- By CNI
- Category: အားကစား
- Hits: 313
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘက်တစ်အသင်းထံ အပြီးသတ် မပြောင်းရွှေ့မီ ယူနိုက်တက်အသင်းရဲ့ မလေးစားမှု ခံခဲ့ရတယ်လို့ El Desmarque နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
အန်တိုနီက “အင်္ဂလန်မှာ အလွန်ခက်ခဲတဲ့လတွေ ဖြတ်သန်းခဲ့ရပြီး ရက်ပေါင်း ၄၀ ကြာ ဟိုတယ်မှာနေပြီးတော့ သီးခြား လေ့ကျင့်မှုတွေ လုပ်ခဲ့ရပါတယ်။ သူတို့က ကျနော့်ကို လေးစားမှု မရှိသလို ခံစားခဲ့ရပေမယ့် ဒါက အဓိက မဟုတ်ခဲ့ပါဘူး။ အငြင်းပွားမယ့် အရာတွေ မဖန်တီးချင်ဘူး ဒါက ဘဝပါပဲ။ ယူနိုက်တက်အသင်းကို ကျေးဇူးတင် ချင်ပြီး ဆုဖလား ၂ ခုနဲ့အတူ ဆိုးရွားတဲ့ အချိန်ရော၊ ကောင်းတဲ့အချိန်ရော ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အန်တိုနီကို ၂၀၂၂ ခုနှစ် နွေရာသီမှာ အေဂျက်ဇ်အသင်းကနေ ပေါင် ၈၅ သန်းနဲ့ ဝယ်ယူခဲ့ ပေမယ့် သူဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ကစားခဲ့တဲ့ ၉၆ ပွဲမှာ ၁၂ ဂိုးသွင်း ယူနိုင်ခဲ့ ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘက်တစ်အသင်းထံ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ဘက်တစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အန်တိုနီကို တွေ့ရစဉ်
ဒီအပြောင်းအရွှေ့ မဖြစ်မီမှာ ယူနိုက်တက်အသင်းဟာ အန်တိုနီကို အသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှု ပြုလုပ်ဖို့ ပြောခဲ့တာဖြစ်ပါတယ်။
အန်တိုနီဟာ ဘက်တစ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့အထိ စောင့်ဆိုင်းခဲ့ရပြီး ဒီရာသီမှာ စပိန်ကလပ်အတွက် ၄ ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။
အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ နည်းပြဟောင်း အဲရစ်တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့ ကာရာဘောင်းဖလား၊ FA ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့လည်း စိတ်ဆန္ဒ ပြင်းပြနေပါ တယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ခဲ့တဲ့ အန်တိုနီက ကြိုးစားပြီး အလုပ်လုပ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
ရီးရယ်လ်အသင်းက ကိုင်ရတ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ မှာ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဘတ်ပီက သူဟာ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော့်လို ကစားသမားတစ်ဦး အနေနဲ့ အခွင့်အရေး ၅ ကြိမ်ရရင် ၅ ဂိုးသွင်း နိုင်သင့်ပါတယ်။ ဒီပွဲမှာ ကျနော် ၃ ဂိုးသွင်းနိုင်တာက ကောင်းမွန်ပေမယ့် ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်ပါတယ်။ ဂိုးအရှေ့မှာ ပိုပြီး အဆုံး သတ် ကောင်းမွန်ဖို့ ကျနော်အလုပ်ကို ပိုပြီးကြိုးစားသွားမှာပါ”လို့ Movistar ကို ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းပြီး ကိုင်ရတ် အသင်းကို ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ ဒီပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ကြောင့် ချန်ပီယံလိဂ်သွင်းဂိုး ၆၀ ပြည့်ခဲ့ပြီး ဒီပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းထဲမှာ နံပါတ် ၆ နေရာကို ရောက်ရှိလာခဲ့တာပါ။
ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဘတ်ပီဟာ ကိုင်ရတ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးအများအပြား သွင်းယူ နိုင်ခဲ့သင့်တယ်လို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၉ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူ ထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ ဇာဘီအလွန်ဆိုက အသင်းအနေနဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးရရင် ဒါကို မပျက်မကွက် လုပ်ဆောင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မှာ ဒီထက် ဂိုးပိုပြီး သွင်းနိုင်ခဲ့သင့်တယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာပါ။
ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး နိုင်ပွဲရရှိထားတဲ့ ရီးရယ်လ်အသင်းဟာ အောက်တိုဘာ ၄ ရက်မှာ လာလီဂါပွဲစဉ် အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 251
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ အဖြစ် ကစားခဲ့တဲ့ ဂါလာတာစာရေးအသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းအနေနဲ့ အမှားအယွင်းတွေကို အဆုံးသတ်ပြီး တိုးတက်အောင်ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဗန်ဒိုက်က “ရှုံးနိမ့်ရတာကို မုန်းတီးပေမယ့် အထိတ်တလန့် မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ သေချာ ပေါက်ကို တိုးတက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲရမှာ ဖြစ်သလို ဒီပွဲကလိုမျိုး ပင်နယ်တီ ခွင့်မပြုဖို့နဲ့ မိုက်မဲတဲ့ အမှားတွေ မလုပ်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ အတူလက် တွဲပြီး လာမယ့်ပွဲအတွက် အလုပ်ဆက်လုပ်ရမှာ ဖြစ်သလို ဒါက ကျနော်တို့ အာရုံစိုက်နိုင်တဲ့ တစ်ခုတည်းသော အရာပါ”လို့ Amazon Prime နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၆ မိနစ်မှာ ပေးခဲ့ရတဲ့ အိုဆီမန်ရဲ့ပင်နယ်တီ သွင်းဂိုးကြောင့် ဂါလာတာစာရေးအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အန်ဖီးလ်ကလပ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် ဒီရာသီ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ရှုံးပွဲအတွက် စိတ်ပျက်ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ကထက် ပိုပြီးကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်း ဂိုးသမား အယ်လီဆန်ဟာ ဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် ပွဲချိန် ၅၆ မိနစ်မှာ မာမာဒက်ရှ် ဗီလီနဲ့ လူစားလဲခံခဲ့ရတာပါ။
အယ်လီဆန်ဟာ ဒဏ်ရာကြောင့် လာမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးလ်အသင်း အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
အယ်လီဆန်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲကို လွဲချော်ခဲ့တာပါ။
လီဗာပူးလ်အသင်း တိုက်စစ်မှူး အက်ကီတီကေလည်း ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပြီး ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ ကြည့်ရမယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 304
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
တောင်အာဖရိကအသင်းဟာ အသုံးပြုလို့မရတဲ့ ကစားသမားတစ်ဦးကို ကွင်းထဲထည့်ပြီး အသုံးပြုခဲ့တာကြောင့် ဖီဖာရဲ့ အရေးယူမှု ခံခဲ့ရတဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့ ပါတယ်။
တောင်အာဖရိကအသင်း ကွင်းလယ်လူ မိုကိုနာဟာ အဝါကတ် ၂ ကတ်ကြောင့် ပွဲပယ်ခြင်း ခံထားရပေမယ့် လီဆိုသိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မတ်လက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ကစားခဲ့တာပါ။
အဲဒါကြောင့် ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီက တောင်အာဖရိကအသင်းဟာ ပြိုင်ပွဲရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး လီဆိုသိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ပေးခဲ့တာဖြစ်ပါတယ်။
မိုကိုနာဟာ ဒီဖြစ်ရပ်ကြောင့် သတိပေးခြင်း ခံခဲ့ရသလို ဖီဖာက တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၉,၃၄၀ ဒဏ်ရိုက်ခဲ့ပါတယ်။

တောင်အာဖရိကအသင်းကို တွေ့ရစဉ်
တောင်အာဖရိကအသင်းဟာ လီဆိုသိုအသင်းကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် အာဖရိကဇုန်ခြေစစ်ပွဲအုပ်စု C မှာ ထိပ်ဆုံးနေရာက ဘီနင်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာ ရောက်ရှိသွားခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန် ခြေစစ်ပွဲတွေမှာ ထိပ်ဆုံးနေရာက အသင်းတွေသာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အုပ်စုဒုတိယနေရာ ရပ်တည်တဲ့ အသင်းတွေထဲက အကောင်းဆုံးအသင်း ၄ သင်း ဟာ နောက်တဆင့် ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တောင်အာဖရိကရဲ့ အရှုံးပေးရမှုကြောင့် တတိယနေရာနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ နိုင်ဂျီးရီးယားနဲ့ ရဝမ်ဒါ အသင်းတို့ အတွက်လည်း ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာပါ။
တောင်အာဖရိကအသင်းဟာ အောက်တိုဘာထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအဖြစ် ဇင်ဘာဘွေနဲ့ အဝေးကွင်း၊ ရဝမ်ဒါအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဖီဖာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ၁၀ ရက် အချိန်ရှိတယ်လို့ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 303
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒဏ်ရာကြောင့် နိုဝင်ဘာအထိ ဆန်းတို့စ်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဥက္ကဋ္ဌ မာဆယ်လိုတိုင်ဇီရာက အတည်ပြုခဲ့ပါတယ်။
ဆန်းတို့စ်အသင်း ဆေးအဖွဲ့ဝင်တွေက နေမာဟာ နိုဝင်ဘာလမှသာ အသင်းကို ကူညီဖို့ ပြန်လာမယ်လို့ ခန့်မှန်းထားကြောင်း မာဆယ်လိုတိုင်ဇီရာက ပြောထားတာပါ။
အဲဒါကြောင့် နေမာဟာ တန်းဆင်းဇုန်ထဲ မရောက်ရှိအောင် တိုက်ပွဲဝင်နေရတဲ့ ဆန်းတို့စ်အသင်းအတွက် ဘရာဇီးလ် စီးရီးအေပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်တွေမှသာ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
စက်တင်ဘာလလယ်ပိုင်းက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ နေမာဟာ ၆ ပတ်ခန့်အထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ဆက်လက် ပြုလုပ်ရဖွယ် ရှိတယ်လို့ ဆရာဝန်တွေက ပြောထားပါတယ်။

နေမာကို တွေ့ရစဉ်
အခုနှစ် အစောပိုင်းမှာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့ နေမာဟာ ဒဏ်ရာ အများ အပြား ခံစားခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲသာ ကစားနိုင်ခဲ့ကာ ၆ ဂိုး သွင်းယူထားပါတယ်။
နေမာဟာ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာကတည်းက ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ဝေးကွာနေပါတယ်။
နေမာအနေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းကို တိုးတက်အောင် မလုပ်နိုင်ရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်း လူစာရင်းမှာ ချန်လှပ်ခံရနိုင်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာ အနေနဲ့ ကြံ့ခိုင်မှုသာ အကောင်းဆုံး ပုံစံရရှိရင် သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွေးချယ်နိုင်တယ်လို့ ပြောထားတာပါ။
ဆန်းတို့စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘရာဇီးလ် စီးရီးအေပွဲစဉ်မှာ ဘရာဂန်တီနိုအသင်းနဲ့ ၂ ဂိုးစီ သရေကျ ခဲ့ပြီးနောက် အဆင့် ၁၆ နေရာ ရပ်တည်နေကာ တန်းဆင်းဇုန်အထက်က အသင်းကို ၅ မှတ်ဖြတ်ထားတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 308
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မတ်ဇ်အီဘာလ်က အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဟာရီကိန်းဟာ စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၀၄ ပွဲသာ ပါဝင်ကစားရသေးချိန်မှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဟာရီကိန်းရဲ့ စာချုပ်ထဲမှာ ပါဝင်နေတဲ့ အချက် တွေကြောင့် ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်ဆိုတဲ့ ထင်ကြေး သတင်းတွေဟာ ပြီးတဲ့ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့ ပါတယ်။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ကလည်း ဟာရီကိန်း အသင်းထံ ပြန်လာမယ်ဆိုရင် ကြီးကြီးမားမား ကြိုဆို သွားမယ်လို့ ပြောထားတာပါ။

ဟာရီကိန်းကို တွေ့ရစဉ်
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်း အသင်းမှာ ကာလရှည်ကြာ ဆက်ရှိနေဖို့ လမ်းဖွင့်မှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
မတ်ဇ်အီဘာလ်က “ဟာရီကိန်းဟာ ကျနော်တို့အတွက် ဦးဆောင်တဲ့ ကစားသမားဖြစ်ပြီး သူဟာ ဒီမှာကစားရတာ နှစ်သက်သလို ဆုဖလားတွေ ရယူချင်တာကြောင့် ဘိုင်ယန်မြူးနစ်ကို လာခဲ့တာပါ။ သူဟာ ဒီမှာ အချိန်အကြာကြီး ဆက်သွားချင်တယ်ဆိုရင် ကျနော်တို့ဟာ နောက်ထပ်အဆင့်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ”လို့ ပြော ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ အဓိက ကစားသမားတွေဖြစ်တဲ့ မူစီယာလာ၊ စတန်ဆစ်၊ အယ်လ်ဖွန် ဆိုဒေးဗီးစ်နဲ့ အိုင်တိုတို့ကို အနားပေးထားရပေမယ့် ရလဒ်ကောင်းတွေ ရရှိထားပြီး ဘွန်ဒက်လီဂါမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားသလို ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရလဒ် ရယူထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပါဖို့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ပြီးရင် ဖရန့်ဖတ်အသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 291
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက စတမ်းဖို့ဒ်ဘရစ်ချ်ကို လာရောက်ပြီး အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရလဒ် ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
မော်ရင်ဟိုက “ကျနော်ဟာ အိမ်ကို ပြန်ရောက်သလို ခံစားနေရပြီး အင်တာ၊ ယူနိုက်တက်နဲ့ စပါးအသင်းတို့ကို ကိုင်တွယ်ချိန်ကလည်း ဒီကွင်းမှာ ကစားခဲ့ရပါတယ်။ ကျနော်ဟာ အခုအပြာရောင် မဟုတ်တော့ဘဲ အနီရောင် ဖြစ်နေပါပြီ။ ကျနော်ဟာ ဒီပွဲကို အနိုင်ရယူချင်သလို ၂ သင်းစလုံးကလည်း အနိုင်ရလဒ် ရယူချင်နေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပထမပွဲမှာ အရေးနိမ့်ထားတဲ့အတွက် ဒီပွဲကို အနိုင်ရယူဖို့ သူတို့ကစားသွားမှာပါ။ ကျနော်တို့ကလည်း အနိုင်ရဖို့အတွက် အကောင်းဆုံး လုပ်ဆောင်သွားမယ်”လို့ ပြောခဲ့တာပါ။
အသက် ၆၂ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် အပါအဝင် အဓိကဆုဖလား ၇ ခုအထိ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုက သူဟာ အမြဲတမ်း အပြာရောင် ဖြစ်နေပေမယ့် ဒီပွဲမှာတော့ ဘင်ဖီကာအသင်းရဲ့ နည်းပြအဖြစ် ချယ်လ်ဆီးအသင်းကို အနိုင်ရယူချင်တယ်လို့ ပြောခဲ့တာပါ။

မော်ရင်ဟိုကို တွေ့ရစဉ်
စက်တင်ဘာထဲမှာ ဘင်ဖီကာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ မော်ရင်ဟိုဟာ ပေါ်တူဂီကလပ်ကို ၃ ပွဲကိုင်တွယ်ထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ရယူပေးထားပါတယ်။
မော်ရင်ဟိုက သူဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြိုင်ဘက်အသင်း နည်းပြအဖြစ် ရောက်ရှိလာချိန်မှာ ချယ်လ်ဆီး အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံရမှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် မော်ရင်ဟိုက သူတို့ဟာ စိတ်ပျက်ဖို့ကောင်းတဲ့ ကာလတစ်ခုကို ချန်ထားနိုင်ခဲ့ပြီး နည်းပြမာရက်စ်ကာ လက်အောက်မှာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးနဲ့ ဘင်ဖီကာအသင်းတို့ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့တာကြောင့် ဒီပွဲစဉ်ဟာ ၂ သင်း စလုံးအတွက် ရမှတ်ရယူနိုင်ဖို့အရေးပါတဲ့ ပွဲဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 269
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာခဲ့ပြီးနောက် ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ယာမဲလ်ကို ဆိုစီဒက်အသင်းနည်းပြ ဆာဂျီယိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးသွားခဲ့ပါတယ်။
ဆာဂျီယိုက “ယာမဲလ် ကွင်းထဲမှာ ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပါပဲ။ သူ့ကို ရပ်တန့်အောင် လုပ်ရတာက အလွန်ခက်ခဲပါတယ်။ သူကစားတာကို ကြည့်ရတာဟာ အလွန်ကောင်းပြီး သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်တယ်ဆိုတာ ထပ်ပြီးပြသခဲ့ပါတယ်။ သူ့ရဲ့ဝင်ရောက်လာမှုက ပွဲကို အဆုံးအဖြတ် ပေးခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လွဲချော်ခဲ့ပြီး ဆိုစီဒက်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
ယာမဲလ်ဟာ ကွင်းထဲဝင်ရောက်လာပြီးနောက် တစ်မိနစ်အကြာမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ဖန်တီးနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ယာမဲလ်ကို အသင်းအတွက် ပြန်အသုံးပြုနိုင်ခဲ့လို့ ပျော်ရွှင်ပြီး သူဟာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဟန်ဆီဖလစ်က ယာမဲလ်ဟာ ပြီးခဲ့တဲ့ Ballon d'Or ဆုပေးပွဲမှာ ဒုတိယနေရာ ရခဲ့ပေမယ့် လာမယ့်နှစ်မှာ ဒီဆုကို ရယူနိုင်ဖို့အတွက် ပိုပြီးကောင်းအောင်လုပ်ဖို့ အာရုံစိုက်တော့မယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့် အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်မတိုင်မီ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် PSG ၊ လာလီဂါ ပွဲစဉ်အဖြစ် ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ထိပ်တန်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ကွင်းလယ်ခံစစ်နေရာအပြင် ဗဟိုနောက်ခံလူ အဖြစ်လည်း ကစားနိုင်တဲ့ ကျော်မင်းဦးဟာ မလေးရှားစူပါလိဂ် ကလပ် PDRM အသင်းကနေ တီရန်ဂါနူးအသင်းထံ ပြောင်းရွှေ့ပြီး ကစားမှာပါ။
ကျော်မင်းဦးဟာ PDRM အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပါဝင်ကစားခဲ့တဲ့ ၄၉ ပွဲမှာ ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
တီရန်ဂါနူးအသင်းက ကျော်မင်းဦး အသင်းထံ ရောက်ရှိလာတဲ့အတွက် ဝမ်းမြောက်ကြောင်း ကြေညာခဲ့ပြီး သူဟာ အသင်းရဲ့ ကွင်းလယ်နဲ့ခံစစ်ကို ပိုပြီးအားကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကျော်မင်းဦးကို တွေ့ရစဉ်
ကျော်မင်းဦးကလည်း တီရန်ဂါနူးအသင်းနဲ့အတူ စိန်ခေါ်မှု အသစ်တွေ စတင်ဖို့ စိတ်လှုပ်ရှားနေပြီး အခုရာသီမှာ အသင်းသတ်မှတ်ထားတဲ့ ပစ်မှတ်တွေ အောင်မြင်အောင် ကူညီပေးမယ်လို့ ပြောခဲ့ကြောင်း အသင်းထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
တီရန်ဂါနူးအသင်းဟာ ဒီရာသီ မလေးရှား စူပါလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ကျော်မင်းဦးဟာ အောက်တိုဘာ ၃ ရက်မှာ ကစားမယ့် ကီလန်တန်အသင်းနဲ့ပွဲစဉ်မှာ တီရန်ဂါနူးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။
ကျော်မင်းဦးဟာ ဒီပွဲပြီးရင် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းပြီး ဆီးရီးယားအသင်းနဲ့ အာရှဖလားခြေစစ်ပွဲ ပါဝင်ကစားသွားမှာဖြစ်ပါတယ်။
Source: terengganufc
- By CNI
- Category: အားကစား
- Hits: 251
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးသတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၃ ပွဲ ရှုံးနိမ့်ထားတာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၃၄ မှတ်သာ ရယူပေးထားနိုင်ပြီး အသင်းရဲ့ အဆိုးရွားဆုံး နည်းပြစာရင်းထဲကို ရောက်ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားတယ်လို့ ဘရန်ဖို့ဒ်အသင်း ကို အရေးနိမ့်ပြီးနောက် သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က နည်းပြအာမိုရင်ကို ထောက်ခံမှုပေးထားပြီး ရာသီအပြည့် ကိုင်တွယ်ပြီးမှသာ အကဲဖြတ်တာက မျှတတယ်လို့ ယူဆထားတာပါ။

ယူနိုက်တက်နဲ့ဘရန်ဖို့ဒ် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက် သတင်းရင်းမြစ်တွေကလည်း ကလပ်အသင်းဟာ နည်းပြအာမိုရင်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် စာရင်း ပြုစုထားခြင်းမရှိဘူးလို့ ပြောထားပါတယ်။
အာမိုရင်ကတော့ သူဟာ သူ့ရဲ့အလုပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိသလို ဒီမှာရှိနေချိန်အတွင်း အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်း နောက်ခံလူ ဒီလစ်က ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်မှု မရှိခဲ့ကြောင်းနဲ့ နည်းပြအာမိုရင် တစ်ဦးတည်းအပေါ် အပြစ်ပုံချတာဟာ မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ အဆင့် ၁၄ နေရာ ရပ်တည်နေပြီး လာမယ့် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းအနေနဲ့ ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်မကောင်းခဲ့ရင် နည်းပြအာမိုရင်ရဲ့ အနာဂတ်ဟာ ပိုပြီးလှုပ်ခတ်လာနိုင်တယ်လို့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေက မှတ်ချက်ပြုထားတာ ဖြစ်ပါတယ်။
Source: Dailymail
