- By CNI
- Category: အားကစား
- Hits: 395
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
အေစီမီလန်အသင်းဟာ လေဗာကူဆင်အသင်း တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူဖို့အတွက် ဆေးစစ်မှု ပြုလုပ်ခဲ့ တာမှာ အဆင်ပြေမှု မရှိခဲ့တာကြောင့် ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းဖွယ်ရှိနေပါတယ်။
အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်ကို အငှားကြေးယူရို ၅ သန်း၊ အပြီးသတ် ခေါ်ယူခွင့် ယူရို ၂၄ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် ဆေးစစ်မှုပြုလုပ်ခဲ့တာမှာ အဆင်ပြေမှု မရှိခဲ့တာပါ။
အဲဒါကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့ပြီး ဘိုနီဖေ့စ်ဟာ လေဗာကူဆင်အသင်းမှာ ဆက်ပြီးရှိနေ တော့မှာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်ရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပြန်ကြိုးပမ်းဖွယ်ရှိနေတာပါ။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
စီးရီးအေ လက်ရှိချန်ပီယံ နာပိုလီအသင်းကလည်း ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက် မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်း အနေနဲ့ ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ဆိုရင် နာပိုလီအသင်းနဲ့ အပြိုင် ယှဉ်ပြိုင်ရတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းကို အပြီးသတ် ရောင်းချဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း အငှားနဲ့ ထွက်ခွာရမယ့်အစား အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူပြီးနောက် ဟော့ဂျ်လန်းရဲ့ အနာဂတ်ဟာ အသင်းမှာ ရေရာမှု မရှိတော့တာပါ။
ဟော့ဂျ်လန်းဟာ ဖူလ်ဟမ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီး အာဆင်နယ်အသင်းနဲ့ အဖွင့်ပွဲစဉ်တုန်းကလည်း ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်မှာ ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ နွေရာသီ အပြောင်းအရွှေ့ ပိတ်မှာဖြစ်လို့ ဟော့ဂျ်လန်းဟာ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ကလည်း နွေရာသီ ဈေးကွက် ပိတ်သွားရင် အရာအားလုံး ရှင်းရှင်းလင်းလင်း သိရမယ်လို့ ပြောခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 428
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
နာပိုလီအသင်း ကွင်းလယ်လူ တော်မီနေးက သူဟာ အသင်းဖော် ဒီဘရိုင်းဆီကနေ အကြံဉာဏ်တွေ ရယူဖို့ လိုအပ်တယ်လို့ ဆက်ဆူအိုလိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေရာသီ အဖွင့်ပွဲစဉ်အပြီးမှာ ပြောခဲ့ ပါတယ်။
တော်မီနေးက “ဒီဘရိုင်းဟာ ဘယ်လိုအကြံဉာဏ်မှ မလိုပေမယ့် ကျနော်ကတော့ သူ့ဆီကနေ အကြံဉာဏ်တွေ လိုအပ်ပါတယ်။ သူဟာ ဘယ်လိုကစားသမား၊ ဘယ်လိုလူလဲဆိုတာ အားလုံးသိကြပါတယ်။ သူအသင်းမှာ ရှိနေတဲ့ အတွက် ကျနော်တို့ ပျော်ရွှင်ပြီး သူဟာ အရည်အသွေးတွေ အားလုံးကို ယူဆောင်လာပါတယ်။ သူဟာ အလွန် တော်တဲ့ သူဖြစ်ပြီး ကျနော်တို့အားလုံး အတူလက်တွဲကာ အသင်းလိုက် စိတ်ဓါတ်က အရေးကြီးတဲ့ အရာဖြစ်သလို နှိမ့်ချပြီးနေရမယ်”လို့ DAZN ကို ပြောခဲ့တာပါ။
၁၀ နှစ်ကြာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် နာပိုလီအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဒီဘရိုင်းဟာ ဆက်ဆူအိုလို အသင်းနဲ့ပွဲစဉ်မှာ ဖရီးကစ် ကန်ချက်ကနေ လှပတဲ့ သွင်းဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းကို စီးရီးအေ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ တော်မီနေးဟာ ဆက်ဆူအိုလိုအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်း ယူပေး နိုင်ခဲ့တာပါ။

ဒီဘရိုင်းကို တွေ့ရစဉ်
ပွဲအပြီးမှာ တော်မီနေးက သူဟာ ဒီဘရိုင်းဆီကနေ အကြံဉာဏ်တွေ ရယူဖို့ လိုအပ်တယ်လို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် တော်မီနေးက သူတို့ဟာ ဒီနှစ်မှာလည်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဆာလောင်နေပြီး နှိမ့်ချပြီး နေရ မယ်လို့ ပြောခဲ့တာပါ။
နာပိုလီအသင်းဟာ ဒီရာသီမှာ စီးရီးအေဖလားကို ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ဖို့ ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ နာပိုလီအသင်းရဲ့ ကွင်းလယ်မှာ တော်မီနေးနဲ့အတူ တွဲဖက်ကာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ရဖို့ရှိနေတာပါ။
နာပိုလီအသင်းဟာ သြဂုတ် ၃၀ ရက်မှာ စီးရီးအေ ပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းကို အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 431
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က တောင်ပံကစားသမား ဂရီလစ်ရှ်ဆီကနေ မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ချိန်မှာ လုပ်ဆောင်ခဲ့တဲ့ပုံစံ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ ဘရိုက်တန်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က “ကျနော်တို့ဟာ ကျနော်တို့ အားလုံးသိတဲ့ ဂရီလစ်ရှ်ကို လိုချင်ပြီး သူ့အနေနဲ့ ပိုပြီးလုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ သူဟာ ဘောလုံးကို သယ်ဆောင်ပြီး ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်သလို သူဖြစ်စေချင်တဲ့ ပုံစံမျိုး ကျနော် ဖြစ်စေချင်ပါတယ်။ မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့နှစ်မှာ ဂရီလစ်ရှ်ဟာ အလွန်စိတ် လှုပ်ရှား စရာကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပြီး သူ့ကို ဒီလိုပုံစံမျိုး ကျနော်တို့ပြန်ရဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ ဂရီလစ်ရှ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အဲဗာတန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရီလစ်ရှ်ဟာ ဘရိုက်တန်အသင်း နဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့ပြီး အသင်း ရရှိတဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တာပါ။

ဂရီလစ်ရှ်ကို တွေ့ရစဉ်
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည် ပါဝင်ရနိုင် ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်ကလည်း ဂရီလစ်ရှ်ကို အများကြီး မျှော်လင့်ထားပြီး မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့နှစ်မှာ လုပ်ပြခဲ့တဲ့ပုံစံမျိုး လိုချင်နေတာပါ။
ဂရီလစ်ရှ်က အဲဗာတန်အသင်းဟာ ဘောလုံးပွဲတွေမှာ သူ့ရဲ့ချစ်မြတ်နိုးမှုတွေကို ပြန်လည်ရှာဖွေတွေ့ရှိဖို့ ကူညီပေးခဲ့ပြီး ဖြစ်တယ်လို့ ဘရိုက်တန်အသင်းနဲ့ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လိဒ်စ်အသင်းကို အရေးနိမ့်ထားတာကြောင့် ၂ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၃ မှတ်ရရှိထားတာပါ။
အဲဗာတန်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် မန်စ်ဖီးလ်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 365
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅
ဖူလ်ဟမ်နဲ့ ယူနိုက်တက်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပင်နယ်တီ မကန်သွင်းမီ သူ့ကို တိုက်ခဲ့တဲ့အပေါ် တောင်းပန်ခြင်းမရှိခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ခရစ်ကာဗာနော့ဂ်ကို ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “စိတ်ပျက်မိပါတယ်။ ပင်နယ်တီ ကန်သွင်းတဲ့သူတွေမှာ ကိုယ်ပိုင်လုပ်ရိုး လုပ်စဉ်တွေနဲ့ ကိုယ်လုပ်နေကျ အရာတွေရှိပါတယ်။ ဒိုင်လူကြီးက ဒီဖြစ်ရပ်မှာ ကျနော့်ကို မတောင်းပန်ခဲ့တဲ့အတွက် စိတ်ပျက် သွားမိပါတယ်။ ဒီအခိုက်အတန့်ဟာ ကျနော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပေမယ့် ဒါက ပင်နယ်တီ လွဲချော် ရတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ကျနော့်ရဲ့ ကန်သွင်းပုံ ဆိုးရွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်း တိုက်စစ်မှူး မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဦးဆောင် နိုင်ခဲ့ပေမယ့် စမစ်ရိုးလ်က ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်ဇ်ရဲ့ ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာပါ။
ဘရူနိုဖာနန်ဒက်ဇ်ဟာ ဘောလုံးကိုတည်ပြီး ပင်နယ်တီ ကန်သွင်းဖို့ နောက်ဆုတ်ချိန်မှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တဲ့အပေါ် မတောင်းပန်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီးကို ဝေဖန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့သလို ဒုတိယပွဲမှာ လည်း ဖူလ်ဟမ်အသင်းနဲ့ သရေကျခဲ့တာကြောင့် အဖွင့်ပွဲစဉ် ၂ ပွဲကစားအပြီးမှာ နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါ တယ်။
ဘရူနိုဖာနန်ဒက်စ်က သူတို့ဟာ အနိုင်ရယူဖို့လာခဲ့တဲ့အတွက် ဒီရလဒ်ကို စိတ်ပျက်မိတယ်လို့လည်း ပြောခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်က ယူနိုက်တက်အသင်းဟာ အသင်းတစ်သင်း အနေနဲ့ ကြီးပြင်းလာဖို့လိုသလို ကစားသမားတွေအနေနဲ့ ပြန်ပြီးအာရုံစိုက်ရမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဂရင်စဘီတောင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 565
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တယ်လို့ နောက်ပြောင်ခဲ့ပြီး သူက ဘောင်းဘီတိုနဲ့ အလွန်ကြည့်ကောင်းပြီး အလွန်တော်တဲ့ အားကစားသမားလို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့အတူ သတင်းထောက်တွေကို စကားပြောခဲ့တာမှာ “ကျနော် ကစားနိုင်ပါတယ်။ ဒီဘောလုံးသမားတွေရတဲ့ ပိုက်ဆံတွေကို မြင်တာကြောင့် ကြိုးစားပြီး ကစားနိုင်ပါတယ်။ ကျနော်က အလွန်တော်တဲ့ ကစားသမားပါ။ ဘောလုံးကန်ဖို့ ဘောင်းဘီတိုကိုလည်း ဝတ်နိုင်ပြီး ကျနော်ဟာ ဘောင်းဘီတိုနဲ့ အလွန်ကြည့်ကောင်းတယ်”လို့ ပြောခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲအတွက် မဲခွဲမှုကို ဒီဇင်ဘာကျရင် ဝါရှင်တန်မှာ ကျင်းပသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က ဒီပြိုင်ပွဲဟာ အားကစားလောကရဲ့ အကြီးကျယ် ခမ်းနားဆုံး ပွဲဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက မဲခွဲမှုကို တစ်ကမ္ဘာလုံး တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာဖြစ်ပြီး ၁ ဘီလီယံခန့် ကြည့်ရှုလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအရေအတွက်ပေါင်း ၁၀၄ ပွဲ အထိရှိမှာပါ။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမယ့် ဒီပြိုင်ပွဲကို ၄ သင်း ၁၂ အုပ်စု ခွဲသွားမှာဖြစ်ပြီး ထိပ်ဆုံး ၂ သင်းစီက ရှုံးထွက်အဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။
ဒါအပြင် အကောင်းဆုံး အုပ်စုတတိယ ၈ သင်းကလည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရှိအချိန်မှာ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ အသင်းတို့အပြင် သြစတြေးလျ၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ အီကွေဒေါနဲ့ နယူးဇီလန်အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ပြီး ဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 382
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဂိုးသမား အိုနာနာဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ပေမယ့် သူ့ကိုပွဲထွက်လူစာရင်းမှာ အသုံးပြုမလားဆိုတာ အတည်ပြုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အာမိုရင်က “အိုနာနာဟာ ပြီးခဲ့တဲ့ အပတ်ကလိုပဲ ပွဲပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒါကြောင့် ဘယ်သူက ဂိုးသမားအဖြစ် ပွဲထွက်လာမလဲဆိုတာ ပွဲထဲမှာ ကျနော်တို့ မြင်တွေ့ရမှာပါ။ ဖူလ်ဟမ်အသင်းနဲ့ ကစားရတာဟာ အမြဲတမ်းခက်ခဲပြီး သူတို့ဟာ အတွေ့အကြုံရှိသလို လိဂ်အကြောင်းကိုလည်း နားလည်ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲ တစ်ပွဲဖြစ်လာမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
အိုနာနာဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့သလို အသင်းနဲ့ လေ့ကျင့်ချိန်လည်း နည်းပါးခဲ့တဲ့အတွက် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ နည်းပြအာမိုရင်က သူ့ကို အသင်းလူစာရင်းထဲ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့တဲ့ ဘယင်ဒါဟာ အမှားအယွင်း ပြုလုပ်ခဲ့တာကြောင့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ အိုနာနာက ပွဲထွက်ဂိုးသမား နေရာ ကို ပြန်လည် ရရှိလိမ့်မယ်လို့ ဖော်ပြနေကြတာပါ။

အိုနာနာကို တွေ့ရစဉ်
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ကတော့ အိုနာနာကို ပွဲထွက်လူစာရင်းထဲ အသုံးပြုမလားဆိုတာ အတည်ပြုဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အန့်ဝါတ်အသင်းဂိုးသမား လမ်မန်းစ်ကို ခေါ်ယူဖို့ နီးစပ်နေတာကြောင့် ဂိုးသမား အိုနာနာရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အသင်းမှာရှိတဲ့ ကစားသမား အချို့ကို ရောင်းချနိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
စီးရီးအေ ချန်ပီယံ နာပိုလီအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေတဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းနဲ့ပတ်သက်ပြီး နည်းပြ အာမိုရင်က ဈေးကွက်ပိတ်ပြီးတဲ့ အချိန်ထိ စောင့်လိုက်ရင် အရာအားလုံး ရှင်းသွားလိမ့်မယ်လို့ ပြောခဲ့ ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 334
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃
ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါရာသီသစ် အဖွင့် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းက သူဟာ အသင်းဖော်သစ် လူးဝစ်ဒီယက်ဇ်နဲ့ ချက်ချင်း အတွဲအဖက်မိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “သူနဲ့တွဲပြီး အလုပ်လုပ်တာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိသေးပေမယ့် ကျနော်တို့မှာ ချက်ချင်း အတွဲအဖက်မိတဲ့ ချိတ်ဆက်မှု တစ်ခုရှိတယ်လို့ ခံစားရပါတယ်။ သူဟာ ဒီပွဲမှာ ကျနော့်အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့သလို သူသွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း အလွန်ကောင်းမွန်ပါတယ်”လို့ Sky TV ကို ပြောခဲ့တာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ဂျာမန် စူပါဖလားပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာလည်း ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
ဒါအပြင် လူးဝစ်ဒီယက်ဇ်ဟာ ဟာရီကိန်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုးထဲက ၂ ဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းက ဒီပွဲမှာ တစ်သင်းလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကစားသမားဘဝ လိဂ်ပြိုင်ပွဲမှာ ၁၆ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ဒီထဲက ၈ ကြိမ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရရှိခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါဖလားကို ဆက်ထိန်းသိမ်းဖို့နဲ့ ဆုဖလား အောင်မြင်မှု ပိုပြီး ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ဟာရီကိန်းက ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ဂျာမန်ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ်အဖြစ် ဝီစ်ဘာဒန်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် အော့စ်ဘတ်အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 305
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှားအယွင်း ပြုလုပ်ခဲ့ပေမယ့် အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ဘရာဇီးလ် ဆယ်ကျော်သက် အက်စ်တီဗာအိုကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။
မာရက်စ်ကာက “သူ့ကြောင့် ကျနော်တို့ သွင်းဂိုးပေးခဲ့ရတဲ့အတွက် သူဟာ ဒီအမှားတွေကနေ သင်ယူတက်ဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးခြုံပြီးပြောရရင် စွမ်းဆောင်ရည်က အလွန်ကောင်းမွန်ပါတယ်။ သူ့ရဲ့တုံ့ပြန်မှုက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ အဲဒါက ကျနော်တို့နဲ့အတူ သူရှိနေရတဲ့ အကြောင်း ရင်းပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ သွေးပူလေ့ကျင့်ခန်းမှာ ကိုးလ်ပါလ်မာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အက်စ်တီဗာအိုဟာ သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အက်စ်တီဗာအိုဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာပါ။

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲရဲ့ပွဲချိန် ၆ မိနစ်မှာ ဝက်စ်ဟမ်းအသင်း ဦးဆောင်ဂိုးရခဲ့ပြီး အက်စ်တီဗာအိုရဲ့ အမှားကနေ ပါကယ်တာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အက်စ်တီဗာအိုဟာ အမှားအယွင်း ပြုလုပ်ခဲ့ပြီးနောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေပြသကာ ဒီပွဲမှာ ချယ်လ်ဆီးအသင်း သွင်းယူတဲ့ တတိယဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာပါ။
အက်စ်တီဗာအိုဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း နောက်ခံလူ ကူကူရယ်လာက အက်စ်တီဗာအိုဟာ အံ့သြစရာကောင်းတဲ့ပွဲကို ကစားနိုင်ခဲ့ တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရပြီးနောက် နည်းပြ ဂရေဟမ်ပေါ်တာဟာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။
ဂရေဟမ်ပေါ်တာက ဒီရလဒ်တွေအတွက် သူ့မှာတာဝန်ရှိပြီး အသင်းအနေနဲ့ ပိုပြီးကောင်းမွန်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 387
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီဟာ သူ့အတွက် မန်စီးတီးအသင်း သတ်မှတ်ထားတဲ့ ပေါင် ၁၅ သန်းကို တူရကီ ကလပ် ဂါလာတာစာရေးအသင်းက ပေးချေမှာဖြစ်တဲ့အတွက် အနာဂတ်ကို စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
တူရကီချန်ပီယံ ဂါလာတာစာရေးအသင်းဟာ အကန်ဂျီ အပါအဝင် မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်နဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
အကန်ဂျီဟာ မန်စီးတီးအသင်း တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့နှစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမယ့် မန်ချက်စတာကလပ်ဟာ သူ့အတွက် ဂါလာတာစာရေးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေပါတယ်။
အဲဒါကြောင့် အကန်ဂျီဟာ စက်တင်ဘာ ၁ ရက် မတိုင်မီ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာပါ။
မန်စီးတီးအသင်းရဲ့ လူစာရင်းထဲမှာ နောက်ခံလူ ၉ ဦးအထိ ရှိနေတာကြောင့် နည်းပြဂွာဒီယိုလာဟာ ဒီထဲက အချို့ကို ရောင်းချဖို့ အသင်းကို ပြောထားတာ ဖြစ်ပါတယ်။

အကန်ဂျီကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အသင်းလူစာရင်းကို ကျစ်ကျစ်လစ်လစ် ဖြစ်ချင်နေတာကြောင့် လက်ရှိ အသင်း လူစာရင်းကို မပျော်ရွှင်ဘူးလို့ ပြောထားတာပါ။
အကန်ဂျီနဲ့ ဂွန်ဒိုဂန်တို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် အရန်ခုံမှာသာ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကွင်းလယ်ကြယ်ပွင့် အီချီဗာရီကို လေဗာကူဆင်အသင်းထံ ရာသီကုန် အထိ အငှားချခဲ့ပါတယ်။
ဒါအပြင် မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်နဲ့ ဗစ်တာရိစ်တို့ကိုလည်း အငှားချခဲ့ပြီး ကွင်းလယ်လူ မက်ကတီးကို နော်တင်ဟမ်ဖောရက်စ်အသင်းထံ အပြီးသတ် ရောင်းချခဲ့တာပါ။
မန်စီးတီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို အငှားချ ဒါမှမဟုတ် အပြီးသတ် ရောင်းချတာတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 415
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၂
နယ်သာလန် ညာတောင်ပံနောက်ခံလူ ဖရင်ပေါင်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘုန်းမောက် အသင်းနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လီဗာပူးလ် အသင်းရဲ့လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ် တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်အသင်း ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။
နွေရာသီအစောပိုင်းက လေဗာကူဆင် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဖရင်ပေါင်ဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ ဒဏ်ရာခံစားခဲ့ရတာကြောင့် လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ် ၂ ပွဲကို လွဲချော်တော့ မှာပါ။
ဖရင်ပေါင်ရဲ့ ဒဏ်ရာဟာ လီဗာပူးလ်အသင်းအတွက် သတင်းဆိုးဖြစ်ခဲ့ပြီး စက်တင်ဘာ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှသာ အသင်းအတွက် ပြန်ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က “ဆေးအဖွဲ့က ဖရင်ပေါင်နဲ့ ပတ်သက်ပြီး လူစားလဲဖို့ ကျနော့်ကို ပြောခဲ့တာက လုံးဝမှန်ကန်ပါတယ်။ ဘာလို့လဲဆိုရင် ဖရင်ပေါင်ဟာ ပွဲအတွင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် လာမယ့် နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးတဲ့ အချိန်အထိ အနားယူရတော့မှာပါ။ ဒီပွဲတွေအပြီးမှာ သူပြန်လာနိုင်ဖို့ ကျနော်တို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်း ကစားသမား ဖရင်ပေါင်ကို တွေ့ရစဉ်
ဖရင်ပေါင် မပါဝင်နိုင်ချိန်မှာ လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူ တစ်ဦးဖြစ်တဲ့ ကော်နာဘရက်ဒလေကို အသုံးပြုလို့ရပေမယ့် သူကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့ လေ့ကျင့်မှုတွေပြန်ပြီး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ် ကစားသမား တွေဖြစ်တဲ့ အန်ဒိုနဲ့ ဆိုဘော့ဆလိုင်းတို့ ၂ ဦးထဲက တစ်ဦးကို ညာနောက်ခံလူ နေရာမှာ အသုံးပြုသွားဖို့ ရှိနေတာ ပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို နောက်ကျ သွင်းဂိုးတွေ ကြောင့် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆု ဆက်ထိန်းသိမ်းဖို့ အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal
