- By CNI
- Category: အားကစား
- Hits: 309
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
ပြီးခဲ့တဲ့ရက်ပိုင်းက စီးရီးအေကလပ် ကိုမိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီကို ခေါ်ယူဖို့ ကလပ်အသင်း ၃ သင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
ဗြိတိန်မီဒီယာတွေက ချန်ပီယံရှစ် ကလပ်အသင်းတွေဖြစ်တဲ့ ရက်စ်ဟမ်း၊ ဘာမင်ဂမ်နဲ့ ဝက်စ်ဘရွမ်းအသင်းတို့ဟာ ဒယ်လီအလီကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက်နေတယ်လို့ ဖော်ပြထားတာပါ။
ဟောလီးဝုဒ် နာမည်ကြီးတွေဖြစ်တဲ့ ရေနိုးလ်စ်နဲ့ မက်အယ်ဟန်နေတို့ ပိုင်ဆိုင်ထားတဲ့ ရက်စ်ဟမ်းအသင်းဟာ ဒယ်လီအလီရဲ့ ကစားသမားဘဝကို ပြန်လည်ရှာဖွေနိုင်အောင် ကူညီပေးနိုင်ဖွယ်ရှိနေပါတယ်။
ဒါအပြင် NFL ဂန္ထဝင် တွမ်ဘရာဒီအစုရှယ်ယာပိုင်ဆိုင်တဲ့ ဘာမင်ဂမ်အသင်းကလည်း လူစာရင်းအင်အား ပိုကောင်းအောင် ဒယ်လီအလီကို ခေါ်ယူချင်နေတာပါ။

ဒယ်လီအလီကို တွေ့ရစဉ်
ရက်စ်ဟမ်းအသင်းနဲ့ ဘာမင်ဂမ်အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန် တက်ခဲ့ပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဝက်စ်ဘရွမ်းအသင်းကတော့ ဒီရာသီ ချန်ပီယံရှစ် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာကြောင့် သူတို့ဟာ ဒယ်လီအလီကို ခေါ်ယူချင်နေတဲ့ ရက်စ်ဟမ်းနဲ့ ဘာမင်ဂမ်အသင်းတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင် တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ဝက်စ်ဘရွမ်းအသင်းကို ဒယ်လီအလီရဲ့ စပါးအသင်းဖော်ဟောင်း ရိုင်ယန်မေဆန်က ကိုင်တွယ်နေပြီး သူဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် စပါးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒယ်လီအလီဟာ စပါးအသင်းထံ မပြောင်းရွှေ့မီ အင်္ဂလန်ထိပ်တန်းလိဂ် အပြင်မှာရှိတဲ့ MK ဒွန်းစ်အသင်းမှာ ကစားခဲ့ဖူးတာကြောင့် ချန်ပီယံရှစ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို စဉ်းစားဖွယ်ရှိနေတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောထား တာကြောင့် ဘယ်အသင်းမှာ ကစားဖို့ ရွေးချယ်မလဲဆိုတာ မကြာမီမြင်တွေ့ရဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Thesun
- By CNI
- Category: အားကစား
- Hits: 330
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
စပါးအသင်းတောင်ပံ တိုက်စစ်ကစားသမား မာသီးစ်တဲလ်က ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် စပါးအသင်းရဲ့ ကစားသမား ၂၂ ဦးစာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။
မာသီးစ်တဲလ်က “လူစာရင်းထဲ မပါဝင်ရတဲ့အချိန်မှာ သေချာပေါက် နာကျင်ရတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျနော်ဟာ ဘယ်လို အခြေအနေပဲရှိရှိ အပြုသဘော ဆောင်တဲ့သူတစ်ဦးပါ။ ချန်ပီယံလိဂ် လူစာရင်းထဲမှာ ပါချင် တာကြောင့် စိတ်ပျက်စရာ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြရဲ့ ရွေးချယ်မှုက နည်းပြရဲ့ရွေးချယ်မှုပါပဲ။ ဒါကို လေးစားရမှာဖြစ်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းနဲ့ ပြန်လာနိုင်အောင် အလုပ်လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီက ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့လာရောက် ကစားခဲ့တဲ့ မာသီးစ်တဲလ်ကို စပါးအသင်း ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မာသီးစ်တဲလ်ကို တွေ့ရစဉ်
မာသီးစ်တဲလ်ဟာ နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ အသင်းမှာ သက်ရောက်မှု ရှိနိုင်ဖို့ ရုန်းကန်နေရပြီး နိုင်ငံတကာ ပြိုင်ပွဲတွေ မတိုင်မီ ပရီးမီးယားလိဂ် ပွဲတွေမှာ ၁၉ မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။
စပါးအသင်းဟာ နွေရာသီက ခေါ်ယူခဲ့တဲ့ ကူဒက်စ်ကို အဓိက ကစားသမားအဖြစ် အသုံးပြုနေသလို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ PSG အသင်း တိုက်စစ်မှူး ကိုလိုမူအာနီကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
အဲဒါကြောင့် စပါးအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်မယ့် အသင်းလူစာရင်းမှာ မာသီးစ်တဲလ်ကို ချန်လှပ်ခဲ့တာပါ။
မာသီးစ်တဲလ်က နည်းပြသော်မတ်စ်ဖရန့်ခ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ချန်လှပ်ခံရတဲ့အတွက် နာကျင်ရတယ်လို့ ပြောခဲ့ပါတယ်။
ပြင်သစ် ယူ-၂၁ ကစားသမားက သူဟာ ဒီချန်လှပ်မှုကို တွန်းအား အနေနဲ့ အသုံးပြုပြီး စပါးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်ပါဝင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်သလို ကစားခွင့်အတွက် အခြားအသင်းတွေကို ကြည့်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ မာသီးစ်တဲလ်ဟာ စပါးအသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းကာ မနှစ်က ရာသီက ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အစိတ်အပိုင်း အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 351
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
အီတလီအသင်းနည်းပြ ဂတ်တူဆိုက အီတလီအသင်းက အစ္စရေးအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ နည်းပြတစ်ဦးအနေနဲ့ သူရရှိခဲ့တဲ့ ရူးသွပ်ဖွယ် အကောင်းဆုံးပွဲလို့ ပြောခဲ့ပါတယ်။
ဂတ်တူဆိုက “နည်းပြတစ်ဦးအနေနဲ့ ကျနော် ပါဝင်ခဲ့တဲ့ ရူးသွပ်ဖွယ် အကောင်းဆုံးပွဲပါပဲ။ ဒါပေမယ့် ဒါက ကစား သမားတွေရဲ့ ပြဿနာမဟုတ်ဘဲ ကျနော့်ရဲ့ ပြဿနာပါ။ ကျနော်တို့အနေနဲ့ တိကျတဲ့ပုံစံနဲ့ ကစားချင်ရင် ပိုပြီး ကောင်းအောင် လုပ်ဖို့လိုအပ်ပါတယ်။ ကျနော်တို့ဟာ တိုက်စစ်ဆင်မှုတွေကို စနစ်တကျလုပ်ဖို့ ရူးသွပ်ခဲ့တာ ကြောင့် အစ္စရေးက စောင့်ဆိုင်းပြီး အချိန်တိုင်းတန်ပြန်တိုက်စစ်တွေနဲ့ ဂိုးသွင်းဖို့လုပ်ခဲ့ပါတယ်။ ကျနော်တို့ ပိုပြီး တိုးတက်အောင်လုပ်ဖို့ လိုပါတယ်”လို့ ပြောခဲ့တာပါ။
အီတလီအသင်းဟာ ဒီပွဲမှာ အစ္စရေးအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ ဦးဆောင်ထားပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၄ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ နယူးကာဆယ်အသင်း ကွင်းလယ်လူ တိုနယ်လီက အီတလီအသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

အီတလီနဲ့အစ္စရေးအသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် အီတလီအသင်းဟာ အစ္စရေးအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး အရေးပါတဲ့ ၃ မှတ်ကို ရယူနိုင်ခဲ့ ပါတယ်။
အီတလီအသင်းဟာ နည်းပြသစ် ဂတ်တူဆို လက်ထက်မှာ ကစားထားတဲ့ ၂ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့ တာပါ။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ နော်ဝေအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ကြောင့် စိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးနိုင်ပွဲ ရယူထားနိုင်ပါတယ်။
အီတလီအသင်းဟာ ခြေစစ်ပွဲ အုပ်စုတွင်းမှာ နော်ဝေအသင်းရဲ့နောက် အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အီတလီအသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အက်စ်တိုးနီးယား၊ အစ္စရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 285
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းကို ကိုင်တွယ်တာ ၂၁ လကြာရှိပြီဖြစ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
နူနိုဆန်တိုက သူနဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းပိုင်ရှင် မာရီနာကစ်တို့ရဲ့ ဆက်ဆံရေးဟာ အလွန်ဆိုးရွား တယ်လို့ လူသိရှင်ကြား ပြောပြီးကတည်းက သူ့ရဲ့နည်းပြရာထူးဟာ လှုပ်ခတ်မှုတွေရှိခဲ့တာပါ။
အခုအချိန်မှာတော့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲသာ ကစားအပြီးမှာ နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နူနိုဆန်တိုရဲ့ နေရာမှာ အစားထိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူးဟာ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ ရေပန်းစားနေတာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
အသက် ၅၁ နှစ်အရွယ်ရှိ နူနိုဆန်တိုဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှာ နည်းပြသစ် အဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာနဲ့ ရာသီအဆုံးသတ် ခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
နူနိုဆန်တိုဟာ အသင်းကို ဥရောပဝင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ပြီးခဲ့တဲ့ဇွန်လက သူ့ကို ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် နည်းပြနူနိုဆန်တိုဟာ အသင်းပိုင်ရှင်နဲ့ အဆင်မပြေခဲ့သလို အသင်းဟာလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေး နိမ့်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေး ဇယားအဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 265
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ကစားသမားဟောင်း ချိန်ဘာလိန်ဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံနေရပြီး အပြောင်းအရွှေ့ ဖြစ်ဖွယ်ရှိနေပါတယ်။
ဘက်ဆစ်တက်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ချိန်ဘာလိန်ဟာ ဘာမင်ဂမ်အသင်းရဲ့ ပစ်မှတ်အဖြစ် ရှိနေတာပါ။
အင်္ဂလန်အတွက် ပွဲပေါင်း ၃၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ချိန်ဘာလိန်ကို ခေါ်ယူဖို့ ဘာမင်ဂမ်နဲ့ လိဒ်စ်အသင်းတို့ စိတ်ဝင်စားနေတယ်လို့ Football Insider က ဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ချိန်ဘာလိန်ဟာ ဘက်ဆစ်တက်အသင်းမှာ ၂ ရာသီကြာ ကစားပြီးနောက် ထွက်ခွာကာ အင်္ဂလန်လိဂ်တွေထံ ပြန်လာချင်နေတာပါ။
ဘာမင်ဂမ်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲထံ တန်းတက်ချင်တာကြောင့် ဂရေး၊ ဖူရူဟာရှီနဲ့ ရော်ဘတ်စ်တို့ကို အားဖြည့်ထားပြီး အသင်းလူစာရင်း ပိုအားကောင်းအောင် ချိန်ဘာလိန်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ချိန်ဘာလိန်ကို တွေ့ရစဉ်
ချိန်ဘာလိန်နဲ့ သူ့ရဲ့ ပေါ့ပ်စတားချစ်သူ အက်ဒ်ဝါ့ဒ်တို့ဟာ သူတို့ရဲ့ဒုတိယမြောက် ရင်သွေးကိုယ်ဝန် ရှိနေပြီဖြစ်တဲ့ အတွက် အင်္ဂလန်ကစားသမားဟာ နိုင်ငံအတွင်းမှာပဲ သူ့ရဲ့ ကစားသမားဘဝကို ဆက်ပြီးဖြတ်သန်းဖို့ စိတ်အား ထက်သန် နေပါတယ်။
ချိန်ဘာလိန်ဟာ ဆောက်သမ်တန်၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့ပြီး အာဆင်နယ်အသင်းနဲ့ FA ဖလား ၃ ကြိမ်၊ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပ စူပါဖလား တို့ကို ရယူနိုင်ခဲ့တာပါ။
ဘာမင်ဂမ်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အမှတ်ပေး ဇယားအဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
ဘာမင်ဂမ်အသင်းဟာ လာမယ့် ချန်ပီယံရှစ် ပွဲစဉ်အဖြစ် စတုတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်မီ ချိန်ဘာလိန်ကို ခေါ်ယူမှု အပြီးသတ်နိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 379
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
ဘိုင်ယန်မြူးနစ် အသင်းအကြီးအကဲ အူလီဟိုးနက်စ်က တိုက်စစ်မှူး ဂျက်ဆန်ဟာ နွေရာသီမှာ ချယ်လ်ဆီး အသင်းထံ ပြန်လာမှာဖြစ်ပြီး ဂျာမန်ချန်ပီယံထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။
အူလီဟိုးနက်စ်က “ကျနော်တို့ဟာ ဂျက်ဆန်အတွက် အငှားခေါ်ယူခ ယူရို ၁၃.၅ သန်းပေးခဲ့ရပါတယ်။ အပြီးသတ် ခေါ်ယူမယ့် အမြဲတမ်း စာချုပ်ကတော့ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ သူဟာ ပွဲပေါင်း ၄၀ ကို ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီး ကစားမှသာ ဒီအပြောင်းအရွှေ့က ဖြစ်လာမှာပါ။ အဲဒါကြောင့် ဒါကဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”လို့ German TV channel SPORT1 ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ် အသင်းထံ ရာသီကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဂျက်ဆန်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဒီလပ်ရဲ့ ဒဏ်ရာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ အငှားစာချုပ်ထဲမှာ ဂျက်ဆန်အနေနဲ့ သတ်မှတ်ထားတဲ့ ပွဲအရေအတွက် ပြည့်ခဲ့ရင် လာမယ့် နွေရာသီမှာ ပေါင် ၅၆ သန်းနဲ့ အပြီးသတ်ခေါ်ယူမယ့် အချက်ပါဝင်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပေါင် ၃၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဂျက်ဆန်ကို နွေရာသီမှာ အပြီးသတ် ရောင်းချနိုင်ဖို့ မျှော်လင့်နေတာပါ။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲ အူလီဟိုးနက်စ်ရဲ့ ပြောစကားကြောင့် စိတ်ပျက်စရာ ဖြစ်သွား နိုင်ပါတယ်။
ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ အရန်အဖြစ်သာ ပါဝင်ရဖို့ ရှိနေတာပါ။
ဂျက်ဆန်ကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ဆုဖလား အများအပြား ရယူပေးနိုင်ဖို့ အရာအားလုံးကို ပေးသွားမယ်လို့ ပြောထားပါတယ်။
ဂျက်ဆန်ဟာ စက်တင်ဘာ ၁၃ ရက်မှာကစားမယ့် ဟမ်းဘတ်အသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 257
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
ကိုရင်သီယန်အသင်း တိုက်စစ်မှူး ဒီပိုင်းက နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ဒီပိုင်းက “ကျနော် အလွန်ဂုဏ်ယူမိပြီး ရော်ဘင်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ အဝတ်လဲခန်းမှာရှိတဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။ ဟန်တယ်လားနဲ့ အာဂျန်ရော်ဘင်တို့လို အသင်းဖော်ဟောင်းတွေကိုလည်း ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ပတ်ထရစ်က လွိုင်ဗတ်ကိုလည်း ကျနော် ကျေးဇူးတင်ချင်ပြီး သူ့ကြောင့် နယ်သာလန်အသင်းကို ရောက်ချင်ခဲ့တာပါ”လို့ ဒတ်ချ် NOS TV ကို ပြောခဲ့တာပါ။
ဒီပိုင်းဟာ နယ်သာလန်အသင်းက လစ်သူယေးနီးယားအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် သွင်းဂိုး ၅၂ ဂိုးနဲ့ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
နယ်သာလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အရင်က စံချိန်တင်ထားတဲ့သူက ဗန်ပါစီဖြစ်ပြီး သွင်းဂိုး ၅၀ သွင်းယူခဲ့တာပါ။

ဒီပိုင်းကို တွေ့ရစဉ်
အခုအချိန်မှာတော့ ဒီပိုင်းက ၂ ဂိုးအသာနဲ့ ဗန်ပါစီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး နယ်သာလန်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ နယ်သာလန်အသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ ဒီပိုင်းဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၄ ပွဲ ပါဝင်ကစားထားတာပါ။
ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှာ ကစားနေတဲ့ ဒီပိုင်းဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိလို့ ဝေဖန်ခံ နေရတဲ့ အပေါ်မှာလည်း သူဟာ ဂိုးတွေ အများကြီး သွင်းယူထားနိုင်သလို အကောင်းဆုံး လုပ်နိုင်သေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာပါ။
နယ်သာလန်အသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် မော်လ်တာ၊ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 318
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
ယူနိုက်တက်အသင်း ဂိုးသမား အိုနာနာဟာ အငှားသွားရောက် ကစားမယ့် တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းမှာ လုပ်ခလစာ ၂ ဆနီးပါး ရရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန့်ဝါတ်အသင်းဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူပြီးနောက် အိုနာနာကို အငှားနဲ့ထွက်ခွာခွင့်ပေးဖို့ လုပ်ဆောင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲစလုံးမှာ ဘယင်ဒါကိုသာ ပွဲထွက်ဂိုးသမား အဖြစ် အသုံးပြုခဲ့ပြီး ဂရင်စဘီအသင်းကို အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာသာ အိုနာနာကို ပွဲထွက် ဂိုးသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ထရက်ဇွန်စပေါ်အသင်းဟာ တူရကီ အပြောင်းအရွှေ့ မပိတ်မီမှာ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ခဲ့တာပါ။

အိုနာနာကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အိုနာနာအတွက် ထရက်ဇွန်စပေါ်အသင်းရဲ့ အငှားကမ်းလှမ်းမှုကို လက်ခံခဲ့သလို ကစားသမားကလည်း ဒီအပြောင်းအရွှေ့အတွက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းထံ အငှားအပြောင်းအရွှေ့ အပြီးသတ်ဖို့ ကြာသပတေးနေ့မှာ တူရကီနိုင်ငံထံ သွားရောက်ဖို့ ရှိနေတာပါ။
The Athletic က ထရက်ဇွန်စပေါ်အသင်းဟာ ယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ အိုနာနာရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေသွားမှာဖြစ်ပြီး အပိုဆုကြေးတွေလည်း ပေးဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ လုပ်ခလစာ ၂ ဆနီးပါး ရရှိမယ်လို့ ပြောထားပါတယ်။
ကင်မရွန်း လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေတဲ့ အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေသေးတာပါ။
အိုနာနာဟာ လာမယ့် ဖီနာဘာချီအသင်းနဲ့ တူရကီလိဂ်ပွဲစဉ်မှာ ထရက်ဇွန်စပေါ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တယ်လို့ သိရပါတယ်။
ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ လက်ရှိချန်ပီယံ ဂါလာတာစာရေးအသင်းနဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 384
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲအပြီးမှာ ပြိုင်ဘက်အသင်းရဲ့ ဝန်ထမ်းတစ်ဦးကို တံတွေးနဲ့ထွေးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
သြဂုတ် ၃၁ ရက်က ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာ နှစ်ဖက်အသင်း ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ချိန် ဆွာရက်ဇ်ဟာ ဒီလိုအပြုအမူ ပြုလုပ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးစ်အသင်း ကွင်းလယ်လူ ဗာဂတ်စ်ရဲ့ လည်ပင်းတစ်ဝိုက်ကို ဖမ်းဆွဲခဲ့သလို အသင်းဖော် ဘတ်စ်ကွက်ကလည်း သူ့ရဲ့မေးစေ့ကို ထိခိုက်အောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိနစ်အနည်းငယ်အကြာမှာ ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးအသင်းရဲ့ လုံခြုံရေး ဒါရိုက်တာ ရာမီရက်ဇ်နဲ့ အချင်းများခဲ့ပြီး အသင်းဖော်ဂိုးသမား အူစတာရီက ဒီအဖြစ်အပျက်ကို ဝင်ရောက်ထိန်းသိမ်းခဲ့တာပါ။
ဒါပေမယ့် ဆွာရက်ဇ်ဟာ ရာမီရက်ဇ်ရဲ့ မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ကို တွေ့ရစဉ်
အသက် ၃၈ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ သူ့ရဲ့ဒီအပြုအမူနဲ့ ပတ်သက်ပြီး အင်စတာဂရမ်ကနေ တောင်းပန်မှု ပြုလုပ်ခဲ့တာပါ။
လိဂ်ဖလား စည်းကမ်း ထိန်းသိမ်းကော်မတီက ဆွာရက်ဇ်ကို ၆ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဆွာရက်ဇ်ဟာ ဒီပွဲပယ် ပြစ်ဒဏ်ကို လာမယ့်နှစ် လိဂ်ဖလားပြိုင်ပွဲမှာ ကျခံရမှာဖြစ်ပါတယ်။
မေဂျာလိဂ်ကလည်း ဆွာရက်ဇ်ကို ပွဲပယ်ပြစ် ဒဏ်ထပ်ပြီး ချမှတ်နိုင်မယ့် အခွင့်အရေးရှိတယ်လို့ သိရပါတယ်။
ဆွာရက်ဇ်ရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဘတ်စ်ကွက်နဲ့ အလီဗက်စ်တို့ဟာလည်း ၂ ပွဲပယ်နဲ့ ၃ ပွဲပယ် ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ဆီတဲလ်ဆောင်းဒါးစ်အသင်း နည်းပြအဖွဲ့ဝင် လန်ဟတ်ကို ၅ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ အများအပြား ပြုလုပ်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၇၇ ပွဲ ကစားထားပြီး ၃၈ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက Supporters' Shield ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 453
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
မော်ရိုကိုအသင်းဟာ နိုင်ဂျာအသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အာဖရိက အသင်းတွေထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲအုပ်စုအဆင့် ၆ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိ ထားတာပါ။
မော်ရိုကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ ၂ ပွဲ ကျန်ရှိသေးချိန်မှာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ တန်ဇန်နီးယားအသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင် ခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်တဲ့ ပထမဆုံး အာဖရိကအသင်း အဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

မော်ရိုကိုအသင်းကို တွေ့ရစဉ်
ဒီအချိန်ကတည်းက မော်ရိုကိုအသင်းဟာ အာဖရိကအသင်းတွေထဲမှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အသင်းအဖြစ် ရပ်တည်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာဖရိကခြေစစ်ပွဲကနေ အုပ်စုထိပ်ဆုံး ၉ သင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အကောင်းဆုံး အုပ်စုဒုတိယ ၄ သင်းက လက်ကျန် တစ်နေရာအတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
ဆာလက် ဦးဆောင်တဲ့ အီဂျစ်အသင်းကလည်း ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့နဲ့အတူ သြစတြေးလျ၊ ဂျပန်၊ အီရန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်၊ မော်ရိုကို၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေးနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
Source: CNA
