- By CNI
- Category: နိုင်ငံရေး
- Hits: 462
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးရန် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ EAO နဲ့ ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ် ရေးထိုးထား ခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျနော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေး ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့ပေါ့” ဟု ပြောသည်။
ထို့နောက် မနက်ဖြန် (ဧပြီ ၂၁ ရက်)တွင် မိမိအနေဖြင့် ကြေညာချက်များ ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ မနက်ဖြန်ကျရင်လည်း ကျနော်တို့ ကြေညာချက်တွေ ထုတ်မှာ ဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျနော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ် ရေးထိုးထားတာပေါ့ လက်မှတ် ရေးထိုးထား ပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျနော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက် ယူထားတာတွေရှိတယ်။ ဥပမာ အားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထား တဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီးတော့ အပိုင်း လိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရ တယ်။ ရှေ့က တည်ဆောက်ရေး လုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက် တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျနော်တို့ အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိ လာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ် ရေးထိုးထားခြင်း မပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေ ဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် NCA ကို RCSS, PNLO, ALP, DKBA, KNU/KNLA-PC, LDU, NMSP, CNF, KNU, ABSDF တို့ လက်မှတ်ထိုးထားပြီး KIA,SSPP,UWSA,KNPP,NDAA တို့က လက်မှတ် မထိုးပေ။
ထို့နောက် AA,TNLA,MNDAA,SNA,NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက် လာသော လက်နက်ကိုင် အဖွဲ့အသစ်များကိုတော့ တပ်မတော်က မည်ကဲ့သို့ သဘောထားသလဲ ရှင်းရှင်းလင်း လင်း မသိရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1283
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သည် တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် စစ်ရေး ပွတ်တိုက်မှု များဖြစ်နေသလို သမ္မတ ဦးမင်းအောင်လှိုင် အစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းက ဘေးကျပ်နံ ကျပ် ဖြစ်နေသလားဆိုတာကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော် ဆောင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သလို မြို့ပေါင်း ၁၂ မြို့နယ်ကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်မှာတော့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည် လက်လွှတ် လိုက်ရသလို ကွတ်ခိုင်နှင့် နမ့်ခမ်းကိုလည်း မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)က ထိုးစစ် ဆင် တိုက်ခိုက်လာခြင်းကြောင့် TNLA သည် ကွတ်ခိုင်မြို့ကို လက်လွတ်ပေး၍ MNDAA နှင့် အပစ်ရပ်သဘော တူခဲ့ရသည်။
ထိုသို့ ဖြစ်တည်နေချိန်မှာပဲ TNLA သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတ တာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သား အစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေး ပို့ခဲ့သည်။
လက်ရှိ အခင်းအကျင်းအရ TNLA အနေဖြင့် အစိုးရသစ်ကို ကြိုဆိုကြောင်း ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုလိမ့် မည်ဟု မမျှော်လင့်ထားကြောင်း၊ ထိုသို့ လုပ်လာခြင်းသည် ဘေးကျပ်နံကျပ် ကြုံတွေ့နေရခြင်းကြောင့် လုပ်သည် ဟု မြင်နိုင်ကြောင်း၊ ထိုကိစ္စရပ်သည် KIA နှင့်လည်း ဆက်စပ်မှု ရှိနိုင်သည်ဟု စဥ်းစား၍ ရနိုင်ကြောင်း တိုင်လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အကြီးအကဲ သုံးဦးကို တွေ့ရစဉ်
၎င်းက “ မန်တုံနဲ့ နမ့်ဆန်ကိုပဲ သူတို့ရမှာပါလို့ ဥပဒေအရ ပေးထားချက်အတိုင်းပဲ။ သူတို့ ဘယ်လောက်ပဲ အပိုင် သိမ်းသိမ်း သူတို့ အာလုံး ပြန်နောက်ဆုတ်ပေးရမှာပဲလို့ ကျနော် ပြောခဲ့ဖူးတာရှိပါတယ်။ အခုအဲဒီလိုပဲ TNLA အနေနဲ့ကတော့ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ အတွက်ကြောင့်မို့လို့ အခုလုပ်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ Statement ထွက်လာတဲ့ ဥစ္စာကတော့ ရှမ်းပြည်မြောက်ပိုင်းကို ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ်လှည့်တာနဲ့ ဒါတိုက်ဆိုင်မှုလို့တော့ ပြောလို့မရဘူး။ အကြောင်းတစ်ခုရှိလို့ သူကချက်ချင်း ထုတ်ပြန်လာတာလို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆို တော့ ပြောမယ်ဆိုရင်တော့ ဗိုလ်နဂါးတို့ ဖြစ်သွားတဲ့ ဖြစ်စဉ်လိုမျိုးပဲ TNLA ကလည်း ဘေးကျပ်နံကျပ် ကြုံနေပြီ လားဆိုတဲ့ ဥစ္စာမျိုးကိုတော့ ကျနော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရဘက်ကို ထောက်ခံတဲ့ အကြောင်းကို ကမ်းလှမ်းပြီးမှသာ အစိုးရဘက်ကို ကူးလာတဲ့ သဘောပေါ့နော်။ ဗိုလ်နဂါးလည်း ထိုနည်းလည်းကောင်း ဖြစ်ခဲ့ဖူးတာ ရှိတယ်လေ။ အစိုးရဘက်ကို တစ်ခါတည်း ကူးလာခဲ့တာ သူ့ဘက်ကလည်း အကျပ်အတည်း ကြုံလာတဲ့အခါကျတော့။ အခု TNLA လည်း ရှမ်းပြည်မြောက်ပိုင်းမှာ ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ် လှည့်ပြီးတော့ မကြာပါဘူး။ ဒီရက်ပိုင်းအတွင်းမှာ ဒီ Statement ထွက်လာတဲ့ အခါကျတော့ အဲဒီကိစ္စနဲ့ အကျိုး သက်ရောက်မှုများ ဖြစ်နေမလားလို့တော့ စဉ်းစားမိတာပေါ့လေ။(ဘေးကျပ်နံကျပ်) ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက ဒါမှမဟုတ်ရင်တော့ သူပြောထားတဲ့ စကားတွေ ဟိုတုန်းက သူတို့အဖွဲ့ သုံးဖွဲ့ပေါင်းပြီး ထုတ်ထားတဲ့ Statement တွေ အများကြီးရှိတဲ့ဥစ္စာ ပြန်ကြည့်ရင် ဒီဥစ္စာကို လုပ်မယ်လို့ ကျနော်တို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ချက်ချင်းကြီး လုပ်လာတဲ့ အပိုင်းကဏ္ဍကတော့ ဗိုလ်နဂါးလိုမျိုးပဲ ဘေးကျပ်နံကျပ် တစ်ခုကြုံနေလို့ သူလုပ်တယ် လို့တော့ ကျနော်တို့ မြင်တာပေါ့။ သူက လူနည်းစုဖြစ်တဲ့ အခါကျတော့ စစ်ပွဲမှာ တော်တော်များများ သေသွားကြ တဲ့ အခါကျတော့ သူ့လူကလည်း အင်မတန် နည်းပါးသွားပြီ။ အဲဒီအတွက်ကြောင့်မလို့ သူအမျိုးမျိုး ကြည့်ပြီးမှ ဒီကိစ္စကို သူလုပ်တယ်လို့တော့ မြင်တာပေါ့နော်။ ဘေးဖိအားတွေရော တစ်မျိုးပေါ့” ဟု ပြောသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
သို့သော် TNLA သည် ၎င်းသိမ်းပိုက်ရရှိခဲ့သော နယ်မြေအတွင်းရှိ တခြား လက်နက်ကိုင်များဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို မောင်းထုတ်ခဲ့ခြင်းကြောင့် စစ်ရေးနှင့်နိုင်ငံရေး ဆက်ဆံမှုများ ပြတ်တောက်သွားခဲ့သည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်း တိုက်ခိုက်ခဲ့သော MNDAA နှင့်လည်း ကွတ်ခိုင်ဒေသ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ကြသည်။
အစိုးရသစ်ကို ကြိုဆိုကြောင်း TNLA ထုတ်ပြန်ပြီး နောက်ပိုင်းတွင် တအာင်းအရပ်ဘက် အဖွဲ့အစည်းများမှ ကန့်ကွက်သည့် ထုတ်ပြန်ချက်များ ရှိလာသလို TNLA အနေဖြင့် တော်လှန်ရေး ရပ်တည်ချက် ပြောင်းလဲသွားခြင်း လားဆိုသည့်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။

TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
TNLA အနေဖြင့် စစ်တိုက်နိုင်သည့် စစ်သားအင်အားဦးရေ အင်မတန် နည်းပါးလာခြင်းကြောင့် လည်းကောင်း၊ တခြားသော ဖိအားမျိုးစုံများကြောင့်သာ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခြင်း ဖြစ်နိုင်သည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ဒေသခံတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “TNLA နဲ့ပြောမယ်ဆိုရင် TNLA က သူအင်အား ကြီးထွားလာတယ်ဆိုတဲ့ကိစ္စက သူက သူ့နယ်မြေမှာ နဂိုကတည်းက စစ်သားစုဆောင်းရေးလုပ်တာ ပလောင်တိုင်းရင်းသား တစ်မျိုးတည်းကိုပဲ သူလုပ်ခဲ့တာဗျ။ လုပ်ခဲ့တဲ့အတွက် ရှမ်းတိုင်းရင်းသားမခေါ်ဘူး၊ ကျန်တဲ့တိုင်းရင်းသားတွေ မခေါ်ဘူး၊ တရုတ်တို့ ဗမာတို့ မခေါ် ဘူးပေါ့။ အဲဒီတော့ ရှမ်းပြည်မြောက်ပိုင်းမှာ သူ့ရဲ့ လူဦးရေ စုဆောင်းမှုဟာ ကုန်သလောက် ရှိသွားတာပေါ့နော်။ အဲဒီဟာလည်း တစ်ချက်ပေါ့။ သူတို့ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း နံပါတ်တစ် စစ်တိုက်နိုင်သော ခုခံနိုင်ဖွယ် စစ်သားဦးရေက လက်ကျန်လေးပဲ ရှိတော့မယ်ပေါ့နော်။ သူတို့ အင်အားတစ်ရပ် အနေနဲ့ ရှိမယ်။ နောက်ထပ် ထပ်ပြီး စုဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ကိုပဲ နည်းသွားတယ်။ အဲဒါတစ်ချက် နောက်တစ်ချက်ကတော့ သူတို့ဟာ အမျိုးသားတင် မဟုတ်ဘူး အမျိုးသမီးတွေပါ အကုန်စုဆောင်းတဲ့ အခါမှာ သူ့ရဲ့ နယ်မြေတစ်ခုလုံးကို သူ့ရဲ့အမျိုးသားတွေအတွက် ပြန်ပြီးတော့မှ ကြည့်ရတဲ့ ဆင်ခြင်ရတဲ့ အနေအထားတွေမှာလည်းပဲ သူစာနာ ထောက်ထားမှုတွေရှိမှပဲ အဆင်ပြေတော့မှာပေါ့နော် အဲဒါလည်းတစ်ကြောင်းပေါ့။ နောက်ဟိုဘက်က လက်မည်း ကြီးကလည်း အတင်းဖိအားပေးတာ တစ်ကြောင်းပေါ့နော်။ အဲ့ဒါ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဘက်ကနေ ပြီးတော့မှ နောက်ဆုံး သူတို့ ဘယ်လမ်း လျှောက်မလဲဆိုပြီးတော့မှ ရွေးကြတယ်လို့ ကျနော်တို့က ယူဆတယ်” ဟု ပြောသည်။
TNLA သည် မိုးကုတ်နှင့် မိုးမိတ်မြို့များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်နှင့်မန်တုံမြို့တို့ကို စုစည်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။
သို့သော် TNLA ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ မိုင်းလုံ စသည့် မြို့နယ် ၁၂ ခုကို စုစည်း၍ ပလောင်ပြည်နယ် တောင်းဆိုလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 791
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀
တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးကို “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးပေးရန် အဆင်မပြေသေးကြောင်း၊ သို့သော် ပအိုဝ်းဒေသသည် ကျန်ဒေသများထက် အနည်းငယ် နီးစပ်သည်ဟု ထင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပအိုဝ်းဒေသသည် မိုင်းလားနှင့် “ဝ” တို့ကဲ့သို့ ထင်ထင်ရှားရှား မဖြစ်နေကြောင်း၊ “ဝ” တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုသည့် အဖွဲ့မရှိသည့်အပြင် ဗဟိုကို ဆန့်ကျင်သည့် အတိုက်အခံများလည်း မရှိဘဲ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် “ဝ” တပ်မတော်တို့က ထိန်းထားကြောင်း၊ ပအိုဝ်းတွင်မူ ထိုကဲ့သို့ ကျစ်လျစ်မှု မရှိကြောင်း၊ ထို့ကြောင့် ပအိုဝ်းဒေသ အနေဖြင့် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးဖြစ်ရန် မလွယ်ကူသေး ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “နောက်ပြီးတော့ သူ့ဆီမှာက အစိုးရ institution တွေရှိတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာန က အဖွဲ့တွေ၊ ပညာရေးဌာနကအဖွဲ့တွေ အစိုးရက ချပေးထားတဲ့ သူ့ဒေသနဲ့သူ လူမှုရေး အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက သူ့ထဲမှာ ရပ်တည်ခွင့်၊ လှုပ်ရှားခွင့် ပေးထားတယ်။ ကျန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ဘာညာကိုတော့ သူ့နယ်ထဲမှာ သူကိုင်ထားတယ်။ အဲဒီလို ကိုင်ထားပြီးတော့မှ အစိုးရနဲ့လည်း ဆက်ဆံရေး မပျက် အောင်၊ ဗဟိုပေါ့လေ နေပြည်တော်နဲ့လည်း ဆက်ဆံရေး မပျက်အောင်၊ ဆူးညှောင့်ခလုတ် မဖြစ်အောင် သူက နေတတ်၊ ထိုင်တတ်တာကို။ ဆူးညှောင့်ခလုတ် ဖြစ်မယ့်လူကိုလည်း သူ့ထဲမှာ လက်ခံထားတာ မရှိဘူး။ ကျနော်တို့ ဆီမှာက ပအိုဝ်းမှာက ဆူးညှောင့်ခလုတ် ဖြစ်တဲ့ဟာတွေက အသံတွေက ရှိနေတယ်။ တစ်စုတစ်စည်းတည်း မဖြစ် တာ တွေ့ရတယ်။ နောက်ပြီးတော့ အခုရှိနေတဲ့ အစုအဖွဲ့ပေါ့လေ။ ဦးဆောင်ပါတီနဲ့ လက်နက်ကိုင်ကလည်း “ဝ” လောက် ကျစ်လျစ်တာ မဟုတ်ဘူး။ နောက် “ဝ” လောက် ဘဏ္ဍာရေးခိုင်တာ မဟုတ်ဘူး။ အခုအချိန်အထိ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို ရယူနေရတယ် လက်နက်ကိုင်တပ်တွေက။ အဲဒါကြောင့် နိုင်ငံတော် အထောက် အပံ့ကို မယူဘဲနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ အခုအချိန်ထိတော့ အသွင်ပြောင်းထားတဲ့ ပြည်သူ့စစ်တွေအားလုံးက အထောက်အပံ့ ရယူပြီးတော့ ရပ်တည်ရတာ တွေ့ရပါတယ်။ အဲဒါကြောင့် “ဝ”အဆင့်ကို ရောက်ဖို့က ၅၀ ရာခိုင်နှုန်းတော့ မရောက်သေးဘူးလို့ ပြောလို့ရတာပေါ့လေ” ဟု ပြောသည်။

UWSA “ဝ”ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
အချို့ လူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေးရန် လိုအပ်သော်လည်း အချို့ကိုမူ ပေးရန်မလိုကြောင်း၊ ထိုသို့ ပေးရာတွင်လည်း အခြေခံဥပဒေအရ လုံးဝ လွှတ်ပေး ထား၍ မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဆီမှာဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ selfautonomous region သို့မဟုတ် national area ပေါ့နော်။ အဲဒီလို အကောင်အထည် ဖော်ပေးလို့ရတယ်။ ကျနော်တို့က လူမျိုးတိုင်း၊ တချို့တိုင်းကို selfautonomy state သော်လည်းကောင်း၊ region သော်လည်းကောင်း ပေးဖို့လိုတာလည်းရှိသလို တချို့ ကြတော့ ပေးဖို့မလိုဘူး။ national area နဲ့ ကျနော်တို့က ဘာလဲဆိုတော့ သူ့ရဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေ ဖက်ဒရယ် ကျင့်သုံးမယ်ဆိုရင် ပေးမယ်ဆိုရင်လည်း ဒါ ပြေတယ်။ ကျနော်တို့ မြင်တာတော့ အဲဒီလို မြင်တာပေါ့။ အဲဒါကတော့ ရွေးကောက်ပွဲကို ချဉ်းကပ်ပုံစနစ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ချဉ်းကပ်ပုံ စနစ်တွေ၊ နောက်တစ်ခါ သူ့ယဉ်ကျေးမှုကိုသူ အကောင် အထည်ဖော်တဲ့ နေရာမှာ ချဉ်းကပ်ပုံ စနစ်တွေ။ အဲဒီတွေအပေါ်မှာ မူတည်တယ်။ အဲဒီတော့ အားလုံးကို ပေးလို့ ရလား၊ ပေးသင့်လားဆိုတော့ တချို့ ပေးသင့်တယ်။ အခုလက်ရှိ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခုအပြင် အထူးဒေသ တွေ ရှိမယ်။ နောက်ထပ် အထူးဒေသတွေ ပေးမယ်ဆိုရင် ပေးလို့ရတာပေါ့။ ကျနော် ပြောလိုတာက။ ဒါပေမယ့် အဲဒီဟာက ဥပဒေအရ တချို့တွေကိုတော့ binding တော့ လုပ်ထားရမယ်။ ဥပဒေအရ ကျနော်တို့က လုံးဝကြီး လွှတ်ပေးလို့တော့ မရဘူး” ဟု ပြောသည်။

ပအိုဝ်း PNO ရဲဘော်များကို တွေ့ရစဉ်
၁၉၅၈ ခုနှစ် မတိုင်ခင်က ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် သီးခြားပြည်နယ် အဆင့်အတန်း ရရှိထားကြပြီး ပြည်နယ်အစိုးရအဖွဲ့များအား သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာအချို့ကို ကိုယ်တိုင်ကျင့်သုံးခွင့် ရှိခဲ့သည်။
ထိုခေတ်က လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကာ ဗမာမဟုတ်သော တိုင်းရင်းသားများ အတွက် လူမျိုးစု လွှတ်တော်ဆို၍ရှိခဲ့ပြီး ထိုလွှတ်တော်၌ ဗမာမဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် လူဦးရေ အချိုးအစားအလိုက် မဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားသည့် အခွင့်အရေးများအရ နေရာ ရရှိကြခြင်းဖြစ်ကာ ဗမာလူမျိုးစုနှင့် တန်းတူနီးပါး အာဏာချိန်ခွင်လျှာ ညှိနှိုင်းခွင့် ရခဲ့ကြကြောင်း သိရသည်။
၁၉၅၈ ခုနှစ်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိသည့် အဆင့်မြင့် နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသည့် ကာလလည်း ဖြစ်ခဲ့သည်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် “ဝ”ကဲ့သို့ အဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုး ပေးရန် တောင်းဆိုနေကြသလို ရရှိရေးအတွက်လည်း လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 219
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့မှ အရာရှိငယ် ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ထံ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်က အလင်းဝင်လာခဲ့ကြောင်း သိရသည်။
SNA တပ်မဟာ ၈၉၁ ၏ အမှတ် ၂ တပ်ရင်း၊ ရှေ့တန်းစခန်း တစ်နေရာသို့ KIA-PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်စိတ်မှူး တစ်ဦးနှင့် ဒုတပ်စိတ်မှူး တစ်ဦးတို့သည် UWSA "ဝ" လုပ် M-22 သေနတ် (၂) လက်၊ ကျည်ဘောက်(၅) ခု၊ ၎င်း ကျည် အတောင့် (၂၀၀) ကျော်၊ အီကွတ်မင့် (၂) စုံနှင့် ဆက်စပ်ပစ္စည်းများဖြင့် အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။
KIA-PDF ၏ အဓမ္မ စစ်သား စုဆောင်းခံရခြင်းကြောင့် တော်လှန်ရေးအဖွဲ့ထဲ ရောက်ရှိခဲ့ကြောင်း၊ အထက်လူကြီး များ၏ အနိုင်ကျင့်သည့် လုပ်ရပ်များအား မနှစ်သက်သည့်အတွက် SNA ထံ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း အလင်းဝင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ ရောက်ကတည်းက သင်တန်းပြီးတာနဲ့ ရှေ့တန်းပို့ထားတယ်။ ကျနော်တို့ကို အရှေ့မှာ အသေ ခံပြီး တိုက်ခိုင်းတယ်။ သူတို့က နောက်ကနေပဲ အမိန့်ပေးနေတယ်။ ကျနော်တို့ အိမ်ခဏ ပြန်ချင်တယ်လို့ ခွင့် တောင်းတာလည်း တစ်ခါမှ ပေးမပြန်ဘူး။ ပြီးတော့ လူထုတွေဆီမှာ မတရားသဖြင့် အခွန်ကောက် ထားတာတွေ ရှိတယ်။ အဲ့ငွေတွေကိုလည်း သူတို့ (KIA လူကြီးတွေ) ကိုယ်ကျိုးအတွက်ပဲ သုံးနေကြတယ်။ ဒါတွေကို မကြိုက် တော့လို့ SNA ဆီကို အလင်းဝင်ခဲ့တာပါ”ဟု ပြောသည်။
လက်ရှိတွင် အလင်းဝင်ရောက်လာသူ ၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း၊ မကြာခင် မိသားစု ထံ ပြန်လည် အပ်နှံပေးသွားမည်ဟု SNA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ လှုပ်ရှားလျက် ရှိပြီး SNA ထိန်းချုပ်-လှုပ်ရှား နယ်မြေများသို့ KIA-PDF များက နယ်မြေသိမ်း တိုက်ပွဲများ ဆင်နွှဲနေခြင်းအပေါ် ခုခံ ကာကွယ်နေကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 363
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်အား လက်ရှိ ကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက် ကြောင်း သိရသည်။
ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု အမှု(၄)မှု အပါအဝင် ပုဒ်မ ၁၃၀ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ကျခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူများ အပါအဝင် မိသားစုဝင်များဖြင့် နီးစပ်သူများထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 364
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်း ဆောင်ရွက် သွားကြရန် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာ စကား ပြောကြားရာမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံ တော် တည်ငြိမ်ရေး၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည် အလွန် အရေးကြီးကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ပန်းတိုင်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
ထို့နောက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက် ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

အလားတူ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက် အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်းပြည်ပ ပယောဂများနဲ့ အဖျက်အမှောင့်တွေရဲ့ အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အဖျက်အမှောင့် တွေနဲ့ ဆူပူအကြမ်းဖက်မှုတွေရဲ့ အခြေခံဟာ ဒါပဲဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်မှု စစ်ပွဲများအထိ ကျယ်ပြန့်လျှက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 264
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅
ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတ တာဝန်ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က ကြိုဆိုဂုဏ်ပြုကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် သဝဏ်လွှာပေးပို့ ပြောကြားခဲ့သည်။
မိမိတို့ TNLA သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် (၉)ကြိမ်မြောက် ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် PSLF/TNLA အနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံရေး ပြဿနာများ ကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားပါကြောင်း TNLA က သဝဏ်လွှာပေးပို့ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 627
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀
တပ်မတော် ခေါင်းဆောင်ပိုင်း ရာထူးအပြောင်းအလဲများကြောင့် စစ်ရေးအခြေအနေ တင်းမာလာနိုင်သည်နှင့် တစ်ပြိုင်နက် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများသည်လည်း ပြန်လည် ဦးမော့လာနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုရာထူး အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် စစ်ရေးအခြေအနေမှာ ယခုလက်ရှိအနေအထားထက် လျှော့မည့် ပုံမပေါ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတကြီး ဦးသိန်းစိန်လက်ထက် NCA ဆွေးနွေးခဲ့ကြစဉ်
၎င်းက “ဒါကတော့ သူ့ရဲ့သမိုင်းကြောင်းပေါ့လေ ကာချုပ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်ရဲ့ သမိုင်းကြောင်းပေါ့။ သူက ထောက်လှမ်းရေးချုပ်ဖြစ်လာတာကို။ အရင်တုန်းက စ.ရ.ဖ ချုပ်ဆိုတော့။ စ.ရ.ဖ က စစ်ကြောရေးတို့ဘာတို့ လူတွေကို ကိုင်တွယ်တဲ့နေရာမှာတော့ နည်းနည်းကြမ်းတဲ့သဘောရှိတော့ အဲဒီလို လမ်းကြောင်းက လာတဲ့ လူတွေဟာ စစ်ရေးမှာ ထပ်လျှော့ဖို့တော့ သိပ်ရှိမယ့်ပုံမပေါ်ဘူးလို့ ခန့်မှန်းတာပေါ့။ စ.ရ.ဖ က လာတဲ့အတွက် ခန့်မှန်းတာပါ။ ကျနော်တို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့လိုပေါ့။။ စ.ရ.ဖ က လာတဲ့လူတွေက သူ့အလုပ်မှာတော့ သူ အင်မတန် ပြတ်တဲ့လူတွေ ဖြစ်တာကို။ ဒီလူတွေကတော့ တင်းတင်းမာမာ လုပ်တတ်တဲ့ အကျင့်ရှိတာကို။ စစ်ကြောရေးတို့ ဘာတို့ ကိစ္စတွေမှာ။ အခုလည်းပဲ ကာချုပ်ဖြစ်လာတဲ့အပေါ်မှာ ကိုယ်လုပ်ဆောင်နေတဲ့ ဝာာ၀န်ယူထားတဲ့ သဘောသဘာ၀အရပေါ့ဗျာ အိမ်နီးနားချင်း ဆက်ဆံမယ်။ နိုင်ငံတကာကို ဆက်ဆံမယ်။ တခြားလက်နက်ကိုင်တွေနဲ့ ဆက်ဆံမယ်ဆိုရင် မူလ စ.ရ.ဖ က သဘောထားတွေ ပြန်ပါလာမယ်ဆိုရင်တော့ ဒါနည်းနည်းတင်းမာမယ့်သဘောရှိတယ်လို့ ပြောနိုင်တာပေါ့။ သူ(ဗိုလ်ချုပ်ကြီး ကျော်စွာလင်း)လည်း သိပ်မကွာပါဘူး။ သတင်းထွက်နေတာတော့ နည်းနည်းမာတဲ့ သဘောလည်းကြားနေရတယ်။ ဒါကြောင့် တပ်ချုပ် ကလည်း စ.ရ.ဖ ဒုချုပ်ကလည်း သဘောထား တင်းမာတဲ့ သတင်းကြားရတာပေါ့ ကျနော်လည်း မသိဘူး။ အခင်းအကျင်းကတော့ စစ်ရေးဘက်မှာတော့ ခပ်ပြတ်ပြတ် ဖြစ်လာလိမ့်မယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။
တပ်တွင်း ရာထူးအပြောင်းအလဲများကြောင့် စစ်ရေးအခြေအနေတင်းမာနိုင်သော်လည်း သမ္မတဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေတည် ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်ဦးမော့လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သို့သော် သမ္မတဦးဆောင် အစိုးရအဖွဲ့အနေနဲ့ (NCA) ကိုအခြေခံပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြန်ဦးမော့လာမယ့်သဘောတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်က အများလက်ခံအောင်လုပ်ရမယ်ဆိုတော့ ပေါ်လစီ အကောင်းတွေ ချပေးရမယ့် သဘောရှိတာကို။ စစ်ရေး တင်းမာတယ်၊ ညှိနှိုင်းမှု အားနည်းမယ်ဆိုရင်တော့ စစ်ဖြစ်တဲ့ဒေသပေါ့။ အဲ့ဒီဒေသက ပြည်သူလူထုက ဒုက္ခ ရောက်မှာပေါ့။ အိုးအိမ်တွေ ပစ်ရမယ်။ မီးလောင်မယ်။ စာသင်ကျောင်းတွေ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေ ဒေသခံပြည်သူလူထုကတော့ အနစ်နာဆုံးပေါ့ဗျာ။ လက်နက်ကိုင်အချင်းချင်းကတော့ ရှောင်လို့တိမ်းလို့ရတယ်။ ဒေသခံ ပြည်သူလူထုက ပိုနစ်နာနိုင်တာပေါ့။ သိူ့သော်လည်းပဲ ပြန်လည် ထူထောင်ရေးလုပ်ဖို့ အစိုးရမှာ ပေါ်လစီရှိတယ်ဆိုရင်တော့ စစ်ရေးကို လျှော့ခိုင်းရင်လဲ လျှော့ခိုင်းနိုင်တာပေါ့။ အစိုးရ ဦးဆောင်မှုကို ကျနော်တို့စောင့်ကြည့်ရမှာပေါ့” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် OTS အမှတ်စဥ် (၇၇) ဆင်း ဖြစ်ပြီး မကြာသေးမီက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့ကာ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၏ အရာရှိချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ထို့ပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် တွဲဖက် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်က ဖွဲ့စည်းလိုက်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် ရုံးတွဲဖက်အမှုဆောင်ချုပ် အဖြစ်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့ကာ ယင်းမတိုင်မီက တပ်မတော် စစ်ဦးစီးအရာရှိချုပ်(ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်အား ထမ်းဆောင်ခဲ့သည်။
တိုင်းရင်းသားများ၊ PDF များနှင့် အခြားသော ပြည်တွင်းလက်နက်ကိုင်များ ပေါင်းစပ်သွားမည်ကို တပ်မတော်နှင့် အစိုးရအနေဖြင့် မလိုလားသည့်အတွက် စစ်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမည်ဟု ထင်ကြောင်းတရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျမကြည့်တာ သူတို့က အခုပြောပုံအရဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ သူတို့ အပစ်ခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့ ခေါ်စရာရှိတာနေမယ် ကျမ ကြည့်တာလေ။ ဒါသူတို့အတွက် အမြဲတမ်းထွက်ပေါက်ပဲလေ။ တချို့အဖွဲ့တွေကလည်း အခုတည်းကတောင် တချို့တော်တော်ပြင်ဆင်နေကြပါပြီ။ အဲဒီတော့ ဖြစ်နိုင်ပါတယ် ငြိမ်းချမ်းရေးကတော့။ သူတို့က နိုင်ငံရေးအရ တရား၀င်မှု ရလိုက်သလိုဖြစ်တာကို။ အဲဒီတော့ ကျန်တဲ့ဟာတွေ ကိုလည်း သူတို့အပြတ် ရှင်းမှာပဲလေ။ ဒါတွေကို သူတို့ဆက်လုပ်လိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ PDF တွေနဲ့ ပြည်တွင်းက လက်နက်ကိုင်နဲ့ ပေါင်းစပ်သွားတာကို သူတို့ မလိုလားနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီကြားထဲမှာ သူတို့ တော်တော် ပြင်းပြင်းထန်ထန် လုပ်လာလိမ့်မယ် ထင်တယ်။ ဆွေးနွေးတဲ့လူလည်း ဆွေးနွေးမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အစည်းတွေက အများကြီးဖြစ်တာကို။ ဆွေးနွေးတဲ့သူတွေကလည်းဆွေးနွေးကြလိမ့်မယ်။ တိုက်တဲ့သူတွေကလည်း ဆက်တိုက်လိမ့်မယ်။ ပိုမိုတင်းမာ လာနိုင်စရာ အကြောင်းပဲရှိပါတယ် သိပ်ကောင်းလာနိုင်စရာအကြောင်းမရှိပါဘူး။ စစ်ကောင်စီဘက် ကလည်း သူတို့အနေနဲ့ နိုင်ငံရေးအရသာ တစ်စုံတစ်ရာ (Legitimacy) ဖြစ်ပေမယ့်လို့ စီးပွားရေးအရတို့ ဘာတို့က ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒါကြောင့်မို့လို့ သူတို့ဘက်ကလည်း အခက်အခဲ အကျပ်အတည်း တွေတော့ ကြီးမှာပါပဲ။ တိုင်းပြည်အခြေအနေကတော့ ဒီနှစ်အတွင်း သိပ်ကောင်းစရာအကြောင်းတော့မရှိပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်းမရှိပါက ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကူကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 535
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးလုပ်သည်မှာ လူကြီးအကြိုက်လုပ်ရခြင်းမဟုတ်ဘဲ လူထုကြိုက်အောင်လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုအကျိုးကို လုပ်ရင်းတစ်ပြိုင်နက် ပါတီကို အကျိုးပြုအောင်ပါ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ပါတီအာဏာရှင်စနစ်ဆိုပါက လူကြီးက သဘောကျမှ အာဏာရမည်ဆိုတာမျိုး ဖြစ်လာကြောင်း ၎င်းကပြောသည်။
ဦးထက်အောင်ကျော်က “ဒါမျိုးတွေကဖြစ်တဲ့နေရာက လူတွေက နိုင်ငံရေးကိုကွဲကွဲပြားပြား ခြားခြားနားနား မသိလို့လို့ပဲ သုံးသပ်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်တာဆိုတာကိုက လူကြီးကြိုက်အောင် လုပ်ရတာမဟုတ်ဘူး၊ လူထု ကြိုက်အောင်လုပ်ရတာ။ တစ်ပါတီအာဏာရှင်စနစ်ဆိုရင်တော့ OK ဒါက လူကြီး ကြိုက်အောင်လုပ်မှ ငါနေရာရမယ်၊ အဲဒီအချိန်ကြမှ ငါလုပ်ချင်တာလုပ်လို့ရမယ်ဆိုတဲ့ဟာမျိုးဖြစ်တာပေါ့။ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့အခါကြတော့ ရွေးကောက်ပွဲတွေရှိတယ်ဆိုရင် ဒါကလူထုကိုကြိုက်အောင်၊ လူထုရဲ့ အကျိုးစီးပွားကိုဖော်ဆောင်ရတာကို။ လူထုအကျိုးစီးပွားကိုဖော်ဆောင်ရင်းကိုက လူထုကသူ့ကိုလည်း လေးစားမယ်၊ သူ့ပါတီနောက်ခံကိုလည်း လေးစားမယ်ပေါ့။ ဆိုတော့ လူထုနဲ့ပါတီနဲ့ဆိုတဲ့ဟာက အမှန်တကယ်က အတူတူပဲ။ လူထုအကျိုးကိုလုပ်ရင်းနဲ့ ပါတီ ကိုတစ်ခါထဲအကျိုးပြုသွားတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင်လုပ်ရတာ။ အဲဒီလိုမဟုတ်ဘူး တစ်ပါတီအာဏာရှင်စနစ်ဆိုလို့ရှိရင်တော့ လူကြီးကြိုက်အောင်တော့လုပ်ရတာ လူကြီးက ကိုယ့်ကိုမျက်စိထဲမြင်မှ၊ သဘောကျမှ ငါအာဏာရမယ်ဆိုတဲ့ဟာမျိုး။ အဲဒီအပေါ်မှာ ပါတီအကျိုးကိုပဲ ကြည့်တယ်ဆိုပြီးတော့မှ ပါတီအကျိုးဆိုတာထက် လူ ကြီးကြိုက်အောင်ပေါ့လေ လုပ်နေရတယ်ဆိုလို့ရှိရင်ကိုက ဒါနိုင်ငံရေးကိုကောင်းကောင်း နားမလည်ဘူးလို့ပဲ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ
နိုင်ငံရေးသည် ဓလေ့ထုံးစံများ၊ အာဏာရှင်ဆန်သော ယဉ်ကျေးမှုများကြောင့်အကြောက်တရားအောက်တွင် လူကြီးအကြိုက် (သို့မဟုတ်) အာဏာပိုင်အကြိုက် ဆောင်ရွက်ရသည့်အစဉ်အလာများ ရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
နိုင်ငံရေးလုပ်ဆောင်ခြင်းသည် အာဏာရှိသူ သို့မဟုတ် လူကြီးများကြိုက်နှစ်သက်စေရန် မျက်နှာလို မျက်နှာရ လုပ်ရသည့်အလုပ်မဟုတ်ဘဲ ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားအခွင့်အရေး များအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
နိုင်ငံရေးသမားများအနေဖြင့် ပြည်သူ့သစ္စာကိုသာ စောင့်သိရမည်ဖြစ်ပြီး၊ မမှန်မကန် လုပ်ဆောင်မှုများအပေါ် အသုံးချခံမဖြစ်စေရန် သတိပြုရမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ယူဆကြသည်။
လွှတ်တော်ကိုယ်စားလှယ်အမတ်များအနေဖြင့် အစိုးရကထုတ်ပြန်သည့် ထုတ်ပြန်ချက်များ၊ လိုလား ချက်များနှင့် ပြည်သူလူထု၏ လိုအင်ဆန္ဒများအကြားတွင် Balance လုပ်နိုင်ရန် အရေးကြီးဆုံးဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။

လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ်
၎င်းက “ဒီမိုကရေစီလမ်းကြောင်းကိုသွားနေသည့် အစိုးရတစ်ရပ်အနေနဲ့ ဒီလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေ ပြီဆိုရင် အဓိကအရေးကြီးတာကတော့ Public administration (ပြည်သူ့အုပ်ချုပ်ရေး) ပေါ့။ Public administration ရဲ့သဘောတရားကိုက ဘာလဲဆိုတော့ အစိုးရက လုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ပြည်သူလူထု ရဲ့ လိုလားချက် အဲဒီနှစ်ခုကြားမှာ မျှခြေဖြစ်မယ့်ဟာ Balance ဖြစ်မယ့်အနေအထားပေါ့။ အဲဒီအနေအထားရှိ အောင်လုပ်ပေးရတာ။ လွှတ်တော်ထဲရောက်ပြီးသွားတဲ့လူတွေအကုန်လုံးက အစိုးရကထုတ်ပြန်တဲ့ ထုတ်ပြန်ချက် တွေ၊ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ အဲဒီနှစ်ခုကြားမှာ Balance လုပ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် အပြင်လက်တွေ့ဘဝမှာလည်း တော်တော်များများသော ဒီ,ဒီမိုကရေစီစနစ်အောင်မြင်တဲ့နိုင်ငံတွေ မှာလည်း ဒီတိုင်းပဲ ကျင့်သုံးနေကြတာတွေ့ရှိရပါတယ်။ လူထုမှာက လိုလားချက် လိုချင်တယ်၊ လိုလားချက်ဆို တာတော့ အတိုင်းအဆမရှိဘူးပေါ့။ ခုနကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တာဝန်က ဘာဖြစ်လာလဲ ဆိုတော့ ပြည်သူလူထုရဲ့ Want ထက် တကယ်တမ်း Need ဘယ်လောက်လိုအပ်လဲ။ အဲဒါကို ဘယ်လောက်ဖြည့် ဆည်းနိုင်လဲဆိုတဲ့အပေါ်မှာပဲမူတည်သွားမယ်။ သို့သော် ပြည်သူ့ဆန္ဒအကုန်လုံးကို ပြည်သူပြောသမျှအကုန်လုံးကို လိုက်လုပ်ပေးလို့ရမယ်ဆိုတဲ့အနေအထားတော့မရှိဘူး အဲဒါသည်လက်တွေ့အမှန်တရားပဲ” ဟု ပြောသည်။

USDP ပါတီဝင်များအားတွေ့ရစဉ်
လွှတ်တော်ကိုယ်စားလှယ်များသည် အစိုးရ၏မူဝါဒ၊ ထုတ်ပြန်ချက်များနှင့် ပြည်သူ့ဆန္ဒကြား ဟန်ချက်ညီအောင် ထိန်းညှိပြီး ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
ထိုကြောင့် ၎င်းတို့သည် ပြည်သူများ၏ မျက်စိ၊ နားဖြစ်၍ အမှန်တရားနှင့် လိုအပ်ချက်များကို ဖော်ဆောင်ပေးရန် တာဝန်ရှိပြီး၊ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်နှင့် အစိုးရဖြစ်ရန် အဓိကထားရမည်ဖြစ်ကြောင်းလည်း ၎င်းတို့ ယူဆကြသည်။
