- By CNI
- Category: အားကစား
- Hits: 347
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
အင်တာမီလန်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ဆွစ်ဇာလန်ဂိုးသမား ဆွန်မားရဲ့နေရာမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂိုးသမား အီမီမာတီနက်ဇ်ကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။
အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ အင်တာမီလန်အသင်းဟာ အီမီမာတီနက်ဇ်နဲ့ ပတ်သက်ပြီး အက်စတွန်ဗီလာအသင်းကို ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ Sky Sports သတင်းမှာ ဖော်ပြထား တာပါ။
အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ရာသီကုန်အထိ စာချူပ်ရှိနေတဲ့ အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပြီး ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်နဲ့ စပိန်မှာ ကစာဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် စီးရီးအေမှာ စိန်ခေါ်မှု အသစ်ကို ရှာဖွေဖို့ ဆွဲဆောင်ခံရနိုင်တာပါ။

ဆွန်မားကို တွေ့ရစဉ်
အာဂျင်တီးနားဂိုးသမားဟာ အင်တာမီလန်အသင်းထံ သူ့ရဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမှာဖြစ်လို့ အီတလီကလပ်ဟာ ဂိုးသမားနေရာမှာ ရေရှည်ဖြေရှင်းချက်တစ်ခုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအပြောင်းအရွှေ့အတွက် အတားအဆီးက အီမီမာတီနက်ဇ်ရဲ့ လုပ်ခလစာပါ။
အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းမှာ တစ်ရာသီကို ယူရို ၅ သန်းခန့် ရရှိနေပြီး အင်တာမီလန်အသင်း ထံ ပြောင်းရွှေ့မယ်ဆိုရင် သူ့ရဲ့လုပ်ခလစာကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ နွေရာသီမှာ ခေါ်ယူမယ့် ကစားသမား စာရင်းကို အခုကတည်းက ပြုစုနေပြီး အပြောင်း အရွှေ့ ဖွင့်တဲ့အချိန်မှာ အပြောင်းအရွှေ့ ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်းကနေ ရောက်လာခဲ့တဲ့ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပွဲပေါင်း ၂၃၀ ကျော် ပါဝင်ကစားထားပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဂရင်းလန်းကျွန်းကို ရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ တိုးလာ နေချိန်မှာ ပြင်သစ်နိုင်ငံရဲ့ အားကစားဝန်ကြီးက သူမနိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ လက်ရှိမှာ မစဉ်းစားသေးဘူးလို့ ပြောခဲ့ပါတယ်။
အားကစားဝန်ကြီးမာရီနာက “အခုအချိန်မှာ ကျမတို့ ပြောနေတာက လူအများ မျှော်လင့်စောင့်စားနေကြတဲ့ အဓိက ပြိုင်ပွဲကြီးကို ဝန်ကြီးဌာနက သပိတ်မှောက်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ကျမကြိုတင်ပြီး မဆုံးဖြတ်နိုင်ပါဘူး”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ဒါ့ပြင် ပြင်သစ်အားကစားဝန်ကြီးက အားကစားကို နိုင်ငံရေးနဲ့ သီးခြားခွဲထားချင်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လကျရင် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးမဟာမိတ် ဒိန်းမတ်ထံကနေ ဂရင်းလန်းကျွန်းကို ရယူဖို့ကြိုးပမ်းနေ တာကြောင့် ဥရောပမဟာမိတ်တွေနဲ့ ဆက်ဆံရေး ဖြတ်တောက်နိုင်ဖို့ အလားအလာ ရှိနေတာပါ။
ပြင်သစ်နိုင်ငံမှာ လက်ဝဲယိမ်း ဥပဒေပြု အမတ်အဲရစ်က ပြင်သစ်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ စဉ်းစားသင့်တယ်လို့ ပြောထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီး နား အသင်းကို ဗိုလ်လုပွဲမှာ အရေးနိမ့်ပြီး ဒုတိယသာရရှိခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါ၊ နော်ဝေ၊ ပလေးအော့ဖ်မှာ အနိုင်ရတဲ့ အသင်းတို့နဲ့ အုပ်စု I မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 389
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘာစီလိုနာအသင်းက ဆလားဗီးယားအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ပက်ဒရီ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာက သတင်းကောင်း မဟုတ်ဘူးလို့ နည်းပြ ဟန်ဆီဖလစ်က ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ပက်ဒရီ ဘာဖြစ်လဲဆိုတာ ကျနော် အတိအကျ မသိပေမယ့် ဒါက တံကောက်ကြောပါပဲ။ ဒီလို အရာတွေဟာ ဖြစ်လေ့ရှိပြီး သူဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျနော် မသိပါဘူး။ သတင်းကောင်း မဟုတ်တဲ့အတွက် ကျနော်တို့စောင့်ကြည့်ရမှာပါ”လို့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဖာမင်လိုပက်ဇ်ရဲ့ ၂ ဂိုး၊ အော်လ်မိုနဲ့ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့် ဘာစီလိုနာအသင်းဟာ နိုင်ပွဲရယူ နိုင်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ပက်ဒရီကို ဒုတိယပိုင်းအစမှာ လူစားလဲခဲ့ရပါတယ်။
စပိန်ကွင်းလယ်လူရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို သိနိုင်ဖို့ ဘာစီလိုနာမှာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရှိနေ တာပါ။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ပက်ဒရီဟာ ဒီရာသီအစပိုင်းမှာ တံကောက်ကြော ဒဏ်ရာကြောင့် ၅ ပွဲ လွဲချော်ခဲ့သလို ဒီဇင်ဘာလထဲမှာ ခြေသလုံး ဒဏ်ရာကြောင့် နောက်ထပ် အနားယူခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာ ရပ်တည်နေပြီး ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ နောက်ဆုံးပွဲမှာ အနိုင်ရလဒ်ရယူရမှာပါ။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးပွဲအဖြစ် ကိုပင်ဟေဂင်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်က ဒီပွဲဟာ လွယ်ကူမှာ မဟုတ်တဲ့အတွက် အကောင်းဆုံး ကြိုးစားရမှာ ဖြစ်ပြီး ထိပ်ဆုံး ၈ သင်းထဲဝင်နိုင်ဖို့ အခွင့်အရေး ကောင်းရှိတယ်လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ လာလီဂါပွဲမှာ ဆိုစီဒက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် အိုဗီဒိုအသင်းနဲ့ လိဂ်ပွဲ မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 360
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က နည်းပြအာနီဆလော့ အနေနဲ့ အင်တာဗျူးတွေမှာ အသင်းရဲ့ အားနည်းချက်အကြောင်းကို ညည်းညူနေတာ ရပ်တန့်ပြီး ဖြေရှင်းချက်ရှာဖွေဖို့ ပြောခဲ့ပါတယ်။
စတီဗင်ဂျရတ်က “သူ့အနေနဲ့ ခံစစ်ပိတ် ကစားခြင်း အကြောင်းပြောတာကို ရပ်တန့်ဖို့လိုပါတယ်။ ကျနော် ကစား ခဲ့တဲ့ အချိန်မှာရော ဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက လီဗာပူးလ်အသင်းဟာ ဒီလိုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းတွေဟာ လီဗာပူးလ်အသင်းကို ရပ်တန့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ။ အဓိကကတော့ ဖြေရှင်းချက် ရှာဖွေဖို့ပါ။ ဒီလိုပြောနေတာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”လို့ TNT Sports မှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းက မာဆေးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ အပြီးမှာ သူ့အသင်းဟာ ဒီလိုစွမ်းဆောင်ရည်မျိုး မကြာခဏ မပြသနိုင်အောင် ခံစစ်ပိတ်ကစားခြင်း (low block) နဲ့ ရင်ဆိုင်နေရတယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
အာနီဆလော့က သူ့အသင်းဟာ ဒီရာသီမှာ တသမတ်တည်း မရှိတာက low block အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ ရုန်းကန်နေရတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
စတီဗင်ဂျရတ်က အိမ်ရှင် မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်း ကစားသမားတွေ ဆီကနေ အကောင်းဆုံးပုံစံတွေ ရယူနိုင်ခဲ့တဲ့ နည်းပြအာနီဆလော့ကို ချီးကျူးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆို့ဘို့ဆလိုင်း၊ ဂတ်ပိုနဲ့ မာဆေးလ်အသင်း ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ ရပ်တည် နေပါတယ်။
လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ လီဗာပူးလ်အသင်းဟာ နောက်ဆုံးပွဲဖြစ်တဲ့ ကာရာဘတ် အသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်နိုင်မှာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 343
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အက်သလက်တီကိုအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာပါ။
ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်ကတော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ဒီရာသီမှာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရပြီး အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ တိုက်စစ်ပိုင်းကို အားမဖြည့်မီ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ PSG အသင်း အပါအဝင် အသင်းအများအပြားဟာ အယ်လ်ဗာရက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
အခုအချိန်မှာ ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း တွေထဲမှာ ပါဝင်လာခဲ့တယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပက်ဒရိုနဲ့ ဒီလပ်တို့ကို ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုပြီး ခေါ်ယူခဲ့ ပေမယ့် အားရမှုမရှိတာကြောင့် တိုက်စစ်ပိုင်းကို ထပ်အားဖြည့်ချင်နေတာဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ကလည်း မန်စီးတီးအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ အခြား ဆုဖလားတွေကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာချင်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ယူရိုသန်း ၁၀၀ ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 360
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
စီးရီးအေကလပ် ကိုမိုအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီဟာ လာလီဂါအသင်း ၄ သင်းဆီကနေ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ခံထားရပါတယ်။
အီတလီမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကာလတိုသာနေခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးရရှိအောင် လုပ်ဆောင်နေပြီး စပိန်မှာ စွန့်စားမှုပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
စပါးအသင်းမှာ ကစားခဲ့ချိန်က တောက်ပခဲ့တဲ့ ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း လူစားဝင် ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခဲ့ရတာပါ။
ဒယ်လီအလီဟာ တူရကီကလပ် ဘီဆစ်တက်အသင်းမှာ အငှားကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အဲဗာတန်အသင်းထံ ပြန်လာချိန်မှာလည်း ဒဏ်ရာတွေကြောင့် စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့ရပါတယ်။

ဒယ်လီအလီကို တွေ့ရစဉ်
ဒယ်လီအလီဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ကိုမိုအသင်းရဲ့ အံ့အားသင့်ဖွယ် ချဉ်းကပ်မှုကို ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒယ်လီအလီဟာ ကိုမိုအသင်းအတွက် ကစားခဲ့ရတဲ့ တစ်ပွဲတည်းသောပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် ကံမကောင်းခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ ကိုမိုအသင်းဟာ ဒယ်လီအလီကို ထွက်ခွာခွင့်ပေးခဲ့တာပါ။
ချန်ပီယံရှစ်ကလပ်တွေ အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ လာလီဂါအသင်း ၄ သင်းရဲ့ ချဉ်းကပ်မှု ခံထားရတာဖြစ်ပါတယ်။
ဒီအသင်းတွေကတော့ အိုဗီဒို၊ ဆီဗီလာ၊ အယ်လ်ချီနဲ့ ဂီတာဖေးအသင်းတို့ ဖြစ်တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။
လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အိုဗီဒိုအသင်းဟာ ဒယ်လီအလီကို ပထမဆုံး ချဉ်းကပ်ခဲ့တာဖြစ်ပြီး ရာသီကုန်အထိသာ စာချုပ်ချုပ်ဖို့ စီစဉ်ထားကာ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပါတယ်။
အခြားအသင်းတွေကလည်း ဒယ်လီအလီကို ခေါ်ယူချင်တဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ချပြထားတာပါ။
စပိန်ကလပ်တွေဟာ သူ့ကို ဘောလုံးသမားတစ်ဦးလို ပြန်ပြီးခံစားစေချင်နေတာကြောင့် ဒယ်လီအလီဟာ သူ့ရဲ့အနာဂတ်ကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဆုံးဖြတ်နိုင်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 406
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၇ ပွဲဆက် အနိုင်နဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ် League Phase ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ၁၆ သင်း အဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ သမိုင်းမှာလည်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပွဲတွေမှာ ၇ ပွဲ ဆက် နိုင်ပွဲရရှိခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဂျီးဆပ်စ်က ၂ ဂိုးနဲ့ ယိုကီရက်စ်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာ ဒီပွဲမှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
ဒဏ်ရာကြောင့် ၁၁ လကြာ အနားယူရပြီးနောက် အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ ဂျီးဆပ်စ်ဟာ ဒီရာသီမှာ ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
ဂျီးဆပ်စ်က “အိပ်မက်ထဲက ညတစ်ညပါပဲ။ ကျနော်ဟာ စီးရီးအေပွဲတွေ အများကြီး ကြည့်ခဲ့တာကြောင့် ဆန်စီရို ကွင်းထဲမှာ ရှိနေရတာနဲ့ ဂိုးသွင်းနိုင်ခဲ့တာက ကျနော့်ကို မျက်ရည် ကျစေပါတယ်။ လူတိုင်းက ပွဲထွက်ချင်ကြပြီး ကျနော်ဟာ အလွန်လေးစားတတ်တဲ့ သူတစ်ဦးပါ။ ဗစ် လူစားဝင်ရောက်လာပြီး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဒီပြိုင်ပွဲ ၂ ခု စလုံးမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 334
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက နော်ဝေကလပ် ဘိုဒိုဂလင့်မ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က အရှက်ရဖွယ် ရလဒ်အတွက် အသင်းပရိသတ်တွေကို တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။
ဟာလန်းက “ကျနော့်မှာ အဖြေတွေ မရှိပါဘူး။ ကျနော်ဟာ သွင်းယူနိုင်သင့်တဲ့ သွင်းဂိုးတွေ မသွင်းယူနိုင်တဲ့ အတွက် အပြည့်အဝ တာဝန်ယူပါတယ်။ ကျနော် လူတိုင်းကို တောင်းပန်ပါတယ်၊ မန်စီးတီးအသင်းကို အားပေးတဲ့ သူတိုင်းနဲ့ ဒီပွဲကို လိုက်ပါအားပေးတဲ့ သူတိုင်းကိုပါ။ ဘာလို့လဲဆိုရင် အဆုံးသတ်က ရှက်ဖို့ကောင်းလို့ပါ။ ဘိုဒို အသင်းက အလွန်ကောင်းမွန်စွာ ကစားခဲ့ပြီး ထိုက်တန်ခဲ့ပါတယ်။ တောင်းပန်တယ်လို့ ပြောနိုင်တာကလွဲပြီး ကျနော့်မှာ ပြောစရာအဖြေမရှိဘူး”လို့ TNT Sports ကိုပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်တဲ့ ဘိုဒိုဂလင့်မ်အသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ရလဒ်တွေ မကောင်းဖြစ် နေတာပါ။
တိုက်စစ်မှူး ဟာလန်းကလည်း နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မန်စီးတီးအသင်းကို အကူအညီ ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။
မန်စီးတီးအသင်းဟာ ဒီပွဲအရေးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲ ကစားအပြီးမှာ အဆင့် ၇ နေရာ ရပ်တည်နေ ပေမယ့် ကစားဖို့ ကျန်ရှိနေသေးတဲ့ အခြားအသင်းတွေရဲ့ ပွဲပြီးရင် နောက်တဆင့်ကို တိုက်ရိုက် တက်နိုင်မယ့် အဆင့် ၈ အပြင်ကို ရောက်ရှိသွားနိုင်ပါတယ်။
မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက အရာအားလုံးက မှားယွင်းနေတဲ့အတွက် ဒါကို ပြောင်းလဲဖို့ ကြိုးစားရမယ် လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဒီပွဲမှာ အနီကတ် ပြသခံခဲ့ရတဲ့ ကွင်းလယ်လူ ရိုဒရီကို ဝေဖန်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲအဖြစ် ဂါလာတာစာရေးအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်မီ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 268
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူဟာ လက်ရှိစာချုပ်ထက် ကျော်လွန်ပြီး အာဆင်နယ်အသင်းမှာ ဆက်နေ ချင်တယ်လို့ ပြောခဲ့ပေမယ့် အသင်းက သူ့ကို စာချုပ်သစ်အတွက် ချဉ်းကပ်မှု မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဂျီးဆပ်စ်က “ကျနော်ရဲ့ ပထမဆုံးပစ်မှတ်က ကျန်းမာနေဖို့ပါ။ ကျနော်ဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာတွေနဲ့ အချိန်ကုန်ခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားနေသလို ရာသီကုန်အထိ ကျန်းမာနေဖို့လည်း ပစ်မှတ် ထားနေပါတယ်။ ကျနော့်ရဲ့ဆန္ဒက အာဆင်နယ်အသင်းမှာ ဆက်နေချင်ပြီး ယှဉ်ပြိုင်မှုကိုလည်း တိုးချဲ့ချင်ပါတယ်။ ကျနော်ဒီမှာ ဆက်နေချင်သလို အာဆင်နယ်အသင်းနဲ့ ဆုဖလားတွေ ရယူချင်ပါတယ်”လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပြောခဲ့တာပါ။
ဒူးဒဏ်ရာကြောင့် ၁၁ လကြာ အနားယူခဲ့ရတဲ့ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် နေရာအတွက် ယိုကီရက်စ်၊ ကိုင်ဟာဗက်ဇ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အဲ့ဒါကြောင့် ဂျီးဆပ်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဂျီးဆပ်စ်ကို တွေ့ရစဉ်
ဒီသတင်းတွေကို အာဆင်နယ်အသင်းနည်းပြ အာတီတာနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ ၂ ဦးစလုံးက ငြင်းဆန်ခဲ့ပြီး ဂျီးဆပ်စ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ပါ ဆန္ဒရှိနေတာပါ။
ဂျီးဆပ်စ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက်မှာ အာဆင်နယ်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းကနေ ယူရို ၆၃.၅ သန်းနဲ့ ရောက်ရှိ လာပြီးကတည်းက အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ စတင်မှုနဲ့ကြုံတွေ့နေရတဲ့ အသင်းဖော် ယိုကီရက်စ်ဟာ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပြီး အသင်းမှာ သွင်းဂိုး အများအပြား သွင်းယူနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဝီလ်ဆင်နဲ့ စာချုပ်အဆုံးသတ်မယ့် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ ပြီးနောက် ဒီလထဲ အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့အစီအစဉ်တွေကို ပိတ်ပင်ခဲ့ပါတယ်။
နွေရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝီလ်ဆင်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ အသင်းနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ထိပ်တန်း အကြီးအကဲတစ်ဦးက ဒီဆွေးနွေးမှုထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဝီလ်ဆင်ဟာ ရာသီကုန်အထိ လန်ဒန်ကလပ်မှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။
ဝီလ်ဆင်ဟာ ဝက်စ်ဟမ်းအသင်းက စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် အသင်းဟာ သူ့ကို ဆက်ပြီး ရှိစေချင်နေတာပါ။

ဝီလ်ဆင်ကို တွေ့ရစဉ်
ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေအောင် တိုက်ပွဲဝင်တာမှာ သွင်းဂိုးတွေ လိုအပ်တာကြောင့် ဝီလ်ဆင်ကို ထွက်ခွာ ခွင့်ပေးတာဟာ အသင်းကို ရှုံးနိမ့်စေမယ်ဆိုပြီး ကလပ်အတွင်းပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဝီလ်ဆင်ဟာ အသင်း အတွက် ၁၉ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဖီလစ်ပီနဲ့ ကာစတယ်လ်လာနိုစ်တို့ကို ခေါ်ယူထားတာကြောင့် ဝီလ်ဆင်ဟာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရဖို့ရှိနေတာပါ။
အဲ့ဒါကြောင့် ဝီလ်ဆင်ဟာ အခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်အောင် ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်အဆုံး သတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့တဲ့အတွက် ဝီလ်ဆင်ဟာ နွေရာသီအထိ ဝက်စ်ဟမ်း အသင်းမှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။
Source: BBC
