- By CNI
- Category: အားကစား
- Hits: 318
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဘုန်းမောက်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီမှာ ပြိုင်ဘက်အာဆင်နယ်အသင်း တံဆိပ်ပါ ခွက်နဲ့ သောက်မိခဲ့တာကို သူသတိမထားမိဘူးလို့ ပြောခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ကျနော် ဒါကို လုံးဝ သတိမထားမိပါဘူး။ သိလို့ ယူလိုက်တယ်ဆိုရင် ဒါက လုံးဝ မိုက်မဲရာ ကျမှာပါ။ ဘောလုံးမှာ ဒီလိုမေးခွန်းမျိုး မေးခံရတာက နည်းနည်းတော့ ဝမ်းနည်းဖို့ကောင်းတယ်လို့ ကျနော် ထင်ပါ တယ်။ ကျနော် ဒီလိုမိုက်မဲတဲ့ အရာမျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။ ဒါက အလွန်မိုက်မဲရာ ကျပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
သောမတ်စ်ဖရန့်ခ်ဟာ ဒီပွဲမတိုင်မီ အာဆင်နယ်အသင်း တံဆိပ်ပါ ခွက်နဲ့ ကော်ဖီသောက်နေတဲ့ပုံဟာ ဆိုရှယ် မီဒီယာပေါ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်အသင်း အိမ်ကွင်းမှာ လာရောက်ကစားခဲ့ပြီး ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

သောမတ်စ်ဖရန့်ခ်ကိုတွေ့ရစဉ်
စပါးအသင်းဟာ နည်းပြ သောမတ်စ်ဖရန့်ခ် လက်ထက်မှာ ရလဒ်တွေ မကောင်းဖြစ်နေပြီး ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။
စပါးအသင်း ပရိသတ် အများအပြားဟာ ဒီရာသီအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ထုတ်ပယ်ဖို့ စောင့်မျှော်နေကြပါတယ်။
သောမတ်စ်ဖရန့်ခ်က သူတို့ဟာ ဒီပွဲမှာ စွမ်းဆောင်ရည် ကောင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် နာကျင်စရာ ကောင်းခဲ့ပြီး လူတွေ စိတ်ပျက်ကြတာကို ပုံမှန်ပါပဲလို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ လာမယ့်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ FA ဖလားတတိယအဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 346
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ဘန်လေအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ကွင်းလယ်လူဟောင်း ဖလက်ချာဟာ လာမယ့် ဘရိုက်တန်အသင်းနဲ့ FA ဖလားပွဲစဉ်မှာလည်း အသင်းကိုဆက်ပြီး ကိုင်တွယ်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဖလက်ချာက “တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲအတွက် ကျနော့်ကို ဆက်ပြီးကိုင်တွယ်ဖို့ အသင်းအကြီးအကဲတွေက အသိပေးခဲ့ပါတယ်။ တနင်္လာနေ့ကတည်းက ဒီလိုခံစားချက်မျိုး ရှိခဲ့ပေမယ့် ကျနော်တို့ ဘန်လေအသင်းကို အာရုံ စိုက် ခဲ့ပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ကျနော့်ကို ဦးဆောင်ဖို့ တာဝန်ပေးထားတာကြောင့် ကျနော့်ရဲ့ အာရုံ စိုက်မှုနဲ့ စွမ်းအင်အားလုံးက ဒီပွဲအပေါ်မှာပဲ ရှိနေပါတယ်”လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်ကို ထုတ်ပယ်ပြီးနောက် ယာယီနည်းပြတစ်ဦး ရှာဖွေနေချိန်မှာ အသင်းရဲ့ ယူ-၁၈ အသင်းနည်းပြဖြစ်တဲ့ ဖလက်ချာကို ဘန်လေအသင်းနဲ့ပွဲ ကိုင်တွယ်ဖို့ တာဝန်ပေးခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ရာသီကုန်အထိ ယာယီနည်းပြခန့်အပ်ဖို့ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ကာရစ် အပါအဝင် သူတို့ရဲ့ စာရင်းထဲမှာ ပါဝင်တဲ့သူအချို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးတဲ့အတွက် ဖလက်ချာဟာ ယူနိုက်တက်အသင်းကို နောက်ထပ် တစ်ပွဲ ဆက်ပြီး တာဝန်ယူရဦးမှာ ဖြစ်ပါတယ်။
ဘန်လေအသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် တိုက်စစ်မှူး ဆက်စ်ကိုရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ပြန်ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဟာ ဘန်လေအသင်းကို ချေပဂိုး ပြန်ပေးခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် သရေရလဒ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဖလက်ချာက ဒီပွဲမှာ သူတို့ဟာ အနိုင်ရသင့်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး အခွင့်အရေး အများအပြားကို ဖန်တီး နိုင်ခဲ့တာကြောင့် အနိုင်မရခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ကြိုးစားရမယ့် အရာတွေ အများကြီး ရှိသေးပေမယ့် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်မိတယ်လို့ ဖလက်ချာက ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရမှတ်တွေ ဆက်တိုက် ဆုံးရှုံးမှုကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရောက်ရှိ သွားခဲ့ပြီး အဆင့် ၄ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲပိုကစားကာ ရမှတ် ၂ မှတ်ဖြတ်ခြင်း ခံထားရ ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ကို အသင်းဟောင်း FC တွမ်တီးအသင်းက နည်းစနစ် ဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ နွေရာသီမှာ လေဗာကူဆင်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့ပေမယ့် ၃ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာကြောင့် စက်တင်ဘာလကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။
ဒတ်ချ်လူမျိုး နည်းပြဟာ အသင်းတချို့ရဲ့ ချိတ်ဆက်မှုခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ နည်းပြရာထူးအနေနဲ့ မဟုတ်ဘဲ နည်းစနစ်ဒါရိုက်တာအဖြစ် ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
FC တွမ်တီးအသင်းဟာ အသင်းထံ ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ပူးပေါင်းမယ့် အဲရစ်တန်ဟတ်ကို ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်
ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ လက်ရှိ နည်းစနစ် ဒါရိုက်တာ အနားယူမယ့် ရာသီကုန်မှသာ FC တွမ်တီးအသင်းရဲ့ နည်းစနစ် ဒါရိုက်တာရာထူးကို အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အဲရစ်တန်ဟတ်ဟာ ရာသီသစ် မတိုင်မီကတည်းက FC တွမ်တီးအသင်းရဲ့ ဘောလုံးအဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်မှာပါ။
အသက် ၅၅ နှစ်အရွယ်ရှိ အဲရစ်တန်ဟတ်ဟာ FC တွမ်တီးအသင်းမှာ ကစားသမားဘဝ စတင်ခဲ့သလို ဒီအသင်းမှာ ပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ FC တွမ်တီးအသင်းမှာ အကယ်ဒမီနည်းပြ၊ လက်ထောက်နည်းပြ တာဝန်တွေယူခဲ့ပြီး သူ့ရဲ့ နည်းပြဘဝကို စတင်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ အေဂျက်စ်နဲ့ ယူနိုက်တက်အသင်းတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။
FC တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ၁၇ ပွဲကစားထားပြီး ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေကာ ဥရောပဝင်ခွင့်ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ဒူးဒဏ်ရာကြောင့် စပိန်စူပါဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်လို့ ရီးရယ်လ်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲမှာ ဘတ်ပီကို အသုံးပြုနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာဟာ သက်သာမှု မရှိတာကြောင့် ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။
ဘတ်ပီ မပါဝင်နိုင်ပေမယ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ နောက်ခံလူ အာနိုးလ်ဟာ အသင်းလူစာရင်းထဲ ပြန်လည်ပါဝင်လာတာကြောင့် ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုအတွက် လူစာရင်း ရွေးချယ်စရာတွေ ရလာနိုင် တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ကစားသမားရဲ့ ရေရှည်ကြံ့ခိုင်မှုကို ဦးစားပေးတဲ့ အနေနဲ့ ဘတ်ပီ ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိမှ သာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ၂၀၂၅ ခုနှစ်မှာ ရီးရယ်လ်အသင်းရဲ့ နောက်ဆုံးပွဲတွေဖြစ်တဲ့ အလာဗတ်စ်၊ တာလာဗီရာနဲ့ ဆီဗီလာ အသင်း ပွဲတွေမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ၂၀၂၆ ခုနှစ်ထဲ ပထမဆုံးပွဲဖြစ်တဲ့ ဘက်တစ်အသင်းနဲ့ပွဲကို ဒဏ်ရာ ကြောင့် မပါဝင်ခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဘတ်ပီ မပါဝင်ပေမယ့် ဘက်တစ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး လူငယ် တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြ အလွန်ဆိုဟာ လာမယ့် အက်သလက်တီကိုအသင်းနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဂွန်ဇာလိုဂါစီယာကို အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ အသုံးပြုဖို့ ရှိနေပါတယ်။
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ပြိုင်ပွဲကနေ ပြန်လာပြီးရင် ရက် ၂၀ အတွင်း ပြိုင်ပွဲစုံ ၇ ပွဲ ကစားရမှာဖြစ်လို့ ဒီပွဲတွေမှာ တိုက်စစ်မှူး ဘတ်ပီကို အသုံးပြုလို့ရအောင် အနားပေးတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေ ကြပါတယ်။
ရီးရယ်လ်အသင်းဟာ ဇန်နဝါရီထဲမှာ ချန်ပီယံလိဂ် အရေးကြီးပွဲတွေအဖြစ် မိုနာကို၊ ဘင်ဖီကာအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 328
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
ဘုန်းမောက်အသင်း ကြယ်ပွင့် ဆီမန်ညိုဟာ မန်စီးတီးအသင်းနဲ့ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားပြီး စနေနေ့ မတိုင်မီ သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဇန်နဝါရီ ၁၀ ရက်အထိ အသက်ဝင်တဲ့ ဆီမန်ညိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းကို ပေးချေဖို့ ဘုန်းမောက်အသင်းနဲ့ သဘောတူညီမှု ရရှိထားတာပါ။
ဆီမန်ညိုဟာ ဘုန်းမောက်နဲ့ စပါးအသင်းတို့ ပွဲအပြီးမှာ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားတယ်လို့ ဘီဘီစီက ဖော်ပြထား ပါတယ်။
ဆီမန်ညိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး အများအပြားက စိတ်ဝင်စားခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ဘုန်းမောက်အသင်းထံ တရားဝင်ဆက်သွယ်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့တာပါ။
ဘုန်းမောက်အသင်း နည်းပြ အီရာအိုလာက “စပါးအသင်းနဲ့ပွဲက အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲ ဖြစ်နိုင်ပါ တယ်။ ဒါက ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ကို ပြောတာဖြစ်ပြီး သူတို့ဟာ ဘာကိုမှ လက်မှတ်ထိုးထားတာ မရှိပါဘူး။ သူက အခုအချိန်မှာ ကျနော်တို့ရဲ့ ကစားသမားဖြစ်ပြီး ဒီအတိုင်း ဆက်ရှိနေဖို့လည်း မျှော်လင့်တယ်”လို့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

ဆီမန်ညိုကို တွေ့ရစဉ်
ဒါ့ပြင် အီရာအိုလာက ဆီမန်ညိုဟာ အစားထိုးဖို့ မဖြစ်နိုင်သလောက်ပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂါနာလက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။
၂၀၂၃ ခုနှစ်က ဘရစ္စတိုးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ ဘုန်းမောက်အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၃၁ ဂိုး သွင်းယူထားပါတယ်။
မန်စီးတီးအသင်းဟာ ခံစစ် ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယက်ဇ်နဲ့ ဂဗာဒီယိုလ်တို့ကို ဒဏ်ရာကြောင့် လအနည်း ငယ်ကြာ အနားပေးရမှာဖြစ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 315
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီက ကစားသမားဘဝကနေ အနားယူအပြီးမှာ နည်းပြ လုပ်တာ ထက် အသင်းပိုင်ရှင်ဖြစ်ချင်ပြီး ကိုယ်ပိုင်ကလပ်အသင်းကို တိုးတက်အောင် လုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော့်ကိုယ် ကျနော် နည်းပြတစ်ဦးလို့ မမြင်မိပါဘူး။ မန်နေဂျာဖြစ်ရတဲ့ အတွေးအခေါ်ကို ကျနော် နှစ်သက်ပေမယ့် အသင်းပိုင်ရှင် ပိုပြီးဖြစ်ချင်ပါတယ်။ ကိုယ်ပိုင်ကလပ် တစ်ခုကို ပိုင်ဆိုင်ချင်ပြီး အောက်ခြေကနေ စတင်ကာ တိုးတက်အောင် ပြုလုပ်ပေးချင်ပါတယ်။ ကလေးတွေကို ဖွံ့ဖြိုးတိုးတက်အောင်နဲ့ အရေးကြီးတဲ့ အရာ တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေးချင်တာပါ။ ကျနော် ရွေးချယ်ရမယ်ဆိုရင် ဒါက ကျနော့်အတွက် ဆွဲဆောင်မှု အရှိဆုံးအရာပါလို့ Luzu TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၈ မေဂျာလိဂ် ရာသီကုန်အထိ စာချုပ် သက်တမ်း တိုးထားတာကြောင့် နောက်ထပ် နှစ်အနည်းငယ်အထိ ကွင်းထဲမှာ သူ့ရဲ့ ကစားပုံတွေကို မြင်တွေ့ ရဦးမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် အနာဂတ်အတွက် ပြင်ဆင်မှုတွေ ရှိနေပြီး အသင်းဖော် ဆွာရက်ဇ်နဲ့အတူ ပူးပေါင်းကာ ဥရုဂွေးစတုတ္ထတန်းကလပ် Deportivo LSM အသင်းကို တည်ထောင်မှု ပြုလုပ်ထားတာပါ။

မက်ဆီကို တွေ့ရစဉ်
အသင်းပိုင်ရှင် ဖြစ်ချင်နေတဲ့ မက်ဆီဟာ ဒီအသင်းမှာ သူ့ရဲ့ ခြေလှမ်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက ဥရုဂွေးကလပ်မှာ ပါဝင်ဖို့ ဆွာရက်ဇ်က သူ့ကိုရွေးချယ်ခဲ့တဲ့အတွက် ဂုဏ်ယူပြီး ဝမ်းမြောက်ကြောင်းနဲ့ အသင်းဆက်ပြီး ကြီးထွားဖို့အတွက် သူအရာအားလုံး ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။
မက်ဆီဟာ မကြာသေးမီကလည်း မိုင်ယာမီမှာ ကမ္ဘာပေါ်က အကယ်ဒမီ ၈ သင်းပါဝင်တဲ့ အသက် ၁၆ နှစ်အောက် Messi Cup ပြိုင်ပွဲကို စတင်ကျင်းပပေးခဲ့ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ အနားယူကာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေပြီး အင်တာမိုင်ယာမီ အသင်းဟာ ၂၀၂၆ မေဂျာလိဂ် ရာသီအဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ LAFC အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ ရီးရယ်လ်အသင်းကနေ လိုင်ယွန်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ မပြောင်းရွှေ့မီ နည်းပြဟောင်း အန်ဆယ်လော့တီဆီကနေ အကြံဉာဏ် ရယူခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အန်းဒရစ်က “ကျနော် ကာလိုနဲ့ အပြောင်းအရွှေ့အတွက် စကားပြောခဲ့ပါတယ်။ ကျနော် ဘာလုပ်ရမလဲ၊ တိုးတက် အောင်လုပ်ဖို့ ဘာတွေ လိုအပ်လဲဆိုတာ သူက ကျနော့်ကို ညွှန်ကြားမှုတွေ ပေးခဲ့ပါတယ်။ ဒါက ကျနော့်ကို အလွန် ထိမိခဲ့ပါတယ်။ သူ့ရဲ့ အကြံဉာဏ်ကတော့ ရီးရယ်လ်ကနေ ထွက်ခွာဖို့၊ ကစားခွင့်ရမယ့် နေရာနဲ့ ကျနော် ပျော်ရွှင် တဲ့ နေရာကို သွားဖို့ ပြောခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က ကျနော့်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် သူကလည်း အခန်း ကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ခဲ့တယ်”လို့ လိုင်ယွန်အသင်း ကစားသမားအဖြစ် မိတ်ဆက်ချိန်မှာ ပြောခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ရီးရယ်လ်အသင်း အတွက် ပွဲကစားခွင့် ရခဲ့ပေမယ့် ဒီရာသီနည်းပြ ဇာဘီအလွန်ဆို လက်ထက်မှာတော့ ပွဲကစားချိန် နည်းပါးခဲ့တာပါ။
အန်းဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၃ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

အန်းဒရစ်ကို တွေ့ရစဉ်
ဘရာဇီးလ် ကြယ်ပွင့်ကတော့ သူဟာ ပွဲကစားချိန် နည်းပါးမှုအတွက် ခါးသီးမှု ခံစားရမယ့်အစား အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အန်းဒရစ်ဟာ ရီးရယ်လ်အသင်းထံ မပြောင်းရွှေ့မီ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းမှာ ကစားခဲ့ချိန်က ပေါ်တူဂီလူမျိုးနည်းပြ ဖာရဲရားလက်အောက် ကစားခဲ့ရတာပါ။
အခုလိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာကလည်း ပေါ်တူဂီလူမျိုးနည်းပြ ဖြစ်တဲ့အတွက် အန်းဒရစ်က ဒီအချက်ဟာ အလွန်ကောင်းမွန်တဲ့ အရာဖြစ်ပြီး သူတို့လုပ်ဆောင်တဲ့ အရာကို သိတာကြောင့် အပေါင်းလက္ခဏာ ဆောင်တယ် လို့ ပြောခဲ့ပါတယ်။
အန်းဒရစ်ဟာ လိုင်ယွန်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ် အသင်း လူစာရင်းမှာ ပါဝင်ကာ နည်းပြအန်ဆယ်လော့တီနဲ့ ပြန်ပြီးလက်တွဲနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 415
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက သူ့ရဲ့ အောင်မြင်တဲ့ ကစားသမားဘဝဟာ အဆုံးသတ်ဖို့ နီးစပ်လာပြီဆိုတာ ဝန်ခံခဲ့ပြီး ကွင်းပြင်ပမှာ လုပ်ဆောင်ရမယ့် အရာတွေအတွက် အာရုံစိုက်နေပြီလို့ ပြောခဲ့ ပါတယ်။
လီဝန်ဒေါစကီးက “ဘောလုံးကစားအပြီးမှာ ကျနော် လုပ်နိုင်တဲ့ အရာတွေအတွက် ပြင်ဆင်ဖို့ စတင်နေပြီဖြစ်လို့ ကျနော့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော် မကြောက်ပါဘူး။ ဒါက ကျနော့်ဘဝရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို သိပေမယ့် အရာအားလုံးတော့ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက ဘောလုံးပဲ ခေါင်းထဲမှာ ရှိနေတာကြောင့် ဒါကိုမတွေးခဲ့ပေမယ့် အခုတော့ ကစားသမားဘဝကို အဆုံးသတ်ဖို့ နီးစပ် လာပြီဆိုတာ သိပါတယ်”လို့ 'High Performance' podcast ကို ပြောခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါ တယ်။
လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။

လီဝန်ဒေါစကီးကိုတွေ့ရစဉ်
လီဝန်ဒေါစကီးက သူ့ခန္ဓာကိုယ်ရဲ့ ပြောဆိုမှုကို နားထောင်ပြီး တစ်ခုခု ပြောင်းလဲသွားတယ်လို့ ခံစားရရင် အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေမယ်လို့လည်း ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ သူ့ရဲ့ ကစားသမားဘဝကို ဂျာမန်မြေမှာ အကြာကြီးဖြတ်သန်းခဲ့ပြီး ဒေါ့မွန်အသင်းမှာ ၄ ရာသီ၊ ဘိုင်ယန်မြူးနစ်အသင်းမှာ ၈ ရာသီကြာ ကစားခဲ့တာပါ။
ပိုလန်အသင်း ခေါင်းဆောင်ဟာ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ နောက်ဆုံးရာသီဖြစ်နိုင်မယ့် စတုတ္ထရာသီမြောက်ကို ဖြတ်သန်းနေပြီး ၁၉ ပွဲ ကစားထားတာမှာ ၉ ဂိုး သွင်းယူထားပါတယ်။
လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်း ကစားသမားဘဝမှာ ၁၆၆ ပွဲ ကစားထားပြီး ၁၁၀ ဂိုးသွင်းယူကာ လာလီဂါ ဖလား ၂ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ်ရယူထားတာပါ။
ဘာစီလိုနာအသင်းဟာ စပိန်စူပါကိုပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ရောက်ရှိနေပြီး ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
အီဂျစ်အသင်းဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ရေပန်းစားတဲ့ အသင်းတွေထဲမှာ မပါဝင်ပေမယ့် အကောင်းဆုံးကြိုးစားပြီး ဆက်တိုက်ပွဲဝင်သွားမယ်လို့ အသင်းခေါင်းဆောင်ဆာလက်က ပြောခဲ့ပါတယ်။
ဆာလက်က “ကျနော်တို့က ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းလို့ ကျနော်မထင်ပါဘူး။ ကျနော်တို့မှာ လူငယ်ကစားသမားတွေ အများကြီးရှိပြီး သူတို့အများစုက အီဂျစ်မှာ ကစားနေကြတာပါ။ ကျနော်တို့ဟာ နိုင်ငံအတွက် တိုက်ပွဲဝင်နေပြီး လူတိုင်းအကောင်းဆုံး ပေးခဲ့ကြတယ်ဆိုတာ မြင်တွေ့ရမှာပါ။ ကွာတားဖိုင်နယ်တက်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်”လို့ ဘီနင်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်အဖြစ် ဘီနင်အသင်းနဲ့ ကစားခဲ့တာမှာ အချိန်ပိုမှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။
ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပြီး အချိန်ပိုမှာ အီဂျစ်အသင်းက အနိုင်ဂိုး ၂ ဂိုးသွင်းယူခဲ့တာပါ။

ဆာလက်ကိုတွေ့ရစဉ်
အချိန်ပိုနောက်ဆုံးမိနစ်မှာ အီဂျစ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဆာလက်ဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဆာလက်က အာဖရိကဖလားပြိုင်ပွဲမှာ လွယ်ကူတဲ့ပွဲမရှိဘဲ ဘီနင်အသင်းဟာ ကောင်းမွန်တဲ့အသင်းဖြစ်သလို ကောင်းမွန်တဲ့ နည်းပြရှိတယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၇ ကြိမ်နဲ့ အကြိမ်အရေအတွက် အများဆုံးရရှိထား တဲ့အသင်းဖြစ်ပေမယ့် ၂၀၁၀ နောက်ပိုင်း အောင်မြင်မှုနဲ့ ဝေးကွာနေတာပါ။
ဆာလက်ဟာ ဒီပြိုင်ပွဲမှာ အီဂျစ်အသင်းနဲ့အတူ အောင်မြင်မှု ရယူပြီး သူ့ရဲ့ကစားသမားဘ၀ ပထမဆုံး အာဖရိကဖလားကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အီဂျစ်အသင်းဟာ အိုင်ဗရီကို့စ်နဲ့ ဘာကီနာဖာဆိုအသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 355
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆
ယူနိုက်တက်အသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြအာမိုရင်ရဲ့နေရာမှာအစားထိုးဖို့ ယာယီနည်းပြရှာဖွေနေချိန်မှာ နည်းပြဟောင်း ဆိုးလ်ရှားဟာ အသင်းထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမားဟောင်း ဖလက်ချာကို ဘန်လေအသင်းနဲ့ပွဲကို ကိုင်တွယ်ဖို့ တာဝန်ပေးထားပေမယ့် ရာသီကုန်အထိ ယာယီနည်းပြခန့်အပ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
မန်ချက်စတာကလပ်ဟာ လာမယ့်ရာသီမတိုင်မီမှာ အမြဲတမ်းနည်းပြတစ်ဦးကို ခန့်အပ်သွားမှာဖြစ်ပါတယ်။
နော်ဝေလူမျိုးနည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆိုးလ်ရှားကိုတွေ့ရစဉ်
ဒါပေမယ့် ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းထံ ယာယီနည်းပြအဖြစ်ပြန်လာဖို့ လမ်းဖွင့်ထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့ YouTube channel မှာ ဖော်ပြထားပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုရဲ့ နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးဝင်ရောက်ခဲ့ရတာဖြစ်ပြီး အခုလည်း နောက်ထပ်ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ကို ယူနိုက်တက်အသင်းက ထုတ်ပယ်ထားတာပါ။
ဆိုးလ်ရှားဟာ သူကိုင်တွယ်ခဲ့ချိန်မှာ ယူနိုက်တက်အသင်းကို အောင်မြင်မှုရယူပေးနိုင်ခဲ့ခြင်းမရှိပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နဲ့ ၃ နေရာရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြတွေဖြစ်တဲ့ အာမိုရင်၊ဒေးဗစ်မိုယက်စ်နဲ့ ဗန်ဟားလ်တို့ထက် အနိုင်ရာခိုင်နှုန်း ပိုပြီးများခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြရာထူးအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြဂလက်စ်နာ၊ချယ်လ်ဆီးအသင်းနည်းပြဟောင်း မာရက်စ်ကာတို့ကို ချိတ်ဆက်မှုတွေရှိနေတာပါ။
ဆိုးလ်ရှားထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ဟာ ယာယီနည်းပြရာထူးအတွက် အသင်းရဲ့စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
