- By CNI
- Category: နိုင်ငံရေး
- Hits: 1613
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံ့ အကျပ်အတည်းများနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြေလည်ရေး ဆွေးနွေး ညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါသင့်ပါထိုက်သည့် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပြဿနာများ ဖြေရှင်းဆောင်ရွက်သည့်အခါ တစ်နည်းအားဖြင့် နိုင်ငံ့ အခက်အခဲ အကျပ်အတည်းများကို ကျော်လွှားရန် ကြိုးပမ်းရာတွင် ပါသင့်ပါထိုက်သည့် အဖွဲ့အစည်းများ အားလုံး၏ ညှိနှိုင်းဆွေးနွေးမှုဖြင့်သာ နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်လိမ့်မည်ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ဘယ်လိုဖြစ်နိုင် မလဲဆိုတဲ့ ကံသေကံမ အတိအကျကိုတော့ ကျနော့် အနေနဲ့က ပြောဖို့ကတော့ ခက်ပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့ အနေနဲ့ ခုနက ပြောသလိုမျိုးပဲ။ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် ဒီနိုင်ငံရဲ့ အခက်အခဲ အကျပ်တည်းကို လျှော့ချဖို့ ကျော်လွှားဖို့ ကြိုးပမ်းတဲ့နေရာမှာ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း ဆောင်ရွက် တဲ့ နေရာမှာ မပါမဖြစ် ပါသင့်ပါထိုက်တဲ့သူ မပါမဖြစ် ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံးရဲ့ ညှိနှိုင်း ဆွေး နွေး သဘောတူညီမှုနဲ့ပဲ ကျနော်တို့နိုင်ငံရဲ့ ရှေ့အနာဂတ်ကို ရုပ်လုံးဖော်နိုင်မယ်လို့ အဲ့လိုပဲ ရှုမြင်ပါတယ်။ ကျနော့် အနေနဲ့ အတိအကျတော့ မပြောနိုင်ပေမယ့် တကယ့် ပြည်ထောင်စုရဲ့ အကျိုးကို တကယ့် ကျနော်တို့ ကြုံတွေ့နေ ရတဲ့ တစ်နိုင်ငံလုံးရဲ့ အခက်အခဲ အကျပ်အတည်းကို ရှေးရှုပြီးတော့ ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကတော့ ဒါသူ့ကိုလည်းပဲ State Holder တစ်ခုအနေနဲ့ မပါမဖြစ် ပါသင့်ပါထိုက် တယ်လို့ တော့ အဲ့လိုတော့ ရှုမြင်မှုအရတော့ အမှန်တကယ် ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ မလွှတ်ပေးရေးသည် ရွေးကောက်ပွဲပြီး ထွက်လာမည့် အခင်းအကျင်းပေါ်၌သာ စဥ်းစားရမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကြည့်ရတာတော့ ဘယ်သူ ဘာပြောပြော ရွေးကောက်ပွဲ ပြီးတဲ့ထိတော့ လွှတ်မယ်လို့ မထင်သေးဘူး။ ရွေးကောက်ပွဲပြီး ထွက်လာမယ့် အခင်းအကျင်းပေါ်မှာမှ စဥ်းစားမယ်လို့ထင်တယ်၊ ရွေးကောက်ပွဲ မတိုင်ခင် ထွက် ရင် အကုန်လုံး ကဗြောင်းကပြန် ဖြစ်ကုန်လိမ့်မယ်။ အဲ့တာတော့ ပြောလို့မရဘူး။ ရွေးကောက်ပွဲပြီးလို့ ထွက်လာတဲ့ အခင်းအကျင်းက ပျော့ပြောင်းတဲ့ အခင်းအကျင်းဖြစ်မယ် အပြောင်းအလဲလည်း ကောင်းမယ်ဆိုရင်တော့ ပုံစံ တစ်မျိုးပေါ့ အများလက်ခံနိုင်မယ့် ပုံစံပေါ့။ ဒါမှမဟုတ်လည်း ရွေးကောက်ပွဲသာပြီးတယ် ဘာမှမပြောင်းဘူး လူတွေကတော့ ဒီလူတွေပဲ ဆိုရင်တော့လည်း နည်းနည်းတော့ တည်တည်ငြိမ်ငြိမ်တော့ ဖြစ်ဖို့ခက်တာပေါ့ ဒါပေ မယ့် လွှတ်မလွှတ်တော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလည်း မလွှတ်ချင်လည်း မလွှတ်ဘူး။ ခန့်မှန်း ရတာပြောတာ လွှတ်မယ်ဆိုရင်တောင် ရွေးကောက်ပွဲပြီးမှပဲ ဖြစ်နိုင်မယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရ (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အဖွဲ့အစည်းများကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခြေအနေများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင် နေရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 245
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူလူထု အနေဖြင့် နိုးကြားမှု မရှိသေး သောကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနေကြောင်း မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလပေါ့နော်။ အခုအခြေအနေ အထိကတော့ ကျနော်တို့ စည်းရုံးရေး ဆင်းနေတာပေါ့။ ဒါပေမယ့် လူထုတွေက ကျနော်တို့ စုလို့မရဘူးပေါ့။ နိုးကြားမှုတော့ သိပ်မရှိသေး ဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ လူတစ်ယောက်စ နှစ်ယောက်စ စုပြီးတော့ မဲပေးတဲ့ စနစ်ကိုပေါ့ အဲဒါတွေ လုပ် ဆောင် နေရတယ်ပေါ့။ အဲဒါကလည်း လူအယောက် ၃၀ အောက်လောက်ပါပဲ။ ကျနော်တို့ စည်းရုံးပြီးတော့ မဲ ပေးတဲ့ စနစ်တွေ၊ နောက်သူတို့ ဘယ်လို မဲထည့်ရမလဲ၊ နောက်ပြီးတော့ မဲမထည့်ရင် အခွင့်အရေးတွေ ဘယ်လို ဆုံးရှုံးမယ် ဆိုတဲ့ဟာကိုပဲ ကျနော်တို့ ဦးတည်ပြီးတော့ ပြောနေကြတာပေါ့။ အခက်အခဲတွေလည်း ဖြစ်တယ်ပေါ့။ ကျနော်တို့ မွန်ပြည်နယ်မှာကြတော့ အထူးသဖြင့်တော့ ရော်ဘာလုပ်ငန်း လုပ်ကြတယ်။ ရော်ဘာလုပ်ငန်းလုပ် ကြတဲ့အခါကြတော့ မနက်အစောကြီးထတယ်၊ နောက်ပြီးတော့ သူတို့ အလုပ်လုပ်တယ်။ မနက် အစောကြီးဆိုတာ သန်းခေါင်ကျော်ပေါ့နော်။ နောက်ပြီးတော့ နွေရာသီရောက်ပြီဆို သူတို့လည်း လုပ်ငန်းတွေက စကြတဲ့အခါကြ တော့ အချိန် မပေးနိုင်တာလည်းပါတယ်” ဟု ပြောသည်။
လက်ရှိ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)၊ ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ (MUP)နှင့် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိနေသည်။

မွန်လက်နက်ကိုင် မွန်ပြည်သစ်ပါတီ(NMSP)ကို တွေ့ရစဉ်
လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်နေသည့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ပြည်မပါတီ ကြီးများထက် တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၌ အခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၂၃ ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ သွားရောက်စဉ် ပြောဆိုခဲ့သည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိမကြိုက်သည့် ကိုယ်စားလှယ်လောင်းများရှိပါက မိမိကြိုက်သည့် ကိုယ်စား လှယ်လောင်းကို မဲပေးနိုင်သဖြင့် ထိုအခွင့်အရေးကို အဆုံးအရှုံး မခံရန် မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

မွန်လက်နက်ကိုင် မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့်တော့ ပါတီငယ်တွေပေါ့နော်။ သိပ်အားနည်းတာတော့ ကျနော်တို့ သိပ်မတွေ့ဘူးပေါ့။ ဒါပေမယ့် ဘယ်လိုပြောရမလဲ ရုန်းကန်နေကြရတာပေါ့။ ရုန်းပြီးတော့ ကြိုးစားနေကြရတာပေါ့။ အားနည်းတာ တော့ မဟုတ်ဘူး။ အထူးသဖြင့် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က မဲဆန္ဒရှင် ပြည်သူတွေကို ပြောချင်တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် မဲသွားပေးကြပါ။ နောက်ပြီးတော့ ကိုယ်မကြိုက်တဲ့ သူဆိုလို့ရှိရင် ကိုယ် ကြိုက်တဲ့သူကို ရွေးချယ်ပေါ့။ ကြိုက်သလို မဲပေးနိုင်တယ်ပေါ့။ ဒါကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခွင့်အရေး ပေါ့။ ဒီအခွင့်အရေးကို မဲဆန္ဒရှင်တွေ အဆုံးအရှုံးမခံဘဲနဲ့ မဲသွားပေးကြပါလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။
မကြာခင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် ဆန္ဒမဲပေးမည့် မွန်လူထုများအပေါ် မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် ဖိအားပေးခြင်း မရှိကြောင်း သိရသည်။
ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်၌လည်း ကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပသွားမည် ဖြစ်ပြီး ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1546
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂
မိမိတို့ တပ်ဖွဲ့သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့သည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် သူ၏ ဖေ့စ်ဘွတ်ခ်ကနေ ရေးသား ထုတ်ဖော်ပြောကြားခဲ့သည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မိုးကုတ်မြို့ကို မြန်မာ့တပ်မတော်ထံမှ သိမ်းပိုက်ရရှိခဲ့သည်။
ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၌ မြန်မာ့တပ်မတော်ထံ မိုးကုတ်မြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ရခြင်းအပေါ် ဝေဖန်မှုများနှင့်ပတ်သက်ပြီး “မိုးကုတ်ဋီကာ”ဆိုသော ခေါင်းစဉ်ဖြင့် ရေးသား၍ တုန့်ပြန်ခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ရှေးယခင် နှစ်ပေါင်းထောင်ချီကတည်းက တအာင်းလူမျိုးတို့တည်လာတဲ့ မိုးကုတ် (မိုဂူ;-လင်းလင်တဲ့ကျောက်) ဟာ တအာင်းလူမျိုး လက်ထဲ ပြန်ရောက်ရမယ်လို့ ရည်မှန်းထားပါတယ်။အခုတော့ လက်ထဲရောက်တဲ့ကိတ်မုန့်ကို မစားရပဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်။ကံမကုန်သေးရင်တော့ ကြိုးစားသူအတွက် ရလာဒ်ရှိစမြဲလို့ ယုံကြည်ပါတယ်။ သစ္စာဖောက်လို့ ပက်ပက်စက်စက်ပြောသူတွေကို တော်လှန်ရေးနှလုံး သေချာပြန်သုံးသပ်ပြီး အရှိတရားတွေကို လက်ကိုင်ထားစေချင်ပါတယ်။ နွေဦးတော်လှန်ရေး မှာ ၁၀ နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်းဆုံးပံ့ပိုးခဲ့တယ်။ လက်သုံချောင်းထောင် သူတွေကို လစဉ် ဆန်ထောင်ကြီးပိုင်းကြွေးမွေးမြှင့်တင် လေ့ကျင့်ပျိုးထောင်ခဲ့တယ်။ ၃-၄ နှစ်ကာလအတွင်း အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်ထားခဲ့တယ်”ဟု ပြောသည်။

TNLA သည် လက်နက်အကြွေး ဒေါ်လာဘီလီယံချီ အကြွေးတင်နေသည်မှာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းထံမှာ အကြွေးတင်နေသည်ကိုတော့ ထည့်သွင်းပြောကြားမသွားပေ။
သို့သော် လက်နက်ကိုင်အဖွဲ့အစည်းများကတော့ TNLA လက်နက်အကြွေးတင်နေသည်မှာ UWSA ထံမှာ ဖြစ်ကြောင်း ပြောသည်။
ထို့နောက် အာဏာရှင်နံရံကို ခေါင်းနှင့်အတင်း ဝင်တိုက်၍ ဦးခေါင်းက သွေးချင်းနီရဲ၍ သေမလောက်ဖြစ်ခဲ့ ကြောင်း၊ ဗမာများ D Day ခေါ်၍ လိုက်မပါနိုင်ပေမယ့် မီရာအရှိန်နှင့်လိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ တကယ့် တကယ် ၁၀၂၇ လုပ်တော့ မည်သည့် D Day ကမှ လက်တွေ့ပါမလာပဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်ခဲ့ပြီး ရွာက အိမ်သူလိုည်များပါ လေယာဉ်ဗုံးဒဏ်သင့်ကြရကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ ရင်ဘတ်တွေတဖြန်းဖြန်းကွဲ အသဲနှလုံးတွေ နာကြင်ရပါတယ်။ ကျည်မရှိ၊ ဘတ်ဂျတ်မရှိ၊ သေစရာလူသူလည်းနည်းလာတော့ မိုးကုတ်-မိုးမိတ်နဲ့ညှိပြီး အပစ်ရပ်ရတယ်။ ပွဲက မပြီးသေး ပါဘူး။ ဒါပေမဲ့ အဆဲတွေက စုံလွန်းလှပါတယ်။ အိုကွယ် …မင်းတို့ ကိုကျွေးခဲ့လို့ လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကို ပြန်သိမ်းတာ မြင်ချင်စမ်းပါတယ်။ တို့ကို ဆဲလို့ မောရင်ဖြစ် နားနားပြီးဆဲ၊ ပြီးတော့ စစ်အာဏာ,ရှင်ကိုလည်း နားနားပြီးတိုက်ပါလေ။ တော်လှန်သူတွေအတွက် ငါတို့ရင်ခွင် ဖွင့်ထားတာမို့ လိုအပ်ရင်ခိုနားလှည့်ပါလေ”ဟု ပြောသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးကို မဟာမိတ် တပ်ပေါင်းစုများဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင် ခဲ့ပြီး ဒုတိယလှိုင်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့သည်။
ထို့နောက် မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို သိမ်းပိုက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ စတင်ကာ နောင်ချို၊ ကျောက် မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့နယ်များကို မြန်မာ့တပ်မတော်က ပြန်လည် ထိန်းချုပ်လာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1062
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
“ဝ’ တပ်ဖွဲ့မှ လက်နက်များ မပံ့ပိုးတော့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များသည် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ကို လမ်းကြောင်းပြောင်း ချိတ်ဆက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က PDF များသည် မြန်မာနိုင်ငံအရှေ့ပိုင်းအတွက် TNLA ဖြင့် ချိတ်ဆက်ကာ “ဝ” တပ်ဖွဲ့ထံမှ လက်နက်များ ကို ရယူခြင်းဖြစ်ပြီး ယခုလက်ရှိတွင် “ဝ” မှ လက်နက်ပံ့ပိုးမှု မရှိသကဲ့သို့ TNLA သည်လည်း မြန်မာ့တပ်မတော်နှင့် အပစ်ရပ်စဲ၍ PDF များဖြင့် ပူးပေါင်းထိန်းချုပ်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာရန်ရှိနေသည်။
မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာရေး TNLA နှင့် PDF တို့အကြား အပြန်အလှန် တင်းမာမှုများ ရှိနေသဖြင့် KIA အဖွဲ့သို့ လမ်းကြောင်းပြောင်း ချိတ်ဆက်သည့် အနေအထားတွင် PDF များ မိုးကုတ်နှင့် မိုးမိတ်မှ ဆုတ်ခွာရေးကိစ္စ အလွယ်တကူ မဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “PDF နဲ့ TNLA ကြားထဲမှာ တိတိကျကျ ဆွေးနွေးမှု၊ တိတိကျကျ နားလည် သဘောပေါက်မှု၊ အပေးအယူ မျှတမှု အဲဒါမရှိရင်တော့ လားရှိုးမြို့လို့ ရှောရှောရှူရှူ ဖြစ်မှာမဟုတ်ဘူး။ တစ်ဖက်ကလည်း မိုးမိတ်ဆိုတဲ့ နေရာ က TNLA မတိုင်ခင် KIA ကလည်း နှစ်ပတ်ကျော်ကြာ ဝင်သိမ်းတဲ့ အနေအထား ရှိခဲ့ဖူးတယ်လေ။ KIA ထိန်းချုပ် ထားတဲ့ နယ်မြေ၊ KIA လှုပ်ရှားနိုင်တဲ့ နယ်မြေကနေ ဆက်စပ်မှုတွေရှိနေတော့ KIA ကို ဖိအား မပေးနိုင်သရွေ့ KIA ကို TNLA လိုမျိုး အပစ်ရပ် မလုပ်သေးနိုင် သရွေ့ကတော့ လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ဖက် တစ်လမ်းကလည်း အခု PDF တွေကလည်း အရင်တုန်းကတော့ အရှေ့ပိုင်းအတွက်ဆိုရင် TNLA ကို ချိတ်ဆက် တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းက “ဝ” တပ်ဖွဲ့ကလည်း လက်နက်မပံ့ပိုးဖို့ ဟန့်တားမှုတွေ၊ ထုတ်ပြန်တာတွေရှိ တယ်။ ကျားဖြန့်တွေ ဝင်ပြီးတော့မှ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပေးတဲ့လူကို သေဒဏ်ပေးတာတွေ လုပ်ပြ တယ်။ အဲဒီလို အနေအထားဆိုတော့ PDF ကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရှိနေတဲ့ အင်အားကောင်းတဲ့ KIA အဖွဲ့ကို လမ်းကြောင်းပြောင်းပြီးတော့မှ ချိတ်ဆက်နေတာတွေ ရှိတဲ့အနေအထားဆိုတော့ ဒီကိစ္စကတော့ လွယ် လွယ်နဲ့ ဖြစ်လာမယ် မထင်ဘူး” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တခြားလက်နက်ကိုင်တွေကို တွေ့ရစဉ်
KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည်ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိသည်။
KIA သည် မြန်မာနိုင်ငံရှိ လက်နက်ခဲယမ်း ထုတ်လုပ်နိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများထဲက တစ်ဖွဲ့ဖြစ် သလို အင်အားကြီးသော လက်နက်ကိုင် အဖွဲ့အဖြစ်လည်း ရပ်တည်လျက်ရှိသည်။
KIA သည် မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ NLD အစိုးရကို ဖြုတ်ချ လိုက်ခြင်းကြောင့် ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းကြီးထဲမှာ အင်အားကို ပိုမို ကြီးထွားအောင် တည်ဆောက်နိုင်ခဲ့သလို ထိန်းချုပ်နယ်မြေများလည်း ကျယ်ပြန့်လာခဲ့သည်။
KIA သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို စစ်သင်တန်းများပေးခြင်း၊ လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ခြင်း၊ ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်ခြင်း၊ လက်နက်ခဲယမ်းများ ရောင်းချပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

ချင်းညီနောင်အဖွဲ့နဲ့ KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်
KIA အနေဖြင့် လက်ရှိ နိုင်ငံရေး လိုအပ်ချက်အရ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲနေခြင်းဖြစ်ပြီး မလိုအပ်တော့သည့်အခါတွင် MNDAA နှင့် TNLA တို့ကဲ့သို့ လုပ်ဆောင်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “PDF မှာက ကိုယ့်နယ်မြေ၊ ကိုယ့်လက်နက်ခဲယမ်း အထူးသဖြင့် ထောက်ပို့ပေါ့၊ လိုအပ်ချက်ရှိနေတော့ တခြား မရနိုင်ဘူးဆို KO ကလည်း လက်နက်စက်ရုံ ရှိပြီးသားလေ။ လက်နက်လည်း ထုတ်နိုင်တယ်။ ဆီလည်း ထုတ်နိုင်တယ်ဆိုတော့ KIO ကို ချဉ်းကပ်တာက ထောက်ပို့လမ်းကြောင်းအတွက် ချဉ်းကပ်တာလည်း ဖြစ်နိုင်ပါ တယ်။ KIA ကလည်း သူ့ကို ထိပ်တိုက် ဖြစ်လာတဲ့အချိန်၊ သူ့အနေနဲ့ နိုင်ငံရေး အဆုံးအဖြတ်ပေးတဲ့ အချိန်ကြတော့ သဘောထားတစ်မျိုး ဖြစ်ရင်ဖြစ်မှာပေါ့။ အခု KIA ကတော့ စကားလည်း မပြောသေးဘူး။ ဆွေးနွေးပွဲလည်းမဝင် သေးဘူး။ မြေပြင်မှာပဲ စစ်ရေးပဋိပက္ခတွေ ဖြစ်နေတဲ့အခါကြတော့ PDF က အသုံးတည့်ချင် တည့်မှာပေါ့။ နောက်ပိုင်း သူနိုင်ငံရေး political solution တစ်ခုခု ရတယ်ဆိုရင်တော့ PDF နဲ့ပတ်သက်ပြီး KIA ကလည်း သူ့ အထိုင်ကနေသူ စဉ်းစားတော့မှာပေါ့။ လောလောဆယ် လိုအပ်ချက်အရ တွဲနေတာလို့ပဲထင်တယ်။ မလိုလား အပ်တော့ဘူးဆိုရင် ကိုးကန့်တို့၊ ပလောင်တို့လိုပဲ ဖြစ်လာလိမ့်မယ်လို့ တွက်ရတာပဲ သိပ်ကွာမယ်တော့ မထင်ပါ ဘူး” ဟု ပြောသည်။
KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ဗန်းမောက်၊ ထီးချိုင့်၊ တမူး၊ ခမ်းပတ်၊ ဖောင်းပြင်၊ ရွှေပြည်အေး၊ မော်လိုက်၊ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ အင်းတော် အပါအဝင် နာဂဒေသတို့ကို ထိန်းချုပ် နိုင်ရေးအတွက် PDF၊ KNA-Burma(ကူကီး)၊ နာဂလက်နက်ကိုင်များဖြစ်သော ENDA/ENNO နှင့် NPDF၊ ABSDF၊ AA၊ CNDF တို့ကို ချိတ်ဆက်ကာ အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း KIA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော် ဖိတ်ကြားချက်အရ ချင်းညီနောင် အဖွဲ့ဝင်များဖြစ်သည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ ၁ နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့မှ ကိုယ်စားလှယ်များသည် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြသေးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 301
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန် ထမ်းများသည် လစာမရ၍ ဒေသတွင်းက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ စားဝတ်နေရေးကို ဖြေရှင်းနေရ ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်တွင် ပညာရေးဝန်ထမ်း ၃၃၈ ဦးသည် လစာ မရဘဲ ဖြစ်နေ၍ လုပ်ငန်းရှင်များထံမှ သိန်း ၂၄၀၀ ကို ချေးငွေရယူခဲ့သည်။
ထို့နောက် ရရှိငွေ ပမာဏာကို လက်ရှိတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း ၃၃၈ ဦးကို ခွဲဝေ ထုတ်ပေးသွားရန် အတွက် ဗန်းမောက်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ပညာရေးဆက်သွယ်ရေးတာဝန်ခံများက ဆောင်ရွက် ပေးလျက်ရှိနေကြောင်း ဝန်ထမ်းများထံမှ သိရသည်။
ဗန်းမောက်မြို့နယ်ရှိ ပညာရေးဝန်ထမ်းများ လစာမရသည့် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များထံမှ ချေးငွေ ရယူနိုင်ရေးအတွက် ဗန်းမောက်မြို့နယ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က ကူညီပေးခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။

ဗန်းမောက်မြို့နယ်က ပညာရေးဝန်ထမ်းများကို တွေ့ရစဉ်
ဗန်းမောက်မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၃၃၈ ဦး လစာမရခြင်း၊ လုပ်ငန်းရှင်များထံမှ ချေးငွေရယူနေရခြင်း နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အား CNI က မေးမြန်းထား သော်လည်း ယနေ့အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
ဗန်းမောက်မြို့ အပါအဝင် ဗန်းမောက်မြို့၏ တောင်-မြောက်-အရှေ့ခြမ်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ကတူးတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက် သိမ်းပိုက်ထားသည်။
ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က KIA-PDF-ကတူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ကာ လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။
မြန်မာ့တပ်မတော်သည် ဗန်းမောက်မြို့ကို ပြန်လည်ရရှိရေးအတွက် ၂ လကျော်လာ ကြိုးပမ်းနေသည့်တိုင် မရသေးဘဲဖြစ်နေပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးလည်း ရာထူးက အနားပေးခံလိုက်ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 285
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
မိမိတို့ ရှမ်းနီ TNDP ပါတီသည် လုပ်ငန်းစဥ် ၄ ရပ်အား ပြည်သူလူထုကို ချပြပြီး အချက် ၄ ချက်နှင့် စည်းရုံးရေး လုပ်ဆောင်နေကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လူထုများကြား စုဝေးဟောပြောပြီး မဲဆွယ်စည်းရုံးရေးတွင် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာကြရန် ပါတီများကို သတိပေးထားသည်။
လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပမည်ဖြစ်၍ မဲဆွယ်စည်းရုံးရေး ကာလ ရက်ပေါင်း (၆၀)အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်များတွင် ပါတီဆိုင်းဘုတ်များ ထောင်ခြင်းနှင့် ပန်းဖလက်များဝေခြင်း စသည့် မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အနာဂတ်တွင် မည်သည့် ပုံစံမျိုးနှင့်သွားလျှင် အကောင်းဆုံးဖြစ်မည်ဆိုတာကို ချပြ၍ ပြည်သူလူထု အား စည်းရုံးနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင် က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “ကျနော်တို့ကတော့ နိုင်ငံရဲ့ အနာဂတ်မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ပြည်သူ လူထုကို ချပြပြီးမှ ကျနော် စည်းရုံးတယ်၊ မြန်မာပြည်သူတွေ အနေနဲ့တော့ ငြိမ်းချမ်းရေးက အဓိကပဲ ကျတယ်လို့ မငြိမ်းချမ်းတဲ့ အခါကြတော့ ပြည်သူတွေ အခုလို ဒုက္ခရောက်ကြရတာပေါ့။ စစ်ပွဲတွေရပ်ပြီးတော့ ငြိမ်းချမ်းရေးတွေ ရမယ်၊ လာမယ့် ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နိုင်မယ့်ဆိုတဲ့ ကဏ္ဍတွေကိုတော့ ကျနော်တို့ နံပါတ်တစ် အချက် အနေနဲ့ ပြောပါတယ်။ ကျနော်တို့ နံပါတ်နှစ်ကတော့ ဒါကျနော်တို့ လူမျိုးစု ပါတီဖြစ်တဲ့ ကျနော်တို့ လူမျိုးက တော့ သမိုင်း အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိပေမယ့် ကိုယ်လူမျိုးစုမှာလည်း အမျိုးမျိုး ကွဲနေတော့ လူမျိုးစု နာမည်ကိစ္စကို ကျနော်တို့ ပြောတယ်။ နောက် နံပါတ်သုံးကတော့ ကျနော်တို့ရဲ့ တောင်သူ လယ်သမားဘဝပေါ့ နော်၊ မြန်မာနိုင်ငံရဲ့ တောင်သူလယ်သမားဘဝတွေ ဘယ်လို မြှင့်တင်အောင် လုပ်မယ်ဆိုတဲ့ ကဏ္ဍပြောတယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ နံပါတ်လေးကတော့ ကျနော် အဲ့လိုပြောပါတယ်။ ဒါကျနော်တို့ ပါတီရဲ့ စည်းရုံးရေး ပါ အချက် ၄ ချက်နဲ့ပဲ ကျနော်တို့ လုပ်ငန်းစဉ် ၄ ရပ်ကို ပြောတယ်၊ ပြည်သူကိုချပြပါတယ်။ သူများပါတီကတော့ ဘယ်လိုစည်းရုံးတယ်တော့ ကျနော်ကြားတော့ ကြားပါတယ်”ဟု ပြောသည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာလ ၂၈ ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း၆၀ အတွင်း ပြု လုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်တွင် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲ ခံနေရကြောင်း၊ ပြည်သူများဘက်မှ တင်ပြ ချက်များ အများကြီးရှိနေသည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်း ဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

TNDP ပါတီ လူထုစည်းရုံးဟောပြောနေစဉ်
၎င်းက “တင်ပြချက်တွေ အများကြီးရှိပါတယ်၊ ကျနော်တို့ ဒေသဆို ကချင်ပြည်နယ်ဆိုတော့ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲခံရတယ်၊ ပြောကြပါတယ်။ ပြည်သူတွေဘက်က ဒါလည်း လမ်းမှာ ငြိမ်းချမ်းရေးမရလို့ ဂိတ်တွေ အများကြီးဖွင့်လို့ ဖြစ်လာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ တစ်ခုဖြစ်တယ်။ ငြိမ်းချမ်းရေးသာ ရသွားရင် ဂိတ်တွေက မရှိတော့ဘူးဆိုရင်တော့ ဒါကုန်ဈေးနှုန်းကလည်း ဒီလောက်ထိ ကွာဟမှုရှိမှာ မဟုတ်တော့ဘူး။ ခု မန္တလေးနဲ့ မြစ်ကြီးနားတောင်မှ ကုန်ဈေးနှုန်းက အရမ်းကွာတာကို သုံးဆလောက် ကွာသွားတယ်ဆိုတော့ အဓိက ငြိမ်းချမ်းရေးကိစ္စကို ပြောတယ်ဆိုတာက ပြည်သူ့ဘက်ကတော့ တင်ပြတယ်။ ကျနော်လည်း ပြန်ရှင်းပြရတာပေါ့ နိုင်ငံဖွံ့ဖြိုးရေးကိစ္စကတော့ ငြိမ်းချမ်းရေး ရသွားမှပဲ အားလုံးကို လုပ်နိုင်မှာလေ။ ဒါကြောင့် ကျနော်တို့ အရေး အကြီးဆုံးကိစ္စက ဒီငြိမ်းချမ်းရေးကိုပဲ ထားတယ်ဆိုတဲ့ အကြောင်းပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 743
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ကို တိုက်ခိုက် သိမ်းပိုက်ထားသော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)သည် မြန်မာ့တပ်မတော်၏ လက်ထဲသို့ ပြန်လည် လွှဲပြောင်းပေး၍ ဆုတ်ခွာခဲ့ရမှုနှင့် ပတ်သက်ပြီး ပြည်သူလူထုအား တောင်းပန်ရန် စကားလုံးမရှိကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်း ကျော်က ရေးသားထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က “မြောက်ပြန်လေအေး”ဆိုသည့် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ် တားဘုန်းကျော်က ရေးသား ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
၎င်းက “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ် တောင်းပန်ရန်စကားလုံး မရှိနိုင်တော့ပြီ.....မြောက်ပြန်လေက အေးလှသည်”ဟု ရေးသားခဲ့သည်။
TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လက မြန်မာ့တပ်မတော်ဆီကနေ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ရေးသားချက်ကို တွေ့ရစဉ်
ထို့နောက် တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA တို့ ၂၀၂၅ ခုနှစ်အတွင်း ၉ ကြိမ်ထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးကာ မိုးကုတ်၊ မိုးမိတ်မြို့ကနေ TNLA တပ်ဖွဲ့များ ဆုတ်ခွာရန် နှစ်ဖက်သဘောတူညီခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ TNLA သည် လုံခြုံရေးအပြည့်ယူပေးပြီး မြန်မာ့တပ်မတော်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မိုးကုတ်မြို့ထဲသို့ ခေါ်ဆောင်လာခဲ့ကာ လွှဲပြောင်းပေးအပ်လိုက်သည်။
ထို့ကြောင့် TNLA နှင့် ပူးပေါင်းတိုက်ခိုက်ပေးခဲ့သော PDF များလည်း မိုးကုတ်၊ မိုးမိတ်မြို့များကနေ ပြန်လည် ဆုတ်ခွာသွားခဲ့ကြရသလို တိုက်ပွဲများ ဖော်ဆောင်ရန်လည်း သတိပေးခံခဲ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 733
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀
အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း နှင့် နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာသည့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာယာယီ သမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို BRICS အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU)အဖွဲ့ဝင် နိုင်ငံဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ဘယ်လာရုစ်နိုင်ငံမှ ဆက်လက် ထောက်ခံ ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးခဲ့သည်။
ထို့နောက် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ဘယ်လာရုစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ မျက်နှာစာများ၊ အဖွဲ့အစည်းများ အကြားတွင် အမြဲတမ်း ထောက်ခံရပ်တည် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လိုသည့် ကိစ္စရပ်မှန်သမျှကို ကြိုဆိုလျက်ရှိပါ ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

၎င်းက “ ဘယ်လာရုစ်နိုင်ငံသည် စက်မှုနိုင်ငံဖြစ်ပြီး စက်မှု၊ ဆေးဝါးနည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးတို့တွင် အဆင့်မီ နည်းပညာရပ်များကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သည့် ကဏ္ဍများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စစ်ဘက် နည်းပညာဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာများ တွင်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် စီးပွား ရေး ဖိုရမ်များကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် လိုအပ်ချက်များကို ဆွေး နွေး ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ ကိုလည်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်၍ ဆက်လက် ဆောင်ရွက်သွားမည်”ဟု ပြောသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံ အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် စစ်ဘက် နည်းပညာ ဆိုင်ရာ စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားခဲ့သည်။
