- By CNI
- Category: အားကစား
- Hits: 230
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ဂိုးရှေ့မှာ ပိုပြီး ရက်စက်ဖို့လိုတယ်လို့ နည်းပြအာမိုရင်က ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ၁၆ သင်းအဆင့် ပထမ အကျော့ပွဲအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ဟာ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် တခါတရံ မျှော်လင့်ထားတဲ့ ဂိုးတွေကို မမြင်တွေ့ ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ ကန်သွင်းနိုင်ခြင်းမရှိလို့ပါ။ ကျနော်တို့ဟာ အကူးအပြောင်းတွေ၊ အခြေအနေတွေရှိပေမယ့် သွင်းဂိုးတွေ ပျောက်ဆုံးနေပါတယ်။ ခြားနားမှုတစ်ခုကို ဖန်တီးပေးနိုင်ဖို့ သွင်းဂိုးတွေ လိုအပ်တဲ့ ဒီလိုပွဲမျိုးတွေမှာတော့ ဒါက တစ်ခုခုကို ပြောင်းလဲပေးနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဇက်ခ်ဇီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိုယာဇာဘယ်လ်ရဲ့ ပင်နယ်တီချေပဂိုး ကြောင့် ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အနိုင်ဂိုးရယူနိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိတာပါ။
ဒီပွဲစဉ်မှာ နောက်ခံလူ ဒါလော့ဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ဖြတ်တင်ဘောပေးပြီး သွင်းဂိုး ရယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် အနောက်ကိုသာ ပြန်ပေးခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့သလို တောင်ပံကစားသမား ဂါနာချိုကလည်း အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဟော့ဂျ်လန်းဟာ ဆိုစီဒက်အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်းအတွက် ၁၉ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် နည်းပြအာမိုရင်က သူ့ကစားသမားရဲ့ အလားအလာနဲ့ ပတ်သက်ပြီး အကောင်းမြင်မှုတွေရှိနေတာပါ။
ဒါအပြင် နည်းပြအာမိုရင်က ယူနိုက်တက်ကစားသမားတွေဟာ ဂိုးတွေသွင်းပြီး ပွဲကို အနိုင်ရချင်နေပေမယ့် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်နိုင်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ကွာတားဖိုင်နယ် တက်နိုင်ဖို့ဆိုရင် ဒုတိယအကျော့အဖြစ် ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ဆိုစီဒက်အသင်းကို အနိုင်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်ဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ Bild က ဖော်ပြထားပါတယ်။
ကင်မစ်ချ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၄ လသာ ကျန်ရှိတော့တဲ့အတွက် ဂျာမန်ကလပ်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် သူ့ဘက်က တုန့်ပြန်ခြင်း မရှိသေးတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ကင်မစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး လီဗာပူးလ်အသင်း ကလည်း ဒီအပြောင်းအရွှေ့ကို စဉ်းစားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Bild က ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်နေနိုင်ပေမယ့် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အလားအလာနည်းတယ်လို့ ဖော်ပြထားတာပါ။
ကင်မစ်ချ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက ခိုင်မာတဲ့ ကမ်းလှမ်း မှုပြုလုပ်ထားတာကြောင့် ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းကြားမှာ ရွေးချယ်မှုပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
ကင်မစ်ချ်ကို တွေ့ရစဉ်
၂၀၁၅ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာရှိတာ ဆယ်စုနှစ်တစ်ခုကြာအထိ ရှိလာတာပါ။
ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားထားပြီး ဘွန်ဒက်လီဂါဖလား ၈ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၀ အထိ ရယူနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာက လေဗာကူဆင်အသင်းကို ၈ မှတ်ဖြတ်ကာ အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ နီးစပ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဘိုချန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 207
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
လိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာဟာ ဘရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ဒိုင်လူကြီး မီလော့ကို ဒေါသတကြီး ထိပ်တိုက်တွေ့မှုအတွက် ပြင်သစ်ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ရဲ့ ၉ လကြာ ပွဲပယ်ခြင်းကို ခံခဲ့ရပါတယ်။
ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(FLP)က ဖွန်ဆီကာဟာ ပွဲကြီးကြပ်ခွင့်၊ တာဝန်ရှိသူတွေရဲ့ အဝတ်လဲခန်းနဲ့ ဘယ်လိုတရားဝင် လုပ်ဆောင်ချက်တွေထဲမှာ ပါဝင်တာကို ပွဲမစခင်၊ ပွဲကစားနေချိန်နဲ့ ပွဲအပြီးအထိ လုပ်ဆောင် ခြင်း မပြုဖို့ နိုဝင်ဘာ ၃၀ ရက်အထိ ပိတ်ပင်တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါအပြင် ဖွန်ဆီကာဟာ စက်တင်ဘာ ၁၅ ရက်အထိ အသင်းရဲ့ အဝတ်အစားလဲခန်း၊ ကွင်းနဲ့ ဥမင်ထဲကို သွားရောက်ခွင့်ကိုပါ ပိတ်ပင်ခြင်း ခံထားရပါတယ်။
ဖွန်ဆီကာဟာ ဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ဘရက်စ်အသင်းကို ပင်နယ်တီ ပေးခဲ့တဲ့အပေါ် ဒေါသထွက်ပြီး တုန့်ပြန်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဖွန်ဆီကာဟာ သူ့ကို အနီကတ်ပြသခဲ့တဲ့ ဒိုင်လူကြီး မီလော့ကို မျက်နှာချင်းဆိုင် အနီးကပ် တွေ့ခဲ့တာကြောင့် လိုင်ယွန်အသင်း ခေါင်းဆောင် တိုလစ်ဆိုက သူ့ကို အဝေးတွန်းထုတ်ခဲ့တာပါ။
ဒါပေမယ့် ဖွန်ဆီကာဟာ ဒိုင်လူကြီးနဲ့ ဒုတိယအကြိမ်ထပ်မံ ထိပ်တိုက်တွေ့ဖို့လုပ်ခဲ့ပြီး လိုင်ယွန် ကစားသမား တွေက သူ့ကို တားခဲ့ရတာ ဖြစ်ပါတယ်။
ဖွန်ဆီကာကို တွေ့ရစဉ်
လိုင်ယွန်အသင်းကတော့ ဖွန်ဆီကာဟာ ဒိုင်လူကြီးကို ထိခိုက်လိုတဲ့ ရည်ရွယ်ချက်မရှိဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ တုန့်ပြန်ခဲ့တာကြောင့် ပြင်သစ်လိဂ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာပါ။
လိုင်ယွန်အသင်းဟာ နည်းပြဖွန်ဆီကာအပေါ် ပြင်သစ်လိဂ်ရဲ့ အရေးယူမှုကို အယူခံဝင်နိုင်တဲ့ နည်းလမ်းတွေကို လေ့လာနေတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖွန်ဆီကာကတော့ သူဟာ မလုပ်သင့်တဲ့ လုပ်ရပ်လုပ်ခဲ့တဲ့အတွက် ပွဲအပြီးမှာ တောင်းပန်ကြောင်း ပြောခဲ့တာပါ။
ဒီရာသီ အစပိုင်းမှာ အေစီမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဖွန်ဆီကာဟာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ လိုင်ယွန်အသင်းကို စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့သွင်းဂိုးကို အောင်ပွဲခံရင်း ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား နူအာဟာ ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
နူအာဟာ ဒီပွဲစဉ်မှာ မူစီယာလာက အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပြီးချိန်မှာ ပြင်းထန်တဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာကြောင့် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ယူခဲ့တဲ့ အာဘစ်ကို နူအာရဲ့နေရာမှာ လူစားလဲပြီး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။
နူအာကို တွေ့ရစဉ်
နူအာရဲ့ ဒဏ်ရာအခြေအနေ မသက်သာဘူးဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်ကို ဝါရင့် ဂိုးသမားမပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက “အခုအချိန်မှာ နူအာနဲ့ ပတ်သက်ပြီး ကျနော့်မှာ သတင်းမရှိပါဘူး။ ဒါပေမယ့် ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲခံမှုကြောင့် သူဒဏ်ရာရရှိသွားတာက အမှန်ပါ။ ကျနော်တို့ဟာ ဟာရီကိန်း၊ မူစီယာလာ၊ ကင်မစ်ချ်တို့ မပါဝင်ဘဲ ကစားခဲ့ရတဲ့ အချိန်တွေရှိခဲ့သလို နူအာ မပါဝင်ဘဲ ကစားခဲ့ရဖူးပါတယ်။ ဒါကြောင့် သူမပါဝင်နိုင်လည်း ကျနော်တို့ထပ်ပြီးလုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက သူတို့ဟာ တစ်ကျော့ပဲ ကစားရသေးပြီး လာမယ့် လေဗာကူဆင်အသင်း အိမ်ကွင်းမှာ ဒီပွဲက ပုံစံအတိုင်း ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကတော့ သူတို့ဟာ လွယ်လွယ်ကူကူနဲ့ အရှုံးမပေးဘဲ တိုက်ပွဲ ဝင်သွားမယ်လို့ ပြောခဲ့တာပါ။
မတ်လ ၁၂ ရက်မှာ ယှဉ်ပြိုင်မယ့် ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် ဘွန်ဒက်လီဂါပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ် အသင်းက ဘိုချန်၊ လေဗာကူဆင်အသင်းက ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 373
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
လီဗာပူးလ်အသင်းက ပီအက်စ်ဂျီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ ပွဲစဉ်မှာ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်က သူ့ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့ ပြောခဲ့ပါတယ်။
အယ်လီဆန်က “ကျနော့်ဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်နိုင်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ကစားရတာ ခက်ခဲမှာဖြစ်ပြီး ဒီအတွက် အဆင်သင့် ဖြစ်ရမယ်ဆိုတာ နည်းပြက ကျနော်တို့ကို ပြောပြထားပါတယ်။ ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ကို အခွင့်အရေးတွေ အများကြီးပေးခဲ့ပေမယ့် အသင်းရဲ့ ကြိုးစားအားထုတ်မှုက ကျနော့်အလုပ်ကို ပိုပြီးလွယ်ကူစေခဲ့ပါတယ်။ နောက်ဆုံးမှာ ကျနော်တို့ သွင်းဂိုးရခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ညဖြစ်ခဲ့တယ်”လို့ TNT Sports ကိုပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိ ရှိခဲ့ပေမယ့် အယ်လီဆန်က လီဗာပူးလ်အသင်း ဂိုးမပေးရအောင် အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်ကိုတွေ့ရစဉ်
အယ်လီဆန်ဟာ ဒီပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့ပေမယ့် သွင်းဂိုး ရယူနိုင်ခဲ့ပြီး ဒုတိယအကျော့အတွက် အားသာချက် ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အသင်းအနိုင်ရရှိဖို့အတွက် မလွယ်ကူတဲ့ဒီပွဲမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဂိုးသမား အယ်လီဆန်ကို ချီးကျူးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ပြောခဲ့ပါတယ်။
ဂန္ထဝင်ဂိုး သမားကြီးတစ်ဦးဖြစ်တဲ့ ကတ်စပါရှမိုက်ကယ်က အယ်လီဆန်ဟာ သူ့ဘဝမှာ မြင်တွေ့ဖူးသမျှ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးလို့ မှတ်ချက်ပေးခဲ့တာပါ။
ပီအက်စ်ဂျီအသင်း နည်းပြ လူးဝစ်အင်းနရစ်ကတော့ ဒီပွဲမှာ သူတို့ဟာ လီဗာပူးလ်အသင်းထက် အများကြီး ကောင်းမွန်ခဲ့ပြီး ဒီပုံစံအတိုင်း ဒုတိယအကျော့မှာ ကစားနိုင်ရင် ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ အခွင့်အရေးရှိ တယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို မတ် ၁၂ ရက် အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 281
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ စတာရစ်ချ်တို့ဟာ PSV အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဝမ်နရီကို အင်္ဂလန်အသင်း လူစာရင်းထဲ ခေါ်ယူဖို့ နည်းပြသစ် တူချယ်လ်ကို တိုက်တွန်းခဲ့ကြပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ဝမ်နရီဟာ အာဆင်နယ်အသင်းက PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဝမ်နရီဟာ ဒီသွင်းဂိုးကြောင့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ တတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပြသခဲ့တဲ့ ဝမ်နရီရဲ့ ခြေစွမ်းကို ဝိန်းရွန်နီနဲ့ စတာရစ်ချ်တို့က ချီးကျူးခဲ့ပြီး အင်္ဂလန်လူစာရင်းထဲ ခေါ်ယူဖို့ပြောခဲ့တာပါ။
စတာရစ်ချ်က “ကျနော်ကတော့ ဝမ်နရီရဲ့ မယုံနိုင်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် အင်္ဂလန်လူစာရင်းထဲ ပါဝင်ဖို့ အလွန်မျှော်လင့်ပါတယ်။ ကျနော် သူ့ကို ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။
ဝမ်နရီကို တွေ့ရစဉ်
ဝိန်းရွန်နီကလည်း “ပထမဆုံးအကြိမ် အင်္ဂလန်အသင်းရဲ့ခေါ်ယူမှုအတွက် သူအဆင်သင့် ဖြစ်နေပြီလို့ ကျနော် ထင်ပါတယ်။ ဝမ်နရီဟာ သူ့ဆီမှာ မှန်ကန်တဲ့ စိတ်နေစိတ်ထားရှိကြောင်းကို ပြသခဲ့ပါတယ်။ သူလုပ်နေတဲ့ပုံစံ အတိုင်း ဆက်လုပ်ရင် အခွင့်အရေးကောင်းတွေရမှာပါ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဝမ်နရီဟာ ဒီရာသီမှာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ပွဲထွက်လူစာရင်း ပါဝင်ကာ သူ့ရဲ့ခြေစွမ်းကို သက်သေပြခွင့် ရခဲ့ပါတယ်။
ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။
ဝမ်နရီဟာ အင်္ဂလန် သက်တမ်းလိုက် အသင်းတွေမှာ ပါဝင်ကစားထားပြီး ယူ-၁၉ အသင်းအတွက် နောက်ဆုံး ကစားထားတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 354
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာပြီး ခြေစွမ်းပြသနေတဲ့ အန်တိုနီဟာ အသင်းမှာ နောက်ထပ် တစ်နှစ်ဆက်ပြီး နေချင်တယ်လို့ ဘက်တစ်အသင်းက အတည်ပြုခဲ့ပါတယ်။
ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ ဘက်တစ်အသင်းမှာ လျင်မြန်စွာ အသားကျခဲ့ပြီး သူ့ရဲ့ပထမဆုံး လာလီဂါ ၅ ပွဲမှာ ၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာပါ။
အန်တိုနီဟာ ဘက်တစ်အသင်းက ရီးရယ်လ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အန်တိုနီဟာ အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှာ ယူနိုက်တက်အသင်းထံ ပြန်သွားရမှာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို အသင်းမှာ ဆက်ရှိဖို့အတွက် ဆွေးနွေးမှု ပြုလုပ်နေသလို ကစားသမားဖြစ်သူ ကလည်း စပိန်ကလပ်မှာ သူ့ရဲ့အချိန်တွေကို ဆက်ပြီး သက်တမ်းတိုးချင်နေတယ်လို့ CEO ရာမွန်အယ်လာကွန်က ပြောခဲ့ပါတယ်။
အန်တိုနီကိုတွေ့ရစဉ်
ရာမွန်အယ်လာကွန်က “အန်တိုနီက ကျနော့်ကို အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်နေချင်တယ်လို့ ပြောခဲ့ပါ တယ်။ ကစားသမားက ဒီမှာအလွန် သက်တောင့်သက်သာရှိနေပြီး သူရောက်တာနဲ့ မြို့ထဲမှာနေထိုင်ဖို့ ကျနော်တို့ ပေးခဲ့တဲ့ အရာတွေကြောင့်လည်း အံ့အားသင့်နေခဲ့တယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာရှိနေတဲ့ သူ့ရဲ့အချိန်တွေကို နှစ်သက်နေ ပြီး နေ့တိုင်းပြုံးရွှင်စွာနဲ့ နိုးထလာခဲ့ရတယ်လို့ ပြီးခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ ဘက်တစ်အသင်းက သူ့ကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် မပါဝင် ပေမယ့် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏပေးမယ်ဆိုရင် နွေရာသီမှာ အပြီးသတ် ဝယ်ယူလို့ ရနိုင်ဖွယ်တယ်လို့ သိရပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 263
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
ရီးရယ်လ်အသင်းက အသလက်တီကိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲစဉ်မှာ အသင်းရဲ့ ကြိုးစားအားထုတ်မှုကို ပျော်ရွှင်တယ်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်ပြီး ဒီပွဲက ဗိုလ်လုပွဲ ဒါမှမဟုတ် ဆီမီးဖိုင်နယ်ပွဲစဉ်တောင် ဖြစ်နိုင်ပါတယ်။ ဒုတိယအကျော့အတွက် ကျနော်တို့ကို ယုံကြည်မှုပေးတဲ့ အားသာချက်လေးတစ်ခုကို ရရှိခဲ့ပါ တယ်။ အသလက်တီကိုနဲ့ ရင်ဆိုင်ရတာက အမြဲတမ်း ခက်ခဲပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ဟာ ဘောလုံးတွေ အများကြီး ဆုံးရှုံးပြီး အမှားတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းခဲ့ပြီး အားသာချက် ရရှိအောင် လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ရိုဒရီဂိုက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အယ်လ်ဗာရက်ဇ်က အသလက်တီကို အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘရာဟင်ဒီယက်ဇ်က အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ရီးရယ်လ်အသင်း နိုင်ပွဲရ ရှိခဲ့တာပါ။
ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရလဒ် ပြတ်သားနိုင်မယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ရဲ့ လွဲချော်မှုတွေကြောင့် နစ်နာခဲ့ရပါတယ်။
အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တာဟာ သူတို့အတွက် ရလဒ်ကောင်း မဟုတ်ခဲ့ပေမယ့် ရီးရယ်လ်အသင်း နောက်ထပ် သွင်းဂိုးမရခဲ့တာကြောင့် ပြန်လာနိုင်ဖို့ အခွင့်အရေး ရှိသေးတယ် လို့ ပြောခဲ့တာပါ။
ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့ဟာ ဒီရာသီ လာလီဂါမှာ တွေ့ဆုံခဲ့တဲ့ ၂ ပွဲစလုံး သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုပွဲမှာတော့ ရီးရယ်လ်အသင်းက နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
အသလက်တီကိုနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကို မတ် ၁၃ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
အာဆင်နယ်အသင်းဟာ PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြအာတီတာက အသင်းလိုချင်တာက ဆုဖလားတွေဖြစ်ပြီး စံချိန်မှတ်တမ်းမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ နောက်တဆင့် တက်ဖို့အတွက် အလွန်အားကောင်းတဲ့ အနေအထားမှာရှိတာက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လန်ဒန်မှာ လုပ်စရာ အလုပ်ရှိပါသေးတယ်။ ကျနော်တို့ဟာ သမိုင်း မှတ်တိုင် တင်နိုင်ဖို့ဆိုရင် အလွန်ခြားနားတဲ့ အဆင့်ဖြစ်အောင် လုပ်ရပါမယ်။ ဒါပေမယ့် ဒီအသင်းဟာ နှစ်ပေါင်း များစွာကြာ ဒါမှမဟုတ် ကလပ်သမိုင်းမှာ မလုပ်ဖူးတဲ့ အရာတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါက အဓိပ္ပါယ် အများ ကြီးရှိပေမယ့် ကျနော်တို့ လိုချင်တဲ့ အရာတော့မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် အဝေးကွင်းမှာ ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဂိုးပြတ်နိုင်ပွဲကြောင့် ကွာတားဖိုင်နယ်ကို တက်ဖို့ သေချာသလောက်လည်း ရှိသွားတာပါ။
အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ အဓိက တိုက်စစ် ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် PSV အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူတို့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့တာပါ။
နည်းပြအာတီတာက ဒီပွဲစဉ်မှာ အသင်းရဲ့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ မယုံနိုင်စရာ သွင်းဂိုးတွေကြောင့် ပျော်ရွှင်မိပြီး လာမယ့် ပွဲစဉ်မှာလည်း ဒီပုံစံကိုယူဆောင်ကာ ဆက်တိုးတက်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်း ရယူနိုင်မယ်လို့ နည်းပြအာတီတာက ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 333
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ သူတို့ရဲ့တန်ဖိုးကို သက်သေပြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဗန်ဒိုက်က “ဒီပွဲက အလွန်ကောင်းတဲ့ပွဲဖြစ်မှာပါ။ ဘရက်စ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ အလွန်ကောင်းခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် ဒီလိုပွဲတွေမျိုးတွေဟာ ကျနော်တို့ ယှဉ်ပြိုင်ချင်တဲ့ ပွဲတွေဖြစ်ပြီး ကျနော်တို့ စောင့်မျှော်နေပါတယ်။ ရှုံးထွက်အဆင့် ရောက်နေတဲ့အတွက် အမှားအယွင်းတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ပွဲတွေလုပ်ဖို့ အချိန်မရှိပါဘူး။ ကျနော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင် ရည်တွေကို ကမ္ဘာကြီးကို ပြသချင်ပါတယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ သူတို့ရဲ့လိဂ်တွေမှာ အကောင်းဆုံးပုံစံတွေ ပြသနေပြီး ချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ခဲ့ရကာ ဘရက်စ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်နိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၄၀ အထိ သွင်းယူထားပြီး သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနေတာပါ။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပုံစံကောင်းတွေကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ပြီးရင် ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal