CNI News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၃၀

မြန်မာနိုင်ငံအတွင်းရှိ တိုင်းပြည် အခြေအနေသည် မငြိမ်သက်မှုများကြောင့် လူဦးရေ တစ်စတစ်စ ကျဆင်းလာရ ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

ဆယ်စုနှစ်အတွင်း လူဦးရေ ပထမဆုံးအကြိမ် အနည်းငယ် လျော့ကျလာသည်ကို တွေ့ရှိရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံသည် နိုင်ငံလူဦးရေနှင့် ပတ်သက်၍ တကယ့်ကို အလုပ်လုပ်နိုင်မည့် လူငယ်လူရွယ်များ များစွာရှိနေပြီး ဆွမ်းအုပ်သဏ္ဍာန် တင်စားနိုင်ကြောင်း၊ ၎င်းလူငယ်များသည် တိုင်းပြည် အခြေအနေ မငြိမ်သက်မှု၊ နိုင်ငံ အခင်း အကျင်း များကြောင့် ပြည်ပသို့‌ ရွှေ့ပြောင်းလုပ်ကိုင် နေထိုင်မှုကြောင့်သာ လူဦးရေ လျော့နည်းခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။     

ဦးထက်အောင်ကျော်ကို တွေ့ရစဉ်

၎င်းက “အဲ့လိုဖြစ်နေတဲ့ အချိန်ကာလမှာ တိုင်းပြည်က ဒီလိုအချိန်မှာ တိုးတက်နိုင်တယ်ဆိုတဲ့ ကောက်ယူချက် တွေ ရှိတဲ့အချိန်မှာ ကျနော်တို့ရဲ့ နိုင်ငံရေး အခင်းအကျင်း ဖြစ်ပြီးတော့ လူငယ်တွေဟာ တကယ့်ကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေတဲ့ အလုပ်အကိုင်ဆိုတဲ့ Industry တွေထဲကို မရောက်သွားပဲနဲ့ တစ်ဖက်နဲ့တစ်ဖက် လက်နက် ကိုင်ပြီးတော့ ကိုယ့်အချင်းချင်း ပြန်လည် ရန်လုပ်တဲ့ထဲကို‌ ‌‌ရောက်သွားတဲ့ အခါကျတော့ အဲ့မှာပဲ ကျနော်တို့ လူအင်အားတွေက အများကြီး ဆုံးရှုံးသွားတယ်။ ပြီးတော့ ဒီအခင်းအကျင်းကို စိုးရိမ်တဲ့ အတွက်ကြောင့်မို့လို့ ဒီအခင်းအကျင်းထဲမှာ မနေသာတဲ့ အတွက်ကြောင့်မို့လို့ ပြည်ပနိုင်ငံတွေကို အလုပ်အကိုင်ရ သော်လည်းကောင်း ပညာရေးအရ သော်လည်းကောင်း ကိုယ့်မိခင် နိုင်ငံကို စွန့်ခွာပြီး သွားနေတဲ့ လူတွေ အတွက်ကြောင့်မို့လို့ ကျနော် တို့က လူဦးရေ လျော့ကျတယ်ဆိုတာ  ဖြစ်သွားတာပေါ့။ ဒီလို ကိုယ့်ရဲ့ တကယ်ကို တိုင်းပြည်ရဲ့ တကယ်ကို အကောင်းဆုံးအချိန် အဲ့လိုအချိန်တွေမှာ ဒါကြီးဖြစ်သွားပြီးတော့ အားသာချက်ကြီးကို မယူလိုက်နိုင်တာ အားနည်း ချက်ကြီး ဖြစ်သွားတာကတော့ တိုင်းပြည်အတွက် တကယ်ကို စိတ်မကောင်းစရာပဲ”ဟု ပြောသည်။

မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံများထက် လူဦးရေ သိပ်သည်းမှု နည်းပါးနေကြောင်း၊ အချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ် အတွင်း ပထမဆုံးအကြိမ် အနည်းငယ် လျော့ကျလာသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြည်ပရောက် လူငယ်များကို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရန် နိုင်ငံ့ အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော် က ထောက်ပြသည်။ 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က သန်းခေါင်စာရင်း အခမ်းအနားမှာ လူငယ်များကို တွေ့ရစဉ် 

၎င်းက “တိုင်းပြည်ကို စွန့်ခွာပြီးတော့မှ နိုင်ငံရပ်ခြားကို သွားကြတယ်ဆိုတဲ့ လူတွေဟာ တိုင်းပြည်ကို မချစ်လို့ ဒီတိုင်းပြည်ကနေမှ ပြန်မလာတော့ဘူး ကွယ်ဆိုပြီးတော့မှ သွားတာမှ မဟုတ်တာ တကယ့်ကို အခု လက်ရှိ အချိန် မှာ သူတို့အတွက် အခက်အခဲတွေ အများကြီး ဖြစ်နေတဲ့ အတွက်မို့လို့သာ ကိုယ့်တိုင်းပြည်ကို စွန့်ခွာပြီးတော့ သွား တာလေ သွားတဲ့အခါမှာလည်း တခြားနိုင်ငံမှာ အလေလိုက်နေတာမှ မဟုတ်တာ အလုပ်လုပ်တဲ့လူက အလုပ် လုပ်နေတယ်။ ပညာသင်နေတဲ့လူက ပညာသင်နေတယ်၊ ဆိုတော့ ကျနော်တို့က ဒီအပြင်ကို ရောက်သွားကြတဲ့ လူငယ်တွေရဲ့ သူများနိုင်ငံမှာ အလုပ်လုပ် တယ်ဆိုလို့ရှိရင်လည်း အဲ့က အလုပ် အတွေ့အကြုံတွေ ရလာမယ် ပညာသင်တယ်ဆိုလည်း ပညာတွေ တတ်လာလိမ့်မယ်။ ဒါတွေကို ကျနော်တို့က တိုင်းပြည်အတွက်ကို တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက်ကို သူတို့ကို ဘယ်လိုပြန်ပြီးတော့မှ တိုင်းပြည်အတွင်းကို ပြန်ခေါ်နိုင်ပြီးတော့မှ တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်မယ့် အခင်းအကျင်း တစ်ရပ်ကိုတော့ ဖော်ပေးနိုင်ရမှာပေါ့။ အဲ့လို မဖော်ပေးနိုင်တော့ ဆိုးသထက် ဆိုးမှာပေါ့လေ။ ဖော်ပေးနိုင်အောင်တော့ အားလုံးက ဝိုင်းကြိုးစားရမှာပေါ့”ဟု ပြောသည်။

လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင် သလို အဆိုးဆုံး အခြေအနေအဖြစ် Demographic Disaster(လူဦးရေ လျော့နည်းလာခြင်း ဘေးအန္တရာယ်) ဖြစ်သွားနိုင်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားထားသည်။