CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ရီးရယ်လ်အသင်းက ဗယ်လက်ကာနိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ တစ်လကြာ အနားယူရဖွယ် ရှိနေပါတယ်။
ဒဏ်ရာကြောင့် ငိုကြွေးခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီပွဲရဲ့ပွဲချိန် ၁၀ မိနစ်မှာ ဘရာဟင်ဒီယက်ဇ်နဲ့ လူစားလဲ ခံခဲ့ရပါ တယ်။
ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာ အခြေအနေကို ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ဘယ်လောက် ကြာကြာ အနားယူရမလဲဆိုတာကို ဖော်ပြထားခြင်း မရှိတာပါ။
စပိန်မီဒီယာတွေကတော့ ဘယ်လင်ဂမ်ဟာ တစ်လကြာ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်အနေနဲ့ တစ်လကြာ အနားယူရမယ်ဆိုရင် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် နှစ်ကျော့စလုံးမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်သလို ဗလင်စီယာ၊ ဆိုစီဒက်၊ အိုဆာဆူနာအသင်းတို့နဲ့ လာလီဂါပွဲတွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၂၈ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူ ထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဘယ်လင်ဂမ် မပါဝင်နိုင်တာဟာ အသင်းအတွက် ကြီးမားပေမယ့် သူ့နေရာမှာ အစားထိုးပြီး အသုံးပြုရမယ့် လူစာရင်းရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လာလီဂါနောက်ဆုံး ၆ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ရီးရယ်လ်အသင်းဟာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်ပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲအဖြစ် ဗလင်စီယာအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
