CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အနေဖြင့် နစ်နာဆုံးရှုံးမှုနည်းအောင် ခေါင်းဆောင်များက စဉ်းစားချင့်ချိန်ရန်လိုအပ်သည်ဟု NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် TNLA အနေဖြင့် နစ်နာဆုံးရှုံးမှု နည်းအောင် စဉ်းစားသင့်ကြောင်း အကြံပြုထောက်ပြနေကြသည်။

လက်ရှိအချိန်တွင် TNLA သည် စစ်ရေး အတက်/အကျ ရှိရာ၌ စစ်ရေးအကျပိုင်းကို အနည်းငယ် ချဥ်းကပ်လာနေ သည့် အခြေအနေမျိုး ရင်ဆိုင်နေရကြောင်း၊ TNLA ခေါင်းဆောင်များ အနေဖြင့် နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ် အောင် စဥ်းစားချင့်ချိန် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယေဘုယျအားဖြင့်တော့ ကျောက်မဲရယ်၊ သီပေါရယ်၊ ဘာရယ် မဟုတ်ပါဘူး။ ဘာဖြစ်ဖြစ် အတက်အကျ ဆိုတာရှိတာပေါ့ စစ်‌ရေးမှာတော့။ ဒါကြောင့် လက်ရှိ TNLA အနေနဲ့ကတော့ အကျပိုင်းကို နည်းနည်း ချဥ်းကပ် လာနေတယ်ဆိုတဲ့ သဘောမျိုးတော့ ရင်ဆိုင်နေရတာပေါ့။ သူ့မှာ မဟာမိတ် အားနည်းလာတယ်၊ နောက်ပြီးတော့ အစုအဖွဲ့ အားနည်းလာတယ်။ တစ်ဖက်က ရင်ဆိုင်ရတဲ့ လက်ရှိ ကော်မရှင်ဘက်ကလည်းပဲ ပိုပြီးတော့ လူအင်အား ပစ္စည်းအင်အား အကုန်ပြည့်မှီတယ်။ လက်နက်အင်အားတွေက ပိုကောင်းလာတဲ့ အခါကျတော့ ဘက်စုံက အသာစီး ပြန်ရလာတယ်ဆိုတဲ့ သဘောရှိတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်‌ရေးတုန်းကတော့ အပေါ်စီး ရခဲ့တာတွေက နည်းနည်းလေး ပြန်ပြီးတော့ ပထမတော့ တန့်နေတာပေါ့နော်။ အခုကတော့ နည်းနည်းလေး အဆုတ်ဘက်ကို သွားနေတဲ့ သဘောမျိုး‌ပေါ့။ စစ်ရေးမှာတော့ အတက်အကျ ရှိတာပေါ့ အကျဘက်ကို ဦးတည် တဲ့ သဘောမျိုးလို့ ခြုံငုံသုံးသပ်လို့ ရတာပေါ့။ ဒါကြောင့် သူတို့အနေနဲ့ အကျမနာအောင် ကျမယ့်အချိန်မှာ နစ်နာ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်တော့ ခေါင်းဆောင်တွေ စဥ်းစားချင့်ချိန်ဖို့ လိုတာပေါ့”ဟု ပြောသည်။

TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ပြသထားစဉ်

လက်ရှိအချိန်တွင် ကျောက်မဲမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီး တိုက်ပွဲများကြားတွင် ‌နေအိမ်များ၊ အစိုးရရုံးများနှင့် အဆောက်အဦးအချို့  မီးလောင်ပျက်စီးလာသလို ဒေသခံများလည်း တိမ်းရှောင်   ထွက်‌‌ပြေးနေကြရသည်။

TNLA အနေဖြင့် မိုးကုတ်၊ သီပေါ အခြားသော နေရာများကိုလည်း ထိန်းသိမ်းထားနိုင်နေသောကြောင့် ကျောက်မဲမြို့အား ဆက်လက် ခုခံရန် မလုပ်တော့ပဲ နစ်နာဆုံးရှုံးမှု နည်းအောင် ဆုတ်သင့်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက” ကျနော် ထင်တာကတော့ အမှန် တပ်ခံဖို့ မလိုတော့ဘူးလေ။ တခြား နေရာတွေလည်း အများကြီး သိမ်းထားတာ ရှိနေတာကို မိုးကုတ်ရှိတယ်၊ သီပေါရှိတယ်။ အဲဒီမှာလည်းပဲ ဒီတစ်နေရာလေး တစ်ခုနဲ့ အင်အားကို ဖြုန်းတီးမယ်ဆိုရင် နောက်ထက် ကိုယ်အကျဘက်မှာ အဆုတ်ဘက်မှာ ဆုတ်တယ်ဆိုရင်လည်းပဲ နစ်နာဆုံးရှုံးမှု နည်းအောင် ဆုတ်နိုင်မယ့်လူဟာ စစ်‌ရေးမှာ ပါတာပဲ” ဟု ပြောသည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။

မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ TNLA ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားကို တွေ့ရစဉ်

အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို သိမ်း ပိုက်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က လူအင်အားနှင့် လက်နက်အင်အားများ ပြန်လည်စုဖွဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ခြင်းကြောင့် နောင်ချိုမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့သလို မိုးကုတ်မြို့ကိုလည်း သိမ်းပိုက်နိုင်ရေး မြို့အနီးထိ ထိုးစစ် ရောက်ရှိလာခဲ့သည်။

အလားတူ မြန်မာ့တပ်မတော်သည် ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေရာ မြို့အတွင်းသို့ ရောက်ရှိ လာသလို သီပေါမြို့ကို တဆက်တည်း ထိုးစစ်ဆင်နိုင်ဖို့ကိုလည်း ပြင်ဆင်လျက်ရှိနေသည်။

တခြားတစ်ဖက်မှာတော့ TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်များတွင် ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယအကြိမ်အနေဖြင့် TNLA နှင့် မြန်မာ့တပ်မတော်တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆက်လက် ဆွေးနွေးခဲ့သလို တတိယအကြိမ်မြောက်ကိုတော့ ဩဂုတ်လကုန်ပိုင်းတွင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရရှိသေးပေ။