- By CNI
- Category: အားကစား
- Hits: 325
CNI Soprt News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ကင်မရွန်းဂိုးသမား အိုနာနာဟာ တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ ဒီရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ ယူနိုက်တက်အသင်းက အတည်ပြု ကြေညာခဲ့ပါတယ်။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ပုံမှန်လက်စွမ်း ပြသနိုင်ခြင်း မရှိသလို ဒီရာသီ အစ ပွဲစဉ်တွေမှာလည်း တူရကီဂိုးသမား ဘာယင်ဒါက သူ့ရဲ့နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်ခဲ့တာပါ။
အိုနာနာဟာ အစောပိုင်းက ယူနိုက်တက်အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့် နေရာအတွက် တိုက်ပွဲဝင်မယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန့်ဝါတ်အသင်းဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။
အဲဒါကြောင့် အိုနာနာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အိုနာနာကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အငှား အပြောင်းအရွှေ့အတွက် ငှားရမ်းခရမှာ မဟုတ်ပေမယ့် သူ့ရဲ့လုပ်ခ လစာ အပြည့်အဝကို ထရက်ဇွန်စပေါ်က ပေးချေသွားမှာပါ။
ဒီအပြောင်းအရွှေ့မှာ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီမှု မပါဝင်တဲ့အတွက် အိုနာနာဟာ နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက အိုနာနာရဲ့ အပြောင်းအရွှေ့ဟာ တူရကီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီမှာ ပြီးမြောက် ခဲ့ပြီး သူကံကောင်းပါစေလို့ ဆုတောင်းကြောင်း သူတို့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
၂၀၂၃ နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ပေါင် ၄၃.၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုနာနာ ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားခဲ့ပြီး FA ဖလားရယူနိုင်ခဲ့ပါတယ်။
ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ်မှာ ၄ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေကာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဖီနာဘာချီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ PSG အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာ က မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒွန်နာရမ်မာက “ဒါက ကျနော့် ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်ပြီး ဒါကို ကျနော်ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့က ကျနော့်အတွက် အိပ်မက်တစ်ခုပါပဲ။ ချန်ပီယံလိဂ်က ဘောလုံးသမားတစ်ဦးအတွက် အကောင်းဆုံးဆုဖလားလို့ ကျနော်ထင်ပါတယ်။ PSG အသင်းနဲ့ရယူနိုင်ခဲ့တုန်းက ဒါဟာ ဖော်ပြလို့မရတဲ့ခံစားချက်ပါပဲ”လို့ ပြောခဲ့တာပါ။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလား ရရှိနိုင်အောင် လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် PSG အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ လိုင်လီအသင်း ဂိုးသမား ချီဗာလီရာကို ခေါ်ယူခဲ့ပြီး ဒွန်နာရမ်မာကို ရောင်းချခဲ့တာပါ။

ဒွန်နာရမ်မာကို တွေ့ရစဉ်
အဲဒါကြောင့် ဒွန်နာရမ်မာဟာ မန်စီးတီးအသင်းထံ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့လာပြီး ၅ နှစ်စာချုပ်ချုပ် ဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ ဒွန်နာရမ်မာဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ ခံစားချက်ကို နှစ်သက်နေပြီး မန်ချက်စတာကလပ်မှာ ထပ်ပြီးလုပ်နိုင်ဖို့ မျှော်လင့်နေတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၂၂-၂၃ ရာသီမှာ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ပြီး အဆိုပါရာသီမှာ ပရီးမီးယားလိဂ်နဲ့ FA ဖလားကိုပါ ရယူကာ သမိုင်းဝင် အောင်မြင်မှု ရေးထိုးနိုင်ခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအသင်း အတွက် ပွဲထွက်ပါဝင်ဖွယ်ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊၂ ပွဲရှုံးနဲ့ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 274
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ ခြေစွမ်းပြသနေတဲ့ အင်္ဂလန်ကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းနဲ့ ဂိုးသမားနေရာကို အားဖြည့်နိုင်ခဲ့ ပေမယ့် လိုအပ်နေတဲ့ ကွင်းလယ်နေရာကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာပါ။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဘရိုက်တန်အသင်းဘက်က သူ့ကိုရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီမှာ ဘာလီဘာကို ခေါ်ယူဖို့ ထပ်ကြိုးစားလာနိုင်သလို အခြားပစ်မှတ် တွေကိုလည်း ရှာဖွေနေတာပါ။

အန်ဒါဆန်ကို တွေ့ရစဉ်
TEAMtalk က ယူနိုက်တက်အသင်းဟာ ကွင်းလယ်နေရာအတွက် အားဖြည့်ဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်လူ အန်ဒါဆန်ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့် စိတ်ဝင်စားမှု ပိုပြီးများလာတယ်လို့ သိရပါ တယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၉ နွေရာသီအထိ စာချုပ်ရှိနေတဲ့ အဓိကကွင်းလယ်လူ အန်ဒါဆန်ကို ရာသီဝက်ကာလမှာ လက်လွှတ်ဖို့ ဆန္ဒမရှိတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြနူနိုဆန်တိုကို ထုတ်ပယ်ပြီး စပါးအသင်း နည်းပြဟောင်း ပိုစတီကိုဂလူးကို နည်းပြသစ် ခန့်အပ်ထားတဲ့ အပြောင်းအလဲကြောင့် ယူနိုက်တက်အသင်းဟာ အန်ဒါဆန်ရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ နည်းပြသစ် ပိုစတီကိုဂလူးရဲ့ အစီအစဉ်မှာ အဓိက အစိတ်အပိုင်း အနေနဲ့ မပါဝင်ရဘူးဆိုရင် ယူနိုက်တက်အသင်းဟာ သူ့ကိုကမ်းလှမ်းမှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေတာပါ။
အန်ဒါဆန်ဟာ နယူးကာဆယ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အဓိက ကစားသမားအဖြစ် ရှိနေပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ အဓိက ကစားသမား ဖြစ်ခဲ့သလို အင်္ဂလန်အသင်းကြီး နည်းပြတူချယ်လ်ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲစလုံး သူ့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာပါ။
အန်ဒါဆန်ရဲ့ လက်ရှိ ပုံစံကောင်းတွေကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ခက်ခဲနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 251
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ ပထမဆုံးရာသီမှာ ဂိုးအများအပြား သွင်းယူနိုင်ခဲ့ပေမယ့် Ballon d'Or ဆုအတွက် ဒမ်ဘီလီနဲ့ ဟာကီမီတို့ နှစ်ဦးထဲက တစ်ဦးကို ရရှိစေဖို့ ဆန္ဒရှိတယ် လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ဒီနှစ်အတွက်ဆုကို ကျနော် မရနိုင်ပါဘူး။ ဒမ်ဘီလီနဲ့ ဟာကီမီတို့လို သူငယ်ချင်းနှစ်ဦးကို ကျနော် ပံ့ပိုးပေးသွားမှာပါ။ နှစ်ဦးထဲက တစ်ဦးကို ကျနော် မရွေးချယ်ချင်ပါဘူး။ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုပြီး သူတို့နှစ်ဦးထဲက ဘယ်သူပဲရရ ကျနော် အလွန်ပျော်ရွှင်မှာပါ”လို့ L'Equipe ကို ပြောခဲ့တာပါ။
ဘတ်ပီဟာ သူ့ရဲ့ PSG အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဒမ်ဘီလီနဲ့ ဟာကီမီတို့ထဲက တစ်ဦးဟာ အခုနှစ်အတွက် Ballon d'Or ဆုကို ရရှိမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ဖလားအပြင် ဆုဖလား ၃ ခု ကို ရယူနိုင်ခဲ့တာပါ။
ဒါအပြင် PSG အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီက ဥရော ပဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ ဥရောပရွှေဖိနပ်ကို ရရှိခဲ့ပေမယ့် ရီးရယ်လ် အသင်းနဲ့အတူ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲတွေမှာ အောင်မြင်မှု မရရှိခဲ့တာပါ။
အဲဒါကြောင့် ဘတ်ပီဟာ အခုနှစ်အတွက် Ballon d'Or ဆုကို သူမရရှိနိုင်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူပြီး သူလည်း အကောင်းဆုံးပုံစံ ပြသနိုင်မယ်ဆိုရင် လာမယ့်နှစ်မှာချီးမြှင့်မယ့် Ballon d'Or ဆုကို ပစ်မှတ်ထားလို့ရနိုင်တာပါ။
အခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို စက်တင်ဘာ ၂၂ ရက် ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 390
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
ပြီးခဲ့တဲ့ရာသီအကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ဘွန်ဒက်လီဂါကလပ် ဝုလ်ဖ်ဘဘ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အဲရစ်ဆန်ဟာ ဝုလ်ဖ်ဘတ်အသင်းမှာ ၂၀၂၇ နွေရာသီအထိရှိမယ့် ၂ နှစ် စာချုပ်ချုပ် ဆိုခဲ့တာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်းမှာ ပွဲပေါင်း ၁၀၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုးသွင်း ယူကာ အသင်းကို ကာရာဘောင်းလိဂ်ဖလားနဲ့ FA ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အဲရစ်ဆန်ဟာ ရက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းအချို့ အပါအဝင် ချိတ်ဆက်မှုတွေ ရခဲ့ပေမယ့် ဝုလ်ဖ်ဘတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
အဲရစ်ဆန်က “ဝုလ်ဖ်ဘတ်ဟာ ဘွန်ဒက်လီဂါမှာ ကျနော့်ရဲ့ ပထမဆုံးကလပ် ဖြစ်ပါတယ်။ ဒီစွန့်စားခန်းအသစ်ကို ကျနော် အလွန်စိတ်လှုပ်ရှားနေပါတယ်။ အတူလက်တွဲပြီး ကျနော်တို့ အောင်မြင်မှု ရယူနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဝုလ်ဖ်ဘတ်အသင်းမှာ ဒိန်းမတ်ကစားသမားတွေ ရှိနေတာကလည်း ဒီအသင်းကို လာရောက်ဖို့ ကျနော့်ကို အလွန်ဆွဲဆောင်မှု ဖြစ်စေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆန်ကို တွေ့ရစဉ်
အေဂျက်စ်၊ စပါး၊ အင်တာမီလန်နဲ့ ဘရန်ဖို့ဒ်အသင်းတွေမှာ ကစားခဲ့တဲ့ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွီဒင် ကလပ် မယ်လ်မိုအသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲရစ်ဆန်ဟာ ဒိန်းမတ်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တာကြောင့် ဝုလ်ဖ်ဘတ် အသင်းမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဝုလ်ဖ်ဘတ်အသင်းဟာ ဒီရာသီဘွန် ဒက်လီဂါပွဲစဉ် ၂ ပွဲ ကစားထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ် ထားတာပါ။
ဝုလ်ဖ်ဘတ်အသင်းဟာ အခုလာမယ့် ဘွန်ဒက်လီဂါ ပွဲစဉ်အဖြစ် ကိုလုံးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ အဲရစ်ဆန် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 310
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
လက်စတာအသင်း တိုက်စစ်မှူးဟောင်း ဗာဒီဟာ စီးရီးအေကလပ် ခရီမိုနီဆီအသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ သူ့ရဲ့အသက်အရွယ်နဲ့ ပတ်သက်ပြီး သံသယရှိတဲ့ သူတွေကို မှားယွင်းကြောင်း သက်သေပြသဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။
ဗာဒီက “ခင်ဗျားဟာ သံသယရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်မှာပါ။ ဒါက မှားယွင်းတယ်ဆိုတာကို ကျနော် သက်သေပြရမယ့် သူတွေထဲမှာ ခင်ဗျားလည်း တစ်ဦးအနေနဲ့ ပါဝင်ပါတယ်။ နားထောင်ပါ၊ ကျနော့်အတွက်တော့ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုပါပဲ။ ကျနော့်ရဲ့ ခြေထောက်တွေဟာ သူတို့အရင်ကအတိုင်း လုပ်နေသလို ဖြစ်ပြီး လန်းဆန်းနေဆဲ ဖြစ်တာကြောင့် ကျနော်ဆက်သွားမှာပါ။ အခုအချိန်ထိ နှေးကွေးတဲ့ လက္ခဏာမရှိပါဘူး”လို့ သူ့ရဲ့အသက်အရွယ်ပေါ် စိုးရိမ်နေတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီအကုန်မှာ လက်စတာအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီဟာ အသင်းအများအပြား နဲ့ သတင်းထွက်ခဲ့ပေမယ့် ကစားသမားဘဝ ပထမဆုံးအကြိမ် အင်္ဂလန်ပြင်ပ ကလပ်ဖြစ်တဲ့ ခရီမိုနီဆီအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီဟာ ခရီမိုနီဆီအသင်းနည်းပြ နီကိုလာနဲ့ အချိန်အကြာကြီး Zoom ပြောဆိုပြီး နောက်မှာ စီးရီးအေကလပ်ထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဗာဒီကို တွေ့ရစဉ်
ဗာဒီဟာ ခရီမိုနီဆီအသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်ကာ အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဗာဒီဟာ လက်စတာအသင်းမှာ ၂၀၁၂ ကနေ ၂၀၂၅ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၅၀၀ ပါဝင် ကစားခဲ့တာမှာ သွင်းဂိုး ၂၀၀ သွင်းယူနိုင်ခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးဟောင်း လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံရှစ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။
ဗာဒီက သူဟာ ခရီမိုနီဆီအသင်းကို ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ဆက်ပြီး ရှိနေနိုင်အောင် သူ့မှာရှိတဲ့အရာတွေ အားလုံးကို ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
ခရီမိုနီဆီအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံး နိုင်ပွဲရရှိထားပြီး လာမယ့်ပွဲစဉ်အဖြစ် ဗီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဗာဒီဟာ ဒီပွဲစဉ်မှာ ခရီမိုနီဆီအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 257
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
ပြင်သစ်အသင်းက အိုက်စလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကွင်းလယ်လူ ရာဘီယော့ကို လှောင်ပြောင်ခဲ့တဲ့ အသင်းပရိသတ်တွေရဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်က ဝေဖန်ခဲ့ပါတယ်။
ဒက်ချမ့်စ်က “ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ သူဟာ ပြင်သစ်လက်ရွေးစင် ကစားသမားဖြစ်ပြီး ဒီဂျာစီကို သူ ဝတ်ဆင်ထားပါတယ်။ သူ့ကလပ်မှာ သူဖြစ်ခဲ့တာတွေက ကျနော့် အလုပ် မဟုတ်ပါဘူး။ ဒီလိုမျိုး လှောင်ပြောင် နေတာဟာ မဖြစ်သင့်သလို လက်ခံနိုင်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။
ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ဟာ မာဆေးလ်အသင်းဖော်ဟောင်း ရိုဝီနဲ့ အဝတ်လဲခန်းအတွင်းမှာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရကာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းသစ်ရှာဖွေဖို့ မာဆေးလ်အသင်းရဲ့ ပြောကြားခြင်းကို ခံခဲ့ရတဲ့ ရာဘီယော့ဟာ ဂျူဗင်တပ်စ်အသင်း နည်းပြဟောင်း အယ်လီဂရီ ကိုင်တွယ်နေတဲ့ အေစီမီလန်အသင်းထံ ပြောင်းရွှေ့ပြီး စီးရီးအေပြိုင်ပွဲထံ ပြန်လာခဲ့တာပါ။

ရာဘီယော့ကို တွေ့ရစဉ်
ပြင်သစ်အသင်းနည်းပြ ဒက်ချပ့်စ်ဟာ အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ချူအာမန်နီ ထုတ်ပယ်ခံရပြီး တစ်ဦးလျောနဲ့ ကစားနေရချိန်မှာ ရာဘီယော့ကို လူစားလဲ ဝင်ရောက်စေခဲ့တာ ဖြစ်ပါတယ်။
PSG အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ PSG အသင်း ကစားသမားဟောင်းဖြစ်ခဲ့တဲ့ ရာဘီယော့ဟာ လူစားလဲ ဝင်ရောက်ချိန် နေရာစုံကနေ ကျယ်လောင်တဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပြီး ဘောလုံးထိချိန်တိုင်းမှာလည်း အဆတ်မပြတ် လှောင်ပြောင်မှုတွေ ခံခဲ့ရတာပါ။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်ဟာလည်း ဒမ်ဘီလီနဲ့ ဒူအီတို့ရဲ့ ဒဏ်ရာတွေကြောင့် ဒေါသထွက်နေတဲ့ PSG အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။
ဒက်ချမ့်စ်ကတော့ ရာဘီယော့အပေါ်မှာ ပရိသတ်တွေရဲ့ ပြုမူဆက်ဆံပုံကို လက်မခံနိုင်ဘူးလို့ ပြောခဲ့တာပါ။
ရာဘီယော့ဟာ ဒီတစ်ပတ်ကစားမယ့် ဘိုလော့ဂ်နာအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 298
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
ဘန်လေအသင်းကနေ ထွက်ခွာခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူ ဂျိုအာမန်ဒက်စ်ဟာ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဂျိုအာမန်ဒက်စ်ဟာ Bishop Burton College မှာ အခြေစိုက်တဲ့ ဟားလ်စီးတီး ယူ-၂၁ အသင်းမှာ ပါဝင်မှာပါ။
ဂျိုအာမန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းမှာ ကစားခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်တစ်ခုကို စတင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
သူဟာ ဘန်လေအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ခဲ့ပေမယ့် နွေရာသီမှာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူပြီး အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ် အသင်းတွေရဲ့ လူငယ်အသင်းတွေမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မန်ဒက်စ်ဟာ သူ့ဖခင်ဖြစ်သူ ရော်နယ်ဒင်ဟိုရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဂျိုအာမန်ဒက်စ်ကို တွေ့ရစဉ်
ဂျိုအာမန်ဒက်စ်ဟာ ဘာစီလိုနာ လူငယ်အသင်းမှာ တစ်ရာသီကြာသာ ကစားပြီးနောက် ထွက်ခွာကာ ဘန်လေ အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဂျိုအာမန်ဒက်စ်က သူဟာ ဖခင်ဖြစ်သူနဲ့ နှိုင်းယှဉ်ခြင်း ခံရတာကနေ လွတ်မြောက်ဖို့အတွက် အင်္ဂလန်ထံ ပြောင်းရွှေ့ခဲ့တာလို့ အခုနှစ် အစောပိုင်းက ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဂျိုအာမန်ဒက်စ်က “ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဟာ ဂျိုအာပဲ ဖြစ်ချင်ပါတယ်။ ကျနော်ဟာ ကျနော့် အဖေလိုဖြစ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို ဖြစ်လည်း မဖြစ်ချင်ပါဘူး။ ဒါကြောင့် သူကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဝေးကွာတာဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ စတင်မှုဖြစ်သလို ကောင်းမွန်တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်ရတာနဲ့ သူ့ရဲ့အကြောင်း ပြောရတာဟာ ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ဂျာအိုမန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းအတွက် ပရီးယားလိဂ်ဖလား ၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 739
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဟန်ဂေရီအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပူးတွဲဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ သွင်းဂိုးပေါင်း ၃၉ ဂိုးအထိ ရှိလာခဲ့တာပါ။
ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ သူအဖြစ် အရင်က စံချိန်တင်ထားတဲ့ သူကတော့ ဂွာတီမာလာအသင်းက ကားလို့စ်ရုပ်ဇ်ဖြစ်ပြီး အခုအချိန်မှာ ရော်နယ်ဒိုက သူ့ရဲ့သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ၃၆ ဂိုး သွင်းယူထားပြီး ရော်နယ်ဒိုနဲ့ ၃ ဂိုး ကွာဟနေတာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အာမေးနီးယားအသင်းနဲ့ ခြေစစ်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ အသက် ၄၀ နှစ်ကျော်ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ သွင်းဂိုးတွေနဲ့ ပေါ်တူဂီအသင်းကို အကူအညီ ပေးနိုင်သေးကြောင်း ပြသထားတာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၂၃ ပွဲကစားထားပြီး ၁၄၁ ဂိုး သွင်းယူထားပါတယ်။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ရည်မှန်းထားတဲ့ ရော်နယ်ဒိုဟာ ၉၄၃ အထိ သွင်းယူ ထားတာပါ။
ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစား အပြီးမှာ ၂ ပွဲစလုံး နိုင်ပွဲရရှိကာ အုပ်စုတွင်း အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
ပေါ်တူဂီအသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အိုင်ယာလန်နဲ့ ဟန်ဂေရီ အသင်းတို့ကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဆားဘီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲက အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဒါဟာအသင်းရဲ့ စံသတ်မှတ်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ကျနော်တို့ဟာ အစကနေ အဆုံးထိ အလွန်ကောင်းမွန်တဲ့ ရက်သတ္တပတ်ရှိခဲ့ပါတယ်။ ဒီစခန်းသွင်း မှုမှာ နေ့တိုင်း မြင်တွေ့ခဲ့ရတာကို ကျနော်တို့ သက်သေပြသနိုင်ခဲ့ပြီး ဒါက ကျနော့်ကို အလွန်ပျော်ရွှင်စေပါတယ်။ ဒီစခန်းသွင်းမှုက စံသတ်မှတ်ချက်ပါပဲ။ ကွင်းထဲမှာ အဆိုးမြင်စိတ်တွေ မရှိသလို စိတ်ပျက်စရာတွေလည်း မရှိခဲ့ ပါဘူး။ ဒါက ကျနော့်အတွက် အစစ်မှန်ဆုံးပုံစံနဲ့ အသင်းလိုက်ကစားတာပါ။ ကျနော်တို့ဟာ ထိုက်တန်တဲ့ နိုင်ပွဲရခဲ့ ပြီး ဒီပုံစံကို ဆက်ထိန်းသိမ်းရမယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို အသင်းခေါင်းဆောင် ဟာရီကိန်း၊ မာဒူကီ၊ ကွန်ဆာ၊ ဂူဟီနဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းကို အနိုင်ရခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ၅ ပွဲ ကစား အပြီးမှာ ပေးဂိုးမပေးရဘဲ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ခြေစစ်ပွဲတွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပေမယ့် ဆားဘီးယားအသင်းနဲ့ပွဲမှာတော့ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ဆားဘီးယား ယှဉ်ပြိုင်နေစဉ်
အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ် အထိရှိခဲ့ပြီး ၁၂ ကြိမ် ဂိုးပေါက်တည့်ကာ ဆားဘီးယား အသင်းက ဂိုးပေါက်ကန်သွင်းမှု ၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာပါ။
အင်္ဂလန်အသင်းဟာ နည်းပြတူချယ်လ် လက်ထက်မှာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်တဲ့ ခြေစစ်ပွဲ ၅ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ဒုတိယနေရာ ရပ်တည်နေတဲ့ အယ်လ်ဘေးနီးယားအသင်းကို ၇ မှတ်ဖြတ်ပြီး ဦးဆောင်ထားပါတယ်။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ လက်ကျန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲမှာ ၅ မှတ် ရယူနိုင်တာနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ရရှိမှာပါ။
အင်္ဂလန်အသင်းဟာ လာမယ့် အောက်တိုဘာမှာ ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
