CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဝုလ်ဖ်ဘတ်အသင်းကို ၈ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ကြတဲ့ အိုလီဆီနဲ့ လူးဝစ်ဒီယက်ဇ်တို့ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ရော်ဘင်၊ ရီဘာရီတို့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ 

ဒီပွဲမှာ သူတို့နှစ်ဦးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုး ၅ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ 

အိုလီဆီက ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးကာ လူးဝစ်ဒီယက်ဇ်က ၂ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဒေါ့မွန်အသင်းကို ရမှတ် ၁၁ မှတ်ဖြတ်ပြီး အမှတ် ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

အိုလီဆီဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၆ ပွဲ ကစားထားအပြီးမှာ ၁၂ ဂိုး သွင်းယူကာ ၁၅ ဂိုး ဖန်တီးထားပြီး နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ကတော့ ၂၃ ပွဲ ပါဝင် ကစားအပြီးမှာ ၁၄ ဂိုး သွင်းယူကာ ၉ ဂိုး ဖန်တီးထားတယ်လို့ Transfermarkt က ဖော်ပြထားပါတယ်။ 

ရော်ဘင်နဲ့ ရီဘာရီကို တွေ့ရစဉ် 

အဲ့ဒါကြောင့် သူတို့ ၂ ဦးဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ တောင်ပံ ကစားသမားတွေ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ အီဘာလ်က “အိုလီဆီရဲ့ နေရာယူမှုနဲ့ လှုပ်ရှားမှုတွေက ရော်ဘင်နဲ့ တူပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ဒီအကြောင်းကို ကျနော်ကို ပြောနေကြပြီး ကျနော်တို့ဟာ ရော်ဘင်အသစ် ကို ရရှိခဲ့ပါတယ်။ ဒီယက်ဇ်ကလည်း ရီဘာရီလိုပဲ ဖန်တီးမှုစွမ်းတွေ အများအပြားပြုလုပ်နိုင်တဲ့သူပါ။ ကျနော်တို့ရဲ့ တောင်ပံ အတွဲအဖက်ကတော့ အံ့မခန်းပါပဲ”လို့ Sky Sports Germany ကို ပြောခဲ့ပါတယ်။ 

ရော်ဘင်နဲ့ ရီဘာရီတို့ဟာ သူတို့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး တောင်ပံကစားသမား ၂ ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ကြတာပါ။

ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၀၉ ပွဲ ကစားခဲ့ပြီး ၁၄၄ ဂိုးသွင်းယူကာ ရီဘာရီကတော့ ၄၂၅ ပွဲ ကစားကာ ၁၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

Source: Goal