CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇

PSG အသင်းဟာ ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမား ဒရိုဖာနန်ဒက်ဇ်အတွက် ဘာစီလိုနာအသင်း သတ်မှတ် ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆ သန်းထက် အနည်းငယ်ပိုပေးဖို့ သဘောတူညီခဲ့ပြီးနောက် အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ပါတယ်။ 

အသက် ၁၈ နှစ်အရွယ်ရှိ ဒရိုဖာနန်ဒက်ဇ်ဟာ ပုံမှန်ကစားခွင့် ရချင်တာကြောင့် ထွက်ခွာချင်တဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တဲ့အတွက် ဘာစီလိုနာအသင်း အံ့အားသင့်ခဲ့ရပါတယ်။ 

ဥရောပထိပ်တန်းကလပ် အများအပြားဟာ ဒရိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် PSG အသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒီအပြောင်းအရွှေ့မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ တာ ဖြစ်ပါတယ်။ 

ဒရိုဖာနန်ဒက်ဇ်က PSG အသင်းထံ ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိကြောင်းနဲ့ ဒါက သူနဲ့ သူ့မိသားစုအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ အခိုက်အတန့်လို့ ပြောခဲ့ပါတယ်။ 

ဒရိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်

ဒါ့ပြင် PSG အသင်းအတွက် ကစားပေးဖို့ အလွန်စိတ်လှုပ်ရှားနေပြီး အသင်းဂျာစီကို ဝတ်ဆင်ကာ အရာအားလုံး ပေးသွားမယ်လို့ ဒရိုဖာနန်ဒက်ဇ်က ကစားသမားသစ်အဖြစ် မိတ်ဆက်ချိန်မှာ ပြောခဲ့တာပါ။ 

အသက် ၁၄ နှစ်အရွယ် ၂၀၂၂ ခုနှစ်မှာ ဘာစီလိုနာ အကယ်ဒမီထံ ရောက်ရှိလာခဲ့တဲ့ ဒရိုဖာနန်ဒက်ဇ်ကို ဘာစီလိုနာ အသင်း နည်းပြဟန်ဆီဖလစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာရှခရီးစဉ်ထံ ခေါ်ဆောင်သွားခဲ့သလို ဒီရာသီလာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲဦးထွက်ခွင့်ပေးခဲ့ပါတယ်။ 

ဒရိုဖာနန်ဒက်ဇ် ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို သိခဲ့ပြီးနောက် ဟန်ဆီဖလစ်က သူဟာအသင်းအတွက် ၁၀၀ ရာခိုင်နှုန်း ကတိကဝတ်မရှိတဲ့ ကစားသမားတွေကို မလိုချင်ဘူးလို့ ပြောခဲ့တာပါ။ 

ဒရိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းကြီးအတွက် ၅ ပွဲ ပါဝင်ကစားထားပေမယ့် ပုံမှန်ပွဲကစားခွင့်ရဖို့ မသေချာတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

Source: ESPN