- By CNI
- Category: နိုင်ငံရေး
- Hits: 417
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်သည် လက်နက်ကိုင် ပဋိပက္ခများကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်ကဲ့သို့ ချဉ်းကပ် ဖော်ဆောင်သွားမလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်လျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ(NSPWC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော်ကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရခြင်းကြောင့် လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များသည် လွှတ်တော်အတွင်း၌သာ ပြုလုပ်ရခြင်း ဖြစ်သည့်အတွက် လွှတ်တော်၏ ကဏ္ဍသည် အရေးကြီးသည်မှာ အမှန်သာဖြစ်ကြောင်း၊ သို့သော် လက်ရှိ လွှတ်တော်ဖွဲ့စည်းပုံအရ တပ်မတော်နှင့် USDP ပါတီ သဘောတူပါက အဆင်ပြေသည့် သဘောမျိုး ရှိနေခြင်းကြောင့် လွှတ်တော်ဘက်က ကိုယ်စားလှယ် မလိုဘူးဟု ယူဆခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လွှတ်တော်ကတော့ သူတို့ ဒီ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့ အခါကျ သဘောတူတဲ့ဟာတွေကို လွှတ်တော် ကို တင်ပြီးတော့ အခြေခံဥပဒေကို ပြင်ဖို့ဆိုတဲ့ အပိုင်းတွေပါတယ်။ ပါတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် တွေ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အစည်းတွေထဲက ပုဂ္ဂိုလ်တွေပါဖို့တော့ လိုအပ်တယ်။ ဒါမှသာလျှင် ဟိုဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ ဖြစ်ပေါ်တိုးတက်မှုတွေက ဘာတွေ ရှိတယ်။ ဘာတွေ သဘောတူပြီးပြီ။ ဘာတွေမှာတေ့ာ သဘောတူညီချက် မရသေးဘူး စသဖြင့် လွှတ်တော်ကို သူတို့ တင်ပြနိုင်မှာပေါ့။ တင်ပြနိုင်မှ တင်ပြပြီးတော့မှ လွှတ်တော်က သဘောပေါက် လက်ခံလာမှ လွှတ်တော်ထဲ မှာ အနိုင်ရပါတီ ကိုယ်စားလှယ်တွေပါသလို တိုင်းရင်းသားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေပါတယ်။ အဲဒီလူတွေရဲ့ အားနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အောင်မြင် အောင် လုပ်နိုင်မှာပေါ့။ ဒါက သဘောတရားအရ ကျနော်ပြောတဲ့အတိုင်း အမှန်ပဲ။ ဒါပေမယ့် ဒီနေ့ထိ မြန်မာနိုင်ငံ ရဲ့ လွှတ်တော်ဖွဲ့စည်းပုံ အရကတော့ ပြည်ခိုင်ဖြိုးပါတီရယ်၊ တပ်မတော်ရယ် သဘောတူလို့ရှိရင် သဘောပေါက် တယ်ဆိုရင် ဒါမှမဟုတ်လည်း သဘောပေါက်ပေါက် မပေါက်ပေါက် မင်းတို့ ဒါကို ထောက်ခံလိုက်၊ ဒါကို ကန့်ကွက်လိုက် ဆိုတဲ့ဟာကို အမိန့်နာခံကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကြီးပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လွှတ်တော်က ဘာမှ အသေးစိတ် မသိဘူးဆိုလည်း ကိစ္စတော့မရှိဘူး။ ဒါလက်တွေ့ကျကျပြောတာ သူတို့ဘာမှ မသိဘူး NCA စာချုပ်အရ သူတို့ဆွေးနွေးနေကြတယ် သွားလည်းမတက်ဘူး၊ သူတို့ကိုလည်း မဖိတ်ဘူး၊ ပါလည်း မပါဘူး၊ ဘာတွေ ဆွေးနွေးနေမှန်းလည်းမသိဘူး။ ကိစ္စမရှိဘူး။ အခု လွှတ်တော်ဖွဲ့စည်းပုံအရက ပြည်ခိုင်ဖြိုးပါတီ က ခေါင်းဆောင်ရယ်၊ တပ်မတော်ခေါင်းဆောင်ရယ်၊ သဘောတူလို့ရှိရင် လွှတ်တော်ထဲမှာ ဒီအချက် ဒီအချက်တွေ ပြင်ပေးလိုက်မယ်။ ဒါကျနော်တို့ မြန်မာနိုင်ငံရဲ့ အခုလွှတ်တော်ရဲ့ အနေအထားပြောတာ။ လက်ညိုးထောင် ခေါင်းငြိမ့် လွှတ်တော်လို့ ပြောရင်လည်းရတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး NCA စာချုပ်ထဲမှာက ဘာပါလဲဆိုတော့ နှစ်ဖက်သဘောတူထားတဲ့ အချက်တွေကို ကျနော်တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ဟာပါနေတော့ လွှတ်တော် က ပြင်ပေးရတာကို။ လွှတ်တော်က ပြင်ပေးရတာဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ သိဖို့တို့။ လွှတ်တော်က အဖွဲ့အစည်းတွေ ကော်မတီတွေ ပါဖို့ဆိုတာကတော့ အရေးကြီးတာ အမှန်ပဲ ဒါသဘောတရားအရပေါ့” ဟု ပြော သည်။

NCA နှစ်ပတ်လည် အခမ်းအနား လေ့လာနေကြစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြည့်မည်ဆိုလျှင် တပ်မတော်၏ လွှမ်းမိုးမှု၊ ပါဝင်မှုသည် ဆက်ရှိနေအုံး မည့်သဘော မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆက်လက် ဖော်ဆောင်နိုင်ရန်အတွက် စိန်ခေါ်မှုများစွာ ဆက်ရှိနေအုံးမည်ဟု 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူတွေကတော့ တော်တော်များများ ပြောကြတာပဲလေနော်။ ကျနော်တို့ ပြီးခဲ့တဲ့ NCA အကောင်အထည် ဖော်တဲ့ ကာလမှာတုန်းက ဆိုရင်လည်းပဲ စစ်တပ်က ခေါင်းဆောင်တွေပဲ တော်တော်များများက ပါဝင်ဆောင်ရွက် ခဲ့တာရှိသလို အဲဒီတုန်းက NUCC မူဘောင်အရကတော့ ကျနော်တို့က စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့တာ ရှိတာပေါ့ဗျာ။ အခုကတော့ ကျနော်တို့ သိတဲ့အတိုင်းပဲ။ အရင်တုန်းကဆိုရင် အာဏာကို ထိန်းတဲ့ကာလ တစ်လျှောက်မှာဆိုရင် လည်း စစ်တပ်ကပဲ ငါးနှစ်တာ အုပ်ချုပ်ခဲ့သလို ဒီဘက်ပြောင်းလဲလာတဲ့ အစိုးရသစ် ဆိုရင်လည်းပဲ အခြေအနေ အရကတော့ စစ်တပ်ရဲ့ လွှမ်းမိုးမှု၊ စစ်တပ်ရဲ့ ပါဝင်မှုကတော့ ကျနော်တို့နိုင်ငံမှာ ဆက်ပြီးတော့ ရှိနေအုံးမယ် ထင်ပါတယ်။ ဒါတွေကိုတော့ ကျနော်တို့က မျက်နှာချင်းဆိုင် တွေ့ကြ ဆုံကြပြီးတော့ ပြောရင်းဆိုရင်းနဲ့ပဲ အားလုံး သဘောထားနဲ့ ကိုက်ညီတဲ့ အခင်းအကျင်း ပြန်ဖြစ်လာနိုင်ဖို့ ကျနော်တို့ အပေးအယူတွေ ယုံကြည်မှုတွေ တည်ဆောက်ဖို့ရယ် အဲဒါတွေက ကျနော်တို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကတော့ အများကြီး ဆက်ရှိနေမယ်လို့ပဲ ရှုမြင်ပါတယ်။ ကျနော်တို့အတွက် စိန်ခေါ်မှုတွေက အရမ်းကို ကြီးမားပါတယ်။ ကျနော်တို့အတွက် အခက်အခဲတွေ အများကြီး ရှိနေမယ်ဆိုတာ နားလည်ပါတယ်။ အဓိက အခက်အခဲကတော့ ကျနော်တို့နိုင်ငံရဲ့ မတည်ငြိမ်မှုပေါ့။ ကျနော်တို့ ဟိုအရင်တုန်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာတွေ လုပ်တဲ့အချိန်မှာ NCA မထိုးသည့် တိုင်အောင်တာမှ တိုင်းရင်းသား လက်နက်ကိုင် နေရာဒေသ တော်တော်များများမှာ စစ်ပွဲတွေ မဖြစ်ကြဘူး။ ပစ်ခတ်တိုက်ခတ်မှုတွေ မရှိဘူးဆိုတဲ့ အခြေအနေကလည်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒီအခြေအနေနဲ့ အများကြီး ကွာခြားပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုအောက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ဖို့ ကိစ္စရပ်တွေမှာတော့ အများကြီး ဆက်ကြိုးစားရဖို့ လိုအပ် အုံးမယ် ထင်ပါတယ်။ အဲဒီကြားထဲမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကလည်းပဲ တော်တော်လေး အခရာကျမယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
ထို့ကြောင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းတို့သည် ဆွေးနွေး ညှိနှိုင်းမှုများကို ကြိမ်ဖန်များစွာ လုပ်သင့်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ခိုင်ခိုင်မာမာ ပြန်လည် တည်ဆောက်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်သည့် အခါတွင် မည်သူပါဝင်မှသာ အဆင်ပြေမည်ဆိုသည်ထက် ငြိမ်းချမ်းရေး အရွေ့ကို မည်မျှသွားနိုင်သလဲဆိုသည်က ပို၍အရေးကြီးကြောင်း၊ ဦးသိန်းစိန် လက်ထက်ကဲ့သို့ ငြိမ်းချမ်းရေး ဆိုင်ရာ လှုပ်ရှားမှုပုံစံအတိုင်း လက်ရှိအစိုးရ သွားနိုင်မည်ဆိုပါက ရလဒ်ထွက်လာနိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ ငြိမ်းချမ်းရေးစကားပြောနေကြစဉ်
၎င်းက“တကယ်တမ်းက ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်တဲ့ နေရာမှာ ဟိုလူတွေပါမှ ဒီလူတွေပါမှ မဖြစ်မနေ ဆိုတဲ့ဟာထက် ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့ လမ်းကြောင်းပေါ် ဘယ်လောက်ထိ လျှောက်နိုင်လဲဆိုတာက အရေးကြီးတယ်လို့ ကျနော်တို့က သုံးသပ်ထားတယ်။ ဘယ်သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ အရွေ့တွန်းနိုင်လဲ၊ ဘယ်လောက်အထိ အရွေ့ရောက်အောင် သွားနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ ပါခြင်း၊ မပါခြင်းဆိုတဲ့ အပိုင်းက နောက်မှ တစ်ကဏ္ဍ သုံးသပ်မှုဖြစ်လိမ့်မယ်။ သို့သော် ခုနက လက်ရှိ အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဘယ်လောက်အထိ အလုပ်လုပ် နိုင် မလဲ။ ဘယ်လောက်အထိ ရလဒ်ကောင်းတွေ ဆောင်ရွက်နိုင်မလဲ။ ဒါကိုပဲမြင်ပါတယ်။ အရပ်သား အများကြီး ပါခဲ့ပြီးတော့ အရပ်သားဥက္ကဋ္ဌ လုပ်ခဲ့တဲ့ NLD လက်ထက်က ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကရော အောင်မြင်ခဲ့တာ လားဆိုတဲ့ မေးခွန်းက ပြန်မေးစရာရှိတယ်။ အဓိက,က ရလဒ်ပဲ။ ရလဒ်ထွက်ဖို့ပဲ အရေးကြီးတယ်။ ဘယ်သူ ဦးဆောင်သည်ဖြစ်စေ၊ မဦးဆောင်သည်ဖြစ်စေ ရလဒ်မထွက်လို့က ဘယ်အဖွဲ့အစည်းလုပ်လုပ် အလကားပဲလို့ သုံးသပ်လို့ရတယ်။ အဲဒီတော့ တပ်က ဦးဆောင်မှုများသည်ပဲဖြစ်စေ၊ အရပ်သား ပါဝင်မှုများနေသည်ပဲဖြစ်စေ ရလဒ်ထွက်မှာလား။ ရလဒ်မထွက်ရင် ဘာမှလုပ်လို့မရဘူး။ ရလဒ်ထွက်ဖို့ အရင်ဆုံး ဒီအဖွဲ့အစည်း ပြေးနိုင်ရဲ့လား။ ရလဒ်မထွက်လို့ သူတို့ပြောင်းမလား မပြောင်းဘူးလား ဒါတစ်ချက်ကြည့်ရမယ့်အပိုင်း။ ပြီးခဲ့တဲ့ အပိုင်းမှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဖိတ်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိတယ်။ ဒါပေမယ့် ထင်သလောက် ရလဒ်တွေ မရခဲ့တာလည်း ရှိခဲ့တယ်ပေါ့လေ။ တကယ်တမ်း အရေးကြီးတဲ့အချက်က မြေပြင်မှာ ရလဒ်လုပ်ကြည့်တယ်။ ရလဒ်မထွက်ဘူး မထွက်ရင် အဲ့ဒါကို ဘယ်လိုပြင်မလဲ ဘယ်လိုပြောင်းမလဲ ပြောင်းတဲ့ဟာအတိုင်းကိုရော အလုပ်ဖြစ်အောင်လုပ်နိုင်ရဲ့လား။ အဓိက,က အလုပ်ဖြစ်ဖို့ပဲ။ ဦးသိန်းစိန် လက်ထက် သွားခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အရွေ့တွေရှိတယ်။ အလုပ်ဖြစ်အောင် လုပ်သွားကြတာပဲ။ အဲဒီပုံစံအတိုင်း လုပ်နိုင် ရင် ဒီမှာလည်း ရလဒ်ထွက်မှာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေးခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များနှင့် မထိုးရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 326
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း တာဝန်ယူ ဖြစ်သန်းခဲ့သော အစိုးရတစ်ရပ် အနေဖြင့် NCA စာချုပ်ပါ သဘောတူညီချက် များကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့သလား ပြန်လည်စဉ်းစားရန် NCA ထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အစိုးရဘက်မှ မိမိအဖွဲ့အစည်း ရပ်တည်ရေးလောက်ကို လာမပြောနှင့်ဆိုသောကြောင့်၊ NCA ထိုးထားသည့် အဖွဲ့ များဘက်ကလည်း NCA စာချုပ်ကို တိတိကျကျ လိုက်နာလုပ်ဆောင်ပါသလား မေးခွန်းထုတ်လာကြသည်။
NCA တွင်ပါသည့် လမ်းပြမြေပုံလည်း ဆက်မသွားနိုင်ကြောင်း၊ ကြားကာလ စီမံချက်များလည်း လုံးဝ မလုပ်နိုင် ဖြစ်နေသောကြောင့် NCA ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်လျှင် တော်တော် ကျေနပ်စရာကောင်းပါပြီဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ NCA မှာပါတဲ့အတိုင်း ကြားကာလစီမံချက်ဆိုတာ ရှိပါတယ်။ NCA မှာ အဲဒါမျိုးတွေလည်း လုပ်ခွင့်မရ၊ ဘာမရဆိုတော့ NCA မှာပါတဲ့အတိုင်း အပြည့်အဝ လိုက်လုပ်ပေးဖို့လည်း လိုတာပေါ့။ အခုက NCA မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကိုလည်း လိုက်နာလုပ်ဆောင်တာ အပြည့်အဝ လုပ်ဆောင်နိုင်တာ မရှိဘူးလေ။ တစ် ဖက်ကလည်း ခုန သူ့အဖွဲ့အစည်း ရပ်တည်ရေးလောက်ကိုပဲ လာမပြောနဲ့ဆိုတဲ့ ဟာမျိုးဆိုတော့ ဒီဖောင်ဒေးရှင်း က NCA ထိုးထားတဲ့ အဖွဲ့တွေ ဘက်ကလည်း ပြောစရာရှိတာကို။ NCA စာချုပ်မှာပါတဲ့ အားလုံး တိကျလိုက်နာ လုပ်ဆောင်ပါသလားဆိုတာ မေးစရာရှိတာပေါ့။ အဲဒါလည်းပဲ နှစ်ဖက်ဖြစ်နေတော့ Information တွေက နောက်မှ ပြော၊ ပထမဆုံး တွေ့ဆုံတဲ့အချိန်မှာ ဘယ်ဟာ၊ ဘယ်ဟာတွေ ဆွေးနွေးမယ် ဘာညာ အခုထဲက ဘာမှ Agenda မထွက်သေးဘဲနဲ့ ဒီအချက်တွေ မပါနဲ့၊ ဒီအချက်တွေ မတောင်းနဲ့ဆိုတာက တစ်ဖက်သတ်လို ဖြစ်နေတာပါ။ ဒါကြောင့် NCA ထိုးထားတဲ့ အဖွဲ့ဘက်ကလည်း ပြောစရာတွေ အများကြီးပေါ့။ ဒါပေမယ့် အဲဒီတောင်းဆိုတာတွေ မတောင်းဆိုတာတွေ အပထား။ နှစ်ဦးနှစ်ဖက် သဘောတူပြီးသားဖြစ်တဲ့ NCA စာချုပ်ပါ ၃၃ ချက်ပေါ့။ အဲဒီ NCA မှာပါတဲ့ အချက်တိုင်း အကောင်အထည် ဖော်နိုင်မယ်ဆိုရင်လည်း တော်တော်လေး ကျေနပ်စရာ ကောင်းပါတယ်။ အဲဒီလက်မှတ် ထိုးပြီးသား သဘောတူထားပြီးသားတွေတောင်မှ အကောင်အထည်ဖော်လို့ မရဘူးဖြစ်နေတယ် အပြည့်အဝပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က သဘောတူပြီးသား NCA မှာပါတဲ့ အချက်တိုင်းကို စုပေါင်းပြီး တော့ ပူးပေါင်းပြီးတော့ အကောင်အထည်ဖော်ဆောင်ဖို့ပေါ့ တိုက်တွန်းချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လွန်ခဲ့သည့် ၃၊ ၄ နှစ် အတွေ့အကြုံအရ NCA ထိုးထားသည့် အဖွဲ့များကို လောက်လောက်လားလား ကူညီပံ့ပိုး ခြင်း၊ အသိမှတ်ပြုခြင်း၊ နိုင်ငံတကာ အထောက်အကူ ရယူခွင့်များ လုပ်ပေးခြင်းမရှိကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ ပြောသည်။
မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးတွင် မဖြစ်နိုင်တာများ လျှောက်တောင်းဆိုပြီး ကိုယ့်အဖွဲ့အစည်း တည်တံ့ ခိုင်မြဲရေး အတွက် လုပ်နေမည်ဆိုလို့ရှိရင် မှားသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လုပ်သင့်လုပ်ထိုက်တာများကို နိုင်ငံတော်မှ လုပ်ရမည်ဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်၌ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းမှာ ပြောကြားခဲ့သည်။
NCA ကို လက်မှတ်ထိုးပြီး တကယ့်ကို မဖောက်ဖျက်သလို KNU လိုလည်း မဟုတ်သည့် အဖွဲ့အစည်းများ သီးသန့် ရပ်တည်ရန် တစ်ခုလုပ်ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဟိုအဓိက ပြဿနာတစ်ခုက သူတို့အဖွဲ့အစည်းတွေ ရပ်တည်ဖို့အတွက် သူတို့ဘဏ္ဍငွေ ရှာတဲ့အခါမှာ သူ တို့က ပြဿနာဖြစ်ကြတာ။ သူတို့အတွက်ကို အဲဒီလို နယ်မြေ တိတိကျကျ ပိုင်းခြားသတ်မှတ်ဖို့ပေါ့နော်။ အဲဒါက လုပ်တယ်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒါက အကောင်အထည် မဖော်နိုင်ဘူးလို့ သွားတွေ့တယ်။ ပြောချင် တာက သူတို့ရှာစားဖို့ နယ်မြေပေါ့နော်၊ နောက်အစိုးရရဲ့နယ်မြေ၊ သူတို့ရှာစားတဲ့ နယ်မြေ၊ နောက်တစ်ခုက နှစ်ဦး သား စပ်ကြားမှာ နှစ်ဦးသားတူတူ သူလည်း ဝယ်နိုင်တယ်၊ ကိုယ်လည်း ဝယ်နိုင်တယ်ဆိုတဲ့ နယ်မြေပေါ့နော်၊ အဲဒါ မျိုး ပိုင်းခြား သတ်မှတ်မှုပိုင်းကြတော့ သဘောတူထားရင်တောင်မှ အကောင်အထည် မဖော်နိုင်ဘူးလို့ ကြားတာ ပေါ့နော်။ အဓိကကျတာက အဲဒီအဖွဲ့တွေကို ဒါက လုပ်ကိုလုပ်ပေးရမှာ။ အဲဒီတော့ ဟိုသဘောကတော့ လက်မှတ် ထိုးတဲ့လူနဲ့ မထိုးတဲ့လူ တန်းတူဆက်ဆံလို့ မဖြစ်ဘူး တစ်ချက်၊ နောက်ပြီးတော့ လက်မှတ်ထိုးပြီးတော့ တကယ့် ကို မဖောက်ဖျက်ဘူးပေါ့နော်။ KNU လိုမဟုတ်ဘူး။ အဲဒီလိုလူမျိုးအတွက်ကို ကိုယ်တို့ကနေပြီးတော့ သီးသန့် ရပ်တည်ဖို့ တစ်ခုအတွက် လုပ်ပေးသင့်တဲ့ အနေအထားမျိုးရှိတယ်”ဟု ပြောသည်။

NCA ထိုးထားတဲ့ လက်နက်ကိုင် ခေါင်းဆောင် တစ်ချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုခဲ့သည်။
အဆိုပါ NCA စာချုပ်တွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းတို့ပါဝင်သည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် သဘောတူထားသည်။
NCA စာချုပ်သည် အပစ်ရပ်စာချုပ် သက်သက် မဟုတ်ဘဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အုတ်မြစ် တစ်ခုအဖြစ် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် စာချုပ်ပါ အချက်အလက်များ အကောင်အထည် ဖော်မှုတွင် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 577
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ် အနေဖြင့် ဘက်ပေါင်းစုံမှ အကျပ်အတည်း များစွာကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သော်လည်း ထိုထဲကမှ ကချင်၊ ရခိုင်၊ ကရင် ဒေသ ၃ ခုသည် အကြီးအမား ဆုံး အခက်အခဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။
ထိုဒေသ ၃ ခုမှ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ပဋိပက္ခများအား ဖြေရှင်းရေးမှာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်ပြီး ၂ နှစ်အတွင်း ပြေလည်အောင် အင်မတန် ကြိုးစားရမည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအမ်ကောန်လက “ကျနော့် အမြင်ကတော့ ဒေသ ၃ ခုရှိတယ်။ အခု အကြီးအမားဆုံး အခက်အခဲက နံပါတ် ၁၊ ၂၊ ၃ လို့ ပြောရခက်တယ်။ ၃ ခုစလုံးက တစ်ပြိုင်နက်တည်း အရေးပါနေတာကို။ အဲဒါက မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်။ KIA/KIO နဲ့ ဆွေးနွေးရမယ့်အချက်၊ နံပါတ် ၂ က ရခိုင်ပါ အဲဒါလည်း တော်တော် အရေးကြီးတယ်။ အနောက်ဖက် ပင်လယ်မျက်နှာစာ တစ်ခုလုံး ပွင့်သွားတာ။ နောက်တစ်ခုက မြန်မာပြည် တောင်ပိုင်း တနင်္သာရီပေါ့။ တနင်္သာရီမှာဆိုရင် အရေးကြီးတာက ဟိုတလောက ဝင်းဝ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်။ အခုတော့ ပြန်သိမ်းနေတယ်။ ဒီဘက်က ပြည်ထောင်စုအစိုးရဘက်က ပြန်သိမ်းနိုင်တယ်လို့ သတင်း ထွက်တယ် သိရတယ်ပေါ့။ တနင်္သာရီမှာလည်း မလက္ကာ strait နဲ့ နီးတဲ့အခါကြတော့ အဲဒီနေရာကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်မယ့်နေရာ။ မြန်မာပြည်ရဲ့ မဟာဗျူဟာကျတဲ့ နေရာပဲ။ အဲဒါ ကလည်း ခုနကပြောသလို KNU တပ်မဟာ ၄ စိုးမိုးနိုင်ခဲ့ပြီဖြစ်တယ်။ အဲဒီမှာလည်း တော်တော် သတိထားရမယ်။ အထူးသဖြင့် KNU နဲ့ပေါ့။ အခုလည်း မြဝတီလမ်းကြောင်းကြီးတွေ ပွင့်သွားပြီပေါ့။ ကုန်သွယ်ရေး လမ်းကြောင်း တွေ ဖွင့်ဖို့လိုတယ်။ ဟိုဘက်ဆိုရင်လည်း အရှေ့မြောက်က မူဆယ်-မန္တလေးလမ်းကြောင်း ဖွင့်ဖို့လိုပြီ။ အဲဒါတွေကို အပြင်းအထန်တော့ အစိုးရသစ်က ကြိုးစားနေပြီ။ အဲဒါနဲ့ တစ်ပြိုင်နက်တည်း ဒီ ၃ ခုကိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ၊ နိုင်ငံရေးပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တကယ့် စိန်ခေါ်မှုပဲ။ ၂ နှစ်အတွင်းမှာ ဒီ ၃ ခုနဲ့ ပြေလည် အောင် တော်တော်လေးကို ကြိုးစားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

KIA ခေါင်းဆောင်နဲ့ DKBA ခေါင်းဆောင် တချို့ကို တွေ့ရစဉ်
လက်ရှိတွင် အစိုးရအဖွဲ့အတွင်း ယခင် ၅ နှစ်တာ ကာလအတွင်းမှ လူပုဂ္ဂိုလ်အဟောင်းများ အများဆုံး ပြန်လည် ပါဝင်ပြီး လွှတ်တော်တို့၌ ရခိုင်နှင့် ကချင် တိုင်းရင်းသားများကို ခေါင်းဆောင်မှုပိုင်း၌ တာဝန်ပေးထားသလို ဒုတိယသမ္မတ နေရာမှာလည်း ကရင်လူမျိုးကို နေရာပေးထားသည်ကို တွေ့ရသည်။
ကချင်၊ ရခိုင်နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား အင်အား ပိုမိုကြီးထွားလာသည့် အဖွဲ့များဖြစ်ကြကာ နွေဦးတော်လှန်ရေး အင်အားစုများ နှင့်လည်း ပူးပေါင်း၍ တိုက်ပွဲ ဖော်ဆောင်နေကြခြင်းဖြစ်သည်။
အစိုးရအနေဖြင့် လူထုအတွက် သက်သာချောင်ချိရေး၊ ပြည်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးများ ဖန်တီးပေးနိုင်မည်ဆိုပါက ကျန်ပြဿနာများကို ဖြေရှင်းရန် အင်မတန် လွယ်ကူသွားမည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “ဒေသအားလုံးပဲ။ ကချင်ကစပြီးတော့ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင် ဒေသအားလုံး အခုပဋိပက္ခ ဖြစ်နေတဲ့ ဒေသအားလုံးမှာတော့ ပြဿနာကြီးပါပဲ။ ဘယ်ဒေသက ပြဿနာကြီးတယ်၊ ဘယ်ဒေသက သေးတယ် မဟုတ် ပါဘူး။ ကချင် ပြဿနာကလည်း ရှိနေတယ်။ ဒါပေမယ့် ကချင်က နိုင်ငံရေးအရ ပါးရည်နပ်ရည် ရှိတယ်။ ပျော့ ပြောင်း မှုရှိတယ်။ ဖြေရှင်းလို့ ရမယ်လို့ ထင်တယ်။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ကရင်နီပြဿနာ၊ KNU ပြဿနာ။ တောင်ပိုင်းမှာ ဆင်းသွားရင် တနင်္သာရီတိုင်း ပြဿနာ၊ အဲဒီမှာ လက်နက်ကိုင်ပေါင်းစုံက သွားဖြစ်နေတဲ့ အခါကြတော့ ဒါတွေအားလုံးက ဒီ ၅ နှစ်မှာ အစိုးရသစ်က ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံလူထုရဲ့ သက်သာချောင်ချိဖို့နဲ့ ပြန်လည် ထူထောင်နိုင်ဖို့၊ သူတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ဖန်တီး ပေးနိုင်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ပြဿနာ ရှင်းရတာ နည်နးည်းလွယ်သွားမယ်။ အခြေခံပြဿနာ ဖြစ်တဲ့ ပြည်သူလူထု အများစု လက်နက်ကိုင် မဟုတ်တဲ့ နိုင်ငံသားတွေက အများအပြား ရှိပါတယ်။ လူအများစု ကြီးရဲ့ ဒုက္ခ၊ သုက္ခတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် ဒါက ကျနော်တို့ ခုနကဖြစ်တဲ့ ပြဿနာတွေကို ရှင်းဖို့ အတွက် အများကြီး လွယ်သွားမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်တို့ကတော့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ဖိတ်ခေါ် ထားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီရှိသည့်အနက် ကချင်၊ ရခိုင်၊ ကရင် လက်နက်ကိုင် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခ လမ်းကြောင်းကို ဖြေရှင်း နိုင်ရန် လွယ်ကူသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 263
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကို ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် သတင်းများကို မိမိတို့ ကြိုဆိုပါသည်ဟု အမေရိကန်သံရုံးက ကြေညာခဲ့သည်။
ထို့နောက် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက် ပံ့ပိုးကူညီသွားမည်ဟု သံရုံးက ထုတ်ပြန်ခဲ့သည်။
လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များ(EAOs)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF)ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ထိုးပြီး ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း မဆွေးနွေးနိုင်သည့် လက်နက်ကိုင်အဖွဲ့များ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်း ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
တခြား တစ်ဖက်မှာတော့ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကယားပြည်နယ်များတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 220
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာဆီဟာဆတ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက် နေ့ ညနေပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
မစ္စတာဆီဟာဆတ်သည် မြန်မာနိုင်ငံသို့ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ လာရောက်ခြင်းဖြစ်သည်။
တခြား တစ်ဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 218
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။
အဆိုပါ ဖိတ်ခေါ်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အထူး လိုအပ်သည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားထားသည်။

ထို့နောက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေး ပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်ဟု NSPCC က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များ၊ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ၊ NCA ထိုးထားပြီး ပြန်လည်ထွက်ခွာသွားသည့် လက်နက်ကိုင် များကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 553
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
မြန်မာနိုင်ငံ၏အစိုးရသစ် လက်ထက် ပထမဆုံး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့သည်။
အဆိုပါ ကာ/လုံ အစည်းအဝေးကို သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယ သမ္မတများဖြစ်သည့် ဦးညိုစော၊ ဒေါ်နန်းနီနီ အေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကိစ္စများ၊ စီးပွားရေးကိစ္စများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် မြန်မာ့တပ်မတော်နှင့် အုပ်ချုပ်ရေးမှူးများ အဂတိတရား ကင်းရှင်းရေးကိစ္စများ၊ အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ လောင်စာဆီ အကျပ်အတည်းကိစ္စများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
အစိုးရသစ်၏ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ပထမဦးစားပေးသင့်ကြောင်း NCA ထိုးထား သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပြင် လက်မှတ် မထိုးထားရသေးသည့် အဖွဲ့များ အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ဖိတ်ခေါ်လိုက်သည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရာ၌ NCA လက်မှတ်ထိုးပြီး ပြန်ထွက်သည့်အဖွဲ့ကို အရင်ဦးစားပေးခေါ်မလား၊ လက်ရှိ NCA လမ်းကြောင်းအတိုင်း လိုက်နေသည့် အဖွဲ့များကိုမှု ပထမဦးစားဖြစ်သင့်ကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော် သိသလောက်က မဖိတ်သေးပါဘူး။ သူရဲ့ ရက် ၁၀၀ စီမံကိန်းကို ချပြတဲ့သဘောပဲ ရှိပါသေး တယ်။ လက်တွေ့ အကောင်အထည်ဖော်ဖို့၊ လက်တွေ့ အလုပ်လုပ်ဖို့ လမ်းညွန်ချက်တွေ မပါသေးပါဘူး။ ဒါကြောင့် ဖိတ်ပြီလို့တော့ ကျနော်တို့ ပြောလို့မရဘူး။ ဖိတ်ပါစေအုံး။ ဖိတ်ကြားတဲ့ အလုပ်ကို အကောင်အထည် ဖော်ပါစေအုံး။ NCA က ထွက်သွားတဲ့ သုံးဖွဲ့ကို အရင် ပြန်ခေါ်မလားပေါ့လေ။ CNF ရယ်၊ KNU ရယ်၊ ABSDF ရယ် ဒီသုံးဖွဲ့ကတော့ NCA မှာပါတယ်၊ ပါပြီးတော့မှ ပြန်ထွက်သွားတယ်။ အဲဒီပါပြီး ပြန်ထွက်တဲ့ အဖွဲ့ကိုပဲ အရင်ဦးစား ပေး ခေါ်မလားပေါ့လေ။ ဒါပေမယ့် လက်ရှိ NCA လမ်းကြောင်းအတိုင်း လိုက်နေတဲ့ အဖွဲ့တွေကိုတော့ ပထမဦးစား ပေးတော့ ဖြစ်ရမှာပေါ့။ သို့သော်လည်းပဲ လွန်ခဲ့တဲ့ ၃၊ ၄ နှစ် အတွေ့အကြုံအရဆိုရင်တော့ ကျနော်တို့ NCA ထိုး ထားတဲ့ အဖွဲ့တွေကိုလည်းပဲ လောက်လောက်လားလား ကူညီပံ့ပိုးတာတို့၊ အသိမှတ်ပြုတာတို့၊ လောက်လောက် လားလား ကျနော်တို့ နိုင်ငံတကာ အထောက်အကူတွေ ရယူခွင့်တွေ ဘာတွေလည်း လုပ်ပေးတာ မရှိပါဘူး။ ဒီ ၄၊ ၅ နှစ်မှာ။ သို့သော် အခုလက်ရှိ သမ္မတ ဦးဆောင် အစိုးရအဖွဲ့ တရားဝင်သဘော ဖြစ်လာတဲ့ အပေါ်မှာတော့ NCA လက်မှတ် ရေးထိုးတားတဲ့ အဖွဲ့တွေကို ပိုပြီးတော့ ကူညီထောက်ပံ့မယ်၊ ပိုပြီးတော့ အားပေးမယ်၊ ပိုပြီးတော့ ဒီ NCA လမ်းကြောင်းကို အားပေးသလိုပေါ့လေ၊ တိုင်းရင်းသားအဖွဲ့တွေကို အားပေးဖို့ လိုတယ်ဆိုတာတော့ အစိုးရရဲ့ NCA သဘောထားအပေါ် ကျနော်တို့က နည်းနည်း အဆင့်မြင့်ပေးချင်တဲ့ သဘောပေါ့ဗျာ အကြံပြုချင်တာပါ”ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)တို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို ပြီးခဲ့သည့် မတ်လ ၃ဝ ရက်နေ့က ဖွဲ့စည်းထားသည်။
SCEF ၏ နိုင်ငံရေး ဦးတည်ချက်ထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ မြန်မာ့တပ်မတော် ပါဝင် နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင် တပ်ဖွဲ့များအားလုံး အရပ်သား အစိုးရအောက်မှာ ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန်၊ အသစ်ပေါ်လာသည့် အခြေခံဥပဒေနှင့် ပြည်ထောင်စုသစ် တည်ဆောက်ရန်၊ ပဋိပက္ခကာလအတွင်း ကျူးလွန်ခံရသူများအတွက် တရားမျှတမှု လုပ်ငန်းစဉ်များ ဖော်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် မဖြစ်နိုင်သည့် အချက်များကို တောင်းဆိုကာ ကိုယ့်အဖွဲ့အစည်း တည်တံ့ရေး အတွက်သာ လုပ်ဆောင်နေပါက မှားယွင်းလိမ့်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ရက် ၁၀၀ စီမံကိန်းထဲတွင် ငြိမ်းချမ်းရေးဆွေးနွေးမည် ဆိုသည်ထက် အမြန်ဆန်ဆုံး အောင်မြင်နိုင်မည့် ကိစ္စများ ပြောလျှင် ပိုကောင်းမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

NCA မထိုးတဲ့ လက်နက်ကိုင် ခေါင်းဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံကြစဉ်
၎င်းက “ဒီသုံးလအတွင်းမှာ ရက် ၁၀၀ အတွင်းမှာ မလာဘူးဆိုရင်လည်း ဒါကတော့ ထပ်ခေါ်၊ ထပ်ညှိနေရမှာပေါ့။ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေလည်း ဖြစ်တာကို။ ဆိုတဲ့အခါကြတော့ ကျနော်တို့ ဘယ်အစိုးရတက်တက် ဒီဟာက ငြိမ်းချမ်းဖို့အတွက် မလာဘူးဆိုလည်း လာအောင် ဘယ်လိုလုပ်မှာလည်းပေါ့။ အဲဒီဟာကတော့ အစိုးရတွေ စဥ်းစားရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ်က မငြိမ်းချမ်းလည်း အဆင်မပြေဘူးလေ တိုင်းပြည်က။ သုံးလအတွင်း လာတဲ့ အဖွဲ့လည်း ရှိမှာပဲ၊ မလာတဲ့အဖွဲ့လည်း ရှိမှာဘဲ။ အဲဒီမှာ မလာတဲ့အဖွဲ့ကို ဘယ်လိုပုံစံမျိုးနဲ့ ထပ်ခေါ်မှာလဲ ဘာမှ ဘာကန့်သတ်ချက်မှ မရှိဘဲနဲ့ ဘယ်လိုတွေ ဆွေးနွေးမှာလဲဆိုတဲ့ အပေါ်တွေမှာ ဟိုယုံကြည်မှု မြင့်မားလာရင်တော့ လာမှာပေါ့။ အဲဒီလိုပဲ ညှိကြရမှာပေါ့။ သူတို့ဖြစ်ချင်တာ၊ ဒီဘက်ဖြစ်ချင်တာ အားလုံး ဖြစ်ချင်တဲ့ဟာတွေ တစ် နေရာမှာ သွားဆုံအောင်တော့ စကားပြောရမှာပေါ့နော်။ အမှန်တကယ် ကတော့လေ အားလုံးကတော့ လုပ်ရမယ့် ဟာတွေ အရေးကြီးတဲ့ဟာတွေပါပဲ အားလုံးက။ သို့ပေမယ့် ရက် ၁၀၀ စီမံကိန်းဆိုတဲ့ ဟာထဲမှာ တကယ့်ကို နှစ် ရှည်လများ လုပ်ရမယ့်ဟာကြီးကို ထည့်ထားတဲ့ အခါကြတော့ ဒီရက် ၁၀၀ အတွင်းမှာ ဒါကြီးက ဖြစ်နိုင်ခြေ နည်း တာပေါ့နော်။ အခုဟာ တကယ့်ကို အကြီးကြီးတွေပါ ထည့်ထားတဲ့ အခါကြတော့ ဒါရက် ၁၀၀ အတွင်း မြန်မာ ပြည်ကြီးက အုန်းဆို ငြိမ်းချမ်းသွားမယ် ဆိုတဲ့ဟာက ကျနော်တို့က စဥ်းစားတွေးကြည့်ရင် မဖြစ်နိုင်ဘူးလေနော်။ မဖြစ်နိုင်ဘူးဆိုတဲ့ အခါကြတော့ အဲဒီလိုမျိုးဟာကြီးကို ရက် ၁၀၀ ထဲ ထည့်ထားတာ နည်းနည်း တစ်မျိုးများ ဖြစ် သလားပေါ့။ ခုနကလိုမျိုး အမြန်ဆန်ဆုံး အောင်မြင်နိုင်မယ့် ဟာလေးတွေကို ပြောရင်တော့ ပိုကောင်းမယ်လို့ တော့ မြင်မိတယ်ပေါ့နော်”ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ကြ သည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။
KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့်ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 604
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟာဆတ် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကနေ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ကင်းကွာနေခြင်းကို အဆုံးသတ်ပြီး ပြန်လည်ပူးပေါင်းလာနိုင် မလား ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် သံတမန်များကြား အကဲခတ်နေကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် တတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဆီဟာဆက်သည် မြန်မာနိုင်ငံ သို့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် လာရောက်မည်ဖြစ်ပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် အစိုးရသစ် လက်ထက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအနေဖြင့် ထိုင်း နိုင်ငံက ပထမဦးဆုံး လာရောက်မည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနှင့် အာဆီယံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ သဘောထားသည် အဓိကကျသည်ဟု ယူဆ၍ရကြောင်း၊ အစိုးရအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် အခြေအနေ တိုးတက်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အစည်းအဝေးမှာ မြန်မာထိုင်ခုံလွတ်နေစဉ်
၎င်းက “သူတို့အစိုးရတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာပေါ့။ ဒီက ဘယ်လို တုန့်ပြန်လိုက်သလဲ။ တုန့်ပြန် လိုက်တဲ့ အပေါ်မှာ သူတို့က အားရ ကျေနပ်တယ်ဆိုရင် သူ့အစိုးရအဖွဲ့ကို ပြန်တင်ပြမယ်။ သူ့အစိုးရအဖွဲ့က အသိအမှတ်ပြုဖို့အတွက် ဒါကောင်းတယ်၊ အသိအမှတ် ပြုသင့်တယ်ဆို သူတို့ထိုင်းနိုင်ငံက လိုက်အသိအမှတ်ပြု လို့ရှိရင်တော့ ကျန်တဲ့ နိုင်ငံတွေကလည်း လိုက်ပြီးတော့ အသိအမှတ် ပြုလာနိုင်တာပေါ့နော်။ အခုလောလော ဆယ်တော့ တခြားနိုင်ငံတွေကတော့ အခုရွေးကောက်ပွဲကိုရော မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးတာကိုရော သိပ် အသိအမှတ် မပြုချင်ကြဘူး။ အဲဒီလို အနေအထား ဖြစ်နေတယ်။ အနည်းစုကပဲ နည်းနည်း ဟိုဟာဖြစ်တော့ ထိုင်းကတော့ ကြားနေထဲမှာ ဟိုဘက်ကော ဒီဘက်ကော ဩဇာရှိတဲ့ နိုင်ငံလိုဖြစ်တော့ သူ့သဘောထားက အရေး ကြီးတယ်လို့ ပြောရမှာပေါ့။ အခု အနေအထား အရတော့ (ထိုင်းက အဓိကကျတယ်လို့) ပြောရမှာပေါ့နော်။ သူတို့ တီးခေါက်တဲ့အခါ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။ အဓိက,ကတော့ ကျနော် နောက်ဆုံး နားလည်ထားတာ ကတော့ အာဆီယံက 5 point Consensus ပေါ့နော်။ ဦးမင်းအောင်လှိုင်အပါ သဘောတူ ဆုံးဖြတ်ထားတဲ့ဟာကို လိုက်ပြီးတော့ အကောင်အထည် မဖော်တဲ့အပေါ်မှာ တော်တော် မကျေမနပ် ဖြစ်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဘက်က ဘယ်လို တုန့်ပြန်မလဲဆိုတဲ့အပေါ်မှာ အများကြီး အရေးကြီးတယ်။ ဒီက တုန့်ပြန်မှုက မျှော်လင့်ချက် ထားနိုင်စရာ အကြောင်း ရှိတယ်ဆိုရင်တော့ ထိုင်းအစိုးရအဖွဲ့က စပြီး အသိအမှတ် ပြုလာလို့ရှိရင် ကျန်တဲ့နိုင်ငံ တွေကလည်း လိုက်ပြီးတော့ အသိအမှတ် ပြုလာနိုင်တာပေါ့။ ထိုင်းရဲ့ သဘောထားက အရေးကြီးတယ်လို့ ပြောနိုင်တာပေါ့ဗျာ” ဟု ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေသလို သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံ ရန် ရှိနေသည်။
အဆိုပါ တရုတ်ပြည် ခရီးစဉ်မတိုင်ခင် ထိုင်းသံတမန်က မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်၍ မိမိတို့ တုန့်ပြန် မည့် သဘောထားသည် ပိုအရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆက်ပြောသည်။
၎င်းက “တရုတ်ပြည်ကို မသွားခင်မှာ လာတွေ့တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တုန့်ပြန်တဲ့ဟာက ပိုအရေးကြီးတယ်လို့ ပြောရမယ်။ ထိုင်းနဲ့ အဆင်ပြေတယ်ဆိုမှသာလျှင် တရုတ်ကလည်း ဝမ်းသာမှာပေါ့။ ပြောချင်တာက တရုတ်ကလည်း အဲဒီသဘောထားရှိတယ်။ အာဆီယံနဲ့ ပြန်ပြီးတော့ ပေါင်းစည်းဖို့ အာဆီယံမှာ ပြန်ဝင်ဆံ့ဖို့ဆိုတဲ့ဟာကို သူက လိုလားတယ်၊ တိုက်တွန်းတယ်။ အဲဒီလို အနေအထားဖြစ်တဲ့ အခါကျ တော့ ကနကောစ လုပ်မယ်။ အာဆီယံနဲ့ ခပ်ကင်းကင်း ဆန့်ကျင်ဘက် နေမယ်ဆိုရင် တရုတ်ကလည်း သိပ်ပြီး တော့ ကြိုက်မယ်မထင်ဘူး။ တရုတ်က အခုက တွန်းနေတဲ့ဥစ္စာက ပြန်ပြီးတော့ အာဆီယံတို့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ပြန်ပြီးအဆင်ပြေဖို့။ နောက်တစ်ခါ အဲဒီကနေမှတဆင့် ပြည်တွင်းမှာ ပြန်ပြီးတော့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖို့ အဲဒီလမ်းကြောင်းပေါ် တရုတ်က တွန်းနေတာကို။ ဆန့်ကျင်ဘက် လမ်းကြောင်းပေါ့နော် ခပ်မာ မာရပ်တဲ့ လမ်းကြောင်းမျိုးကိုတော့ တရုတ်ကလည်း ကြိုက်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဟာက တရုတ်ကို မသွားခင် တွေ့တဲ့ အစည်းအဝေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ သူ့အနေနဲ့ သတိထားပြီးတော့ တုန့်ပြန်ရ လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာသီဟာဆတ် မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စရပ်သည် အာဆီယံနှင့် မြန်မာ ဆက်ဆံရေးထက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်း အတွက်သာ လာရောက်ခြင်း ဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထူးသဖြင့်တော့ နယ်စပ်ဒေသ လုံခြုံရေးအပိုင်းတွေရှိမယ်။ နောက် ကုန်စည် ပြန်လည် ကူးသန်းရောင်း ဝယ်ရေးပေါ့။ နောက်တစ်ချက်က မြန်မာနဲ့ထိုင်းက ဘယ်လိုပဲဖြစ်ဖြစ် နှစ်နိုင်ငံကြားထဲမှာ သမိုင်းကြောင်းတွေ လည်း အများကြီးရှိခဲ့ပြီးသား။ ဒါက မဖြစ်မနေ ချိတ်ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ အဲဒီအတွက် ရောက်လာတယ်လို့ပဲ သုံးသပ်လို့ရတယ်။ ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘာတွေ ဆွေးနွေးမလဲ။ ဘာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ကြမလဲ ဒါကတော့ နောက်ပိုင်း သတင်းထုတ်ပြန်တဲ့ အပေါ်မှာ မူတည်ပြီး တော့ ကြည့်ရမှာပေါ့။ သေချာတာကတော့ မြန်မာနဲ့ထိုင်း ကြားထဲမှာ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စ ရပ်တွေ ရှိတဲ့အတွက်ကြောင့်ပဲ ရောက်လာတယ်လို့ပဲ သုံးသပ်လို့ရတာပေါ့။ ဒါတော့ အကြမ်းဖျင်းပေါ့။ နောက် တစ်ချက်ဖြစ်တဲ့ အာဆီယံနဲ့ပတ်သက်လို့ ပြန်ဝင်ခြင်း မဝင်ခြင်း ကိစ္စရပ်က အာဆီယံဆိုင်ရာ မူဘောင်တွေရဲ့နဂို ပဋိညာဉ်အရ မြန်မာက သူ့လမ်းကြောင်းနဲ့သူ လည်နေပြီးသား သွားနေပြီးသား။ ပြဿနာက အာဆီယံကိုယ်၌ ကိုယ်က အာဆီယံ အတွင်းမှာကိုက မြန်မာနဲ့ကပ်ရပ် အထူးသဖြင့်တော့ အာရှတိုက် ကုန်းမကြီးပေါ်မှာ တည်ရှိ နေတဲ့ ပင်လယ်နဲ့ ပိုနီးစပ်တဲ့ ကျွန်းစုနိုင်ငံတွေ အဲဒီကြားထဲတွေမှာ သဘောကွဲလွဲမှု ဖြစ်တဲ့အပိုင်း။ အဲဒီဟာက တော့ အာဆီယံထဲ ဝင်ရောက်ခြင်း၊ ဝင်မရောက်ခြင်းသည် အစုအဖွဲ့ တစ်ခုအလိုက်နဲ့ သုံးသပ်ရမယ်ဆိုရင်တော့ အကုန်လုံးက နားလည်သဘောပေါက်ပြီးတော့ စုပေါင်းလက်ခံတဲ့ ပုံစံမျိုး။ ဆိုလိုတာက အာဆီယံအဖွဲ့အတွင်းမှာ သဘောထား ကွဲလွဲမှုမရှိဘူး။ အားလုံးက မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုကို လက်ခံတယ် နားလည်တယ်။ အာဆီယံ အသိုက်အဝန်း အတွင်းကနေ ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှုကို လိုလားတယ်ဆိုရင်တော့ သူတို့ပြန်လက်ခံရ ကြမှာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲအလွန် ပေါ်ပေါ်လာသည့် အစိုးရသစ် တစ်ရပ်သည် အာဆီယံနှင့် ဆက်ဆံရေး အခြေအနေ ပြန်လည်ကောင်းမွန် လာနိုင်မလား ဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။
အလားတူ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ကြာလှပြီးဖြစ်ရာ အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်၍ နယ်စပ်ကုန်သွယ်ရေးပြန်စရန်လည်း ပြင်ဆင်နေကြသည်။
