
- By CNI
- Category: အားကစား
- Hits: 368
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ နွေရာသီမှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၇၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
တောင်ကိုရီယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပါးအသင်း ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး အသင်းဆုဖလားရရှိဖို့ ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာကို အဆုံးသတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဆွန်ဟောင်မင်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။
ဆွန်ဟောင်မင်နဲ့ စပါးအသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့တဲ့အတွက် လန်ဒန်ကလပ်ဟာ သူ့ကို လာမယ့်နှစ်မှာ အလွတ်နဲ့ဆုံးရှုံးရမယ့်အစား ပြောင်းရွှေ့ကြေးရရှိအောင် လာမယ့်နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဘယ်တောင်ပံ ဒါမှမဟုတ် တိုက်စစ်မှူးနေရာမှာ ကစားနိုင်တဲ့ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ် အများအပြားက စိတ်ဝင်စားနေတာကြောင့် စပါးအသင်းဟာ ရောင်းချခြင်နေတာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀ ပါဝင်ကစားကာ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ ၂၀၂၁ ခုနှစ်က PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ ရသလို ၂၀၂၂ ခုနှစ်က ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာရှဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပြီးနောက် သူဟာအသင်းရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ခဲ့ပြီလို့ ပြောခဲ့သလို နည်းပြပိုစတီကိုဂလူးရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 393
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ရီးရယ်လ်အသင်းကနေ ထွက်ခွာမယ့် ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ စီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ နှုတ်နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့အတွက် နှစ်ဦးနှစ်ဖက် နှုတ်နဲ့ သဘောတူညီမှု ရရှိပြီးနောက်မှာ မိုဒရစ်ကို အသင်းထံ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေတာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ရီးရယ်လ်အသင်းကနေ ဂန္ထဝင်တစ်ဦးအဖြစ် ထွက်ခွာခဲ့ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ထပ်တစ်ရာသီကို ဆန်စီရိုမှာ သက်တမ်းတိုးဖို့ ရှိနေတာဖြစ်ပါတယ်။
မိုဒရစ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ၊ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာနဲ့ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကိုလည်း ခံနေရတာပါ။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့တာကြောင့် နည်းပြအပြောင်းအလဲ ပြုလုပ်ထားသလို အသင်းရဲ့လူစာရင်းကို ပိုပြီး အားကောင်း အောင် ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။
မိုဒရစ်ကိုတွေ့ရစဉ်
အဲဒါကြောင့် အေစီမီလန်အသင်းဟာ မိုဒရစ်ကို ခေါ်ယူမယ့် သဘောတူညီမှုကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီးမှသာ ထွက်ခွာမှာ ဖြစ်ပါတယ်။
မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းနဲ့ UEFA စူပါဖလား၊ ဖီဖာတိုက်ကြီးများ ဖလားတို့ကို ရယူနိုင်ခဲ့ ပေမယ့် ချန်ပီယံလိဂ်နဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ခရိုအေးရှား ကွင်းလယ်လူဟာ ၂၀၂၄-၂၅ ရာသီမှာ ရီးရယ်လ်အသင်းအတွက် ၅၇ ပွဲပါဝင်ကစားခဲ့ပြီး ၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မိုဒရစ်ဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် ခရိုအေးရှားအသင်းနဲ့အတူ လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ခရိုအေးရှားအသင်းဟာ ဂျီဘရောလ်တာ၊ ချက်အသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 267
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ချယ်လ်ဆီးအသင်းမှာ တစ်ရာသီကြာ အငှားကစားပြီးနောက် ယူနိုက်တက်အသင်းထံ ပြန်လာရမယ့် ဆန်ချိုဟာ လန်ဒန်ကလပ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ပါတယ်။
ဆန်ချိုက “အတွေ့အကြုံတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်ကို အိမ်မှာရှိသလို ခံစားစေခဲ့တဲ့ အသင်းဖော် တွေ၊ နည်းပြအဖွဲ့ဝင်၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ချယ်လ်ဆီးအသင်းမှာရှိတဲ့ လူတိုင်းကို ကြီးမားတဲ့ ချစ်ခြင်း မေတ္တာတွေရှိပါတယ်။ အသင်းအကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ ကျနော်ဆန္ဒပြုပါတယ်။ အလွန်ကျေးဇူးတင်ပါတယ် အပြာရောင်တွေ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု မရရှိခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူခဲ့ချိန်က ရာသီကုန်ချိန်မှာ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ သဘောတူညီထားတာပါ။
ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီသဘောတူညီမှုကို ချိုးဖောက်ခဲ့တဲ့အတွက် ယူနိုက်တက်အသင်းကို ပေါင် ၅ သန်းပေးချေရမှာ ဖြစ်ပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းအတွက် ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင် ခဲ့တာပါ။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းက ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အသင်းအတွက် အဖိုးတန်သွင်းဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့် ဆန်ချိုဟာ လုပ်ခလစာ လျှော့ယူဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာမှာ အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်အသင်းထံ ပြန်လာရမှာပါ။
ယူနိုက်တက်အသင်းကတော့ ဆန်ချိုကို နွေရာသီ အပြောင်းအရွှေ့မှာ အပြီးသတ် ရောင်းချသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 244
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူဟာအမြင့်ဆုံးအဆင့်မှာ ဆက်ပြီး ကစားချင်တာ ကြောင့် အယ်လ်ဟီလယ်အသင်းရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ယူနိုက်တက်က ကျနော့်ကို မရောင်းချချင်ဘူးလို့ ပြောခဲ့သလို အသင်းအတွက် ငွေကြေး မလိုအပ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ထွက်ခွာချင်တယ်ဆိုရင် သူတို့ဘက်က ခွင့်ပြုပေးမှာပါ။ နည်းပြအာမိုရင်ကတော့ ကျနော့်ကို မထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းက ကျနော့်ကို ကောင်းမွန်တဲ့ အခွင့်အရေးတွေပေးခဲ့ပြီး စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒီအပြောင်းအရွှေ့က ကျနော့်အတွက် လွယ်ကူ မှာဖြစ်ပေမယ့် ကျနော်ဟာ အမြင့်ဆုံးအဆင့်မှာ ဆက်ကစားချင်ပြီး အဓိက ဆုဖလားတွေအတွက် ယှဉ်ပြိုင်ချင်ပါ တယ်”လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၃ နှစ် စာချုပ်အတွက် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းထဲမှာ သူ့ကို ထည့်သွင်းချင်ခဲ့တာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်းက ယူနိုက်တက်အသင်းမှာရရှိတဲ့ လုပ်ခလစာ ၂ ဆကျော် ရရှိမယ့် ဒီအပြောင်းအရွှေ့ကို အလေးအနက် စဉ်းစားမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ မိသားစုနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ အယ်လ်ဟီလယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချဖို့ ဆန္ဒမရှိသလို နည်းပြအာမိုရင်က သူ့ကိုမထွက်ခွာဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက စပို့တင်းလစ္စဘွန်း အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ယူနိုက်တက် အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပွဲစဉ်တွေ ကစားဖို့ရှိနေပြီး ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 262
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၄
အာဆင်နယ်အသင်း ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ ပလိုင်းမောက်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ပြီး သူ့ရဲ့နည်းပြဘဝကို ဆက်ပြီး လုပ်ကိုင်နိုင်ဖို့ ရေပန်းစားနေပါတယ်။
ချန်ပီယံရှစ်ပြိုင်ပွဲကနေ တန်းဆင်းပြီး လာမယ့်ရာသီ လိဂ်ဝမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့် ပလိုင်းမောက်အသင်းဟာ အသင်းကို ကိုင်တွယ်မယ့် နည်းပြသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ပလိုင်းမောက်အသင်း နည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲမှာ ဝက်ဂ်နာ၊ အီဗတ်၊ အိုစမန်ဘေ့စ်၊ ဘက်ဂင်ဟမ်နဲ့ ဂွတ်ဝင်တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝီလ်ရှိုင်းယားဟာ ပလိုင်းမောက်အသင်း နည်းပြရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေတာပါ။
ပလိုင်းမောက်အသင်းကို ပြီးခဲ့တဲ့ရာသီက ဝီလ်ရှိုင်းယားရဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်ခဲ့ပြီး ၂၅ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဝိန်းရွန်နီရဲ့နေရာမှာ မူစလစ်က ပလိုင်းမောက်အသင်းကို အစားထိုး ကိုင်တွယ်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့တာကြောင့် နည်းပြရာထူးနေရာ လစ်လပ်နေခဲ့တာပါ။
ဝီလ်ရှိုင်းယားကို တွေ့ရစဉ်
ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ နော်ဝစ်ချ်အသင်းကို ယာယီနည်းပြအဖြစ် ၂ ပွဲကိုင်တွယ်ခဲ့ပါတယ်။
နော်ဝစ်ချ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ နည်းပြအဖြစ် အသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖုံးကွယ်ထားခြင်းတော့ မရှိပါဘူး။
ဝီလ်ရှိုင်းယားဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် အသင်းဟောင်း အာဆင်နယ်အသင်းထံ ပြန်လာကာ ယူ-၁၈ အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
ဝီလ်ရှိုင်းယားဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အာဆင်နယ် လူငယ်အသင်းကို FA ဖလားဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့တာပါ။
အင်္ဂလန်ကစားသမားဟောင်းဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး နော်ဝစ်ချ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 271
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ကြယ်ပွင့် မာဒူကီ အပါအဝင် ကစားသမား ၁၅ ဦးကို နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
၂၀၂၄-၂၅ ရာသီ ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲတွေဟာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို စတင်ရတော့မှာပါ။
ချယ်လ်ဆီးအသင်းဟာ အစ်စဝှစ်ချ်အသင်း တိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူနိုင်ခဲ့သလို ညာခြေသန်တဲ့ ဘယ်တောင်ပံ ကစားသမားကို လိုချင်နေတာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက ဂစ်တန်စ်နဲ့ ယူနိုက်တက်အသင်းက ဂါနာချိုတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ထိပ်တန်း ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ဝယ်ယူဖို့စီစဉ်နေသလို အသင်းအတွက် မလိုအပ်တော့တဲ့ ကြယ်ပွင့် ကစားသမားတွေကို ရှင်းထုတ်ဖို့လည်း ရှိနေတာကြောင့် လာမယ့်ရာသီ မစတင်မီ ကစားသမား ၁၅ ဦးအထိ ထွက်ခွာနိုင်တယ်လို့ The Guardian က ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက အငှားချခဲ့တဲ့ ပီထရိုဗစ်၊ ဘန်ချီဝဲလ်၊ ဒီဆာဆီ၊ ဗီဂါ၊ ချူကွီမီကာ၊ အူဂိုချူကွီ၊ စတာလင်နဲ့ ဂျာအို ဖီးလစ်တို့ဟာ ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေတာပါ။
အန်ကွန်ကူ၊ ဘူရီဟောလ်၊ ချာလိုဘာနဲ့ ဖိုဖာနာတို့လည်း ချယ်လ်ဆီးအသင်းရဲ့ ရောင်းချမှုကို ခံရဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးသမားသစ်တစ်ဦး၊ နောက်ထပ် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူခဲ့မယ်ဆိုရင် ဂိုးသမား ရော်ဘတ်ဆန်းချက်ဇ်နဲ့ တိုက်စစ်မှူး ဂျက်ဆန်တို့ဟာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲမှာ ပါဝင်နေတဲ့ မာဒူကီဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ၁၁ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
မာဒူကီနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိရှိနေသလို သူဟာ နိုင်ငံတကာ ပွဲစဉ်တွေကစားမယ့် အင်္ဂလန်အသင်း လူစာရင်းထဲမှာ ရွေးချယ်ခြင်းခံထားရတာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 314
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အမ်ဘူမိုဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာကြောင့် မန်ချက်စတာကလပ်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်၊ စပါးနဲ့ အာဆင်နယ်အသင်းတို့ဟာ အမ်ဘူမိုကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြပေမယ့် ကစားသမားကတော့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်တယ်လို့ ပြောခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ကင်မရွန်း တိုက်စစ်မှူးဟာ ယူနိုက်တက်အသင်း နည်းပြအာမိုရင်ရဲ့ နွေရာသီမှာ ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်မယ့်အသင်းမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ချင်နေတာ ဖြစ်ပါတယ်။
အမ်ဘူမိုကို တွေ့ရစဉ်
အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ သွင်းယူပြီး ဆာလက်၊ အစ်ဆက်၊ ဟာလန်းတို့ရဲ့ အနောက်မှာ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာပါ။
ဘရန်ဖို့ဒ် အသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထက် လိုချင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဝုလ်ဗ်စ်အသင်း တိုက်စစ်မှူး ကွန်ညာကို ပေါင် ၆၂.၅ သန်းနဲ့ ခေါ်ယူ ထားပြီး နောက်ထပ် အပြောင်းအရွှေ့တွေပြုလုပ်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချဖို အဆင်သင့် ဖြစ်နေတာပါ။
ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို အယ်လ်ဟီလယ်အသင်းက ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ရှိနေသလို အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဂါနာချို၊ ကိုဘီမိုင်နူးနဲ့ အိုနာနာတို့အပြင် အငှားချထားတဲ့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဆန်ချိုတို့ဟာ နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။
မန်ချက်စတာကလပ်ဟာ နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးနဲ့ ဂိုးသမားသစ် တစ်ဦးကို ခေါ်ယူနိုင်ဖို့လည်း စီစဉ်ထားတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က သူနဲ့ PSG အသင်းတိုက်စစ်မှူး ဒမ်ဘီလီတို့ ပါဝင်ယှဉ်ပြိုင်မယ့် စပိန်နဲ့ ပြင်သစ်အသင်း နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ Ballon d'Or ဆုအတွက် အဆုံးအဖြတ် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ယာမဲလ်က “Ballon d'Or ဆုကို မဲပေးရမယ်ဆိုရင် တစ်နှစ်တာ အကောင်းဆုံး ကစားသမားကို ရွေးချယ်မှာလား ဒါမှမဟုတ် ကြာသပတေးနေ့ပွဲမှာ အနိုင်ရတဲ့သူကို ရွေးချယ်မှာလား။ ကျနော်ကတော့ ဒီပွဲမှာ အနိုင်ရသည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားကိုပဲ မဲပေးမှာပါ။ ဒီပွဲမှာ ကျနော် ဒါမှမဟုတ် ဒမ်ဘီလီ တို့ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူ့ကို မဲပေးမှာလဲ၊ တနင်္ဂနွေနေ့မှာ ကစားမယ့်သူကိုလား”လို့ စပိန်ရုပ်သံ Cadena Cope ကို ပြောခဲ့တာပါ။
စပိန်နဲ့ ပြင်သစ်အသင်းတို့ဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်အဖြစ် ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ယာမဲလ်နဲ့ဒမ်ဘီလီကို တွေ့ရစဉ်
ယာမဲလ်နဲ့ ဒမ်ဘီလီတို့ဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် ၂၀၂၅ ခုနှစ် အတွက် ချီးမြှင့်မယ့် Ballon d'Or ဆုကိုရရှိဖို့ ရေပန်းစားနေကြတာပါ။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းကို ပြည်တွင်းဖလား ၃ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဒမ်ဘီလီဟာ PSG အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၄ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယာမဲလ်ကတော့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြသမယ့် စွမ်းဆောင်ရည်နဲ့ Ballon d'Or ဆုကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဒါအပြင် ယာမဲလ်က သူဟာ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖလားနဲ့ ကမ္ဘာ့ဖလား ၂ ခုစလုံးကို ရယူနိုင်ဖို့ ကြိုးစား သွားမယ်လို့လည်း ပြောခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးခြင်း မရှိဘူးလို့လည်း ပြောခဲ့တာပါ။
စပိန်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုးသွင်းယူကာ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူထားတဲ့ ယာမဲလ်ဟာ နိုင်ငံအသင်းနဲ့အတူ နောက်ထပ် ဆုဖလားအဖြစ် နေးရှင်းလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 312
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂
မန်စီးတီးအသင်း ညာနောက်ခံလူ ဝေါ်လ်ကာဟာ အငှားကစားခဲ့တဲ့ အေစီမီလန်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီက မန်စီးတီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဝေါ်လ်ကာဟာ အေစီမီလန်အသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားခဲ့ပေမယ့် အသင်းက သူ့ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ပါ။
ဒါပေမယ့် ဝေါ်လ်ကာကတော့ အေစီမီလန်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဖြစ်နိုင်တယ်လို့ စပိန်ဂရမ်းပရီမှာ ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြဟောင်း အယ်လီဂရီကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ခဲ့ ပါတယ်။
အယ်လီဂရီဟာ အေစီမီလန်အသင်းကို စီးရီးအေ ထိပ်ဆုံးနေရာ ပြန်လည်ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတာကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ပြောင်းလဲဖွယ်ရှိနေတာပါ။
ဝေါ်လ်ကာကို တွေ့ရစဉ်
အဲဒါကြောင့် ဝေါ်လ်ကာရဲ့ အေစီမီလန်အသင်းထံ အပြီးသတ် အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ဝေါ်လ်ကာကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းလူစာရင်းထဲ ထည့်သွင်းမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
အသက် ၃၅ နှ စ်အရွယ်ရှိ ဝေါ်လ်ကာဟာ လက်ရှိအချိန်မှာ နိုင်ငံတကာ ပွဲစဉ်တွေ ကစားဖို့ အင်္ဂလန်အသင်း လူစာရင်းထဲ ရွေးချယ်ခြင်း ခံထားရတာပါ။
အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၉၅ ပွဲ ပါဝင်ကစားထားတဲ့ ဝေါ်လ်ကာဟာ ပွဲပေါင်း ၁၀၀ ပြည့်နိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။
အင်္ဂလန်အသင်းဟာ ဇွန်လ ၇ ရက်မှာ ၂၀၂၆ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် အန်ဒိုရာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇွန်လ ၁၀ ရက်မှာတော့ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂
ဘရာဇီးလ်ကြယ်ပွင့်နေမာဟာ ဆန်းတို့စ်အသင်းက ဘိုတာဖိုဂိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဘရာဇီးလ် စီးရီးအေပွဲစဉ်မှာ ဘောလုံးကို လက်နဲ့ပုတ်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ အဝါကတ် ပြသခံခဲ့ရတဲ့ နေမာဟာ ပွဲချိန် ၇၆ မိနစ်မှာ ဘောလုံးကို ဂိုးပေါက်ထဲ လက်နဲ့ပုတ်သွင်းပြီး ဂိုးရယူဖို့ ကြိုးစားခဲ့တာပါ။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက သွင်းဂိုးကို ခွင့်မပြုဘဲ နေမာကို ဒုတိယမြောက် အဝါကတ်ပြသပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်း ပရိသတ်တွေကတော့ ဒီဖြစ်ရပ်အပေါ် အလွန်စိတ်ပျက်နေကြတာပါ။
နေမာကို တွေ့ရစဉ်
ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ ဘိုတာဖိုဂိုအသင်းက အနိုင်ဂိုးသွင်းယူခဲ့တဲ့အတွက် ဆန်းတို့စ်အသင်းဟာ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ဘရာဇီးလ် စီးရီးအေ ပွဲစဉ် ၁၁ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။
နေမာဟာ ဒဏ်ရာကြောင့် ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် စီးရီးအေပွဲစဉ် ၇ ပွဲကို လွဲချော်ထားပြီး ပါဝင်ကစား ထားတဲ့ ၄ ပွဲမှာလည်း ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။
ဒါအပြင် နေမာဟာ ပွဲပယ်ကြောင့် ဆန်းတို့စ်အသင်းရဲ့လာမယ့် ဘရာဇီးလ်စီးရီးအေ ပွဲစဉ်ကိုလည်း လွဲချော်မှာပါ။
နေမာဟာ လက်ရှိအချိန်မှာ ဆန်းတို့စ်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာ ဖြစ်နေကာ ဇွန်လ ၁၂ ရက် နောက်ပိုင်းမှသာ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောထားပါတယ်။
နေမာနဲ့ ဆန်းတို့စ်အသင်းရဲ့ စာချုပ်ဟာ ဇွန်လကုန်ရင် ကုန်ဆုံးမှာပါ။ ဆန်းတို့စ်အသင်းကတော့ နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းမှာ ဆက်ပြီးရှိချင်နေပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal