဦးချင်း လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံးဖြစ်အောင် ထိန်းထားနေတာပါ။
အင်္ဂလန် ကွင်းလယ်လူဟောင်းဟာ အပြောင်းအရွှေ့ အပြင်ဘက်မှာ အလွတ်နဲ့ရမယ့် ရွေးချယ်စရာ အနည်းငယ် ထဲက တစ်ဦးဖြစ်တာကြောင့် ဗန်ပါစီက သူ့ကိုခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ လင်ဂတ်ဟာ အသင်းကြီးအတွက် ပွဲပေါင်း ၂၃၀ ကျော် ကစားခဲ့ပြီး ၃၅ ဂိုး သွင်းယူကာ FA ဖလား၊ ကာရာဘောင်းနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ၁ ကြိမ်စီ ရယူနိုင် ခဲ့တာပါ။
လင်ဂတ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ ပေမယ့် တစ်ရာသီကြာသာ ကစားခဲ့ပြီး FC ဆိုးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 250
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဒုဥက္ကဋ္ဌ မီဒီနာက ကလပ်ဟာ ၂၀၂၇ ခုနှစ်မှာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
မီဒီနာက “ကျနော်တို့ဟာ ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်မှာ မက်ဆီကို နယူးဝဲလ်အသင်းအတွက် ကစားပေးဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ ဒါက နယူးဝဲလ်ထက် ကျော်လွန်တဲ့ စီမံကိန်းဖြစ်ပြီး ရိုဆာရီယိုမြို့၊ ပြည်နယ်နဲ့ အာဂျင်တီးနားဘောလုံးအတွက် စီမံကိန်းတစ်ခုပါ။ မက်ဆီရဲ့အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ရှိထားပေမယ့် ဆုံးဖြတ်ချက်မချရသေးဘူး”လို့ TN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
မက်ဆီဟာ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းမှာ ၁၉၉၅ ကနေ ၂၀၀၀ ခုနှစ်အထိ လူငယ် ကစားသမားဘဝ ဖြတ်သန်း ခဲ့ပြီး ဘာစီလိုနာလူငယ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ ရာသီကုန်အထိ စာချုပ်သက်တမ်း တိုးထားပေမယ့် သူ့ရဲ့ငယ်ဘဝ ကလပ် နယူးဝဲလ်အိုးဘွိုင်းစ် အသင်းနဲ့ ချိတ်ဆက်မှုတွေတော့ ရှိနေပါတယ်။

မက်ဆီကို တွေ့ရစဉ်
နယူးဝဲလ်အသင်းနည်းပြ ဖာဘီယိုက သူ အပါအဝင် ဒီမှာရှိတဲ့လူတိုင်းက မက်ဆီကို သူ့ကလပ်နဲ့သူ့မြို့မှာ သူကစား ခွင့်ရရင် အလွန်ကောင်းမှာပဲဆိုပြီး တွေးနေကြတယ်လို့ ပြီးခဲ့တဲ့လက ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နယူးဝဲလ်အသင်းဒုဥက္ကဋ္ဌ မီဒီနာရဲ့ မှတ်ချက်ကြောင့်လည်း မက်ဆီဟာ မေဂျာလိဂ် ရာသီကုန်ချိန်အတွင်းမှာ အာဂျင်တီးနားကလပ်ထံ အငှားနဲ့ လာကစားနိုင်ဖွယ် ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နယူးဝဲလ်အိုးဘွိုင်းစ်အသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အရင်ကတည်းက ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် မက်ဆီ ကတော့ သူ့ရဲ့ငယ်ဘဝ ကလပ်ထံ ပြန်သွားဖွယ် ရှိ/မရှိကို လူသိရှင်ကြား ထုတ်ပြောထားခြင်း မရှိတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 268
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောင်းလဲပေးမယ်ဆိုတဲ့ အာမခံချက် မရခဲ့တာကြောင့် သူ့ရဲ့ ရပ်တည် ချက်ကို ဆက်ထိန်းသိမ်းတဲ့ အနေနဲ့ ၂ ပွဲဆက်တိုက် အသင်းရဲ့ပွဲကို ပါဝင်ဖွယ်မရှိဘူးလို့ ESPN က ဖော်ပြထားပါ တယ်။
လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ပြောင်းလဲမှုတွေ မပြုလုပ်နိုင်ဘူးဆိုရင် ရော်နယ်လ်ဒိုဟာ ဇွန်လမှာ ထွက်ခွာဖို့ တောင်းဆိုမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲမှာ PIF ကို ဆန့်ကျင်တဲ့အနေနဲ့ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
PIF ဟာ အယ်လ်နာဆာအသင်းကို လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပေးဘဲ သူတို့ရဲ့ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းကို အားသာအောင် ပြုလုပ်ပေးနေတာကြောင့် ရော်နယ်လ်ဒိုက စိတ်ပျက်နေတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ အယ်လ်ဟီလယ်အသင်းထံ ဘန်ဇီမာ မပြောင်းရွှေ့အောင် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအပြောင်းအရွှေ့က မျှတမှုမရှိသလို ခံစားခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ESPN ကို ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပွဲပါဝင် မကစားခဲ့ပေမယ့် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ သူ့ရဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်နာဆာအသင်းရဲ့ တရားဝင် X ဆိုရှယ်မီဒီယာမှာတော့ နည်းပြ ဂျော့ချ်ဂျီးဆပ်စ်နဲ့ ရော်နယ်လ်ဒိုရဲ့ အသင်းဖော်တွေ လေ့ကျင့်နေတဲ့ပုံတွေသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိပေမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာနိုင်တဲ့ အချက်ရှိနေတယ်လို့ သိရပါတယ်။
ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၂ ပွဲ ကစားထားပြီး ၁၈ ဂိုး သွင်းယူထားတဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းတချို့နဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ နောက်ခံလူ ဂူဟီ ပါဝင်ကစားနိုင်ဖို့အတွက် အင်္ဂလိပ်ဘောလုံးလိဂ် (EFL) ရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲစေချင်နေပါတယ်။
ဂွာဒီယိုလာက “ဂူဟီ ဘာကြောင့် ဗိုလ်လုပွဲမှာ ကစားခွင့် မရနိုင်တာလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ ကစားသမား တစ်ဦးကို ငွေကြေး အများအပြား သုံးပြီးဝယ်ခဲ့ပေမယ့် သူက ဒီစည်းမျဉ်းကြောင့် ကစားခွင့် မရဘူး ဖြစ်နေပါတယ်။ သူတို့ဒါကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ဂူဟီရဲ့ လစာကို ပေးချေ နေရတာဖြစ်ပြီး သူက ကျနော်တို့ရဲ့ကစားသမားပါ။ ကလပ်အသင်းကိုလည်း မေးခိုင်းထားပြီး သူကစားခွင့်ရနိုင်ဖို့ ကျနော်တို့ကြိုးစားသွားမယ်”လို့ ပြောခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ရောက်လာခဲ့တဲ့ ဂူဟီဟာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် နယူးကာဆယ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းကို ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အနိုင်ရပြီးနောက် ဂူဟီကို ခေါ်ယူခဲ့တဲ့အတွက် ဆီမီးဖိုင်နယ်ပွဲစဉ်တိုင်မီ လူစာရင်းထဲ စာရင်းသွင်းခွင့် မရခဲ့တာပါ။

ဂူဟီကို တွေ့ရစဉ်
ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရဖို့ အတွက်ဆိုရင် ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီ လူစာရင်းထဲ စာရင်းသွင်းရမှာဖြစ်လို့ ဂူဟီဟာ ဗိုလ်လုပွဲကိုလည်း လွဲချော်ဖို့ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဂူဟီနဲ့အတူ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ဆီမန်ညိုကတော့ ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့် ရမှာဖြစ်ပါတယ်။
ဆီမန်ညိုဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်မီ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းနဲ့ ပထမအကျော့ပွဲမှာ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့တာပါ။
EFL ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကစားသမားတစ်ဦးကို တူညီတဲ့ပြိုင်ပွဲ တစ်ခုမှာ အသင်း ၂ သင်းအတွက် ပါဝင်ကစားခွင့် မပြုခဲ့ပေမယ့် အခုရာသီမှာ ဒီစည်းမျဉ်းကို ပြောင်းလဲပေးခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းအတွက် ကာရာဘောင်းဖလား ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ဆီမန်ညိုကို အသုံးပြုလို့ရခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို မတ်လ ၂၂ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 302
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ဂျီရိုနာအသင်းထံ အငှားသွားရောက်ကစားနေတဲ့ ဂိုးသမားစတီဂန်ဟာ နောက်ထပ်ဒဏ်ရာ ဆုတ်ယုတ်မှု ကြုံတွေ့ခဲ့ရပေမယ့် ဂျာမနီအသင်းနည်းပြနာဂယ်လ်စမန်းက သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထောက်ခံမှု ပြုလုပ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ပွဲကစားချိန်ပိုပြီးရနိုင်ဖို့မျှော်လင့်ချက်နဲ့ ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းလာခဲ့တဲ့ စတီဂန်ဟာ ဂျီရိုနာအသင်းအတွက် ပါဝင်ကစားတဲ့ ဒုတိယမြောက်ပွဲမှာ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။
စတီဂန်ဟာ ဒဏ်ရာကြောင့် လအနည်းငယ်ကြာအနားယူရဖွယ်ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ အသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိလာပါတယ်။
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းကတော့ သူတို့ဟာ စတီဂန်နိုင်ငံအသင်းမှာ ပြန်ပါဝင်နိုင်ဖို့ အလွန် မျှော်လင့်နေကြပြီး အခုအချိန်မှာ အရေးကြီးတာက ဘာဖိအားမှမရှိဘဲ ဒဏ်ရာအခြေအနေကနေ ကောင်းမွန် လာဖို့လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် သူတို့အားလုံးဟာ စတီဂန်ကို ထောက်ခံမှုရှိတယ်လို့ နာဂယ်လ်စမန်းက ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာရှိချိန်မှာ ဂျာမနီအသင်းရဲ့နံပတ် ၂ ဂိုးသမားဖြစ်ခဲ့တဲ့ စတီဂန်ဟာ နူအာအနားယူပြီးနောက် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။
အဲဒါကြောင့် စတီဂန်ဟာ ဘာစီလိုနာအသင်းမှာ တတိယဦးစားပေးဂိုးသမားဖြစ်ခဲ့ပြီး အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရတာပါ။
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းနဲ့ ဘောလုံးအဖွဲ့ချုပ် အားကစားဒါရိုက်တာ ရူဒီဗောင်လာတို့ဟာ စတီဂန်သာ ကြံ့ခိုင်မှုပြည့်ဝရင် နိုင်ငံအသင်းရဲ့နံပတ် ၁ ဂိုးသမားဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။
စတီဂန်မပါဝင်နိုင်ချိန်မှာ ဟော့ဖန်ဟိမ်းအသင်းဂိုးသမားအိုလီဗာဟာ သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်နေရတဲ့ အတွက် ဂိုးသမားနူအာကို ဂျာမနီအသင်းထံ ပြန်လာဖို့တောင်းဆိုမှုတွေ ရှိနေကြပါတယ်။
ဂျာမနီအသင်းဟာ မတ်လထဲမှာ ခြေစမ်းပွဲတွေအဖြစ် ဆွစ်ဇာလန်၊ဂါနာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 205
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ဆဲလ်တစ်အသင်းနည်းပြ မာတင်အိုနေးလ်ဟာ အင်္ဂလန် ကွင်းလယ်လူဟောင်း ချိန်ဘာလိန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သူ့ကိုခေါ်ယူဖို့ အလွန်စိတ်ဝင်စားမယ်လို့ ပြောခဲ့ပါတယ်။
မာတင်အိုနေးလ်က “ကျနော်သူနဲ့ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာရွေးချယ်စရာတွေ အများကြီးရှိမယ်လို့ ကျနော် ယုံကြည်ပါတယ်၊ လန်ဒန်နဲ့ ပိုပြီးနီးတဲ့ နေရာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ပြောနေတာတွေအတွက် သူ အလွန် စိတ်လှုပ်ရှားနေမယ်လို့ ကျနော် ထင်ပါတယ်။ ကလပ်အသင်းအကြောင်းကို သူသိပါတယ်။ ကျနော်တို့ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားပေမယ့် အကောင်အထည် မပေါ်နိုင်ရင်တော့ ဖြစ်လာမှာမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ချိန်ဘာလိန်ဟာ တူရကီကလပ် ဘီဆစ်တပ်အသင်းကနေ ထွက်ခွာအပြီးမှာ အသင်း လက်မဲ့ ဖြစ်နေခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ၃၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ချိန်ဘာလိန်ဟာ လက်ရှိအချိန်မှာ အသင်းဟောင်း အာဆင်နယ် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

ချိန်ဘာလိန်ကို တွေ့ရစဉ်
ချိန်ဘာလိန်ဟာ အင်္ဂလန်ကလပ် အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်ခြင်း မရှိသေး ပါဘူး။
ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ဘီဆစ်တပ်အသင်းနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် ဘီဆစ်တပ်အသင်းကို ပြောင်းခဲ့တဲ့ ချိန်ဘာလိန်ဟာ ပွဲပေါင်း ၅၀ ပါဝင် ကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ၂၀၂၄ ခုနှစ်မှာ တူရကီဖလား ရရှိခဲ့ပါတယ်။
ဆဲလ်တစ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် အားဖြည့်မှုတွေ ပြုလုပ်ခဲ့ပြီး သူတို့ဟာ အသင်းကို ကူညီပေးနိုင်မယ်လို့ထင်ကြောင်း နည်းပြ မာတင်အိုနေးလ်က ပြောခဲ့တာပါ။
ဆဲလ်တစ်အသင်းဟာ ဒီရာသီ စတော့တလန်လိဂ်မှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်တက်နိုင်ဖို့ ပလေးအော့ဖ်ပွဲအဖြစ် စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 380
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်မှာ အယ်လ်ဘာစီတီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင် ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပေမယ့် နည်းပြ ဟန်ဆီဖလစ်က သူတို့ဟာဒီပွဲမှာ ပိုပြီးလွယ်ကူအောင် လုပ်နိုင်ခဲ့ သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “အဆုံးသတ်မှာ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး အလွန်ခက်ခဲ ခဲ့ပါတယ်။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့တာကြောင့် ကျနော်တို့ ပိုပြီးလွယ်ကူအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ အခွင့်အရေးတွေ လည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဖလားပွဲတွေကို အနိုင်ရယူရမှာဖြစ်ပြီး ဒါကို ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အခုကျနော်တို့ ဆီမီးဖိုင်နယ် ရောက်ရှိနေပါပြီ”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အဆင့်မှာ ရီးရယ်လ်အသင်းကို အနိုင်ယူခဲ့တဲ့ အယ်လ်ဘာစီတီအသင်းကို ဘာစီလိုနာအသင်းဟာ ယာမဲလ်၊ အာရူဟိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ အယ်လ်ဘာစီတီအသင်းက ချေပဂိုး ပြန်သွင်းခဲ့ပြီး နောက်ထပ်ချေ ပဂိုးရရှိဖို့ ကြိုးပမ်းခဲ့လို့ ဘာစီလိုနာအသင်း အနိုင်ရလဒ်ကို ထိန်းခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အခွင့်အရေးတွေကို ပိုပြီးကောင်းအောင် အဆုံးသတ် ရမယ်လို့ ပြောခဲ့တာပါ။
ဒါ့ပြင် ဟန်ဆီဖလစ်က စိတ်ပိုင်းရာ အခြေအနေကြောင့် အနားယူပြီးနောက် အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပထမဆုံးအကြိမ် ပြန်ပါဝင်ကာ ဂိုးသွင်းခဲ့တဲ့ အာရူဟိုကို အသင်းက ဆက်ပြီး ပံ့ပိုးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အာရူဟိုကလည်း နည်းပြနဲ့ သူ့အသင်းဖော်တွေ ဆီကနေ ရရှိတဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ အချိန်တိုင်း ပိုပြီးကောင်းမွန် လာတယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် လိဂ်ပွဲအဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
