- By CNI
- Category: အားကစား
- Hits: 449
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ရလဒ်တွေ ကောင်းမွန်မှုမရှိဘဲ အသင်းမှာ ဆက်ရှိမယ်လို့ ထင်မြင်တာ ဟာ နုံအခြင်း ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီမှာနုံအတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီပရောဂျက်ကို ဆက်ပြီး သွားချင်တယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ပိုင်ရှင် ၂ ဦးနဲ့ စပွန်ဆာတွေ အများကြီးရှိတဲ့ ကြီးမားတဲ့ ကလပ် ဖြစ်တာကြောင့် လူတိုင်းအတွက်မဖြစ်နိုင်တဲ့နေရာကို ရောက်ဖို့လိုပါတယ်။ ဒါကြောင့်ခက်ခဲပြီး ဟန်ချက် ညီဖို့လည်း အလွန်ခက်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဆန်းဒါးလန်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီမှာ သူ့ရဲ့နည်းပြ ရာထူးဟာ ဖိအားတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ လက ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ကိုင်တွယ် ထားတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အာမိုရင်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် နည်းပြအာမိုရင်ဟာ ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ပါတယ်။
ဒါပေမယ့် အသင်းအနေနဲ့ ရလဒ်ကောင်းတွေ မရယူနိုင်ဘူးဆိုရင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ယုံကြည်မှုကို ဆက်ပြီး ရရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ နည်းပြအာမိုရင်က လက်ခံထားတာပါ။
ယူနိုတက်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာပွဲတွေ မတိုင်မီ နောက်ဆုံးကစားမယ့် ဆန်းဒါးလန်း အသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရင် နည်းပြအာမိုရင် အတွက် ဖိအားတွေ ပိုပြီးများလာမှာ ဖြစ်ပါတယ်။
အာမိုရင်ကတော့ အသင်းရဲ့ အကြီးအကဲတွေကသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
အီတလီဂန္ထဝင် ကင်နာဗားရိုးဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ သဘောတူထားတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
ကင်နာဗာရိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဥဇဘတ်ကစ္စတန်အသင်းကို ကိုင်တွယ်ဖို့ နှုတ်နဲ့ သဘောတူညီထားပြီး ဥဇဘတ်ကစ္စတန်အသင်းဟာ သူ့ကိုအသင်းရဲ့ နည်းပြချုပ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်း ကြေညာသွားဖို့ ရှိနေတာပါ။
ကင်နာဗားရိုးဟာ အာရှဘောလုံးလောကနဲ့ အလွန်ရင်းနှီးပြီး သူဟာ အာရှမှာ ကလပ်နဲ့ နိုင်ငံအသင်းနည်းပြအဖြစ် ၇ နှစ်ကြာ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ကင်နာဗားရိုးဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝအစကို ကွမ်ကျိုးအဲဗားဂရမ်ဒီအသင်းနဲ့ တရုတ်စူပါလိဂ် ပြိုင်ပွဲမှာ စတင်ခဲ့တာပါ။
အသက် ၅၂ နှစ်အရွယ်ရှိ ကင်နာဗားရိုးဟာ ကွမ်ကျိုးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့ပြီး တရုတ်စူပါလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

ကင်နာဗားရိုးကို တွေ့ရစဉ်
ကင်နာဗားရိုးဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအပြင် တရုတ် လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ် ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဥရောပထံ ပြန်လာကာ ဘီနီဗန်တို၊ အူဒီးနီးစ်နဲ့ ဒိုင်နမိုဇာဂရက်အသင်းတို့ကို ကာလတို ကိုင်တွယ်ခဲ့ပါတယ်။
ကင်နာဗားရိုးဟာ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဒိုင်နမိုဇာဂရက်အသင်းမှာ ၅ လသာကြာခဲ့ပြီး ၁၄ ပွဲကိုင်တွယ်ကာ ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရှိ ကမ္ဘာ့အဆင့် ၅၄ နေရာမှာ ရပ်တည်နေတဲ့ ဥဇဘတ်ကစ္စတန်အသင်းဟာ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့အတွက် နာမည်ကြီး နည်းပြတွေကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ ကင်နာဗားရိုးကို ခန့်အပ်တော့မှာပါ။
ဥဇဘတ်ကစ္စတန်အသင်းဟာ အောက်တိုဘာထဲမှာ ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားပြီး ၉ ရက်မှာ ကူဝိတ်၊ ၁၃ ရက်မှာ ဥရုဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 315
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
စီးရီးအေကလပ် ကိုမိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒတ်ချ်တိုက်စစ်မှူး ဇက်ခ်ဇီဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။
ဇက်ခ်ဇီဟာ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကြီးမားတဲ့ ပရောဂျက်ထဲမှာ ပါဝင်နေပြီး ယူနိုက်တက်အသင်း ကလည်း သူ့ကို လာမယ့် အပြောင်းအရွှေ့မှာ အငှား ဒါမှမဟုတ် အပြီးသတ် အပြောင်းအရွှေ့အတွက် လမ်းဖွင့် ထားတာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဇက်ခ်ဇီဟာ နည်းပြ အာမိုရင် လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ကစားထားတဲ့ ၄ ပွဲစလုံး လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၄ လက ပေါင် ၃၆.၅ သန်းနဲ့ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဇက်ခ်ဇီဟာ ယူနိုက်တက် အသင်းမှာ အရန် ကစားသမားအဖြစ်သာ သတ်မှတ်ခံထားရတာပါ။
ယူနိုက်တက်အသင်းကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဇက်ခ်ဇီကို အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူဖို့အတွက် ပြုလုပ်လာမယ့် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ကို တွေ့ရစဉ်
ကိုမိုအသင်းဟာ အသင်းရဲ့ တိုက်စစ်ကို ပိုပြီးအားကောင်းစေဖို့နဲ့ စီးရီးအေ အမှတ်ပေးဇယား အထက်ပိုင်းကို ရောက်ရှိဖို့ ဇက်ခ်ဇီကို ခေါ်ယူချင်နေတာပါ။
ပြီးခဲ့တဲ့နွေရာသီက ဇက်ခ်ဇီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဇက်ခ်ဇီဟာ ဘိုလော့ဂ်နာအသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေကလပ် အသင်းတွေ ရဲ့အဓိက ပစ်မှတ်အဖြစ်ရှိနေတာပါ။
ဇက်ခ်ဇီဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် ပုံမှန်ကစားခွင့် ရချင်နေတာကြောင့် အပြီးသတ် မဟုတ်ရင်တောင် အငှားနဲ့ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတဲ့ ဇက်ခ်ဇီဟာ လာမယ့် ဆန်းဒါးလန်း အသင်းနဲ့ပွဲစဉ်မှာလည်း လူစားဝင်အဖြစ်သာ ပါဝင်ရဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မူနော့ဇ်၊ အန်ကီတီးယားတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒိုင်နဗိုကိဗ်အသင်းကို အနိုင်ရရှိကာ သူတို့ရဲ့ ဥရောပ ပွဲဦးထွက်ပွဲစဉ်မှာ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာပါ။
၁၉၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အရှည်ကြာ ဆုံး ရှုံးပွဲမရှိအဖြစ် အခုဆိုရင် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၉၆၉ ခုနှစ်က နည်းပြ ဘတ်ဟတ် လက်ထက်မှာ ၁၈ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင် နိုင်ခဲ့တာကို ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရခဲ့ပြီးနောက် ကျော်ဖြတ်နိုင်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း နောက်ဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာက ဧပြီ ၁၆ ရက်မှာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်ဖြစ်ပြီး ၅ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီနောက်ပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ FA ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရခဲ့ပြီး အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၉ ပွဲဆက် ရှုံးပွဲမရှိတဲ့ ပွဲတွေမှာ ၁၁ ပွဲအနိုင်ရပြီး ၈ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။
နည်းပြဂလက်စ်နာက အသင်းဟာ အောင်မြင်ဖို့ အလွန်ဆာလောင်နေသလို ရည်မှန်းချက် အလွန်ကြီးမားတာ ကြောင့် ဒီလိုမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာလို့ ဒိုင်နမိုကိဗ်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါအပြင် ဂလက်စ်နာက အသင်းဟာ ပြိုင်ပွဲတိုင်းကို အာရုံစိုက်ပြီး တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: talksport
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မစ်ဂျေးလန်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်တွေဟာ နည်းပြ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ သီကြွေး တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နှစ်ပေါင်း ၂၉ နှစ်အကြာမှာ ပထမဆုံးအဖြစ် ဥရောပပွဲစဉ်ကို အိမ်ကွင်း လက်ခံ ကျင်းပခဲ့ရပေမယ့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရှုံးပွဲကြောင့် နည်းပြပိုစတီကိုဂလူး လက်ထက် ကစားထားတဲ့ ၆ ပွဲစလုံး နိုင်ပွဲမရရှိသေးသလို ဒီပွဲတွေမှာ အသင်းဟာ ပေးဂိုး ၁၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ရလဒ်ဆိုးတွေကို စိတ်ပျက်နေတဲ့ ပရိသတ်အများစုဟာ ပြီးခဲ့တဲ့ရာသီက စပါး အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြပိုစတီကိုဂလူးကို “ခင်ဗျား မနက်ကျရင် အလုပ်ကနေ ထုတ်ပယ်ခံရတော့မယ်”ဆိုပြီး သီကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒါအပြင် ပရိသတ်တွေဟာ ပထမပိုင်းအပြီးနဲ့ ပွဲအပြီးမှာ အသင်းနဲ့နည်းပြတို့ကို ပြင်းပြင်းထန်ထန် လှောင်ပြောင် မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ်အဖွင့်ပွဲစဉ်မှာ ဘက်တစ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲ ကစားအပြီး ရမှတ် ၁ မှတ်နဲ့ အသင်း ၃၆ သင်းရှိတဲ့ အမှတ်ပေးဇယားမှာ အဆင့် ၂၅ နေရာ ရပ်တည်နေတာပါ။
ပိုစတီကိုဂလူးဟာ သူကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၆ ပွဲစလုံး အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံး နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြအဖြစ်လည်း ဆိုးရွားတဲ့ မှတ်တမ်းရရှိခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ပရိသတ်တွေရဲ့ အသံကို ကျနော်ကြားရပါတယ်။ သူတို့ဟာ ပရိသတ်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အသင်းအနိုင်ရရှိတာကို မြင်တွေ့ချင်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေကို ဖော်ပြခွင့်ရှိပါတယ်။ ဘောလုံးမှာ ကျနော်က ဘာကိုမှ မအံ့သြတော့ပါဘူး။ ဒါကို ထိန်းချုပ်လို့ မရပေမယ့် အသင်းအတွက် နိုင်ပွဲရအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေတယ်လို့ ယုံကြည်ပြီး မကြာမီမှာ နိုင်ပွဲတွေရရှိ တော့မှာပါ”လို့ ပြောခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 483
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
ဖီဖာဒုဥက္ကဋ္ဌတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် မြို့နေရာတွေကို မပြောင်းနိုင်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘေးကင်း လုံခြုံမှုရှိအောင် ပြုလုပ်သွားမှာ ဖြစ်ပြီး မလုံခြုံဘူးလို့ သူဘက်ကထင်ရင် တခြားမြို့ကို ရွှေ့မယ်လို့ မကြာသေးမီက Oval Office မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်ထံ ပုံမှန်လာရောက် လည်ပတ်လေ့ရှိတဲ့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။
ဒါပေမယ့် အင်ဖန်တီနိုကတော့ ဒေါ်နယ်ထရမ့် ပြောခဲ့တာနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးတာပါ။
ဒီအချိန်မှာ ဖီဖာဒုဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ မွန်တာဂါလီယာနီက လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ အားကစား စီးပွားရေး ညီလာခံမှာ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ကနေဒါနိုင်ငံသားက ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် မြို့နေရာနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဆုံးဖြတ်ခွင့် မရှိဘူးလို့ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
မွန်တာဂါလီယာနီက “ဒါက ဖီဖာရဲ့ပြိုင်ပွဲ၊ ဖီဖာရဲ့စီရင်ပိုင်ခွင့်၊ ဖီဖာက ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာပါ။ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေကို လေးစားမှုနဲ့အတူ ဘောလုံးက သူတို့ထက် ပိုကြီးမားပါတယ်။ ဘောလုံးက သူတို့ရဲ့ အုပ်ချုပ်မှု၊ သူတို့ရဲ့ အစိုးရနဲ့သူတို့ရဲ့ ကြွေးကြော်သံတွေကို ရှင်သန်စေပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ဗိုလ်လုပွဲ အပါအဝင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ပွဲပေါင်း ၁၀၄ ပွဲထဲက ၇၈ ပွဲကို မြို့ပေါင်း ၁၁ မြို့မှာ လက်ခံကျင်းပသွားမှာပါ။
အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ဖလား လက်ခံကျင်းပမယ့် မြို့တွေကတော့ အတ္တလန္တာ၊ ဘော်စတွန်၊ ဒဲလက်စ်၊ ဟောက်စတန်၊ ကန်ဆက်စ်စီးတီး၊ လော့စ်အိန်ဂျလိစ်၊ မိုင်ယာမီ၊ နယူးယော့ခ်၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်ဆစ္စကို နဲ့ ဆီတဲလ်တို့ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 352
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
၂ နှစ်ကျော်ကြာ ဘောလုံးပွဲတွေနဲ့ ဝေးကွာနေတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ အောက်တိုဘာ နိုင်ငံတကာ ပွဲတွေ အပြီးမှာ မိုနာကိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ရဖွယ် ရှိနေပါတယ်။
ပေါ့ဘာဟာ တားမြစ်ဆေးကြောင့် ပွဲကစားခြင်း မပိတ်ခံရမီက ဂျူဗင်တပ်စ်အသင်းအတွက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှာ နောက်ဆုံး ပွဲပါဝင်ကစားခဲ့တာပါ။
ပွဲကစားခွင့် ပိတ်ပင်မှုကို ၄ နှစ်ကနေ ၁၈ လ ပြစ်ဒဏ်အဖြစ် လျှော့ချခြင်း ခံခဲ့ရတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ်မှာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် နွေရာသီမှာ မိုနာကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဇူလိုင်လ ကတည်းက အသင်းဖော်တွေနဲ့ ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ပွဲကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝခဲ့ခြင်း မရှိတာပါ။

ပေါ့ဘာကိုတွေ့ရစဉ်
မိုနာကိုအသင်းဟာ ပေါ့ဘာကို အောက်တိုဘာ အစပိုင်းမှာ ပွဲပြန်ကစားနိုင်ဖို့ ရည်မှန်းခဲ့ပေမယ့် သူ့ရဲ့ပထမဆုံးပွဲ ကစားဖို့ အချိန်အနည်းငယ် ထပ်ပြီး စောင့်ဆိုင်းရဖို့ ရှိခဲ့ပါတယ်။
မိုနာကိုအသင်း နည်းပြ ဟတ်တာက ပေါ့ဘာဟာ နိုင်ငံတကာ ပွဲတွေအပြီးမှာ ပွဲဦးထွက်ခွင့် ရဖွယ်ရှိတယ်လို့ ပြောလာခဲ့တာပါ။
ဟတ်တာက “ကျနော်တို့ဟာ သူ့ကို နိုက်စ်အသင်းနဲ့ပွဲမှာ လူစာရင်းထဲပါဝင်ဖို့ မျှော်လင့်ထားပေမယ့် အန်ဂါးစ် အသင်းနဲ့ပွဲအထိ စောင့်ဖို့လိုအပ်သွားပါပြီ။ နိုင်ငံတကာ ပွဲတွေအပြီးမှာ သူကစားနိုင်ဖို့ ကျနော်တို့ မျှော်လင့်တယ်”လို့ မန်စီးတီးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီ ပြောခဲ့ပါတယ်။
မိုနာကိုအသင်းဟာ ဒီရာသီပြင်သစ် လီဂူး-၁ ပြိုင်ပွဲ ၆ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ အဆင့် ၄ နေရာ ရပ်တည် နေပြီး ချန်ပီယံလိဂ်မှာတော့ ၂ ပွဲကစားအပြီး ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 339
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
နာပိုလီအသင်းက စပို့တင်းလစ္စဘွန်းအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီဘရိုင်းရဲ့ ဂိုးဖန်တီး ပေးမှုတွေကနေ ၂ ဂိုးစလုံးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက ဒီဘရိုင်းနဲ့ တစ်သင်းတည်းမှာ အတူတွဲကစား ရလို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဟော့ဂျ်လန်းက “ဒီဘရိုင်းက အားကစားရဲ့ ဂန္ထဝင်တစ်ဦးပါ။ ကျနော်အတွက်တော့ သူဘောလုံးရတဲ့ အချိန်တိုင်းမှာ နေရာလွတ်တွေ ရှာဖွေပြီး ဂိုးတွေသွင်းနိုင်ဖို့ လုပ်ရပါတယ်။ သူ့လို ကစားသမားနဲ့ အတူတွဲပြီး ကစားရတာကို အလွန် ကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ်မှာ ကစားရတာဟာ အိပ်မက်ဖြစ်ပြီး ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းရတာ ကို ကျနော် အလွန်နှစ်သက်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဟော့ဂျ်လန်းဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြသနေပြီး အသင်းအတွက် ကစားထားတဲ့ ၅ ပွဲမှာ ၃ ဂိုး သွင်းယူ ထားပါတယ်။

ဒီဘရိုင်းနဲ့ ဟော့ဂျ်လန်းကို တွေ့ရစဉ်
ဒီပွဲမှာ ဟော့ဂျ်လန်းအတွက် သွင်းဂိုး ၂ ဂိုးစလုံး ဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းက ဟော့ဂျ်လန်းဆီမှာ အရည်အသွေးတွေ အများကြီးရှိပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်ဖို့က သူနဲ့အသင်းအတွက် အလွန်အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် League Phase ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တာပါ။
ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ အေစီမီလန်အသင်းနဲ့ ပွဲစဉ်မှာ သူ့ကို လူစားလဲ ခဲ့တဲ့အပေါ် စိတ်ပျက်ကြောင်း ပြသခဲ့ပြီး နောက် သူနဲ့ နာပိုလီအသင်းနည်းပြ ကွန်တီတို့အကြားမှာ တင်းမာမှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီဘရိုင်းကတော့ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘဲ သူက အနိုင်လိုချင်တဲ့သူ ဖြစ်တဲ့အတွက် ပွဲကစားချင်ပြီး ခြားနားမှုကို ဖန်တီးချင်တယ်လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းဟာ ဒီရာသီ စီးရီးအေပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင်၊ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
နာပိုလီအသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 283
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ PSG အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က အသင်းဟာ PSG အသင်းအဆင့်မှာ ရှိမနေခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ကျနော်တို့ဟာ တူညီတဲ့အဆင့်မှာ ရှိနေတယ်လို့ ပြောစရာ မရှိဘူးဆိုတာ ဒီပွဲမှာ မြင်တွေ့နိုင်ပါ တယ်။ ဒါပေမယ့် ကျနော်ဟာ ကျနော့်အသင်းကို ယုံကြည်မှုရှိပါတယ်။ ဒီနေ့က ကျနော်တို့အတွက် အကောင်းဆုံး နေ့ မဟုတ်ခဲ့ပေမယ့် ဒီလိုအဆင့်မျိုး ရောက်ရှိအောင် ကျနော်တို့ ထပ်ပြီးကြိုးစားမှာပါ။ ကျနော်တို့လည်း PSG အသင်းလိုမျိုး ကစားနိုင်တယ်ဆိုတာ ရာနှုန်းပြည့် သေချာပြီး သူတို့ဆီကနေ သင်ယူကာ ပိုပြီးကောင်းအောင် လုပ်ရမယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ ဖာရန်တောရက်စ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ ပေမယ့် လက်ရှိချန်ပီယံ PSG အသင်းအတွက် မာယူလူက ချေပဂိုးသွင်းပြီး ဂွန်ကာလိုရာမို့စ်က မိနစ် ၉၀ မှာ အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်
ဘာစီလိုနာအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ပြီး PSG အသင်းကတော့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားတာပါ။
PSG အသင်းဟာ ဒီပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဒူအီ၊ ကာဗီချာနဲ့ မာကွင်ဟို့စ်တို့ ဒဏ်ရာ ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို အကောင်းဆုံးကစားပြီး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကလည်း ရာဖင်ညာ၊ ယိုအန်ဂါစီယာ၊ ဂါဗီနဲ့ဖာမင်လိုပက်ဇ်တို့ မပါဝင်ဘဲ PSG အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က PSG အသင်းကို နောက်ကျ အနိုင်ဂိုး ပေးခဲ့ရတဲ့အပေါ် စိတ်ပျက်ခဲ့ ပေမယ့် လာမယ့်ပွဲတွေမှာ ပိုပြီးကောင်းမွန်အောင် သင်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဂွန်ကာလိုရာမို့စ်က သူတို့ဟာနိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပြီး ဘာစီလိုနာ အသင်းထက် ပိုပြီးကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဂွန်ကာလိုရာမို့စ်က သူတို့ဟာ ဒီရာသီမှာ အရာအားလုံးကို ထပ်ပြီး အနိုင်ယူချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 316
CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁
အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခံနေရတယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို တုံ့ပြန်ခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က “ကျနော်ဟာ အလွန်အေးဆေး ဖြစ်နေပါတယ်။ ဒါကို အမြဲတမ်း ပြောလေ့ရှိပေမယ့် အမှန်တရားက ရာသီက အခုမှ စတင်တာပါ။ ကျနော့်ရဲ့ အာရုံစိုက်မှုက နေ့တိုင်းတိုးတက်ဖို့နဲ့ အက်သလက်တီကို အတွက် အနိုင်ရဖို့ပါ။ ဒါက ကျနော့် စိတ်ထဲမှာရှိတဲ့ တစ်ခုတည်းသော အရာပါ။ ဆိုရှယ်မီဒီယာက သတင်းတွေက ကျနော့်ထက်ပိုသိနေကြတယ်”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီး သူနဲ့အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ စီစဉ်နေပြီး အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အဓိက ဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ။
အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို အသင်းမှာလည်း ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရီးရယ်လ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ ဖရန့်ဖတ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုအသင်းအတွက် ၁ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ၈ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၃၀ ခုနှစ်အထိ သက်တမ်း ရှိနေတာပါ။
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်းအနေနဲ့ အယ်လ်ဗာရက်ဇ်ကို အသင်းမှာ ကာလရှည်ကြာ ဆက်ရှိအောင် ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
Source: onefootball
