- By CNI
- Category: အားကစား
- Hits: 360
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်း ရွေးချယ်မှုကို ကာကွယ်ခဲ့ပြီး တစ်ပွဲလုံး ပွဲကိုကြီးစိုးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ ပွဲကိုကောင်းမွန်စွာ စတင်နိုင်ခဲ့သလို တစ်ပွဲလုံးလည်း ကြီးစိုးနိုင်ခဲ့ပါတယ်။ လူတိုင်း က အကောင်းဆုံးရလဒ် ရယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး တစ်ပွဲလုံး ကြီးစိုး နိုင်ခဲ့တဲ့အတွက် ကစားသမားတွေနဲ့ အသင်းကို အလွန်ဂုဏ်ယူပါတယ်။ ဒါပေမယ့် ရလဒ်ကိုတော့ အလွန်စိတ်ပျက် ပါတယ်။ ပွဲကို ကြီးစိုးနိုင်ခဲ့တာကိုတော့ ကျနော်ဂုဏ်ယူမိတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်မှာ ဟာလန်းရဲ့ပွဲချိန် ၉ မိနစ်မှာ သွင်းယူတဲ့ သွင်းဂိုးကြောင့် မန်စီးတီးအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီး မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ မာတင်နယ်လီက ချေပဂိုးသွင်းယူခဲ့တာ ကြောင့် ၁ ဂိုးစီ သရေကျခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရလဒ်ကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့မန်စီးတီးယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၇.၂ ရာခိုင်နှုန်း ရရှိတဲ့အထိ မန်စီးတီးအသင်းကို အသာစီး ကစားနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ဂွာဒီယိုလာကိုင်တွယ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ စံချိန်တင်ရရှိတဲ့ ဘောလုံး ပိုင်ဆိုင်မှု ဖြစ်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲစဉ်မှာ ဦးဆောင်ဂိုး သွင်းယူပြီးနောက်ပိုင်း တန်ပြန်တိုက်စစ်တွေနဲ့သာ ထိုးဖောက်ဖို့ ကြိုးစားပြီး ခံစစ်မှာ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ၅ မှတ် ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက သူ့ရဲ့ ကစား သမားတွေဟာ ချန်ပီယံဆု ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာ ယုံကြည်မှုရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာဖြစ်ပြီး အာဆင်နယ်အသင်းကိုလည်း အနိုင်ရရှိထားပါတယ်။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ပေါ့ဗေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 667
အဲဗာတန်နဲ့ပွဲမှာ လီဗာပူးလ်အတွက် အစ်ဆက် ပွဲထွက်ဖွယ်ရှိ
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က နယူးကာဆယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး အစ်ဆက်ဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေပါတယ်။
ဗြိတိန်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိသေးတာပါ။
အစ်ဆက်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
ဒါပေမယ့် အစ်ဆက်ဟာ အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပြီး ၅၈ မိနစ်အထိ ပါဝင်ကစားခဲ့တာပါ။
ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို နွေရာသီက ပေါင် ၇၉ သန်းနဲ့ ခေါ်ယူထားတဲ့ အက်ကီတီကေက ပွဲထွက်ခဲ့ပြီး ၂ ဂိုး သွင်းယူထားပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ၄-၃-၃ ကစားကွက်ပုံစံကို အများဆုံး အသုံးပြုတာကြောင့် အစ်ဆက်နဲ့ အက်ကီတီကေတို့ဟာ အသင်းရဲ့ ပွဲထွက် တိုက်စစ်မှူး နေရာအတွက် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အစ်ဆက်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုဖွယ် ရှိ/မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ချိန်မှာ နည်းပြ အာနီဆလော့က သူဟာ ပွဲမတိုင်မီ တစ်ရက်အလိုမှာ မီဒီယာတွေကို အများကြီး မပြောဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် အာနီဆလော့က အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အစ်ဆက်နဲ့အက်ကီတီကေတို့ ၂ ဦးစလုံးကို ပွဲထွက် လူစာရင်းထဲ အသုံးပြုနိုင်ပြီး တစ်ဦးကို ဘယ်တောင်ပံမှာ အသုံးပြုနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ၅ ပွဲစလုံး နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂါလာတာ စာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 645
ပုပ်ရဟန်းမင်းကြီးတောင် မိမိစနစ်ကို မပြောင်းလဲနိုင်ဘူးလို့ အာမိုရင် ပြော
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဝေဖန်မှုတွေ ခံနေရတဲ့ သူ့ရဲ့ ၃-၄-၃ ကစားကွက် ပုံစံစနစ်ကို ပုပ်ရဟန်း မင်းကြီးတောင် ပြောင်းလဲအောင် မလုပ်နိုင်ဘူးလို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒါကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ ပုပ်ရဟန်းမင်းကြီးတောင် ပြောင်းအောင်လုပ်လို့ မရပါဘူး။ ဒါက ကျနော့် အလုပ်ဖြစ်ပြီး ဒါကို ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ဒါက ကျနော့်ဘဝဖြစ်ပြီး ပြောင်းလဲမှု တွေ လုပ်သွားမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း ၃၃ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီသစ် စတင်ခဲ့ပြီးနောက် နည်းပြအာမိုရင်ဟာ ဖိအားတွေ အများကြီး ခံစားနေရတာ ဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူအသုံးပြုနေတဲ့ ၃-၄-၃ ကစားကွက် ပုံစံစနစ်နဲ့ပတ်သက်ပြီး ဝေဖန်မှု အများအပြား ခံနေရကာ ဒီစနစ်ကို ပြောင်းလဲဖို့ အများအပြားက အကြံပြုခဲ့ကြတာပါ။

အာမိုရင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒါကြောင့် ဆာဂျင်ရက်ကလစ်ဖ်ဟာ သူ့ရဲ့ကစားကွက် ပုံစံစနစ်ကို ပြောင်းလဲဖို့ အကြံပြုခဲ့ခြင်း ရှိ/မရှိ သတင်း ထောက်တွေက မေးမြန်းခဲ့ချိန်မှာ ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က ဒါကို ပုပ်ရဟန်းမင်းကြီးတောင် ပြောင်းလဲအောင်လုပ်လို့ မရဘူးလို့ ဖြေသွားခဲ့တာပါ။
ဒါအပြင် အာမိုရင်က သူဟာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိနေဆဲဖြစ်ပြီး သူ့ကို စာချုပ်သစ် ကမ်းလှမ်း ခဲ့တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချိုဟာ ဒီပွဲမှာ အိုးထရက်ဖို့ဒ် ကွင်းထဲ လာရောက်ပြီး အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ပြိုင်ဘက် ကစားသမားအဖြစ် ဂါနာချိုနဲ့ ရင်ဆိုင်ရမယ့် အပေါ်မှာ စိတ်ပူစရာအကြောင်း မရှိသလို ပွဲကိုအနိုင်ရယူနိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 456
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁
နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဘရန်ဖို့ဒ်အသင်းကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဝီဆာဟာ ကွန်ဂို အတွက် နိုင်ငံတကာ ပွဲပါဝင်ကစားချိန်မှာ ဒူးဒဏ်ရာ ခံစားခဲ့ရတာကြောင့် အနည်းဆုံး ၄ ပတ်ကြာ အနားယူရဖွယ် ရှိတယ်လို့ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ပြောခဲ့ပါတယ်။
အက်ဒီဟောင်းက “လူတိုင်းက ဝီဆာကို အမြန်ကောင်းမွန် စေချင်နေပါတယ်။ နိုင်ငံတကာ ပွဲကစားခဲ့ချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့ သူ့ရဲ့အခြေအနေကို ကျနော်တို့ အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ လာမယ့် နိုင်ငံတကာ ပွဲစဉ်အပြီးအထိ သူအနားယူရမယ်လို့ ကျနော်ထင်ပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ သူပြန်လာနိုင်ဖို့ မျှော် လင့်ပြီး သူဟာ ကျနော်တို့အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ဝီဆာကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့နွေရာသီက ကြိုးပမ်းမှု အများအပြား ပြုလုပ်ခဲ့ပြီး အစော ပိုင်း ကမ်းလှမ်းမှုတွေကို ဘရန်ဖို့ဒ်အသင်းက ပယ်ချခဲ့ပေမယ့် နောက်ဆုံးမှာ ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အစ်ဆက်ရဲ့ နေရာမှာ တိုက်စစ်မှူး အားဖြည့်တဲ့ အနေနဲ့ ဝီဆာကို ခေါ်ယူခဲ့တာပါ။
ဒါပေမယ့် ဝီဆာဟာ နယူးကာဆယ်အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးဘဲ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက အောက်တိုဘာ ၁၈ ရက်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ ဝီဆာအသင်းအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဝီဆာရဲ့ ဒဏ်ရာကြောင့် စတုဂတ်အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဝေါလ်တီမာဒီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ရဖို့ ရှိနေတာပါ။
ဝေါ်လ်တီမာဒီဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဝေါ်လ်တီမာဒီဟာ ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရဦးမယ်လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဘုန်းမောက်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 406
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁
မက္ကဆီကိုကလပ် မွန်တာရေးအသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခံခဲ့ရပြီဖြစ်တဲ့ မာရှယ်ရဲ့ ဒီအပြောင်းအရွှေ့ ကိုင်တွယ်ပုံကို နောက်ထပ် မက္ကဆီကိုကလပ် အသင်းဖြစ်တဲ့ ပူးမက်စ်အသင်းက ဝေဖန်ခဲ့ပါ တယ်။
မာရှယ်ကို ခေါ်ယူဖို့ မွန်တာရေးနဲ့ ပူးမက်စ်အသင်းတို့ ကြိုးစားခဲ့ကြပြီး မွန်တာရေးအသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့ တာပါ။
ပူးမက်စ်အသင်း တာဝန်ရှိသူတွေက မာရှယ်ရဲ့ အပြောင်းအရွှေ့အတွက် ဂရိကလပ် AEK အေသင်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့သလို ကစားသမားနဲ့လည်း သဘောတူညီမှု ရရှိခဲ့ပါတယ်။
အဲဒါကြောင့် မာရှယ်ဟာ ပူးမက်စ်အသင်းထံ သွားရောက်ပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမယ့် မာရှယ်နဲ့ သူ့ရဲ့အဖွဲ့ဟာ ပူးမက်စ်အသင်းနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ အသင်းတာဝန် ရှိသူတွေက ပြောခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မာရှယ်ဟာ သူတို့ရဲ့ပြိုင်ဘက် မွန်တာရေးအသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ ပူးမက်စ်အသင်းက သိရှိခဲ့တာပါ။
အဲဒါကြောင့် ပူးမက်စ်အသင်းရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဘာရွန်က မာရှယ်အနေနဲ့ သူတို့ကို တောင်းပန်ဖို့ စဉ်းစားသင့်တယ်လို့ ပြောခဲ့ပါတယ်။
သတင်းတွေမှာတော့ ပူးမက်စ်အသင်းဟာ မာရှယ်ရဲ့ ကြီးမားတဲ့ လုပ်ခလစာ တောင်းဆိုမှုကို ပေးဖို့ ငြင်းဆန်ခဲ့တာ ကြောင့် သဘောတူညီမှု ပျက်ပြယ်ခဲ့တာလို့ ဖော်ပြခဲ့ကြတာပါ။
မာရှယ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီမှာ AEK အေသင်အသင်းထံ ပြောင်းရွှေ့ပြီး ကစားခဲ့တာဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး မာရှယ်ဟာ AEK အေသင်အသင်းမှာ ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ထွက်ခွာကာ ရီးရယ်လ်အသင်း ဂန္ထဝင် ရာမို့စ်နဲ့အတူ မွန်တာရေးအသင်းမှာ အတူတွဲဖက်ပြီး ကစားရမှာပါ။
မာရှယ်ဟာ မွန်တာရေးအသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
မာရှယ်က မွန်တာရေးအသင်းဟာ သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာလည်း ကောင်းမွန် နေတာကြောင့် အသင်းကို အကူအညီပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 313
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ကြာသပတေးနေ့က အသင်းရဲ့ ကာရင်တန် လေ့ကျင့် ရေးကွင်းမှာ နည်းပြဖြစ်သူ အာမိုရင်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အသက် ၇၂ နှစ်အရွယ်ရှိ ရက်ကလစ်ဖ်ဟာ နည်းပြအာမိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကူညီဖြေရှင်း ပေးနိုင်ဖို့ စိတ်အားထက်သန်နေတာပါ။
ယူနိုက်တက်အသင်းရဲ့ ဒီရာသီအစပိုင်း ရလဒ်ဆိုးတွေကြောင့် နည်းပြအာမိုရင်ဟာ ဖိအားတွေ အများအပြား ခံစားနေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုပြီး ကစားသမား သစ်တွေ အားဖြည့်ထားပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာလည်း အသင်းငယ် ဂရင်မ်စဘီအသင်းကို အရေးနိမ့်ကာ ထွက်ခွာခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ ရလဒ်မကောင်းဘူးဆိုရင် နည်းပြအာမိုရင်ကို ထုတ်ပယ်ဖွယ်ရှိတယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ရက်ကလစ်ဖ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ သူဟာ နည်းပြအာမိုရင်ကို ဆက်ပြီးထောက်ခံမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်းဟာ အသင်းကို ကိုင်တွယ်တာ ၁ နှစ် မပြည့်မီမှာ နည်းပြအာမိုရင်ကို ထုတ်ပယ်ခဲ့ရင် လျော်ကြေးပေါင် ၁၂ သန်း ပေးရမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင် လက်ထက်မှာ ပရီးမီးယားလိဂ် မှတ်တမ်း အလွန်ဆိုးရွားနေပြီး လိဂ်ပွဲပေါင်း ၃၁ ပွဲ ကစားထားတာမှာ ၈ ပွဲသာအနိုင်ရပြီး ၇ ပွဲသရေနဲ့ ၁၆ ပွဲရှုံးနိမ့်ထားတာပါ။
အာမိုရင်ကတော့ ယူနိုက်တက်အသင်းမှာ သူအသုံးပြုနေတဲ့ ကစားကွက်ပုံစံကို ဆက်အသုံးပြုသွားမှာဖြစ်ပြီး ဒါကို ပြောင်းလဲချင်ရင် လူပြောင်းလဲမှရမယ်လို့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပြောခဲ့ ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ချယ်လ်ဆီးအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 319
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
ကိုလံဘီယာကြယ်ပွင့် လူးဝစ်ဒီယက်ဇ်က သူဟာ ဘိုင်ယန်မြူးနစ်အသင်းထံ မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်က “ဒီအသင်းကြီးမှာ ရှိရတာကို ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှု တွေရှိခဲ့ပြီး ဒါဟာ ဈေးကွက်ထဲမှာ အသင်း အများအပြားနဲ့အတူ ပုံမှန်ပါပဲ။ ကျနော်ဟာ ကျနော့် အနာဂတ်အတွက် ရည်မှန်းချက်ထားပြီး ဆုံးဖြတ်ချက်ချခဲ့ကာ အရေးကြီးဆုံးက ကျနော်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းကို ရောက်နေပါတယ်။ ဒါကြောင့် ကျနော် အစွမ်းကုန်ကြိုးစားသွားမယ်”လို့ Movistar ကို ပြောခဲ့တာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပြီး လီဗာပူးလ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ လူးဝစ်ဒီယက်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ပြီး ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းက ဆွေးနွေးမှုပြုလုပ်ဖို့ ဆန္ဒမရှိလို့ အပြောင်းအရွှေ့ ဖြစ်ခဲ့ခြင်းမရှိတာပါ။

ဘာစီလိုနာအသင်းဟာ လူးဝစ်ဒီယက်ဇ်ကို မရခဲ့တာကြောင့် ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ အာရုံစိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ သူဟာ ဘီလ်ဘာအိုအသင်းမှာ ဆက်နေပြီး စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ အသင်းထံ လာရောက်ချင်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့ပြီး ရာသီကုန်ချိန်မှာ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။
လူးဝစ်ဒီယက်ဇ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေပြီး ပါဝင်ကစား ထားတဲ့ ၆ ပွဲမှာ ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ပွဲစဉ်တွေအဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ဘွန်ဒက်လီဂါ၊ ပါဖို့စ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 389
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ ပွဲအရေအတွက် အနည်းငယ်နဲ့ သွင်းဂိုး ၅၀ အမြန်ဆုံး ပြည့်တဲ့သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းက နာပိုလီအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ဟာလန်းက ဒီစံချိန်မှတ်တမ်းကို ရယူနိုင်ခဲ့တာပါ။
ဟာလန်းဟာ ချန်ပီယံလိဂ်ပွဲပေါင်း ၄၉ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပြီး အရင်က စံချိန်တင်ထားတဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ချန်ပီယံလိဂ် ပွဲပေါင်း ၆၂ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။
ဟာလန်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်နဲ့ ဥရောပဖလားတွေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ နေရာမှာ ဥရောပဘောလုံးလောကရဲ့ နာမည်ကြီး ကစားသမားအချို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းအိုင်ကွန် ဒီစတီဖာနိုနဲ့ ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်တို့ရဲ့ အထက်မှာ ဟာလန်းက ရပ်တည်နိုင်ခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
ဂွာဒီယိုလာက “ဒါဟာ ကိန်းဂဏန်းတွေက သူတို့ဘာသာ သူတို့ ပြောနေတာဖြစ်ပြီး သူ့ကိုရရှိထားလို့ ကျနော်တို့ ကံကောင်းပါတယ်။ ဟာလန်းဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့အနေနဲ့ ဒီပုံစံကို ဆက်ထိန်းနိုင် ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်တင် ဂိုးသွင်းရှင် ဖြစ်လာနိုင်ပါတယ်။ လွယ်တော့ မလွယ်ပေမယ့် သူဟာ နောက်ထပ် ၁၀ နှစ်လောက်အထိ ကစားနိုင်ပါသေးတယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားတဲ့သူကတော့ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုဖြစ်ပြီး ၁၄၁ ဂိုးသွင်းယူထားကာ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီက ၁၂၉ ဂိုး သွင်းယူထားပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၅ ပွဲကစားအပြီးမှာ ၆ ဂိုးသွင်းယူထားတာပါ။
မန်စီးတီးအသင်းဖော် ဖိုဒန်က ဟာလန်းဟာ စံချိန်တိုင်းကို ချိုးဖျက်နေတဲ့ ပုံရတယ်လို့ ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မိုနာကို အသင်းတို့နဲ့ အဝေးကွင်းသွားရောက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 318
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉
ဘာစီလိုနာအသင်းက နယူးကာဆယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့် ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြ ဟန်ဆီဖလစ်က ချီးကျူးခဲ့ပြီး သူဟာ နောက်ထပ်ခြေလှမ်းတွေ ထပ်ပြီးလှမ်းရမယ်လို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ကျနော့် အတွက်တော့ ဒါဟာ ပထမခြေလှမ်းဖြစ်ပြီး သူနောက်ထပ် ခြေလှမ်းတွေ ထပ်ပြီးလှမ်း ရပါမယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိတာက အလွန်အရေးကြီးပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးတွေကို ကျနော် မအံ့သြ ပါဘူး၊ သူဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ သူ့ရဲ့အရည်အချင်းနဲ့ အဆုံးသတ်ပိုင်းတွေက မယုံနိုင်လောက် အောင်ပါပဲ။ တိုက်စစ်မှူး တစ်ဦးအတွက် ဂိုးတွေသွင်းရတာက အမြဲတမ်းကောင်းမွန်ပြီး ကျနော်အလွန်ပျော်ရွှင် ပါတယ်။ သူဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် သူ့လို ကစားသမားမျိုး လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါ ပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းအတွက် ဂိုးမသွင်းနိုင်သေးပေမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုးရယူနိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး နည်းပြဟန်ဆီဖလစ်ရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က သူဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားပြီး အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့အတူ တွဲကစားရတာဟာ သူ့ကို အလွန် လန်းဆန်းစေတယ်လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဒီပွဲမှာ သူ့ရဲ့ကစားသမားတွေ အများကြီးအားထုတ်ခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို အနိုင်ယူချင်ရင် အလွန်ကောင်းမွန်မှ ရမယ်လို့ ပြောခဲ့တာပါ။
လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေအဖြစ် ဘာစီလိုနာအသင်းက PSG အသင်း၊ နယူးကာဆယ်အသင်းက အူနယွန်း SG အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 317
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ချယ်လ်ဆီး အသင်းကြယ်ပွင့် ဂါနာချိုအနေနဲ့ လက်ရွေးစင်အသင်း အတွက် ပြန်ပါဝင်ခွင့် ရချင်တယ်ဆိုရင် မိမိကိုယ်ကို သက်သေပြရမယ်လို့ ပြောခဲ့ပါတယ်။
ဂါနာချိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ခွင့်ရမယ့် အလားအလာနဲ့ ပတ်သက်ပြီး နည်းပြစကာလိုနီနဲ့ သီးသန့် စကားပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ဂါနာချိုဟာ ပြီးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး နောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရမယ့်အပေါ် စိုးရိမ်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ဂါနာချိုက အာဂျင်တီးနားအသင်းမှာ သူ့အတွက် နေရာရှိလားဆိုပြီး နည်းပြစကာလိုနီကို တိုက်ရိုက်မေးခဲ့တာပါ။

ဂါနာချိုကို တွေ့ရစဉ်
ဂါနာချိုဟာ ချယ်လ်ဆီးအသင်းမှာ ပွဲကစားချိန်မိနစ် အများအပြားရပြီး ခြေစွမ်းပြသနိုင်မယ်ဆိုရင် လက်ရွေးစင် အသင်းထံ ပြန်သွားနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဂါနာချိုကို လက်ရွေးစင်အသင်း လူစာရင်းထံ ပြန်ပါဝင်နိုင်ဖို့ အခွင့် အရေး ရှိတယ်လို့ ပြောခဲ့ပေမယ့် ဒီလိုပါဝင်ချင်တယ်ဆိုရင် အများကြီး သက်သေပြရလိမ့်မယ်လို့ ပြောခဲ့တပါ။
အဲဒါကြောင့် ဂါနာချိုအနေနဲ့ အာဂျင်တီးနားအသင်းအတွက် ပြန်ပါဝင်ချင်တယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းတွေ ကို တသမတ်တည်း ပြသနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချို ဟာ အာဂျင်တီးနားအသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပေမယ့် ၂၀၂၅ ခုနှစ်ထဲမှာ တစ်ပွဲမှ ပါဝင်ကစားရခြင်း မရှိသေးတာပါ။
အာဂျင်တီးနားအသင်းရဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ လူငယ်ကစားသမားအချို့ နေရာရလာခဲ့တာ ကြောင့် ဂါနာချို အနေနဲ့ နေရာရဖို့ အများကြီး ကြိုးစားရမှာဖြစ်ပါတယ်။
ဂါနာချိုဟာ ချယ်လ်ဆီးအသင်းအတွက် ၂ ပွဲ ပါဝင်ကစားထားပေမယ့် ပွဲကစားချိန်မိနစ် နည်းပါးနေပြီး လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
