- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများအနက် အချို့သည် မြန်မာနိုင်ငံအပေါ် စစ်ရေးဖြင့် ကျူးကျော် လွှမ်းမိုးခြင်းထက် စီးပွားရေးဖြင့် ဩဇာလွှမ်းမိုးမှု လုပ်ဆောင်လာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လ က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် အိမ်နီးချင်း အင်အားကြီး နိုင်ငံတစ်ခုသည် မန္တလေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် အချို့ နေရာဒေသများ၌ စီးပွားရေးအရ ကျူးကျော်မှု ပိုမိုများပြားလာကာ မြန်မာနိုင်ငံသားများကို အမည်ခံခိုင်းပြီး နောက်ကွယ်မှ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ စိတ်ကြိုက်ဝင်ရောက် လုပ်ကိုင်လာနေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအမ်ကောန်လက “ကျနော် ထင်ထင်ရှားရှား ပြောရမယ်ဆိုရင် ကျနော်တို့ ကချင်ပြည်နယ်ရဲ့ ဖားကန့်ရဲ့ ကျောက်စိမ်းတွင်း လုပ်ငန်းတွေပေါ့နော်။ ကျောက်စိမ်းတွင်း လုပ်ငန်းတွေမှာဆိုရင် လေလံစနစ်တွေ လုပ်တယ်။ ဥပမာ ကျောက်ကြော ကောင်းကောင်းထွက်တဲ့ နေရာတွေဆိုရင် လေလံစနစ်လုပ်တယ်။ လေလံစနစ်မှာ မူလ ကတော့ တိုင်းရင်းသား လုပ်ငန်းရှင်တွေက ရကြသေးတယ်။ ဒါပေမယ့် အခုက ဘယ်လိုဖြစ်လာလဲဆိုတော့ နောက်ပိုင်းကြတော့ နိုင်ငံသားလုပ်ငန်းရှင် တစ်ယောက်ကို နာမည်ခံတယ်။ နာမည်ခံပြီး နောက်ကနေ တရုတ် တွေက ငွေကြေး အရင်းအနှီးကို ထည့်ဝင်ပြီးမှ လုပ်တော့ ကျနော်တို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေက မယှဉ်ပြိုင် နိုင်ဘူး။ လေလံတွေ၊ လုပ်ကွက်တွေကို ယှဉ်ပြိုင်မဆွဲနိုင်ဘူး။ မဆွဲနိုင်တော့ ကျောက်မျက်အရိုင်း ထုတ်လုပ်မှုက သူတို့လက်ထဲ ရောက်သွားတယ်။ ကုန်ကြမ်းထုတ်လုပ်မှုက။ ကုန်ချောကလည်း သူတို့ဆီမှာပဲ ဈေးကွက်က ရှိတယ် ဆိုတော့ ကုန်ကြမ်းကို အုပ်ဖီးမိတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကျောက်မျက်လုပ်ငန်းက နိုင်ငံသား အခွင့်အရေး နည်း သွားတယ်ပေါ့။ အမျိုးမျိုး ထွက်သွားတယ် ဒါကတော့ လူတိုင်းသိတယ်။ ဒါကလည်း စီးပွားရေးအရဝင်တဲ့ အချက် တစ်ချက်ကိုပဲ ပြောတာ။ နောက်ထပ် တစ်ခုကလည်း ဘာတွေမြင်ရလဲဆိုတော့ အခု လတ်တလော အနေအထား က မြေတွေ အရောင်းအဝယ်တွေမှာ ဒါလည်းကြာခဲ့ပြီ။ နိုင်ငံသားတွေကိုပဲ နာမည်ခံတယ်။ မြေအရောင်းအဝယ်မှာ အုပ်စုလိုက် ဝင်လုပ်တယ်။ ကျနော်တို့ရဲ့ နိုင်ငံသားတွေ ချွေးနည်းစာနဲ့ဝယ်နိုင်တဲ့ အခွင့်အလမ်း မရှိတော့ဘူး။ ငွေကြေးဖောင်းပွမှုတွေ များလာတယ်။ အဲဒီဟာနည်းတွေနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးက ကျဆင်းသွား တာ။ ကျနော်တို့ နိုင်ငံသားတွေရဲ့ လက်ထဲမှာ အခွင့်အလမ်းတွေ နည်းသွားတာ” ဟု ပြောသည်။

အိမ်နီးချင်းနဲ့ အင်အားကြီး နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် ၎င်းတို့လိုချင်သည့် နိုင်ငံရေး အဖြေထွက်အောင် နောက်ကွယ်မှ စိတ်ကြိုက် ကစားလာခြင်းများလည်း ရှိကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် အင်အားကြီး နိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် ထိုနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတဆင့် ချုပ်ကိုင်နေသည်ဟု မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ပြောခဲ့သည်။
စစ်ရေး နည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီ ပေးမှု များမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြကြောင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
အိမ်နီးချင်း ကပ်ရပ်ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုကို ကာကွယ်ရန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မျိုး သီးခြား ဖွဲ့စည်းရန်လိုအပ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံတကာ လွှမ်းမိုးချုပ်ကိုင်မှုကတော့ အခုက ခေတ်သစ် ကိုလိုနီစနစ်ပဲ သွားနေကြတာလေ။ အဲဒီတော့ ကျနော်တို့က ကပ်ရပ်နိုင်ငံ အင်အားကြီး ၂ နိုင်ငံရှိမယ်။ တရုတ်ရှိမယ်၊ အိန္ဒိယရှိမယ်၊ ထိုင်းဆိုရင်လည်း အမေရိကန်ရဲ့ ပြည်နယ်တစ်ခုလို ဆောင်ရွက်နေတာတွေ ကျနော်တို့က တွေ့လာရတာပေါ့။ အဲဒီက နယ်စပ်တွေ မှာပဲ အဓိက ပြဿနာဖြစ်နေတာကို တွေ့ရတာလေ။ အဲဒီနိုင်ငံတွေက သူတို့နိုင်ငံရဲ့ အထူးသဖြင့်တော့ ကုန်ကြမ်း ဈေးပေါပေါနဲ့ ရဖို့၊ ဒီလိုမျိုး သူတို့ လက်အောက်ခံတွေကို မွေးပြီးတော့ proxy စစ်သည် မွေးထားပြီးတော့ ဆောင် ရွက် နေတာတော့ လက်ရှိအမြင်ပဲဗျ။ အထင်အရှားပဲ အဲဒါကလည်း။ အဲဒါတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တိုင်းရင်း သားတွေနဲ့ နယ်စပ်ဒေသတွေ လုံခြုံရေးပေါ့ အားကောင်းဖို့ အားဖြည့်ရမယ်။ နောက် နယ်နိမိတ် သတ်မှတ်ပြီးသား ရှိပြီးသားတွေ။ အဲဒီနယ်နိမိတ် သတ်မှတ်ပြီးသားအတိုင်း အတိအကျ မြေပုံပေါ်မှာကနေ မြေပြင်ပေါ်မှာ ခြံစည်းရိုး ကာရံတာတွေ လုပ်ရမယ်။ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဆိုတာမျိုးကို သီးခြားဖွဲ့ဖို့ကို လိုလိမ့်မယ်။ အဲဒါကို ဖော်ဆောင် မှ ရဦးမှာ။ ဒီလိုမျိုး မြင်ပါတယ်” ဟု ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် နိုင်ငံကြီး ၂ ခု၏ ကြား၌ ရပ်တည်နေရပြီး ဥရောပနိုင်ငံများကဲ့သို့ အင်အားကြီး နိုင်ငံများမှလည်း စောင့်ကြည့်နေကြခြင်းမျိုးရှိကြောင်း၊ တိုင်းပြည်တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနှင့် နည်းဗျူဟာကောင်းများရှိပါက အခြားနိုင်ငံများမှ ဝင်ရောက်ကျူးကျော်ခြင်းမျိုး မဖြစ်နိုင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီနေ့ခေတ်ကတော့ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှ ဒီမိုကရေစီ ထွန်းကားမှုတွေ များလာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးပြီးတော့မှ နိုင်ငံကို တည်ဆောက်လာကြတဲ့ အနေအထားတွေကတော့ အများကြီး တွေ့ရပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ဆိုရင်လည်း နိုင်ငံကြီး ၂ ခုရဲ့ကြားမှာ ရပ်တည် နေရသလို တစ်ဖက်က အင်အားကြီး နိုင်ငံတွေကလည်း ဒီဖက်ကို စောင့်ကြည့်နေကြတာ ရှိပါတယ်။ ဥရောပနိုင်ငံတွေ ဖက်ကဆိုရင် လည်း။ ကျမ အနေနဲ့မြင်တာကတော့ တိုင်းပြည်တစ်ခုကို အခြားသော တိုင်းပြည်တစ်ခုက လာရောက် ကျူးကျော် မယ်ဆိုလို့ရှိရင် တိုင်းပြည်တစ်ခုခုက အားနည်းနေတယ် ဆိုရင်တော့ ကျူးကျော်လို့ရတဲ့ အနေအထားတွေ အများ ကြီး ရှိပါတယ်။ တိုင်းပြည်တစ်ခုမှာ နံပါတ်တစ် အနေနဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ နံပါတ်နှစ်ကတော့ ပြည်သူ ပြည်သားတွေ သာယာဝပြောတယ်။ နံပါတ်သုံးကတော့ တိုင်းသူပြည်သားအားလုံး စည်းလုံးညီညွတ်မှုရှိတယ်။ မြေပေါ်၊ မြေအောက် သယံဇာတတွေလည်း ပေါကြွယ်ဝတယ်။ အသိပညာ အတတ်ပညာရှိတဲ့ လူသားအရင်း အမြစ်တွေ ပေါကြွယ်ဝပြီးတော့မှ နည်းဗျူဟာတွေ ကောင်းတယ်ဆိုရင်တော့ အဲဒီတိုင်းပြည်ကို တခြားနိုင်ငံတွေက ဝင်ရောက်ပြီးတော့ ကျူးကျော်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ ပြည်သူပြည်သားတွေ အားလုံးကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကအစပေါ့ အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။
ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှုဒဏ်ကို မတားဆီးနိုင်ပါက မြန်မာနိုင်ငံရှိ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရတနာသိုက်များနှင့် မဟာဗျူဟာမြောက် ကမ်းရိုးတန်း ဆိပ်ကမ်းများသည် စိတ်ကြိုက်ခြယ်လှယ် ခေါင်းပုံ ဖြတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တပ်မတော်အကြား နယ်မြေစိုးမိုးမှု ကွဲပြားနေပြီး ပြည်ပကျူးကျော်မှုသာ ရှိလာပါက ဗဟိုချက် အာဏာစနစ် လုံးဝပြိုလဲသွားပြီး တိုင်းပြည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သလို ကျဆုံးနိုင်ငံ (Failed State)အဖြစ် ဆိုက်ရောက် သွားနိုင်သည်အထိ အန္တရာယ်ကြီးကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 372
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မြန်မာနိုင်ငံတွင် လက်ရှိ အခင်းအကျင်းများအရ အိမ်နီးချင်းနိုင်ငံများအနက် အင်အားကြီးနိုင်ငံများ ဖြစ်သည့် တရုတ်-အိန္ဒိယတို့နှင့် ဆက်စပ် ဒေသများအားလုံးကို သတိထားရမည်ဖြစ်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံကို တရုတ်က လွှမ်းမိုးလျှင် အိန္ဒိယကလည်း လွှမ်းမိုးလာမည်ဟု ၎င်းက ပြောသည်။
ပူပူထန်က “ကျနော်တို့ရဲ့ အိမ်နီးချင်းမှာတော့ တရုတ်နဲ့ ကုလားက အကြီးဆုံး ဖြစ်နေတယ်လေ။ တရုတ်နဲ့ ကုလား နဲ့ ဆက်စပ်နေတဲ့ ဒေသတွေ အကုန်လုံးကိုတော့ ဂရုစိုက်ရမယ်ထင်တယ်။ သူတို့ရဲ့ လွှမ်းမိုးမှုက ကြောက်ခမန်း လိလိလေ။ ကုလားက အဲဒီလောက် မဟုတ်ပေမယ့် တရုတ်က လွှမ်းမိုးလာရင် ကုလားလည်း တက်လာမှာပဲလေ။ တရုတ်ဝင်သလောက် သူလည်း ဝင်လာမှာပဲ။ အဲဒီက တရုတ်နဲ့ ကုလားနဲ့ ဆက်စပ်တဲ့ဒေသတွေ သတိထားရမယ် ထင်တယ်လေ။ သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြေလည်အောင် ညှိနှိုင်းပြီးတော့ အတူတကွ လက်တွဲပြီးတော့ ကာကွယ်ဖို့ လိုပါတယ်။ အပြန်အလှန် ညှိနှိုင်းပြီးတော့ နှစ်ဖက်စလုံး လက်တွဲပြီး ကာကွယ်မှပဲ အဆင်ပြေမှာပါ တစ်ဖက်တည်းက ကာကွယ်လို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်-အိန္ဒိယတို့နှင့် ဆက်စပ်နေသည့်ဒေသများမှာ ရှမ်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင် စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဖြစ်ကြသည်။

မြန်မာ-အိန္ဒိယ-တရုတ် ခေါင်းဆောင်များကို တွေ့ရစဉ်
အဆိုပါ ဒေသများအနက် နယ်မြေ ကျူးကျော်ရေးနှင့် အလွှမ်းမိုးခံဒေသအဖြစ် အန္တရာယ်အရှိဆုံးမှာ ရခိုင်ပြည်နယ် ရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း တိုင်းပြည်အတွက် တကယ့် နယ်မြေ ကျူးကျော်ရေးနဲ့ အလွှမ်းမိုးခံဒေသ အန္တရာယ်အရှိဆုံးနေရာက ၂ ခုပဲရှိတယ်။ ရခိုင် ဘူးသီးတောင်၊ မောင်တောနဲ့ ရှမ်းမြောက်ပဲ။ အခု အဲဒီ tension က ၂ ခုစလုံးက အတူတူပဲ။ အဲဒီဟာက တခြား ဘာထက်မှာ အရေးမကြီးဘူး ကျနော် မြင်တာက။ မဟုတ်ရင်တော့ ပဲ့ပါတော့မယ်။ ဘူးသီးတောင်၊ မောင်တောဘက်လည်း ထိန်းတော့ ထိန်း ထား နိုင်တယ်။ ဒါပေမယ့် ရှမ်းမြောက်က လျင်လျင်မြန်မြန်ကို ပဲ့ပါနေတဲ့သဘောရှိတယ်။ ကုန်သွယ်ရေး လမ်းကြောင်းဖွင့်မယ် BRI လုပ်မယ်။ MNDAA က လုံခြုံရေးအစောင့်တပ် အနေနဲ့ သဘောမျိုးနဲ့ သွားနေမယ့် ဒီဟာကို လမ်းကြောင်းဖွင့်ပြီး သွားတယ်ဆိုတော့ အစိုးရအကျိုးရှိတယ်လို့ ယူဆလို့ရပေမယ့် ကျနော်တို့ရဲ့ နယ်မြေနဲ့ အမျိုးသားရေး လက္ခဏာ ပျက်စီးဆုံးရှုံးမှုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ အဲဒီဟာက ရှင်းရှင်းပြောရရင် ရှမ်းမြောက်က အခုလက်ရှိ အနေအထားဆိုရင် ဟိုဘက်က ဘင်္ဂါလီ အရေးထက်တောင်မှ ပိုပြီးတော့မှ အရေးကြီးနေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အရေးကြီးပြီး ရှုပ်ထွေးလျက်ရှိသော်လည်း နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးအရ ဦးစွာ ဖြေရှင်းရန် လိုအပ်နေသည့် ပြည်နယ်အချို့ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာန သို့ ပြောသည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးထွားဆုံး ဖြစ်နေသည့် ပြည်နယ်များမှာ ရခိုင်၊ ကချင်၊ ရှမ်းပြည်နှင့် ကရင်ပြည်နယ်တို့မှ လက်နက်ကိုင် တပ်များဖြစ်ကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက ယူဆကြသည်။

မြန်မာနိုင်ငံ မြေပုံကိုတွေ့ရစဉ်
ရှမ်းပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံဖြင့် အရောင်အမျိုးမျိုးရှိသဖြင့် လက်ရှိ အခင်းအကျင်းများအရ အရှုပ် ထွေးဆုံးနှင့် အရေးကြီးဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရှမ်းအရှုပ်ဆုံးပေါ့။ တိုင်းရင်းသားပေါင်းစုံရှိမယ်၊ အရောင်အမျိုးမျိုးရှိမှာပေါ့။ ရခိုင်ကတော့ အရောင်မရှိဘူး။ ၂ ခုပဲရှိမှာပေါ့။ အဖြူနဲ့အမည်းပဲရှိမှာပေါ့။ အရောင်စုံ မဟုတ်ဘူး။ ရှမ်းပြီးရင် ပိုရှုပ်မှာက ကရင်ဖြစ်မှာပေါ့။ ကရင်ဆို တာ ကျယ်ပြန့်တာကို။ မွန်လည်း သူ့ထဲမှာရှိမှာပေါ့။ တခြား PDF တွေလည်းရှိမယ်။ ကရင်မှာကိုက မျိုးစုံကွဲနေ တာကို။ ကရင်နဲ့ ကရင်နီကလည်း ဆက်စပ်တာကို ထိုင်းအခြေပြုတဲ့။ ရခိုင်ကတော့ အဲဒီနယ်မြေတွေ အားလုံး ထဲမှာ ရိုးရှင်းတာပေါ့။ တစ်ဖက်က ဖြူရင်ဖြူမယ်၊ တစ်ဖက် မည်းရင်မည်းမယ်။ win-win ဆိုရင် ညှိနှိုင်းရမယ်၊ win-lose ဆိုရင် တစ်ဖက်ဖက်က နိုင်မှ ဒီပြဿနာပြီးမှာကို။ တစ်ဖက်က lose ဖြစ်သွားပြီး တစ်ဖက်က နိုင်ရမယ်။ မဟုတ်ရင်မပြီးဘူး။ win-win သွားချင်ရင် နှစ်ဖက်လုံး တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရမယ်။ လူထုကို ဗဟိုပြုရ မယ်။ ရှမ်းကတော့ ရောင်စုံများတာပေါ့။ ချင်းကတော့ လူဘယ်လောက်ပဲများများ လက်နက်ကိုင် ပဋိပက္ခက အဲဒီလောက် မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သဘောထားသည် ၎င်းတို့၏ ကိုယ်ပိုင် အမျိုး သားအကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး ယှဉ်ပြိုင်မှုနှင့် နယ်စပ်တည်ငြိမ်ရေးတို့အပေါ်မှာ အခြေခံထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်၏ အဓိကရည်မှန်းချက်သည် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှင့် စီးပွားရေး အကျိုးအမြတ်ဖြစ်ပြီး အိန္ဒိယ၏ ရည်မှန်းချက်သည် အရှေ့မြောက်နယ်စပ် လုံခြုံရေးနှင့် တရုတ်ကို တန်ပြန်ရေးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြ ကြသည်။
တရုတ်က မြန်မာနိုင်ငံကို ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအင်ပါယာ (Belt and Road)၏ အစိတ်အပိုင်းအဖြစ် ရှုမြင်ပြီး အိန္ဒိယကမူ မိမိအိမ်ရှေ့ အကာအကွယ်တံတိုင်း (Buffer State) နှင့် လုံခြုံရေးအရ မရှိမဖြစ် အရေးပါ သည့် အိမ်နီးချင်းအဖြစ် ရှုမြင်ကြကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းက UWSA, NDAA, MNDAA, SSPP, TNLA, AA,KIA, SNA, NSCN, CNF, ကသည်း လက်နက်ကိုင်များသည် တရုတ်နှင့်အိန္ဒိယ နယ်စပ်ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တစ်ခုတည်းဖြင့် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် ပုံစံမျိုး ဖြစ်ပေါ်လာမည်ဟု မထင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA စာချုပ် ဖြစ်ပေါ်ကတည်းက NCA စာချုပ်ဖြစ်ပေါ် လာအောင် ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ကျော် ပါဝင်ခဲ့တာ ရှိတယ်လို့ အဲဒီလို သိထားတယ်။ ဒါပေမယ့် စာချုပ်ရေးထိုးခါနီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လောက်ပဲ လက်မှတ်ထိုးခဲ့တယ်။ နောက်မှ ၂ ဖွဲ့ထိုးတယ်။ စာချုပ်ဖြစ်ပေါ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေက စုံစုံလင်လင် လက်မှတ် ထိုးခဲ့တဲ့ စာချုပ်တစ်ခု အနေနဲ့ ဖြစ်ပေါ်ခဲ့တယ်။ အခုတစ်ခါ ၂၀၂၁ နိုင်ငံအာဏာကို တပ်မတော်က ယူလိုက်ပြီး နောက်ပိုင်းမှာလည်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ကိုယ်တိုင်က သဘောထား ကွဲလွဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တာတွေကို မြင်တွေ့နေရတယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းကို ကိုင်တွယ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမျိုး ပုံစုံမျိုးဆိုရင်တော့ အလုံးစုံ အဖွဲ့အစည်း အကုန် လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာဖို့တော့ အခက်အခဲရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ဆိုတာကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှုမျိုး၊ ပုံစံမျိုး အခင်းအကျင်းပေါ်မှာ တည်ဆောက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ပုံစံမျိုး ဖြစ်ပေါ်လာ မယ်လို့ ကျနော့် အနေနဲ့တော့ မမြင်ဘူး။ အဲဒီလိုပဲပြောချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် အနေဖြင့် ငြိမ်းချမ်း ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် NCA မထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်းသာဖြစ်ကြောင်း အချိန်ကာလလည်း သတ်မှတ်ထားကာ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီ လာရောက်ကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်လိုက်ရုံဖြင့် တာဝန်ကျေပြီဟု မှတ်ယူပါက ရှေ့ဆက်သွားရန် ခက်ခဲမည် ဖြစ်ကြောင်း၊ အစိုးရ သက်တမ်း ၅ နှစ်တာ ကာလအတွင်း နှစ်ပေါင်း ၈၀ ကြာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး မည်ကဲ့သို့ လျှောက်လှမ်းမည်ကို မေးခွန်းထုတ်စရာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတစ်ဆင့် အရွေ့တစ်ခုကတော့ ရွေ့နေပြီ။ ရွေးကောက်ပွဲ၊ ရွေးကောက်ခံ အစိုးရပေါ့။ ရွေးကောက်ခံ အစိုးရသည် ၁၉၄၈ လွတ်လပ်ရေး ခေတ်ဦးကစလာတဲ့ နိုင်ငံ့ပြဿနာကို လက်နက်ကိုင် ပဋိပက္ခကို ဘယ်လို ချုပ်ငြိမ်းအောင် လုပ်မှာလဲဆိုတဲ့ အန္တိမရည်မှန်းချက်၊ အဲဒီရည်မှန်းချက်ကို အခု ၅ နှစ်ပေါ့ ရွေးကောက်ခံ အစိုးရ တစ်ရပ် ဘယ်လိုလှမ်းမှာလဲ။ အတိတ်ကာလ အနှစ် ၈၀ ဆိုတာကို ဖျက်ခဲ့ရမှာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ဘယ်လို အပေးအယူနဲ့ ရှေ့ကို ၅ နှစ်က စပြီးတော့ အချိန် အတိုအတွင်းမှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် သွားမှာလဲဆိုတဲ့ဟာကို ကျနော်တို့လည်း မျှော်လင့်နေတာပါပဲ။ အဲဒီတော့ နှစ် ၈၀ နဲ့ ထပ်ပေါင်းတဲ့ ၅ နှစ်ဖြစ်မှာလား ကျနော်တို့လည်း မေးခွန်းမေးပါတယ်။ အဲဒီလိုဆို ဆိုးကျိုး သံသရာက ဆက်သွားဦးမယ့် သဘောပေါ့။ သို့မဟုတ် နှစ် ၈၀ ကို ဖျက်ပြီးမှ အခုအသစ် ပြန်ခြေလှမ်းလှမ်းမယ့် ၅ နှစ်တာကာလ နိုင်ငံတော် အသစ်အတွက် ကနဦး ၅ နှစ် ခြေလှမ်းသစ် ဖြစ်မှာလားဆိုတာ မျှော်လင့်တာပေါ့။ အဲဒီ လို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ယုံကြည်မှုအတွက် ယုံကြည်မှုကို လမ်းခင်းပေးနိုင်တဲ့ အချင်းချင်းယုံကြည် နိုင်အောင် သံခင်းတမန်ခင်း လွန်းပြန် တွေ့ဆုံဆွေးနွေးရေး ထိစပ်ပေးမယ့် အကျိုးတော်ဆောင်လေးတွေလည်း လိုအပ်တာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြေးလိုက် အစိုးရဆီပြေးလာလိုက် ဒီဘက်က ရတာ ဟိုပြော၊ ဟိုဘက်က ရတာ ဒီပြော၊ ရလဒ်ထွက်အောင်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်အောင် ချိုသာတဲ့ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာ ဖြစ်အောင် လုပ်ရမယ့် မမောနိုင်မပမ်းနိုင် နိုင်ငံတော်အတွက် အဲဒီလိုမျိုးအင်အားစုတွေ ကလည်း လိုကောင်းလိုမှာပေါ့။ ငါ့တာဝန်ကျေပြီ ငါကြေညာလိုက်ရင် တော်ပြီဆိုတာမျိုး လောက်နဲ့တော့ အကုန် လာကြမှာပဲ မလာရင်လည်း ပြီးပြီဆိုတာမျိုးလောက်နဲ့ ရှေ့ဆက်သွားဖို့က ခက်မယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 250
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် ထိုနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတဆင့် ချုပ်ကိုင်နေသည်ဟု မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “ လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေး နည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီ ပေးမှု များမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရသည်”ဟု ပြောသည်။
အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာ မိတ် အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင် လျက်ရှိ ကြကြောင်း မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို တွေ့ရစဉ်
ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် လုံခြုံရေးတို့အတွက် အခြေခံ အုတ်မြစ်သည် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှု ပတ်ဝန်းကျင်အပေါ် မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်း တည်ငြိမ်မှု ခိုင်မာအားကောင်း လာစေရန်နှင့် နက်နဲရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ အဖွဲ့ ဝင် နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူလက်တွဲ ကျော်လွှားတုံ့ပြန် နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယနေ့ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့၏ အနာဂတ် လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက် ကြပါစို့- Securing Our Future,Together”နှင့် အညီ အနာဂတ် ကာလတွင် မိမိတို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့ မြန်မာ့ တပ်မတော် အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု အခိုင်အမာ ပြောကြားလိုကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တွေ့ရစဉ်
ထို့နောက် ဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို မေလ ၁၉ ရက်တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။
အလားတူ တတိယအကြိမ် အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း ခေါင်းဆောင်များ ညီလာခံ (AMICLC-3)နှင့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်ရာ တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
တော်လှန်ရေးတပ်ဖွဲ့တချို့နှင့် ခေါင်းဆောင်တချို့သည် ငွေနှင့်အာဏာ ရှိလာသည့်အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လိုမင်းမူနေသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်က ကျရောက်သည့် (၆၈)နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ၎င်းက ပြောထားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်က “ အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေး နည်းလမ်းများ မဖော်ဆောင်တတ်ခြင်း၊ ဗမာစစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံခြင်း၊ ဗမာ့ တပ် အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်း တို့ကြောင့် တော်လှန်သက် ရှည်ကြာလာပြီး ပြဿနာအမျိုးမျိုး ကြုံတွေ့ တဲ့အခါ မဖြေရှင်းတတ်တော့ပါ။ လုပ်ငန်းအရပ်ရပ်အတွက် ငွေလို၊ ငွေလိုတော့ ငွေရှာ၊ ငွေနဲ့အာဏာ ရှိလာတဲ့အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လို မင်းမူနေတော့တယ်။ နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်း ရန်ဖြစ် ကြ၊ တိုက်ခိုက်ကြ၊ အမျိုးသားရေးကို အဓိကမထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိကထားလာကြတယ်။ အဲလို လုပ်လာကျတော့ ဒေသစွဲနဲ့ သူ့ဂိုဏ်းကိုယ့်ဂိုဏ်း ဖြစ်လာတယ်။ အချင်းချင်း တွေ့ဆုံ ဆွေးနွေးခြင်း မရှိဘဲ အချင်း ချင်း တိုက်ခိုက်ကြတာဟာလည်း တော်လှန်ရေးကို အဓွန့်ရှည်ကြာမြင့်စေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

RCSS တပ်ဖွဲ့ကို တွေ့ရစဉ်
တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူလူထုသည် ရေနှင့်ငါးလို နေထိုင်ပြီး ပူးတွဲ တာဝန်ယူရမှာဖြစ်ကြောင်း၊ တော်လှန် ရေး လုပ်သည့်သူများက နားမလည်၊ မလုပ်တတ်သည့်အတွက် တော်လှန်ရေးတပ်နှင့်လူထုကို သခင်နှင့်ကျွန်လို ပြုမူ ဆောင်ရွက်စေခဲ့ကြောင်း၊ စော်ဘွားခေတ်က နည်းလမ်းများအတိုင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် တော် လှန်ရေး အဓွန့်ရှည်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မိမိတို့ တော်လှန်ရေးအဖွဲ့ အများစုသည် တော်လှန်ရေးနည်းပညာကို တတ်သိနားလည်မှုမရှိ၊ တော်လှန်ရေး မဟာ ဗျူဟာမရှိ၊ တော်လှန်ရေးနှင့် ပတ်သက်၍ ဘာမှ မသင်ကြားရဘဲ ဗမာတပ် မုန်းတီးရေး စိတ်ဓာတ် အတွေးအခေါ် ဖြင့်သာ တိုင်ပွဲဝင်လာခြင်း၊ ရေရှည်တည်တံ့သည့် ရည်မှန်းချက်မရှိခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့လာသည့် အခါဖြစ်စေ၊ ရန်သူက နိုင်ငံရေး၊ စည်းရုံးရေး မက်လုံးများဖြင့် ကစားလာသည့်အခါဖြစ်စေ တော်လှန်ရေး လုပ်သည့် လူများသည် ရန်သူထံ လက်နက်ချသွားသော ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
၎င်းက “ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရန်သူ့အသုံးချခံအဖြစ် လုပ်တာတွေလည်း ရှိပါတယ်။ ရန်သူ့ အတွက် မျက်စိ၊ နားသဖွယ် အသွင်ပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ်။ မိမိတို့ လူထုတွေလည်း ကိုယ်လွတ် ရုန်းပြီး ရန်သူ့ရဲ့ မျက်စိ၊ နားအဖြစ် သွားလုပ်ခဲ့တာတွေလည်း ရှိပါတယ်။ မိမိတို့ အချင်းချင်းကြား ရည် မှန်းချက် မတူညီခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် တော်လှန်ရေး အဓွန့်ရှည် ကြာရခြင်းပဲ ဖြစ်ပါတယ်” ဟု ပြော သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
တော်လှန်ရေးဆိုသည်မှာ ခက်ခဲလွန်းခြင်း၊ စွန့်လွတ်စွန့်စားရခြင်း၊ တိုင်းပြည်ကို အသက်၊ သွေး၊ ချွေးနှင့် လဲလှယ်ရ ယူခြင်းဖြစ်သော်လည်း အမျိုးသားရေး၏ အနာဂတ် နှစ်ပေါင်းရာထောင်ချီအတွက် မျှော်ကိုးပြီး တော်လှန်ရေးကို ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
ထို့အပြင် အခြား နိုင်ငံများမှာ တော်လှန်ရေးအောင်ပွဲ ရရှိခြင်းသည် အဓိဌာန်နှင့် ရည်မှန်းချက်များ သေချာ ချမှတ် ပြီး တထပ်တအား လုပ်ဆောင်လာ၍ဖြစ်ကြောင်း၊ ထို့ကြောင့် အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်များကို ပြင် ဆင်ကြရန်နှင့် အမှားများကို သင်ခန်းစာအဖြစ် ယူတက်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာများကို လေ့လာသင်ယူကြရန်၊ တိုင်းပြည်အရေးကို အဓိကထားပြီး အချင်းချင်း ချစ်ခင်ညီညွတ်ကူညီပြုပြင်ကြရန်၊ အချင်းချင်း အပြစ်မတင်ကြရန် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 326
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံ၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေပြုလှုပ်ရှားလျက်ရှိသော နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)နှင့် ပေါင်းစည်းနိုင်ရေး တွေ့ဆုံ ဆွေးနွေးလိုသည်ဟု NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)တို့သည် ယခင်က NSCN-K ဆိုပြီး တစ်ဖွဲ့တည်းဖြစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ နှစ်ဖွဲ့ကွဲသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် နာဂလူမျိုးများနှင့် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် တည်ငြိမ်အေးချမ်းရေးအတွက် NSCN-K တစ်ဖွဲ့တည်းအနေဖြင့် ပြန်လည်ပေါင်းစည်းနိုင်ရေး နာဂအင်အားစုများကြား ကြိုးပမ်းနေကြသည်။
NSCN-K/YA အဖွဲ့အား စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း ၎င်းတို့ဘက်ကမူ လုံးဝငြင်းပယ် နေသည့် အတိုင်းအတာဖြစ်နေ၍ တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်သေးဘဲ ဖြစ်နေကြောင်း (NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂလူမှုရေးအသင်းအဖွဲ့များကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ အဖွဲ့ကတော့ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ တစ်နေ့ကပေါ့နော်၊ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ NSCN-K/YA အဖွဲ့နဲ့ ကျနော်တို့က စားပွဲပေါ်မှာ စကားပြောရအောင် ဆိုပြီးတော့မှ ကျနော်တို့ ခေါ်နေတာ၊ ဟို ကျနော်တို့ကတော့ ကမ်းလှမ်းနေတာပေါ့။ ဒါပေမယ့် သူတို့က လက်မခံတာတွေ ဖြစ်လာတယ်။ ဒီမှာ သူတို့ရဲ့ လူကြီးတစ်ယောက်နဲ့လည်း ခန္တီးမှာ ခေါ်ပြီးတော့မှ ကျနော်တို့ စကားပြောကြတယ်။ ဘာပဲဖြစ်ဖြစ် အဖြေတစ်ခုကို တော့ စားပွဲပေါ်မှာ စကားပြောမှပဲ အဖြေတစ်ခု ထွက်လာမယ်ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနေခဲ့တယ်။ ဒါပေမယ့် လောလောဆယ် သူတို့ဘက်ကနေ ဘာမှ အကြောင်းပြန်လာတာ မရှိသေးလို့ အဲဒါလေးကိုတော့ စောင့် နေတာရှိတယ်။ သူတို့ကတော့ ကျနော်တို့ရဲ့ အမြင်ကတော့ ဟုတ်တယ်။ သူတို့ကတော့ အဲဒါ ငြင်းပယ်နေတာပေါ့ နော်။ ဘာပဲဖြစ်ဖြစ် ဒါ ပွင့်ပွင့်လင်းလင်း ပြောရင် ကျနော်တို့ ကမ်းလှမ်းတဲ့ဟာလည်း သူတို့ကတော့ လုံးဝငြင်းပယ် နေတဲ့ အတိုင်းအတာကို ဖြစ်နေပြီ”ဟု ပြောသည်။
လက်ရှိတွင် NSCN-K/AM အဖွဲ့က နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့များကနေ NSCN-K/YA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း၊ သို့သော် NSCN-K/YA အဖွဲ့က အကြောင်း အမျိုးမျိုးပြ၍ ရှောင်လွဲနေကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ထားသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယုံးအောင်နှင့် အန်းမိုင် ဦးဆောင်သော အဖွဲ့များကြား ခေါင်းဆောင် မှု အပိုင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၌ အငြင်းပွားနေကြသည်ဟု ဒေသခံများက ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
နာဂ လက်နက်ကိုင်အဖွဲ့ များပြားနေပါက ပြည်သူလူထုသည် ဝန်ထုပ်ဝန်ပိုး ပိုခံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ၏ ဆန္ဒကို နားလည် လက်ခံလျှင် ပေါင်းစည်းနိုင်ရေး လက်ခံရန်လိုကြောင်း ညီညွတ်သောတန်ရှန်းနာဂကောင်စီ ဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပူးပေါင်းရေးဆိုတာထက်ပေါ့၊ ပြည်သူလူထုရဲ့ ဆန္ဒကတော့ လက်နက်ကိုင် အစုအဖွဲ့တွေ ဒီလောက် ကွဲပြားနေပြီးတော့ အမည်ခံကြတာက နာဂအမည်ခံပြီးတော့ လုပ်တာကိုင်တာဆိုရင် ကွဲပြားနေရင် ပြဿနာတွေ ဖြစ်လာတယ်။ ပြဿနာဖြစ်လာတော့ ပြည်သူလူထုတွေက အဖွဲ့အစည်းများလာလေ ဝန်ထုတ်ဝန်ပိုးတွေ ပိုများ လာတယ်။ အဲဒါကြောင့် အန္တရယ်လည်းရှိတယ်။ ဒါကြောင့် ဘယ်လို အကြောင်းပဲရှိရှိ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည် ချက် သို့သော် ပြည်သူနဲ့ ဆိုင်လာရင်တော့ နှစ်ဖက်စလုံးက လက်ခံနားလည်နိုင်တဲ့ အနေအထားထိတော့ ရှိနေပေး ဖို့ တစ်ယောက်နဲ့တစ်ယောက် ပြည်သူလူထုအပေါ်မှာ ဝန်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ လုပ်ငန်းတွေကို ရွေးချယ် လုပ် ကိုင်ကြဖို့ ဒီလိုဆောင်ရွက်ဖို့တော့ ဒါပြည်သူတွေက အမျှော်လင့်ဆုံးပေါ့။ လုပ်ဖို့ကိုင်ဖို့အခု အဖွဲ့အစည်း ခေါင်း ဆောင်တွေ အားလုံးကလည်း ဒါကို ကြိုးစားဖို့ ပြင်ဆင်နေကြတာ။ သူတို့ နှစ်ဖွဲ့စလုံးရဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်ကို သူ တို့သိဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် တွေ့ဆုံညှိနှိုင်းမယ့်လမ်းကြောင်းကို ရွေးကြတယ်လို့ ပြောရင် တော့ တစ်ယောက်က ဘယ်ဟာကို ပိုပြီးတော့ လက်ခံနိုင်သလဲ ဒီဘက်ကို တွေးပေးဖို့တော့ လိုတာပေါ့။ ဖိတ်ခေါ် တဲ့ လူကလည်း ဆိုတော့ အဖွဲ့အစည်းက ကွဲသွားမှတော့ သူ့မူဝါဒတွေ သူတို့ရဲ့ ခံယူချက်တွေ လွဲနေလို့ပဲ ဒါကြောင့် အဲဒီ တစ်ယောက်နဲ့တစ်ယောက် လွဲနေတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ လက်ခံလာနိုင်အောင် ဆွေးနွေး အဖြေရှာလာနိုင်တယ်ဆိုရင်တော့ နှစ်ဖက်စလုံးကတော့ ရှင်းရှင်းလင်းလင်း ရှိနေဖို့တော့ လိုတာပေါ့ အဲဒီပေါ်မှာ တွေလည်း အခြေခံတယ် လို့ မြင်ရတယ်”ဟု ပြောသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် NSCN-K/YA၊ NSCN-K/AM၊ ENNO/ENDA၊ Naga PDF တို့အပြင် အိန္ဒိယလက်နက်ကိုင်များဖြစ်သည့် NSCN-IM၊ NSCN-Hashi Ransan၊ ZUF နှင့် ကသည်းလက်နက်ကိုင်များ ဖြစ်သည့် PLA၊ ULFA-(I) တို့ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 349
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာသည့် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အာဏာရပါတီနှင့် အတိုက်အခံ ပါတီဟု ခွဲခြားမနေဘဲ အားလုံးပူးပေါင်း၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြားကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။
အဓိကအားဖြင့် လွှတ်တော်ထဲတွင် အာဏာရပါတီ မဟုတ်သည့် အတိုက်အခံပါတီများမှ လွှတ်တော် ကိုယ်စား လှယ်များ ဝေဖန်ထောက်ပြသည့် အခါတွင် ကိုယ်စားလှယ်များ အချင်းချင်း အကောင်းမြင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခြောက်လပိုင်း ၂ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လောက်အထိ လူထုအတွက် ပြောလဲ ပေါ့။ သူ ကိုယ်စားပြုတဲ့ လူ့ထုအတွက် ဘယ်လောက်အထိ ပြောသလဲ ဆိုတဲ့ဟာက နံပါတ်တစ် လွှတ်တော် ဘယ်လောက်အထိ အလုပ်လုပ်လို့ ရသလဲဆိုတာ အဲဒီဟာ တစ်ချက်ကြည့်ရမယ်။ နောက်တစ်ခုက အတိုက်အခံ ပေါ့၊ အတိုက်အခံ ဆိုတဲ့ဟာက လက်ရှိ အာဏာရပါတီ မဟုတ်တဲ့ ပါတီတွေ အကုန်လုံးက အတိုက်အခံ လူနည်းစု ကိုယ်စားလှယ်တွေ ဖြစ်တာကို။ ဒီ ကိုယ်စားလှယ်တွေရဲ့ အဓိက အလုပ်သည် အစိုးရဖြစ်သွားတဲ့ ပါတီရယ်၊ အစိုးရ ဖြစ်နေတဲ့ ဟိုဟာ အကုန်လုံးကို ဒီဘက်က မူဝါဒတွေ ဘာတွေ အကုန်လုံးကို ဝေဖန်ထောက်ပြရမယ်။ အဲဒီ ဝေဖန် ထောက်ပြတာသည် သူ့အလုပ်ဖြစ်တယ်။ ဒါသူ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နေတာဖြစ်တယ် ဆိုတဲ့ဟာ ကို ဟိုဘက်က အာဏာရထားတဲ့ ပါတီအနေနဲ့ အာဏာရထားတဲ့ အစိုးရအနေနဲ့ အဲဒါကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ရမယ်။ ဒါသည် သူ့အလုပ်သူ လုပ်နေတယ်။ မြန်မာတွေရဲ့ ပြဿနာက အကြီးမားဆုံး ပြဿနာက ဝေဖန်လာတယ်ဆိုရင် ဒီကောင်တွေက ငါတို့ကို ကန့်လန့်တိုက်နေတာပဲ ထင်နေတာ။ အမှန်က သူ့အလုပ် သူလုပ် တာ။ ဆိုတော့ အဲဒီလိုဟာမျိုးကို လူအများစုနဲ့ ငါတို့က လူများတယ်ဆိုပြီး လူနည်းစုကို အတင်း သတ်လိုက်တဲ့ဟာ မျိုး အာဏာရပါတီတွေ အနိုင်ရ အစိုးရဘက်က လုပ်သွားမယ်ဆိုရင် ဒီဘက်ကလည်း လူနည်းစုဖြစ်တော့ ကြောက် လန့်ပြီး မပြောရဲမဆိုရဲ ဖြစ်သွားတာမျိုးလည်း ဖြစ်လို့မရဘူး။ အဲဒီဟာတွေ အကုန်လုံးက ကျနော်တို့ ဒီမိုကရေစီ ဆိုတာကို ဘယ်လောက်နားလည်လဲ။ ဒီဟာရဲ့ ဘယ်လို Function အလုပ်လုပ်ရတာလဲ ဆိုတဲ့ဟာကို နားလည် သဘောပေါက်မှုအပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လောက် အလုပ်ဖြစ်သလဲဆိုတာ ပေါ်ထွက်လာမှာပေါ့နော်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော် နှင့် အစိုးရဖြစ်ဖို့ လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ထောက်ပြကြသည်။
လွှတ်တော်ထဲတွင် အနိုင်ရပါတီနှင့် အတိုက်ခံပါတီများအကြား ပွတ်တိုက်မှုများ ရှိနိုင်ကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပါတီမခွဲခြားဘဲ ပြည်သူ့အကျိုးကို ရှေးရှုကာ အပြုသဘောဆောင်သည့် အမြင်မျိုးဖြင့်သာ သွားသင့်ကြောင်း ကရင်ပြည်သူ့ပါတီ(KPP)မှ လွှတ်တော်ကိုယ်စားလှယ် မန်းရဲသူရိန်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားလုံး အပြုသဘောဆောင်တဲ့ အမြင်မျိုးနဲ့ ထောက်ပြပြီးတော့ လုပ်ဆောင်ရမယ် ဆိုတော့လည်း အားလုံး ဒီလို ပွတ်တိုက်မှုကတော့ ရှိမှာပါ။ ပွတ်တိုက်မှုကတော့ လုံးဝ ကင်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း ပွတ်တိုက်မှု လျော့ကျအောင်တော့ လျှော့ချတဲ့ နည်းလမ်းက ဆိုရင်တော့ အပြုသဘောဆောင်တဲ့ ချဉ်းမှုမျိုးနဲ့ သွားရင်တော့လည်း ပွတ်တိုက်မှု လျော့ကျသွားမှာပါ။ အပြုသဘောဆောင်တဲ့ နေရာမှာက ကျနော်တို့ အာဏာရ ပါတီဘက်က ဥပမာပြောမယ်ဆို ပေါ်လစီ တစ်ခုပဲဖြစ်ဖြစ် တခြားသော မူဝါဒရေးရာပဲဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေး မှာပဲဖြစ်ဖြစ်၊ ဥပဒေကြမ်းပဲဖြစ်ဖြစ် သူတို့တင်သွင်းတဲ့ နေရာမှာ အတိုက်အခံတွေ ဘက်ကလည်း ဒီဟာတွေက လူထုတွေနဲ့ သင့်တော်တယ်။ နိုင်ငံအတွက် အကျိုးရှိမယ်ဆိုတဲ့ အရာတွေတင်တယ်။ တချို့သော အရာတွေမှာ အတိုက်အခံတွေ ဘက်ကလည်း ဒါတွေကို အသိအမှတ်ပြုရမှာ ဖြစ်သလို အတိုက်အခံဘက်က တင်သွင်းတဲ့ ဥပဒေရေးရာပဲဖြစ်ဖြစ်၊ မူဝါဒရေးရာပဲဖြစ်ဖြစ် လူထုတွေ အကျိုးရှိတယ်ဆိုလို့ရှိရင် အာဏာရပါတီတွေ ဘက်က လည်း အော် ဒါကတော့ တို့နိုင်ငံအတွက်၊ တို့လူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းမယ့် အရာတွေဖြစ်တဲ့အတွက် ဒါတွေကတော့ သူတို့က ငါတို့ထက် လုပ်နိုင်တယ်။ ငါတို့ကို ကျော်သွားပြီး လုပ်တယ်ဆိုတဲ့ အသိကို မပါဘဲနဲ့ အပြုသဘောဆောင်တဲ့ အနေနဲ့ ဒါကောင်းလို့ လုပ်ဆောင်ကြတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ မြင်တတ်ရင်တော့ ပိုကောင်း တယ်။ ကျနော့်အမြင် အနေနဲ့ကတော့ ပါတီမဟုတ်ဘဲနဲ့ ပြည်သူအကျိုးပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံ့အကျိုးအတွက်ကို စုပေါင်းပြီးတော့ ပူးပေါင်းတယ်ဆိုတာ ဥပမာ ဒီဥပဒေက ဒီဟာနဲ့ မသင့်တော် တော့ဘူး၊ ဒါကို ကျနော်တို့ အဆိုတွေ သွားတင်ကြမယ်ဆိုရင် အာဏာရပါတီ ဘက်ကနေရော အတိုက်အခံ ပါတီဘက်ကလူရော ပူးပေါင်းပြီးတော့ အဆိုကို တင်သွင်းတာ၊ ထောက်ခံတာတွေ ဒါတွေ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်တော့ ကောင်းတဲ့ရပ်ဝန်းတစ်ခုတော့ ဖြစ်လာမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်အမတ်များကို တွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုများ အဓိကအားဖြင့် အခြေခံ လူတန်းစားများ အခက်အခဲ ကြုံတွေ့နေရ သည့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ဦးစားပေး ဆောင်ရွက်လိုကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။
ထို့နောက် ဇွန်လ ပထမအပတ်ထဲတွင် လွှတ်တော်အသီးသီး ပြန်လည် စတင် ကျင်းပတော့မည်ဖြစ်၍ မည်သည့် အရေးကိစ္စများကို ဆွေးနွေးလာကြမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 196
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေလ ၂၀ ရက်တွင် ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ ခြင်းကြောင့် ချင်းပြည်နယ်၏ မြောက်ပိုင်းဒေသ တစ်ခုလုံးကို မြန်မာ့တပ်မတော်မှ ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။
ချင်းအမျိုးသားတပ်ဦး(CNF)၊ CDF နှင့် PDF များသည် တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်တွင် တိုက်ခိုက် ထိန်းချုပ်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင် ခဲ့ပြီး တွန်းဇံမြို့သိမ်းပိုက်ရေး ဧပြီ ၂၉ ရက်မှာ ထိုးစစ်ဆင်ခဲ့သည်။
အဆိုပါ ထိုးစစ်သည် မေလ ၂ ရက်တွင် သိုင်းငင်းလမ်းဆုံသို့ လည်းကောင်း၊ မေလ ၅ ရက်၌ ကနေဒီတောင်သို့ လည်းကောင်း၊ မေလ ၉ ရက်မှာ တီးတိန်မြို့သို့ လည်းကောင်း အသီးသီး ရောက်ရှိ ထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် တီးတိန်မြို့မှာ စုအင်အား ပြန်လည် စုဖွဲ့ကာ ထိုးစစ်ကို ပြန်လည်စတင်ခဲ့ရာ မေလ ၁၁ ရက်တွင် ပွိုင့်-၁၅၀၄ သို့လည်းကောင်း၊ မေလ ၁၂ ရက်၌ မောင်ကင်ရွာနှင့် တွာလ်မူးရွာသို့ လည်းကောင်း၊ မေလ ၁၄ ရက်မှာ ဂမ် ငိုင်ရွာသို့ လည်းကောင်း၊ မေလ ၁၆ ရက်တွင် လွမ့်ဇန်ရွာနှင့် ဗျာလ်ကျင်းရွာသို့ လည်းကောင်း၊ မေလ ၁၇ ရက်၌ တပ်ဇန်ရွာသို့ လည်းကောင်း၊ မေလ ၁၉ ရက်မှာ တုံးထွောင်ရွာနှင့် ပွိုင့်-၁၉၈၅ တောင်ကုန်းသို့လည်းကောင်း ရောက်ရှိ၍ တပ်မတော်က ထိန်းချုပ်ခဲ့သည်ဟု နေပြည်တော်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်တွင် တွန်းဇံမြို့ကို မြန်မာ့တပ်မတော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
ထို့ကြောင့် မြန်မာ့တပ်မတော်သည် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ကျီးခါးမြို့ စသည့် ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နယ်မြေထိန်းချုပ်မှု လုပ်လာနိုင်ခဲ့ခြင်းကြောင့် ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီးခါး လမ်းကြောင်းနှင့် ကလေး-ဖလမ်း-ဟားခါး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ စစ်ကိုင်းတိုင်းဒေသကြီးမှ တဆင့် ချင်းပြည် နယ် မြောက်ပိုင်းမြို့များသို့ ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကာ ကုန်ဈေးနှုန်း လည်း ထိုက်သင့်သလောက် ကျဆင်းလာမည်ဖြစ်သည်။
မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော တွန်းဇံမြို့သည် ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါသော နယ်မြေဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည်။
တွန်းဇံမြို့နယ်၏ တောင်ဘက်တွင် တီးတိန်မြို့၊ အရှေ့ဘက်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြောက်ဘက် နှင့် အနောက်ဘက်မှာတော့ အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့ တည်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 377
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံအပေါ် ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှုဒဏ်များကို ဘယ်လို ဖြေရှင်းသင့်သလဲဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံ၏ အနောက်ဖက်တွင် ဘင်္ဂါလီအရေး၊ အနောက်မြောက်ဖက်တွင် အမေရိကန် ကျောထောက် နောက်ခံ ပြုထားသည့် KIA ၏ လွတ်မြောက်ရေးစစ်ပွဲ၊ တောင်ပိုင်းတွင် ကရင်လက်နက်ကိုင်များ၏ ကျားဖြန့်အရေးနှင့် ထိုင်းနိုင်ငံ၏ လွှမ်းမိုးထားမှုခံထားရခြင်း၊ အရှေ့မြောက်ဖက်တွင် တရုတ်လူမျိုးများ ကြီးစိုးလာနေမှုနှင့် MNDAA ၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများ စသဖြင့် ကြုံတွေ့နေရကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
ထိုအခင်းအကျင်းများအရ မြန်မာနိုင်ငံသည် ပြင်ပနိုင်ငံများ၏ လွှမ်းမိုးမှုကို ခံနေရသည့် အခြေအနေ ဖြစ်နေပြီဟု ပြောနိုင်ပြီး နိုင်ငံရေးအရ ဖြေရှင်းအဖြေရှာသည့် တွေ့ဆုံဆွေးနွေးမှုမျိုး အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုပုံစံ ဖြေရှင်းကြမလဲဆိုတဲ့ လုပ်ကိုင်ဆောင်ရွက်မှု အပေါ်မှာ ပိုပြီး မူတည်တယ်လို့ပဲ ပြောလိုတယ်။ မြန်မာနိုင်ငံမှာက ဘေးပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခြေအနေတွေ ကိုလည်း လေ့လာသုံးသပ်ပေးပြီး ဘယ်လို နိုင်ငံတစ်နိုင်ငံကို ပြည်ထောင်စုကို ဘယ်လိုပုံစံ ပြန်ဖော်ကြမလဲဆိုတဲ့ ပုံစံနဲ့အပေါ်မှာ အဓိက အကောင်အထည်ဖော်ဖို့ လိုတယ်လို့ပဲ ပြောလိုတယ်။ အဓိက ပြည်တွင်းက ဖြေရှင်း ဆောင် ရွက်မှု အားနည်းနေသေးတော့အခါ အပြင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံရတယ်ဆိုတာက အခုလည်း လက်ရှိ အခြေအနေမှာ အဲဒီလို ပြင်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီလို့ ပြောလို့ရတဲ့ အခြေအနေဖြစ်တယ်။ အဲဒါကြောင့် ဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲဆိုရင် အခုလက်ရှိ မြန်မာနိုင်ငံကို နိုင်ငံတော်ကို၊ ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲဆိုတဲ့ အပေါ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အနှစ်သာရရှိရှိ ကျနော်တို့ နိုင်ငံရေး အရ ဖြေရှင်းတဲ့ အဖြေရှာတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ ကျနော်တော့ အဲဒီလို ပြောလိုတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်နေပြီလို့ပဲ ကျနော် အဲဒီလို ပြောလိုတယ်။ ဘယ်ပြည်နယ်က ပိုလို့ရှုပ်ထွေးတယ်။ ဘယ်ပြည်နယ်က မရှုပ်ထွေးဘူး အဲဒီလို အခြေ အနေမျိုး မဟုတ်ဘူးလို့တော့ ကျနော် မြင်တယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက တစ်နိုင်ငံ လုံးအတွက် ရှုပ်ထွေးနေတဲ့ ပြဿနာဖြစ်နေတာ ဖြစ်တယ်။ အဲဒီ အရှုပ်အထွေးပေါ်မှာ ပြည်သူတွေ ထိခိုက် ခံစား ရတာ နည်းတယ်၊ များတယ် အဲဒီလောက်ပဲ ကွာခြားမယ်လို့ ထင်တယ်။ နိုင်ငံရေးပြဿနာက တစ်နိုင်ငံလုံး ရှုပ်ထွေးနေတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးအတွက် နိုင်ငံရေး တည်ဆောက်ရေးပုံစံကို ဆွေးနွေးပြီး အကောင် အထည်ဖော်ဖို့ လိုနေပြီလို့ ကျနော်ပြောတာ ဖြစ်တယ်” ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိ အခင်းအကျင်းများအရ မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးမားပြီး စိတ်ကြိုက် ခြယ်လှယ်နိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ပြည်ပနိုင်ငံများ အနေဖြင့် မြန်မာ့ပိုင်နက် နယ်မြေများအား တိုက်ရိုက်သိမ်းပိုက်ခြင်း သို့မဟုတ် ၎င်းတို့ စိတ်ကြိုက် ခြယ်လှယ်နိုင်သည့် ရုပ်သေးအစိုးရ/အုပ်ချုပ်ရေးယန္တရားတစ်ခု တည်ဆောက်ပြီး ဒေသတွင်း ဩဇာခံ ကြားခံ နယ်မြေ (Buffer Zone) အဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
ထိုသို့ ပြည်ပနိုင်ငံများ လွှမ်းမိုးမှုခံရခြင်း၌ လက်ရှိအဆိုးဆုံး ပြည်နယ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကိုးကန့်တပ်ဖွဲ့(MNDAA) စတင် အုပ်ချုပ်ချိန်မှစ၍ တရုတ်လူမျိုးများ ပိုမို ဝင်ရောက် လာနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေဒေသများ၌ တရုတ်စကားကိုသာ ပြောစေပြီး၊ တရုတ်ငွေကြေးဖြစ်သည့် ယွမ်ငွေကိုသာ သုံးစေကြောင်း၊ ထို့ပြင် တရုတ်စာ တန်းပါသည့် ဆိုင်းဘုတ် များ၊ ကိုးကန့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိနေကြောင်း သိရသည်။
ထိုဒေသများ၌ တရုတ်နိုင်ငံသားများ မြေဝယ်ယူမှု များလာနေပြီး၊ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် သတ္တုတူး ဖော်ခွင့်များ ကို ကိုးကန့်တပ်ဖွဲ့က ဖော်ဆောင်ပေးထားသည်ကို တွေ့ရသည်။

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ်တာဝန်ယူခဲ့သူ မစ္စတာဆွန်ကော်ရှန် ကို တွေ့ရစဉ်
ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် ၁၉၅၁-၅၂ ခုနှစ်က ကူမင်တန် ကျူးကျော်မှုထက် ပိုမိုဆိုးရွားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြားကတော့ EAO တွေဘက်ရော လက်ရှိ အစိုးရသစ် ဘက်ကိုရော မေတ္တာရပ်ခံ ချင်တာကတော့ ပြည်ပအန္တရာယ်ထက် တခြားဘာမှ အရေးမကြီးဘူး။ ကျနော်တို့ ထိုက်သင့်သလောက် နိုင်ငံရေး အပေးအယူ လုပ်ပြီး ငြိမ်းချမ်းရေးကိစ္စကို မြန်မြန်သွက်သွက် အကောင်အထည်ဖော်၊ နှစ်ဦးနှစ်ဖက်စလုံးက ဒီအန္တရာယ်ကို ကြည့်ပြီးတော့မှ အမြန်ဆုံး ကာကွယ်နိုင်ဖို့ အတွက်တော့ ကျနော် တိုက်တွန်းတယ်။ ဒါကတော့ အလွန်အရေးကြီးနေတယ်။ ဒီထက်နောက်ကျသွားမယ်၊ ဒီထက်စိမ့်ဝင်သွားမယ်ဆိုရင် ပိုဖြေရှင်းရခက်ပါမယ်။ ဒီတစ်ခေါက်က တော်တော်လေးဖြေရှင်းရခက်တဲ့အနေ
ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှုဒဏ်ကို မတားဆီးနိုင်ပါက မြန်မာနိုင်ငံရှိ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ရတနာသိုက်များနှင့် မဟာဗျူဟာမြောက် ကမ်းရိုးတန်း ဆိပ်ကမ်းများသည် စိတ်ကြိုက်ခြယ်လှယ် ခေါင်းပုံ ဖြတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တပ်မတော်အကြား နယ်မြေစိုးမိုးမှု ကွဲပြားနေပြီး ပြည်ပကျူးကျော်မှုသာ ရှိလာပါက ဗဟိုချက် အာဏာစနစ် လုံးဝပြိုလဲသွားပြီး တိုင်းပြည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားနိုင်သလို ကျဆုံးနိုင်ငံ (Failed State) အဖြစ် ဆိုက်ရောက် သွားနိုင်သည်အထိ အန္တရာယ်ကြီးကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
