CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃

ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြီးခဲ့တဲ့ လိဂ် ၂ ပွဲကို ပါဝင်ကစားခဲ့ခြင်း မရှိတဲ့ ဘန်ဇီမာကို အယ်လ်ဟီလယ် အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၁ နှစ်ခွဲ စာချုပ်ချုပ်ကာ ခေါ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

အယ်လ်အစ်တီဟတ်နဲ့ အယ်လ်ဟီလယ်အသင်းတို့ကို ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ရှယ်ယာ ၇၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားတာကြောင့် ဘန်ဇီမာရဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တာပါ။

ဘန်ဇီမာကို တွေ့ရစဉ်

PIF ဟာ ဘန်ဇီမာကို အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့စေခဲ့တဲ့အပေါ် အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုက PIF ဟာ အယ်လ်နာဆာအသင်းကို လုံလောက်တဲ့ အားဖြည့်မှုတွေ မလုပ်ပေးဘူးလို့ ယူဆကာ ပြီးခဲ့တဲ့ အယ်လ်ရီယက်ဒ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ အယ်လ်အစ်တီဟတ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။ 

အယ်လ်အစ်တီဟတ်အသင်းအတွက် ၈၇ ပွဲ ကစားခဲ့ပြီး ၅၇ ဂိုး သွင်းယူခဲ့တဲ့ ဘန်ဇီမာက အသင်းရဲ့ အရောင်တွေ ကို ဝတ်ဆင်ခွင့် ရခဲ့တဲ့အတွက်နဲ့ မျှဝေခဲ့တဲ့ အရာအားလုံးကို ဂုဏ်ယူမိတယ်လို့ သူ့ရဲ့ X ဆိုရှယ်မီဒီယာမှာ ရေးသား ခဲ့ပါတယ်။

ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းဟာ အဆင့် ၂ နေရာက အယ်လ်နာဆာအသင်းကို ၁ မှတ် အသာနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ 

Source: CNA