- By CNI
- Category: အားကစား
- Hits: 382
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
စပါးနဲ့ ချယ်လ်ဆီးအသင်း အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးအချို့ရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ အင်္ဂလန်ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်က အက်စတွန်ဗီလာအသင်းမှာ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
မော်ဂန်ရော်ဂျာစ်က “ကျနော် ဗီလာမှာ ပျော်ရွှင်နေပြီး ဘောလုံးကစားရတာကို နှစ်သက်ပါတယ်။ တခြားဘယ် အရာကိုမှ ကျနော် မစဉ်းစားပါဘူး။ လာမယ့် ၁၂ လ ဒါမှမဟုတ် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကျနော် မခန့်မှန်းနိုင်ပါဘူး။ ကျနော်ဟာ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားပြီး ကျနော်လုပ်နိုင်တဲ့ အရာကို လူတိုင်းကို ပြသခဲ့ပါတယ်”လို့ The Times ကို ပြောခဲ့တာပါ။
စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်း ကြယ်ပွင့် အီဇီကို အာဆင်နယ်အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကလည်း ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ မော်ဂန်ရော်ဂျာစ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

မော်ဂန်ရော်ဂျာစ်ကိုတွေ့ရစဉ်
ဒီလို သတင်းတွေ ထွက်နေပေမယ့် မော်ဂန်ရော်ဂျာစ်ဟာ အက်စတွန်ဗီလာအသင်း အတွက်သာ အာရုံစိုက်ထားပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၃၀ ခုနှစ် နွေရာသီအထိ ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ မော်ဂန်ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းအတွက် ၅၄ ပွဲ ကစားခဲ့ ပြီး ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အဲဒါကြောင့်လည်း မော်ဂန်ရော်ဂျာစ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းက မော်ဂန်ရော်ဂျာစ်ကို အသင်းရဲ့အဓိက ကစားသမားအဖြစ် သတ်မှတ်ထားပြီး ဆက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားတာပါ။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ပွဲစဉ် ၂ အဖြစ် ဘရန်ဖို့ဒ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 265
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အက်စတွန်ဗီလာနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စိတ်ဝင်စားမှု ခံနေ ရတဲ့ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန် အနေနဲ့ ပိုပြီးပျော်ရွှင်ဖို့အတွက် အသင်းကနေ ထွက်ခွာဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်တို့မှာ တစ်နေရာတည်း ကစားနိုင်တဲ့ တိုက်စစ်မှူး ၂ ဦးရှိပါတယ်။ အဲဒါကြောင့် အပြောင်း အရွှေ့ မပိတ်မီမှာ တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ အန်ကွန်ကူနဲ့ ဂျက်ဆန်တို့က ကျနော်တို့နဲ့အတူရှိပေမယ့် အဖြေကတော့ အတူတူပါပဲ။ ဘန်ချီဝဲလ်နဲ့ စတာလင်တို့လည်း သီးခြား လေ့ကျင့် ခန်းဆင်းပြီး အဖြေကို စောင့်နေကြပါတယ်။ သူတို့တွေဒီမှာမရှိတော့ရင် အဖြေရှာတွေ့ပြီလို့ဆိုရမှာပါ။ အဖြေရှာ နိုင်ရင် ပိုကောင်းမှာဖြစ်ပြီး သူတို့လည်းပျော်ရွှင်မှာဖြစ်သလို ကလပ်လည်းအတူတူပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ကို ခေါ်ယူခဲ့တာကြောင့် နီကိုလက်စ်ဂျက်ဆန်ဟာ အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် သူကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကို ထွက်ခွာခွင့် တောင်းဆိုထားတာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်အတွက် ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ လိုချင်နေတာဖြစ်ပါတယ်။

ဂျက်ဆန်ကို တွေ့ရစဉ်
အသက် ၂၄ နှစ်အရွယ်ရှိ နီကိုလက်စ်ဂျက်ဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းအတွက် ပြန်ပါဝင် ကစားလို့ရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက နီကိုလက်စ်ဂျက်ဆန်ကို ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီး အနာဂတ် ဖြေရှင်းလို့ မပြီးမချင်း အသင်းအတွက် အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ စတာလင်၊ ဘန်ချီဝဲလ် အပါအဝင် အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်ခြင်း မရှိတော့တဲ့ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီက ဗီလာရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နီကိုလက်စ်ဂျက်ဆန်ဟာ ချယ်လ်ဆီး အသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပြီး ဂိုး ၃၀ သွင်းယူကာ ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်းဖရန့်လိဂ် ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး၊ လီဗာပူးလ် အသင်းတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ရီးရယ်လ်အသင်းကို စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆို ကိုင်တွယ်ပြီးကတည်းက ရိုဒရီဂိုရဲ့ အခြေအနေဟာ ဆိုးရွားနေပြီး ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းက အိုဆာဆူနာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ရာသီသစ် အဖွင့်ပွဲစဉ် မှာ လူစားဝင် အဖြစ်တောင် ပါဝင်ခွင့် မရခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ ဂျာနယ်လစ် နီကိုလာက ဖော်ပြထား တာပါ။
ရိုဒရီဂိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့က အပြိုင်စိတ်ဝင်စား နေပါတယ်။

ရိုဒရီဂိုကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အသင်းတောင်ပံကစားသမား ဆာဗင်ဟို စပါးအသင်းထံ ပြောင်းရွှေ့သွား နိုင်တာကြောင့် ရိုဒရီဂိုကို ခေါ်ယူဖို့ အသင်းကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။
ဒါအပြင် လီဗာပူးလ်အသင်းကလည်း ဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ လူးဝစ် ဒီယက်ဇ်ရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးဖို့ ရိုဒရီဂိုကို သူတို့ရဲ့ပစ်မှတ်ထဲ ထည့်သွင်းခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာ ရိုဒရီဂိုကို အသုံးမပြုတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘာမှမဖြစ်ဘူးလို့ ပြောထားပါတယ်။
ရီးရယ်လ်အသင်းဟာ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ရိုဒရီဂိုကို သူတို့ဘက်က ရောင်းချဖို့ အလျင်စလို လုပ်ဆောင်မှာ မဟုတ်တဲ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ထက်နည်းတဲ့ ကမ်းလှမ်း မှုတွေကို စဉ်းစားသွားမှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ဒီနွေရာသီမှာ ရိုဒရီဂိုရဲ့ အပြောင်းအရွှေ့ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် စပိန်လာလီဂါပွဲစဉ်အဖြစ် တန်းတက်ကလပ် အိုဗီဒိုအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 284
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီက အငှားကစားခဲ့တဲ့ ဘက်တစ်အသင်းထံ ပြန်လာနိုင်ဖို့အတွက် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့အထိ စောင့်ဆိုင်းသွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘရာဇီးလ်တောင်ပံ ကစားသမား အန်တိုနီဟာ ဘက်တစ်အသင်းထံ ပြန်သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို ယူနိုက်တက် အသင်းထံ ရှင်းရှင်းလင်းလင်း ပြောထားတာပါ။
ဘက်တစ်အသင်းကလည်း အန်တိုနီအသင်းထံ ပြန်လာရင် ဝတ်ဆင်ဖို့အတွက် ကျောနံပါတ် ၇ ကို ဘယ်သူ့ကိုမှ ပေးဝတ်ဆင်ထားခြင်း မရှိတာဖြစ်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘက်တစ်အသင်းထံ အငှားကစားခဲ့ချိန်က ကျောနံပါတ် ၇ ဝတ်ဆင်ခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြကာ ဂိုးပါဝင်ပတ်သက်မှု ၁၄ ဂိုးအထိရှိခဲ့တာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို ပြန်လည် ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်းက သူ့အတွက် သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ကို ပေးချေနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

အန်တိုနီကို တွေ့ရစဉ်
အဲဒါကြောင့် ဘက်တစ်အသင်းဟာ အန်တိုနီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေပြီး ယူနိုက်တက် အသင်း ကတော့ သူ့ကို အပြီးသတ် ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
အန်တိုနီကို ခေါ်ယူဖို့ ကမ်းလှမ်းမှုအချို့ ရှိခဲ့ပေမယ့် သူကတော့ ဘက်တစ်အသင်းထံ ပြောင်းရွှေ့ချင်နေတာ ကြောင့် ယူနိုက်တက်အသင်းကို အခက်တွေ့စေနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းထံ ပြောင်းခွင့်ရဖို့ အပြောင်းအရွှေ နောက်ဆုံးနေ့အထိ စောင့်ဆိုင်းသွားဖို့ ဆုံးဖြတ်ထားတာပါ။
အဲဒါကြောင့် အသင်းနဲ့သူ့အကြားမှာ တင်းမာမှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အန်တိုနီအပြင် ဆန်ချိုနဲ့ ဂါနာချိုတို့ကိုလည်း ရောင်းချဖို့ လုပ်ဆောင်နေပေမယ့် သူတို့တွေဟာ အသင်းကို ဆန့်ကျင်မှုတွေ ပြုလုပ်နေတာကြောင့် ရောင်းချဖို့ အဆင်ပြေမှု မရှိသေးတာပါ။
၂၀၂၂ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 419
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
စီးရီးအေ လက်ရှိ ချန်ပီယံ နာပိုလီအသင်းဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။
နာပိုလီအသင်းဟာ တိုက်စစ်မှူး လူကာကူရဲ့ ဒဏ်ရာကြောင့် ဟော့ဂျ်လန်းကို ခေါ်ယူချင်နေတာဖြစ်ပြီး ကစားသမားကလည်း ဒီရာသီ ယူနိုက်တက်အသင်းမှာ ပွဲကစားချိန် အကန့်အသတ်နဲ့သာ ရရှိမှာကို သိရှိထား တာကြောင့် အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
နာပိုလီအသင်းဟာ ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့အတွက် စီးရီးအေပြိုင်ဘက် အေစီမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
အေစီမီလန်အသင်းဟာ ဟော့ဂျ်လန်းကို အငှားပြောင်းရွှေ့ကြေး ပေါင် ၄.၅ သန်း၊ ရာသီကုန်ချိန်မှာ ပေါင် ၃၉ သန်းနဲ့ ဝယ်ယူဖို့ ရွေးချယ်ခွင့်နဲ့ ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့အပတ်က ကမ်းလှမ်းခဲ့တာပါ။
ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။
ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ချင်တယ်လို့ ပြောထား ပေမယ့် ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့လူစာရင်းထဲ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
အဲဒါကြောင့် ဟော့ဂျ်လန်းဟာ စီးရီးအေထံ ပြန်သွားချင်နေပြီး အငှားနဲ့ ထွက်ခွာမယ့်အစား အပြီးသတ် ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။
Sky Sports Italy က နာပိုလီအသင်းဟာ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကို ချဉ်းကပ်ခဲ့ပြီး ဆွေးနွေးမှုတွေကို အရှိန်မြှင့်နေတယ်လို့ ဖော်ပြထားတာပါ။
၂၀၂၃ ခုနှစ်နွေရာသီက အတ္တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းအတွက် ၉၅ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူကာ FA ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
ဟော့ဂျ်လန်းအနေနဲ့ နာပိုလီအသင်းထံ အပြောင်းအရွှေ့ ဖြစ်ခဲ့ရင် ယူနိုက်တက်အသင်းဖော်ဟောင်း တိုမီနေးနဲ့ ပြန်လည် လက်တွဲ အလုပ်လုပ်ရမှာပါ။
မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းကို အလွတ်နဲ့ခေါ်ယူထားတဲ့ နာပိုလီအသင်းဟာ စီးရီးအေချန်ပီယံဆု ဆက်ထိန်းသိမ်းဖို့ ရာသီအဖွင့် ပွဲစဉ်အဖြစ် ဆက်ဆူအိုလိုအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 346
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့အတွက် စပါးအသင်းနဲ့ ဆွေးနွေးနေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း ကြယ်ပွင့် အီဇီကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ မူအရ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
စပါးအသင်းဟာ အီဇီကို ခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ သဘောတူညီမှု ရခဲ့သလို ကစားသမား နဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တာကြောင့် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှု ရှိနေခဲ့ တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဒူးဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူ မှာကို စိုးရိမ်မှုတွေ ရှိလာတဲ့အတွက် အီဇီကို ခေါ်ယူနိုင်ဖို့ ကြားဖြတ် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အာဆင်နယ်အသင်းဟာ အီဇီကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားခဲ့တာပါ။
အီဇီအတွက် အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုမှာ add-ons ပေါင် ၈ သန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အီဇီကို တွေ့ရစဉ်
အင်္ဂလန်ကြယ်ပွင့် အီဇီ ကိုယ်တိုင်ကလည်း သူ့ရဲ့ လူငယ်ကစားသမားဘဝ စတင်ခဲ့တဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ပိုပြီးနှစ်သက်တယ်လို့ BBC Sport က ဖော်ပြထားတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ အီဇီနဲ့ ဂူဟီတို့ဟာ သူတို့ရဲ့ ယူရိုပါကွန်းဖရန့်လိဂ် ပလေးအော့ဖ်ပွဲစဉ်မှာ ပါဝင်မယ်လို့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အတည်ပြုထား ပါတယ်။
အီဇီဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာ ၁ ရက် မတိုင်မီ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့မှုကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။
အီဇီဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီအထဲမှာ မန်စီးတီး အသင်းကို အနိုင်ရခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲစဉ်မှာ သွင်းယူတဲ့သွင်းဂိုးလည်း ပါဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူထားပြီး ဆုဖလား လက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 377
CNI Sport News
၂၀၂၅ ခုနှစ်၊ဩဂုတ် ၂၀
ယူနိုက်တက်အသင်းနောက်ခံလူဟောင်း အီဗရာက အမေရိကန်နိုင်ငံမှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာ မက်ဆီနဲ့ ရော်နယ်ဒိုတွေ့ဆုံတာကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အီဗရာက “မက်ဆီနဲ့ရော်နယ်ဒိုနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ နောက်ဆုံးမာဗယ်လ်ရုပ်ရှင်လိုပါပဲ။ အားလုံးက ဒါကို စောင့်ကြည့်ဖို့ ရပ်တန့်သွားကြပါလိမ့်မယ်”လို့ Stake.com မှာ ပြောခဲ့တာပါ။
ဆယ်စုနှစ် ၂ ခုကျော်ကြာကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုအတွက် လာမယ့် ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲဟာ သူတို့ရဲ့ထင်ရှားကျော်ကြားတဲ့ နိုင်ငံတကာကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်လာဖို့ ရှိနေပါ တယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထား တာကြောင့် သူ့ရဲ့ကစားသမားဘဝဟာ ပြီးပြည့်စုံသွားခဲ့ပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလားဆုဖလားရယူပြီး သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေတာပါ။

ယူနိုက်တက်နဲ့ ပြင်သစ်နောက်ခံလူဟောင်း အီဗရာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပေါ်တူဂီအသင်းတွေ့ဆုံတာကို မြင်တွေ့ချင်တဲ့ ဆန္ဒရှိနေပါတယ်။
ဒါ့အပြင် အီဗရာက ရော်နယ်ဒိုကို ဆော်ဒီ ပရိုလိဂ်ကနေ ထွက်ခွာပြီး မေဂျာလိဂ်မှာ မက်ဆီနဲ့ ယှဉ်ပြိုင်စေချင်နေတာပါ။
အီဗရာက မေဂျာလိဂ်မှာ ရော်နယ်ဒို နဲ့ မက်ဆီတို့ယှဉ်ပြိုင်တဲ့ပွဲစဉ်ကို လူတိုင်းကြည့်ရှုကြလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂ နှစ်စာချုပ်သက်တမ်းတိုးထားပြီး အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာအသင်းနဲ့အတူ ဆော်ဒီစူပါဖလားဗိုလ်လုပွဲကစားဖို့ ပြင်ဆင်နေပြီး မက်ဆီကတော့ အင်တာမိုင်ယာမီအသင်းနဲ့ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တီဂရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 333
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
ဘရာဇီးလ်ကွင်းလယ်လူကတ်စီမီရိုက သူဟာ ယူနိုက်တက်အသင်းမှာ အလွန်ပျော်ရွှင်တယ်လို့ ပြောပြီး အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးသတင်းတွေကို ပိတ်ပစ်ခဲ့ပါတယ်။
ကတ်စီမီရိုက “ကျနော်ဒီမှာအလွန်ပျော်ရွှင်နေသလို ကျနော့်မိသားစုကလည်း ဒီမှာပျော်ရွှင်နေပါတယ်။ ကာရင်တန်နဲ့ အိုးထရက်ဖိုဒ့်မှာ ကျနော်နေ့တိုင်းပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်။ အပြင်မှာ လူတွေ ပြောနေတာတွေကို ကျနော်စိတ်မဝင်စားပါဘူး။ အနိုင်ရဖို့ကိုပဲ ကျနော်အာရုံစိုက်ချင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ကတ်စီမီရိုဟာ ဒီနွေရာသီအပြောင်းအရွှေ့အစောပိုင်းက ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အခုအချိန်မှာ ဒီသတင်းတွေဟာ လေထဲမှာ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။
ကတ်စီမီရိုဟာ နည်းပြအာမိုရင်လက်ထက်မှာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်နဲ့အတူ အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ်ပါဝင်နေရတာပါ။
ဒါပေမယ့် INEOS ဟာ အသင်းမှာ လုပ်ခလစာ အများကြီးရရှိနေတဲ့ သူတွေကို ရောင်းချဖို့ အဓိကထားလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းမှာ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်တာကြောင့် အသင်းဟာ သူ့အတွက် ကမ်းလှမ်းမှုတွေရောက်ရှိလာရင် လက်ခံသွားဖို့ရှိနေတာပါ။
ကတ်စီမီရိုကတော့ ယူနိုက်တက်အသင်းမှာ အလွန်ပျော်ရွှင်နေပြီး အနိုင်ရဖို့ကိုသာ အာရုံစိုက်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ကတ်စီမီရိုက ယူနိုက်တက်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီး ဆုဖလားတွေရယူနိုင်အောင် တိုက်ပွဲဝင်ဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ရီးရယ်လ်အသင်းကနေ ရောက်ရှိလာပြီး FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ကတ်စီမီရိုနဲ့ ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 330
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
ဆွီဒင်တိုက်စစ်မှူးအစ်ဆက်က နယူးကာဆယ်အသင်းဟာ သူ့ကိုပေးထားတဲ့ကတိတွေဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲပြီး အသင်းကနေ ထွက်ခွာချင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အစ်ဆက်က “တခြားသူတွေပြောနေချိန်မှာ ကျနော်နှုတ်ဆိတ်နေတာကြာပါပြီ။ ကတိတွေဖောက်ဖျက်ပြီး ယုံကြည်မှုတွေဆုံးရှုံးသွားတဲ့အချိန်မှာ ဆက်ဆံရေးက ရှေ့ဆက်သွားလို့မရတော့ပါဘူး။ အပြောင်းအလဲဟာ ကိုယ်ကိုယ်တိုင်အတွက်သာမကဘဲ လူတိုင်းအတွက် အကောင်းဆုံးအရာဖြစ်တယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိအစ်ဆက်ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ သူ့ရဲ့ဆန္ဒကို နယူးကာဆယ်အသင်းထံ အသိပေးအကြောင်းကြားခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။
အစ်ဆက်ဟာ အနာဂတ်မရေမရာမှုကြောင့် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိတာပါ။
အစ်ဆက်ဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး လီဗာပူးလ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချထားတာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ အစ်ဆက်ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး သူတို့ဘက်က ဘာကတိကဝတ်မှ ပေးထား ခြင်းမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင်နယူးကာဆယ်အသင်းက အစ်ဆက်ဟာ အသင်းနဲ့ စာချုပ် ကျန်ရှိနေ သလို အသင်းရဲ့အစိတ်အပိုင်းဖြစ်နေတဲ့အတွက် အသင်းဖော်တွေနဲ့ ပြန်လည်ပူးပေါင်းဖို့ အဆင်သင့်ဖြစ်ပြီး ပြန်လာ တဲ့အချိန်မှာ ကြိုဆိုသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ မပါဝင်ခဲ့သလို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 379
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း(PFA)ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို စံချိန်တင် ၃ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဆာလက်ဟာ ဒီဆုကို ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်တွေမှာလည်း ရရှိခဲ့ပြီး ၂ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒို၊ အွန်နရီ၊ ဂါရတ်ဘေးလ်နဲ့ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ကာ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၃ ကြိမ်မြောက် ရရှိတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ဆာလက်ဟာ အခုနှစ် အတွက် ဒီဆုကို လီဗာပူးလ်အသင်းဖော် မက်အလစ္စတာ၊ ချယ်လ်ဆီးအသင်းက ကိုးလ်ပါလ်မာ၊ ယူနိုက်တက် အသင်းက ဘရူနိုဖာနန်ဒက်စ်၊ အာဆင်နယ်အသင်းက ဒီကလန်ရိုက်စ်နဲ့ နယူးကာဆယ်အသင်းက အစ်ဆက်တို့ကို မဲအသာရပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ဆာလက်က “ကျနော်အခု ကိုယ့်ကိုယ်ကို ကြည့်လိုက်တဲ့အချိန်မှာ အီဂျစ်ကနေ လာတဲ့သူဟာ ထိပ်တန်းအဆင့်မှာ အကောင်းဆုံး လုပ်ဆောင်ပြီး ဒီနေ့မှာ သမိုင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါက ကျနော့်ကို အလွန်ဂုဏ်ယူစေတဲ့ အရာပါ။ ဆာလောင်မှုတွေက ကျနော့်ကို ပိုပြီးလိုချင်မှုတွေ ဖြစ်လာစေခဲ့တယ်”လို့ မန်ချက်စတာမှာ ပြုလုပ်တဲ့ ဆုပေးပွဲမှာ ဆုလက်ခံရယူပြီးနောက် ပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်နဲ့ ဘောလုံးအားကစား ကလောင်ရှင်များ အဖွဲ့အစည်းက ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

PFA အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းကိုတွေ့ရစဉ်
အက်စတွန်ဗီလာအသင်း ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ဟာ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဆုကို ရရှိခဲ့ပါတယ်။
မော်ဂန်ရော်ဂျာစ်ဟာ ဒီဆုကို ရရှိတဲ့ ၅ ဦးမြောက် အက်စတွန်ဗီလာအသင်း ကစားသမားလည်း ဖြစ်ခဲ့တာပါ။
PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းက ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။
ဂိုးသမားနေရာမှာ နော်တင်ဟမ်ဖောရက်စ်အသင်းက မတ်ဆဲလ်စ်၊ နောက်တန်းမှာ အာဆင်နယ်အသင်းက ဆာလီဘာနဲ့ ဂါဘရီရယ်လ်၊ လီဗာပူးလ်အသင်းက ဗန်ဒိုက်နဲ့ လက်ရှိလီဗာပူးလ် အသင်းမှာ ကစားနေတဲ့ ဘုန်းမောက်အသင်း နောက်ခံလူဟောင်း ကာကတ်ဇ်တို့ ရွေးချယ်ခံရတာပါ။
ကွင်းလယ်မှာ လီဗာပူးလ်အသင်းက မက်အလစ္စတာနဲ့ ဂရာဗန်ဘတ်ချ်၊ အာဆင်နယ်အသင်းက ဒီကလန်ရိုက်စ်၊ ရှေ့တန်းမှာ လီဗာပူးလ်အသင်းက ဆာလက်၊ နယူးကာဆယ်အသင်းက အစ်ဆက်နဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းက ခရစ်ဝုဒ်တို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
