- By CNI
- Category: အားကစား
- Hits: 457
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းက သူ့ကိုဒီနွေရာသီမှာ ရောင်းချဖို့ ရည်ရွယ်ထား ပေမယ့် ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်ပြီးနောက် အသင်းရဲ့ အရန်ခုံတန်းမှာထိုင်ပြီး ရာသီကုန်ဆုံးဖို့ ဆန္ဒရှိနေပါတယ်။
Gazzetta dello Sport က ဗလာဟိုဗစ်ဟာ သူ့ရဲ့ စာချုပ်နောက်ဆုံးနှစ်မှာ ရရှိမယ့် အသားတင် လစာယူရို ၁၂ သန်းကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ စီမံခန့်ခွဲမှုအဖွဲ့ကို ပြောထားတယ်လို့ ဖော်ပြထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဗလာဟိုဗစ်ကို ဒီနွေရာသီမှာ ရောင်းချချင်နေပေမယ့် သူကတော့ အသင်းမှာ နောက်ထပ် တစ်ရာသီကြာ ဆက်နေပြီး အဆုံးသတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဗလာဟိုဗစ်ဟာ ဖီနာဘာချီ၊ ဆော်ဒီကလပ် အသင်းတွေနဲ့ အေစီမီလန်အသင်းတို့ရဲ့ကမ်းလှမ်းမှုကို ရရှိထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အကြီးအကျယ် ပြောင်းလဲဖို့ စီစဉ်နေပြီး ဗလာဟိုဗစ်ကို ရောင်းချတာကနေ ပြောင်းရွှေ့ကြေး ရှာဖွေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဗလာဟိုဗစ်ကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းနဲ့ ဒီရာသီကုန်ရင် ကုန်ဆုံးမယ့် ဗလာဟိုဗစ်ဟာ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရရှိသလို အသင်းရဲ့ ရေရှည်စီမံကိန်းမှာ ပါဝင်မှု မရှိတော့တာပါ။
ပြီးခဲ့တဲ့ရာသီက PSG အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ကိုလိုမူအာနီကို ခေါ်ယူချင်နေတဲ့ ဂျူဗင်တပ်စ် အသင်းဟာ ဗလာဟိုဗစ်ကို ယူရိုသန်း ၂၀ ဝန်းကျင်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ချိန်က လက်တွဲ ခဲ့တဲ့ ဗလာဟိုဗစ်ကို ဆန်စီရိုထံ ခေါ်ယူချင်နေပေမယ့် ဆွေးနွေးမှုတွေဟာ ရပ်တန့်နေခဲ့တာပါ။
အဲဒါကြောင့် အေစီမီလန်အသင်းဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို အငှားနဲ့ခေါ်ယူနိုင်ဖို့ အာရုံ စိုက်လာခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကတော့ ဗလာဟိုဗစ် အနေနဲ့ ပြန်လည်စဉ်းစားပြီး ကမ်းလှမ်းမှုတွေ လက်ခံကာ အသင်းကို အကူအညီပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဗလာဟိုဗစ်ဟာ ဂျူဗင်တပ်စ်အသင်းအတွက် ၁၄၅ ပွဲ ကစားခဲ့ပြီး ၅၈ ဂိုး သွင်းယူကာ ကိုပါအီတာလီယာဖလား ၁ ကြိမ်သာ ဆုဖလားအောင်မြင်မှု ရယူထားနိုင်တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 412
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ သူတို့နဲ့ တွေ့ဆုံရမယ့်အပေါ် ဘင်ဖီကာအသင်း ပျော်ရွှင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ဘင်ဖီကာအသင်းဟာ ကြီးမားတဲ့ ကလပ်ဖြစ်တဲ့အတွက် ပလေးအောဖ့်ပွဲစဉ်က လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဘင်ဖီကာအသင်းက ကျနော်တို့နဲ့ တွေ့ရမယ့် အပေါ်မှာ မပျော်ရွှင်ဘူးလို့ ထင်ပါတယ်။ သူတို့က ဖီယင်နုအသင်းနဲ့ တွေ့ဆုံရမှာကို ပိုပြီးနှစ်သက်မှာပါ။ ကျနော်တို့ဟာ ဖီယင်နုထက် ပိုပြီးသန်မာတယ်ဆိုတာကို သူတို့သိသလို သူတို့အတွက် လွယ်ကူမှာ မဟုတ်ဘူးဆိုတာလည်း သူတို့သိပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို ကစားချင်တယ်”လို့ ပြောခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်မှာ ဖီယင်နုအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၄ ဂိုးနဲ့ ဖီယင်နုအသင်းကို အနိုင်ရပြီး ပလေးအောဖ့်အဆင့် တက်နိုင်ခဲ့တာပါ။

ဖီနာဘာချီအသင်း ယှဉ်ပြိုင်နေစဉ်
ဖီနာဘာချီအသင်းဟာ ပလေးအောဖ့် အဆင့်မှာ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက ဒီပွဲမှာ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုက ပွဲကိုခြားနားသွားခဲ့ပြီး အဆုံးအဖြတ် ဖြစ်ခဲ့တယ်လို့လည်း ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဒါအပြင် မော်ရင်ဟိုက သူတို့ဟာ ဘင်ဖီကာအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောခဲ့ပါတယ်။
ဖီနာဘာချီနဲ့ ဘင်ဖီကာအသင်းရဲ့ ချန်ပီယံလိဂ် ပလေးအောဖ့် ပွဲစဉ်ကို သြဂုတ် ၂၀ နဲ့ ၂၇ ရက်မှာ ယှဉ်ပြိုင်သွား မှာပါ။
ဖီနာဘာချီအသင်းဟာ သြဂုတ် ၁၆ ရက်မှာ တူရကီစူပါလိဂ် ပွဲစဉ်အဖြစ် ဂေါ့ဇ်တီပီအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Portugoal
- By CNI
- Category: အားကစား
- Hits: 464
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
စပါးအသင်းနဲ့ယှဉ်ပြိုင်မယ့် ဥရောပစူပါဖလားပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် အီတလီဂိုးသမား ဒွန်နာရမ်မာက PSG အသင်းကနေ သူထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒွန်နာရမ်မာက “ကျနော်ဟာ ဒီကိုရောက်ခဲ့တဲ့ ပထမနေ့ကနေစပြီး PSG အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ဖို့ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ အရာအားလုံးကို ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ တစ်စုံတစ်ဦးက ကျနော်ဟာ ဒီအသင်းရဲ့ အစိတ်အပိုင်းထဲမှာ မပါဝင်တော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော် အလွန်စိတ်ပျက် ပါတယ်။ PSG အသင်းအိမ်ကွင်းမှာ ပရိသတ်တွေကို နှုတ်ဆက်ချင်ပေမယ့် ဒီလိုမဖြစ်ခဲ့ရင်လည်း ခင်ဗျားတို့ရဲ့ အားပေးမှုတွေက ကျနော့်အတွက် ကမ္ဘာကြီးဖြစ်ပြီး ဒါကို ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒီကလပ်အတွက် ကစားပြီး ဒီမြို့မှာ နေထိုင်ရတာကို ဂုဏ်ယူတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့် PSG အသင်းနဲ့ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ဒွန်နာရမ်မာဟာ အသင်းနဲ့အဆင်မပြေမှုတွေ ရှိလာခဲ့ပြီး ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်လီအသင်း ဂိုးသမား ချီဗာလီရာကို ခေါ်ယူခဲ့တာပါ။
PSG အသင်းဟာ ချီဗာလီရာကို နံပါတ်တစ် ဂိုးသမားအဖြစ် သတ်မှတ်ခဲ့ပြီး ဒွန်နာရမ်မာကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒွန်နာရမ်မာကို တွေ့ရစဉ်
ဒွန်နာရမ်မာကတော့ သူ့အပေါ် PSG အသင်းရဲ့ ဆက်ဆံမှုကို စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တာပါ။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒွန်နာရမ်မာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာ သံသယံမရှိသလို ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်အတွက် သူဟာ ၁၀၀ ရာခိုင်နှုန်း တာဝန်ယူမှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် လူးဝစ်အင်းနရစ်က ဒွန်နာရမ်မာဟာ သူ့အသင်းလိုအပ်တဲ့ ဂိုးသမားပုံစံနဲ့ မတူညီတာကြောင့်လို့လည်း ပြောခဲ့တာပါ။
PSG အသင်းဟာ ဒွန်နာရမ်မာအတွက် ပေါင်သန်း ၄၀ ဝန်းကျင် လိုချင်နေပြီး သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်၊ မန်စီးတီးအသင်း အပါအဝင် အသင်း အများအပြားက ချိတ်ဆက်မှုတွေ ပြုလုပ်နေကြပါတယ်။
၂၀၂၁ ခုနှစ်က အေစီမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဒွန်နာရမ်မာဟာ PSG အသင်းအတွက် ၁၆၁ ပွဲ ပါဝင်ကစားခဲ့ပြီး လီဂူး-၁ ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 323
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂
ပရီးမီးယားလိဂ် ကလပ်အသင်းတွေထံ ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုပြီး ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့ စပိန်ကြယ်ပွင့် ဖာမင်လိုပက်ဇ်က ဘာစီလိုနာအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။
ဖာမင်လိုပက်ဇ်က “ကျနော်ဒီမှာ ဆက်ရှိချင်ပါတယ်။ ဒါက ကျနော့်ရဲ့ အိပ်မက်ဖြစ်ပြီး ကျနော် ဆက်နေမှာပါ။ အသင်းကို ကူညီရတာ ကျနော်ပျော်ရွှင်ပါတယ်။ အများကြီး ပြောပြီးပြီ ဖြစ်ပေမယ့် ဒီအရောင်တွေကို ဆက်ပြီး ကာကွယ်သွားမှာ ဖြစ်သလို အလုပ်ကို ကြိုးစားလုပ်သွားမှာပါ။ ပရိသတ်တွေ အနေနဲ့ အေးဆေး အနားယူနိုင် ပါတယ်”လို့ Mundo Deportivo ကို ပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းကြီးအတွက် ၂၀၂၃ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး ၈၈ ပွဲကစားထားကာ ၁၉ ဂိုး သွင်းယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်း ပြည်တွင်းဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့တဲ့ ဖာမင်လိုပက်ဇ်ဟာ ၂၀၂၉ ခုနှစ်အထိ အသင်းမှာရှိမယ့် စာချုပ်သစ် ချုပ်ဆိုထားတာပါ။

ဖာမင်လိုပက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် ဖာမင်လိုပက်ဇ်ဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ဖာမင်လိုပက်ဇ်ဟာ နည်းပြဟန်ဆီဖလစ်ရဲ့ အစီအစဉ်မှာ အဓိက အစိတ်အပိုင်း အနေနဲ့ ရှိနေတယ်လို့ သိရပါတယ်။
ဖာမင်လိုပက်ဇ်ဟာ အသက် ၁၃ နှစ်အရွယ် ကတည်းကရှိခဲ့တဲ့ ဘာစီလိုနာအသင်းမှာ အမြဲတမ်းရှိနေဖို့ ဆန္ဒရှိ နေတာပါ။
ဖာမင်လိုပက်ဇ်ဟာ ကိုမိုအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယိုအမ်ဂမ်ပါ ဖလားပွဲစဉ်မှာ ဘာစီလိုနာအသင်း အတွက် ၂ ဂိုးသွင်းပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ရာသီကြို ခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ သြဂုတ် ၁၆ ရက်မှာ လာလီဂါ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် မာယော့ကာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 398
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂
ပေါ်တူဂီနဲ့အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ကာလရှည်ကြာ လက်တွဲဖော် ဂျော်ဂျီနာနဲ့ စေ့စပ်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဂျော်ဂျီနာဟာ သူမရဲ့ ကြီးမားတဲ့ စေ့စပ်လက်စွပ်ပုံ တစ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ဒီသတင်းကို ထုတ်ဖော်ခဲ့တာပါ။
ရော်နယ်ဒိုနဲ့အတူ တွဲလာတာ ၉ နှစ်ကြာ ရှိခဲ့ပြီးနောက် ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့ လက်အပေါ်မှာ ကြီးမားတဲ့ စေ့စပ် လက်စွပ်ဝတ်ဆင်ထားတဲ့ သူမရဲ့လက်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဂျော်ဂျီနာက “ကျမ သဘောတူတယ်၊ ဒီအရာနဲ့ ကျမရဲ့ဘဝတစ်ခုလုံး”ဆိုပြီး စာရေးသားခဲ့တာပါ။
ဂျော်ဂျီနာဟာ ပြီးခဲ့တဲ့ ဧပြီကလည်း သူမရဲ့ လက်ချောင်းပေါ်မှာ မတူညီတဲ့ လက်စွပ်ကို ဝတ်ဆင်ခဲ့တာကြောင့် ရော်နယ်ဒိုနဲ့ စေ့စပ်ခဲ့ပြီဆိုတဲ့ ထင်ကြေးတွေ အများအပြား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက Globe Soccer Awards ဆုပေးပွဲကို တက်ရောက်ချိန်မှာ ဂျော်ဂျီနာကို သူ့ရဲ့ဇနီးဆိုပြီး ထုတ်ပြောခဲ့တာပါ။
ဒါအပြင် ရော်နယ်ဒိုက သူဟာဂျော်ဂျီနာနဲ့ လက်ထပ်ပွဲ ကျင်းပဖို့ ၁,၀၀၀ ရာခိုင်နှုန်း သေချာတယ်လို့လည်း ပြောထားပါတယ်။
ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ဟာ ၂၀၁၆ ခုနှစ်က မက်ဒရစ်မှာရှိတဲ့ Gucci ဆိုင်မှာ ဂျော်ဂျီနာ အလုပ်လုပ်နေချိန် တွေ့ဆုံခဲ့ကြတာပါ။
သူတို့နှစ်ဦးဟာ အသက် ၇ နှစ်အရွယ်ရှိ အယ်လာနာနဲ့ ၃ နှစ်အရွယ်ရှိ ဘယ်လာတို့ သမီးနှစ်ဦးကို ပိုင်ဆိုင် ထားပါတယ်။
ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့ နောက်ထပ်ကလေး ၃ ဦးဖြစ်တဲ့ ၁၅ နှစ်အရွယ်ရှိ ရော်နယ်ဒို ဂျူနီယာ၊ ၈ နှစ်အရွယ်ရှိ မက်တီယိုနဲ့ အီဗာတို့ကိုလည်း ပြုစုပျိုးထောင်ပေးနေတာပါ။
ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ အယ်လ်နာဆာ အသင်းနဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်နေပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ သွင်းဂိုး အများအပြား သွင်းယူထားတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 362
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားအချို့ကို အချိန်မီ စာရင်းသွင်းနိုင်ခြင်း မရှိဘူးလို့ ဝန်ခံထားတာကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ လာလီဂါအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
လာပေါ်တာက “စာရင်းသွင်းနိုင်အောင် ကျနော်တို့ လုပ်ဆောင်နေပါတယ်။ မာခ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဂါစီယာကို စာရင်းသွင်းဖို့ ရွေးချယ်ခွင့် ရှိခဲ့ပါတယ်။ ကျန်ရှိတဲ့ သူတွေကိုလည်း စာရင်းသွင်းနိုင်ဖို့ ဆောင်ရွက် နေပါတယ်။ ဒီတစ်ပတ်ထဲမှာ သတင်းကောင်းတွေ ရရှိလာဖို့ ကျနော်တို့ မျှော်လင့်ထားပြီး စာရင်းသွင်းနိုင်ဖို့ အချိန်တွေရှိပါတယ်”လို့ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး စပိန်ကလပ်ဟာ သူ့ကိုပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ကိုမိုအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယိုအန်ဂမ်ပါ ရာသီကြို ဖလားပွဲ အပါအဝင် ဘာစီလိုနာ အသင်းအတွက် ခြေစမ်းပွဲ ၄ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်း ရာသီစတင်တိုင်း ကြုံတွေ့နေကြဖြစ်တဲ့ ကစားသမားသစ်တွေကို စာရင်းမသွင်းနိုင်တဲ့ ပြဿနာကြောင့် လာလီဂါအဖွင့်ပွဲစဉ်ကို ပါဝင်နိုင်ဖွယ်မရှိတာပါ။
ဘာစီလိုနာအသင်းဟာ ဂိုးသမား စတီဂန်နဲ့ အငြင်းပွားမှုကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် ဂိုးသမားသစ် ယိုအန်ဂါစီယာ ကို လူစာရင်းထဲ စာရင်းသွင်းနိုင်မှာ ဖြစ်ပေမယ့် ကစားသမားသစ်တွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ရွန်နီနဲ့ စာချုပ်သစ် ချုပ်ခဲ့ တဲ့ ဂိုးသမား ဆက်ဇနီတို့ကို စာရင်းသွင်းနိုင်ဖို့ စောင့်ဆိုင်းရဖို့ ရှိနေတာပါ။
ပြီးခဲ့တဲ့ရာသီက ပြည်တွင်းဆုဖလား ၃ ခု ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီသစ်မှာ ဆုဖလား အောင်မြင်မှု တွေ အများကြီးရဖို့ မျှော်လင့်ကြောင်းလည်း လာပေါ်တာက ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ မာယော့ကာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 369
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂
ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှုတွေရှိနေတဲ့ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းကို ပြတ်သားတဲ့ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
ဂါနာချိုဟာ ဆန်ချို၊ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်၊ မာလာစီယာတို့နဲ့အတူ ယူနိုက်တက် အသင်းကြီးနဲ့အဝေးမှာ သီးခြား လေ့ကျင့်မှုပြုလုပ်ဖို့ ညွှန်ကြားခြင်း ခံထားရတာပါ။
ရက်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာအသင်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ကျန်တဲ့ကစားသမား ၄ ဦးက အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရလို့ စိတ်ပျက်ကြောင်း ပြောခဲ့ပြီးနောက် နည်းပြအာမိုရင်က သူ့ကို အသင်းသစ် ရှာဖွေဖို့ ပြောထားတာပါ။
ဂါနာချိုဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို သူနဲ့ လန်ဒန်ကလပ်တို့ အကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရရှိပြီးဖြစ်ပါတယ်။

ဂါနာချိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အစောပိုင်းက ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ လိုချင်ခဲ့ပေမယ့် သူ့ကို ထွက်ခွာ ခွင့်ပြုနိုင်ဖို့အတွက် ပေါင်သန်း ၅၀ အထိ လျှော့ချပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းက ပေါင်သန်း ၃၀ ကျော်သာပေးဖို့ ဆန္ဒရှိနေတာကြောင့် ဆွေးနွေးမှုတွေမှာ အဆင်ပြေမှု မရှိသေးတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဂါနာချိုဟာ ချယ်လ်ဆီးအသင်းထံ အပြောင်းအရွှေ့ ဖြစ်အောင် လုပ်ပေးမလား ဒါမှမဟုတ် နောက်ထပ် ၆ လကနေ ၁၂ လအထိ ဘောလုံးမကစားပဲ ဒီမှာဆက်နေ မယ်ဆိုပြီး ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကို ပြောခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဂါနာချိုအတွက် ယူနိုက်တက်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရပြီး နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းအတွက် ၁၄၄ ပွဲ ကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ် နိုင်ခဲ့ပြီး FA ဖလားနဲ့ ကာရာဘောင်းဖလား တစ်ကြိမ်စီ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 416
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
ချယ်လ်ဆီးအသင်းဟာ နယ်သာလန်ကြယ်ပွင့် ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ကစားသမား အလဲအလှယ်အတွက် လိုက်ပ်ဇစ်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
The Guardian က ကစားသမား လဲလှယ်မှုအရ ပြင်သစ်ကစားသမား အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ ၂ ရာသီကြာပြီးနောက် အသင်းဟောင်း လိုက်ပ်ဇစ်အသင်းထံ ပြန်ရောက်ရှိသွားနိုင်တယ်လို့ ဖော်ပြထားတာပါ။
လိုက်ပ်ဇစ်အသင်းဟာ တိုက်စစ်မှူး ဆက်စ်ကို,ကို ယူနိုက်တက်အသင်းထံ ရောင်းချခဲ့ပြီးနောက် သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် အန်ကွန်ကူကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ ရုန်းကန်နေရတာကြောင့် ဒီနွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဇာဗီဆိုင်မွန်ကို ခေါ်ယူဖို့အတွက် ပေါင် ၆၁ သန်း ကုန်ကျဖွယ်ရှိတာကြောင့် ပေါင်သန်း ၄၀ တန်ကြေးရှိတဲ့ အန်ကွန်ကူကို ဒီအပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းထဲမှာ ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။

ဇာဗီဆိုင်မွန်ကို တွေ့ရစဉ်
အန်ကွန်ကူဟာ လိုက်ပ်ဇစ်အသင်းမှာ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၁၇၂ ပွဲမှာ ၇၀ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အန်ကွန်ကူဟာ လိုက်ပ်ဇစ်အသင်းနဲ့ ပိုကယ်လ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပြီး အကောင်းဆုံးအချိန်တွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသလို ဒဏ်ရာကနေ သက်သာချိန်မှာလည်း ပွဲကစားချိန် အကန့်အသတ်နဲ့သာ ရရှိခဲ့တာပါ။
အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ပြီး ယူနိုက်တက်အသင်း အပါအဝင် အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကို ရရှိခဲ့ပါတယ်။
ဇာဗီဆိုင်မွန်ကတော့ လိုက်ပ်ဇစ်အသင်းမှာ ၂ ကြိမ် အငှားကစားပြီးနောက် ဇန်နဝါရီမှာ အပြီးသတ် ပြောင်းရွှေ့ ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဇာဗီဆိုင်မွန်အပြင် ယူနိုက်တက်အသင်း တောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာမီ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ ယုံကြည်နေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 443
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
ချီကာဂိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ LAFC အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ဆွန်ဟောင်မင်က သွင်းဂိုးတွေ အမြန်ဆုံးသွင်းယူနိုင်ဖို့ မျှော်လင့်တယ်လို့ Apple TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ကျနော့်ရဲ့ ပွဲဦးထွက်အတွက် ပျော်ရွှင်ပြီး သွင်းဂိုးတွေ အမြန်ဆုံး သွင်းယူနိုင်ဖို့ ကျနော် မျှော် လင့်ပါတယ်။ လာမယ့် အပတ်အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပြီး ကျနော့်ရဲ့ တိုးတက်မှု တွေကို မြင်တွေ့ရမှာပါ။ လာမယ့်ပွဲမှာ ကျနော်ပွဲထွက် လူစာရင်း ပါဝင်နိုင်ပြီး ကြီးမားတဲ့ သက်ရောက်မှုဖြစ်တာကို မြင်တွေ့ ရမလားဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့တာပါ။
၁၀ နှစ်ကြာ ကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာပြီး LAFC အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ချီကာဂိုအသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အသင်းအတွက် လူစားလဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
ဆွန်ဟောင်မင်ဟာ ချီကာဂိုအသင်း နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး သူ့ကြောင့် ရရှိတဲ့ ပင်နယ်တီကနေ LAFC အသင်း ဒုတိယမြောက် ချေပဂိုးရရှိခဲ့တာပါ။
ဆွန်ဟောင်မင်ကတော့ ပွဲဦးထွက်အတွက် ပျော်ရွှင်ပေမယ့် နိုင်ပွဲမရတဲ့အပေါ် အနည်းငယ် စိတ်ပျက်မိတယ်လို့ လည်း ပြောခဲ့ပါတယ်။
LAFC အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ချုပ်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ လာမယ့် နယူးအင်္ဂလန် ရီဗော်လူးရှင်း အသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်တာပါ။
LAFC အသင်းဟာ ချီကာဂိုအသင်းနဲ့ သရေရလဒ်ကြောင့် မေဂျာလိဂ် အနောက်ပိုင်းဇုန် အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဆန်ဒီယေဂိုအသင်းထက် ၃ ပွဲလျော့ကစားကာ ၁၀ မှတ် ကွာဟ နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
ခရစ္စတယ်ပဲလေ့စ်အသင်းကြယ်ပွင့် အီဇီဟာ ကွန်မြူနတီဒိုင်း ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးတွေကို တုံ့ပြန်မှု ပြုလုပ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလက FA ဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ အီဇီဟာ လီဗာပူးလ်အသင်းကို ပင်နယ်တီနဲ့အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ တာပါ။
အီဇီဟာ နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေပြီး သူကလည်း အသင်းဟောင်းထံ ပြန်သွားချင်နေတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။
အီဇီဟာ ကွန်မြူနတီဒိုင်း ချန်ပီယံဆုတံဆိပ် ရယူပြီးနောက် လှေကားကနေ ဆင်းလာချိန်မှာ ပရိသတ်တစ်ဦးက အာဆင်နယ်အသင်းထံ ပြောင်းရွှေ့မယ့် အလားအလာနဲ့ ပတ်သက်ပြီး သူ့ကို မေးမြန်းခဲ့တာပါ။
အီဇီဟာ အဆိုပါ ပရိသတ်နဲ့ မျက်လုံးချင်းဆုံပြီး အပြုံးနဲ့ တုံ့ပြန်ကာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အီဇီရဲ့ အမူအရာကြောင့် သူဟာ ဒီနွေရာသီမှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ မြောက်လန်ဒန်ကို သွားရောက်လိမ့်မယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာရှိတဲ့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြတာပါ။

အီဇီကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ဆုဖလား အောင်မြင်မှု ရယူနိုင်ဖို့အတွက် ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်၊ စပိန် ကွင်းလယ်လူ ဇူဘီမန်ဒီ၊ အင်္ဂလန်ကြယ်ပွင့် မာဒူကီ အပါအဝင် ကစားသမား အချို့ အားဖြည့်မှုတွေ ပြုလုပ်ထား တာ ဖြစ်ပါတယ်။
အီဇီနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်း ဟာ အခုလအစောပိုင်းက သက်တမ်း ကုန်ဆုံးသွားပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
အာဆင်နယ်အသင်းကတော့ အီဇီကို ပေါင် ၆၈ သန်းအောက်သာပေးပြီး ခေါ်ယူဖို့ ဆန္ဒရှိနေသလို ခရစ္စတယ်ပဲလေ့စ် အသင်းကလည်း ၂၀၂၇ ရာသီကုန်အထိသာ စာချုပ်ရှိတော့တဲ့ အီဇီရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချသွားနိုင်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အီဇီကို ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ရင် သူတို့ရဲ့နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၂၅၀ ကျော်သွားမှာ ဖြစ်ပါတယ်။
Source: Dailymail
