- By CNI
- Category: နိုင်ငံရေး
- Hits: 444
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ဘယ်လို သဘောထား ရှိနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ ကြား သုံးသပ်မှုများ ရှိနေကြသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တက်ရောက် အမှာစကား ပြောကြားစဉ် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
NCA စာချုပ်ကို ပထမဦးဆုံး အကောင်အထည်ဖော်နိုင်ခဲ့သည့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်၌ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ခဲ့ရာတွင် အင်မတန်ခက်ခဲခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာနေရာသို့ သွားရောက် ဆွေးနွေးပါက ပို၍ ဖြစ်နိုင်ခြေများနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီး ဦးသိန်းစိန်က ရာထူးကို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ လေးလလောက်အကြာမှာ ကြေညာ ချက်ထုတ်တယ်။ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ပြန်လာပါ။ တိုင်းပြည်ကို ပြန်လည် ဖွံ့ဖြိုးအောင်လုပ် ဆောင်တဲ့နေရာမှာ ကူညီပါ။ နောက်တိုင်းပြည်မှာ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း ငြိမ်းချမ်းရေး လာဆွေးနွေးပါလို့ ခေါ်တဲ့အခါကြတော့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ခေါ်တယ်။ ဒါပေမယ့် တစ်ဖွဲ့မှမလာကြဘူး။ သူတို့သွားတွေ့တဲ့ အဖွဲ့ကလည်း နဂိုကတည်းက အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။ “ဝ” တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့၊ DKBA တို့ ဘာတို့။ ဒါပေမယ့် လက်နက်ကိုင်ပြီးမှ တော်လှန်တိုက်ခိုက်နေတဲ့ တစ်ဖွဲ့မှ မလာကြဘူး။ ယုံလည်းမယုံကြဘူး။ အဲဒီလို ဖြစ်တဲ့အခါကြတော့ အောက်တိုဘာလကြတော့ ဦးအောင်မင်းတို့ ဦးစိုးသိမ်းတို့ကို တာဝန်ပေးပြီးတော့မှ ထိုင်းနိုင်ငံကို လာတယ်။ ထိုင်းနယ်စပ်ကိုသွားတယ်။ ငြိမ်းချမ်းရေးရနိုင်ဖို့ လိုက်ဆွေးနွေးတယ် မရဘူး။ နောက်ဆုံးကြတော့ ဦးဟန်ညောင်ဝေကနေ ကူညီပြီးတော့မှ သူက National Reconciliation Program ဆိုပြီးတော့မှ သူက EAO အားလုံးနဲ့ ဆက်ထားတာကို။ ဒါကြောင့်သူကလည်း တစ်ဖက် က အကူအညီ ထပ်ပေးတဲ့ အခါကြတော့ ၅ ဖွဲ့က သဘောတူတယ်။ အဲဒီအခါကြတော့မှ နိုဝင်ဘာလကြမှ ဆွေး နွေး ရပါတယ်။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြန်ပြီးတော့မှ စောင့်ကြည့်မယ်ဆိုရင်။ ဦးသိန်းစိန်တုန်းက အဲဒီလောက်တောင် ခက်လို့ရှိရင် အခုအခြေအနေမှာ ပိုတောင် ခက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို ပို တောင် ခက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ရှိတဲ့နေရာကို လာကြပါဆိုရင်တော့ လာဖို့မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့် သူတို့ရှိတဲ့ နေရာကို သွားလို့ရှိရင်တော့ ပိုပြီးတော့မှ ဖြစ်နိုင်ခြေ ပိုများမယ်ပေါ့။ ဒါတောင်မှ ဦးအောင်မင်း တို့၊ ဦးစိုးသိမ်းတို့ထက် ပိုပြီးတော့မှ ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ယခုကဲ့သို့ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် နောက်လတွင် ကျင်းပပြုလုပ်မည့် အာဆီယံ ဆွေးနွေးပွဲတွင် မြန်မာကို ဖိတ်ခေါ်ရေးအတွက် လုပ်ဆောင်သည့် သဘောမျိုး ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်
၎င်းက “သူအစကတည်းက သူ့ကို လုပ်ခိုင်းတဲ့ အရာတွေရှိနိုင်တယ်။ တရုတ်က ဖိအားပေးတဲ့ဟာမျိုးတွေ။ အာဆီယံကလည်း ဖိအားပေးတဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒါတွေအတွက် သူက ဟိုလွန့်၊ ဒီရှားနဲ့။ သူက ဒီလောလောဆယ် သူ့ကို အာဆီယံ ဆွေးနွေးပွဲတို့ ဘာတို့မှာဖိတ်ဖို့။ နောက်လမှာ လုပ်မယ့် အာဆီယံဆွေးနွေးပွဲ ရှိတယ်လေ တွေ့တယ်မလား။ အဲဒီမှာဖိတ်ဖို့ ဘာဖို့အတွက် မီးရှူးမီးပန်းလွှတ်တာပဲ။ ဘယ်လိုလုပ် အောင်မြင်နိုင် မလဲ။ နှစ်ပေါင်းများစွာ အနှစ် ၇၀ ကြာလာတဲ့ ဒီပြည်တွင်းစစ်ကြီးကို ရက် ၁၀၀ အတွင်း ပြီးအောင်လုပ်မယ်ဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်။ တစ်သက်လုံး ဘယ်သူ့မှလည်း မဖြစ်ခဲ့ဘဲနဲ့ သူ့ကြမှ ဖြစ်နိုင်မလား” ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။
KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့်ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 959
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
အစိုးရသစ်သည် ဧပြီ ၂၀ ရက်မှ စတင်ကာ ဇူလိုင် ၃၀ ရက်အထိ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ချပြ ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစည်းအဝေးမှာ ၎င်းက ချပြ ပြောကြားခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁
ရခိုင်ပြည်နယ်အတွင်းရှိ AA ထိန်းချုပ် နယ်မြေတစ်ခုမှာ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်တပ်မတော်(CPU/CPA)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်ဟု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်တွင် CPU/CPA က သတင်းထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(AA/ULA)၏ ဖိတ်ကြားမှုဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ရခိုင် ပြည်နယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် လက်ရှိ နွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ချင်းပြည်သူလူထုနှင့် ရခိုင်ပြည်သူလူထုများအကြား အိမ်နီးချင်းကောင်းများ ပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေး ဆွေးနွေးခဲ့ ကြကြောင်း၊ ထို့နောက် ရှေ့ဆက် ပူးတွဲ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း ချင်း ပြည်သူ့အစည်းအရုံး/ချင်းပြည်တပ်မတော်(CPU/CPA)မှ ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ရခိုင်ပြည်နယ်ထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ CPU/CPA ကိုယ်စားလှယ်များ တွေ့ဆုံကြစဉ်
ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါခရီးစဉ်သည် ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော် အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန်တရာ အကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့ အစည်းအရုံး အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း CPU/CPA က ထုတ်ပြန်ခဲ့ သည်။
AA သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် အပါအဝင် ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ကို မြန်မာ့တပ်မတော်ထံမှ တိုက်ခိုက် ထိန်းချုပ်ထားသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့မှာလည်း KIA-PDF-MNDAA-TNLA-ချင်းလက်နက်ကိုင်များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော် ကို တိုက်ခိုက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 508
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ဆွေးနွေးရန် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ EAO နဲ့ ပတ်သက်ပြီးတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရှိတယ်။ NCA လက်မှတ် ရေးထိုးထား ခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီတော့ ကျနော် နှစ်ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။ NCA နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေး ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ ဒါ လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့ပေါ့” ဟု ပြောသည်။
ထို့နောက် မနက်ဖြန် (ဧပြီ ၂၁ ရက်)တွင် မိမိအနေဖြင့် ကြေညာချက်များ ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ မနက်ဖြန်ကျရင်လည်း ကျနော်တို့ ကြေညာချက်တွေ ထုတ်မှာ ဖြစ်ပါတယ်။ ဒါလေး ကြိုပြီး ကျနော် ပြောပါတယ်။ နောက်တစ်ခုက လက်မှတ် ရေးထိုးထားတာပေါ့ လက်မှတ် ရေးထိုးထား ပြီးတော့မှ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျနော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်။ နောက် လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက် ယူထားတာတွေရှိတယ်။ ဥပမာ အားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အထဲမှာ Union Accord ရထား တဲ့ သဘောတူညီချက်တွေရှိတယ်။ အဲ့ဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြပြီးတော့ အပိုင်း လိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးလုပ်မှသာ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရ တယ်။ ရှေ့က တည်ဆောက်ရေး လုပ်ငန်းလုပ်သွား နောက်က အဖျက်လုပ်ငန်းတွေ ပါလာလို့ရှိရင် သမင် မွေးရင်း၊ ကျား စားရင်း ဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက် တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှား သွားမယ်။ ကျနော်တို့ အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိ လာပါလိမ့်မယ်။ ဒါကြောင့် EAO တွေမှာလည်း NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ် ရေးထိုးထားခြင်း မပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေ ဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် NCA ကို RCSS, PNLO, ALP, DKBA, KNU/KNLA-PC, LDU, NMSP, CNF, KNU, ABSDF တို့ လက်မှတ်ထိုးထားပြီး KIA,SSPP,UWSA,KNPP,NDAA တို့က လက်မှတ် မထိုးပေ။
ထို့နောက် AA,TNLA,MNDAA,SNA,NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက် လာသော လက်နက်ကိုင် အဖွဲ့အသစ်များကိုတော့ တပ်မတော်က မည်ကဲ့သို့ သဘောထားသလဲ ရှင်းရှင်းလင်း လင်း မသိရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1426
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သည် တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် စစ်ရေး ပွတ်တိုက်မှု များဖြစ်နေသလို သမ္မတ ဦးမင်းအောင်လှိုင် အစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းက ဘေးကျပ်နံ ကျပ် ဖြစ်နေသလားဆိုတာကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ဖော် ဆောင်၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သလို မြို့ပေါင်း ၁၂ မြို့နယ်ကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်မှာတော့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည် လက်လွှတ် လိုက်ရသလို ကွတ်ခိုင်နှင့် နမ့်ခမ်းကိုလည်း မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့(MNDAA)က ထိုးစစ် ဆင် တိုက်ခိုက်လာခြင်းကြောင့် TNLA သည် ကွတ်ခိုင်မြို့ကို လက်လွတ်ပေး၍ MNDAA နှင့် အပစ်ရပ်သဘော တူခဲ့ရသည်။
ထိုသို့ ဖြစ်တည်နေချိန်မှာပဲ TNLA သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတ တာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သား အစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို ကြိုဆိုဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေး ပို့ခဲ့သည်။
လက်ရှိ အခင်းအကျင်းအရ TNLA အနေဖြင့် အစိုးရသစ်ကို ကြိုဆိုကြောင်း ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုလိမ့် မည်ဟု မမျှော်လင့်ထားကြောင်း၊ ထိုသို့ လုပ်လာခြင်းသည် ဘေးကျပ်နံကျပ် ကြုံတွေ့နေရခြင်းကြောင့် လုပ်သည် ဟု မြင်နိုင်ကြောင်း၊ ထိုကိစ္စရပ်သည် KIA နှင့်လည်း ဆက်စပ်မှု ရှိနိုင်သည်ဟု စဥ်းစား၍ ရနိုင်ကြောင်း တိုင်လိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အကြီးအကဲ သုံးဦးကို တွေ့ရစဉ်
၎င်းက “ မန်တုံနဲ့ နမ့်ဆန်ကိုပဲ သူတို့ရမှာပါလို့ ဥပဒေအရ ပေးထားချက်အတိုင်းပဲ။ သူတို့ ဘယ်လောက်ပဲ အပိုင် သိမ်းသိမ်း သူတို့ အာလုံး ပြန်နောက်ဆုတ်ပေးရမှာပဲလို့ ကျနော် ပြောခဲ့ဖူးတာရှိပါတယ်။ အခုအဲဒီလိုပဲ TNLA အနေနဲ့ကတော့ သူ့ရဲ့ ရည်မှန်းချက်ကြီးတဲ့ အတွက်ကြောင့်မို့လို့ အခုလုပ်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ Statement ထွက်လာတဲ့ ဥစ္စာကတော့ ရှမ်းပြည်မြောက်ပိုင်းကို ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ်လှည့်တာနဲ့ ဒါတိုက်ဆိုင်မှုလို့တော့ ပြောလို့မရဘူး။ အကြောင်းတစ်ခုရှိလို့ သူကချက်ချင်း ထုတ်ပြန်လာတာလို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆို တော့ ပြောမယ်ဆိုရင်တော့ ဗိုလ်နဂါးတို့ ဖြစ်သွားတဲ့ ဖြစ်စဉ်လိုမျိုးပဲ TNLA ကလည်း ဘေးကျပ်နံကျပ် ကြုံနေပြီ လားဆိုတဲ့ ဥစ္စာမျိုးကိုတော့ ကျနော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရဘက်ကို ထောက်ခံတဲ့ အကြောင်းကို ကမ်းလှမ်းပြီးမှသာ အစိုးရဘက်ကို ကူးလာတဲ့ သဘောပေါ့နော်။ ဗိုလ်နဂါးလည်း ထိုနည်းလည်းကောင်း ဖြစ်ခဲ့ဖူးတာ ရှိတယ်လေ။ အစိုးရဘက်ကို တစ်ခါတည်း ကူးလာခဲ့တာ သူ့ဘက်ကလည်း အကျပ်အတည်း ကြုံလာတဲ့အခါကျတော့။ အခု TNLA လည်း ရှမ်းပြည်မြောက်ပိုင်းမှာ ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ် လှည့်ပြီးတော့ မကြာပါဘူး။ ဒီရက်ပိုင်းအတွင်းမှာ ဒီ Statement ထွက်လာတဲ့ အခါကျတော့ အဲဒီကိစ္စနဲ့ အကျိုး သက်ရောက်မှုများ ဖြစ်နေမလားလို့တော့ စဉ်းစားမိတာပေါ့လေ။(ဘေးကျပ်နံကျပ်) ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက ဒါမှမဟုတ်ရင်တော့ သူပြောထားတဲ့ စကားတွေ ဟိုတုန်းက သူတို့အဖွဲ့ သုံးဖွဲ့ပေါင်းပြီး ထုတ်ထားတဲ့ Statement တွေ အများကြီးရှိတဲ့ဥစ္စာ ပြန်ကြည့်ရင် ဒီဥစ္စာကို လုပ်မယ်လို့ ကျနော်တို့ မထင်ခဲ့ဘူး။ ဒါပေမယ့် ချက်ချင်းကြီး လုပ်လာတဲ့ အပိုင်းကဏ္ဍကတော့ ဗိုလ်နဂါးလိုမျိုးပဲ ဘေးကျပ်နံကျပ် တစ်ခုကြုံနေလို့ သူလုပ်တယ် လို့တော့ ကျနော်တို့ မြင်တာပေါ့။ သူက လူနည်းစုဖြစ်တဲ့ အခါကျတော့ စစ်ပွဲမှာ တော်တော်များများ သေသွားကြ တဲ့ အခါကျတော့ သူ့လူကလည်း အင်မတန် နည်းပါးသွားပြီ။ အဲဒီအတွက်ကြောင့်မလို့ သူအမျိုးမျိုး ကြည့်ပြီးမှ ဒီကိစ္စကို သူလုပ်တယ်လို့တော့ မြင်တာပေါ့နော်။ ဘေးဖိအားတွေရော တစ်မျိုးပေါ့” ဟု ပြောသည်။
TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည် နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။
သို့သော် TNLA သည် ၎င်းသိမ်းပိုက်ရရှိခဲ့သော နယ်မြေအတွင်းရှိ တခြား လက်နက်ကိုင်များဖြစ်သည့် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို မောင်းထုတ်ခဲ့ခြင်းကြောင့် စစ်ရေးနှင့်နိုင်ငံရေး ဆက်ဆံမှုများ ပြတ်တောက်သွားခဲ့သည်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်း တိုက်ခိုက်ခဲ့သော MNDAA နှင့်လည်း ကွတ်ခိုင်ဒေသ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ကြသည်။
အစိုးရသစ်ကို ကြိုဆိုကြောင်း TNLA ထုတ်ပြန်ပြီး နောက်ပိုင်းတွင် တအာင်းအရပ်ဘက် အဖွဲ့အစည်းများမှ ကန့်ကွက်သည့် ထုတ်ပြန်ချက်များ ရှိလာသလို TNLA အနေဖြင့် တော်လှန်ရေး ရပ်တည်ချက် ပြောင်းလဲသွားခြင်း လားဆိုသည့်အပေါ် မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။

TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
TNLA အနေဖြင့် စစ်တိုက်နိုင်သည့် စစ်သားအင်အားဦးရေ အင်မတန် နည်းပါးလာခြင်းကြောင့် လည်းကောင်း၊ တခြားသော ဖိအားမျိုးစုံများကြောင့်သာ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခြင်း ဖြစ်နိုင်သည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ဒေသခံတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “TNLA နဲ့ပြောမယ်ဆိုရင် TNLA က သူအင်အား ကြီးထွားလာတယ်ဆိုတဲ့ကိစ္စက သူက သူ့နယ်မြေမှာ နဂိုကတည်းက စစ်သားစုဆောင်းရေးလုပ်တာ ပလောင်တိုင်းရင်းသား တစ်မျိုးတည်းကိုပဲ သူလုပ်ခဲ့တာဗျ။ လုပ်ခဲ့တဲ့အတွက် ရှမ်းတိုင်းရင်းသားမခေါ်ဘူး၊ ကျန်တဲ့တိုင်းရင်းသားတွေ မခေါ်ဘူး၊ တရုတ်တို့ ဗမာတို့ မခေါ် ဘူးပေါ့။ အဲဒီတော့ ရှမ်းပြည်မြောက်ပိုင်းမှာ သူ့ရဲ့ လူဦးရေ စုဆောင်းမှုဟာ ကုန်သလောက် ရှိသွားတာပေါ့နော်။ အဲဒီဟာလည်း တစ်ချက်ပေါ့။ သူတို့ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း နံပါတ်တစ် စစ်တိုက်နိုင်သော ခုခံနိုင်ဖွယ် စစ်သားဦးရေက လက်ကျန်လေးပဲ ရှိတော့မယ်ပေါ့နော်။ သူတို့ အင်အားတစ်ရပ် အနေနဲ့ ရှိမယ်။ နောက်ထပ် ထပ်ပြီး စုဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ကိုပဲ နည်းသွားတယ်။ အဲဒါတစ်ချက် နောက်တစ်ချက်ကတော့ သူတို့ဟာ အမျိုးသားတင် မဟုတ်ဘူး အမျိုးသမီးတွေပါ အကုန်စုဆောင်းတဲ့ အခါမှာ သူ့ရဲ့ နယ်မြေတစ်ခုလုံးကို သူ့ရဲ့အမျိုးသားတွေအတွက် ပြန်ပြီးတော့မှ ကြည့်ရတဲ့ ဆင်ခြင်ရတဲ့ အနေအထားတွေမှာလည်းပဲ သူစာနာ ထောက်ထားမှုတွေရှိမှပဲ အဆင်ပြေတော့မှာပေါ့နော် အဲဒါလည်းတစ်ကြောင်းပေါ့။ နောက်ဟိုဘက်က လက်မည်း ကြီးကလည်း အတင်းဖိအားပေးတာ တစ်ကြောင်းပေါ့နော်။ အဲ့ဒါ အကြောင်းအမျိုးမျိုးကြောင့် သူတို့ဘက်ကနေ ပြီးတော့မှ နောက်ဆုံး သူတို့ ဘယ်လမ်း လျှောက်မလဲဆိုပြီးတော့မှ ရွေးကြတယ်လို့ ကျနော်တို့က ယူဆတယ်” ဟု ပြောသည်။
TNLA သည် မိုးကုတ်နှင့် မိုးမိတ်မြို့များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်နှင့်မန်တုံမြို့တို့ကို စုစည်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။
သို့သော် TNLA ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ မိုင်းလုံ စသည့် မြို့နယ် ၁၂ ခုကို စုစည်း၍ ပလောင်ပြည်နယ် တောင်းဆိုလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 835
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀
တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးကို “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးပေးရန် အဆင်မပြေသေးကြောင်း၊ သို့သော် ပအိုဝ်းဒေသသည် ကျန်ဒေသများထက် အနည်းငယ် နီးစပ်သည်ဟု ထင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ပအိုဝ်းဒေသသည် မိုင်းလားနှင့် “ဝ” တို့ကဲ့သို့ ထင်ထင်ရှားရှား မဖြစ်နေကြောင်း၊ “ဝ” တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုသည့် အဖွဲ့မရှိသည့်အပြင် ဗဟိုကို ဆန့်ကျင်သည့် အတိုက်အခံများလည်း မရှိဘဲ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် “ဝ” တပ်မတော်တို့က ထိန်းထားကြောင်း၊ ပအိုဝ်းတွင်မူ ထိုကဲ့သို့ ကျစ်လျစ်မှု မရှိကြောင်း၊ ထို့ကြောင့် ပအိုဝ်းဒေသ အနေဖြင့် “ဝ” ကဲ့သို့ နိုင်ငံရေး အဆင့်အတန်းမျိုးဖြစ်ရန် မလွယ်ကူသေး ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “နောက်ပြီးတော့ သူ့ဆီမှာက အစိုးရ institution တွေရှိတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာန က အဖွဲ့တွေ၊ ပညာရေးဌာနကအဖွဲ့တွေ အစိုးရက ချပေးထားတဲ့ သူ့ဒေသနဲ့သူ လူမှုရေး အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက သူ့ထဲမှာ ရပ်တည်ခွင့်၊ လှုပ်ရှားခွင့် ပေးထားတယ်။ ကျန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ဘာညာကိုတော့ သူ့နယ်ထဲမှာ သူကိုင်ထားတယ်။ အဲဒီလို ကိုင်ထားပြီးတော့မှ အစိုးရနဲ့လည်း ဆက်ဆံရေး မပျက် အောင်၊ ဗဟိုပေါ့လေ နေပြည်တော်နဲ့လည်း ဆက်ဆံရေး မပျက်အောင်၊ ဆူးညှောင့်ခလုတ် မဖြစ်အောင် သူက နေတတ်၊ ထိုင်တတ်တာကို။ ဆူးညှောင့်ခလုတ် ဖြစ်မယ့်လူကိုလည်း သူ့ထဲမှာ လက်ခံထားတာ မရှိဘူး။ ကျနော်တို့ ဆီမှာက ပအိုဝ်းမှာက ဆူးညှောင့်ခလုတ် ဖြစ်တဲ့ဟာတွေက အသံတွေက ရှိနေတယ်။ တစ်စုတစ်စည်းတည်း မဖြစ် တာ တွေ့ရတယ်။ နောက်ပြီးတော့ အခုရှိနေတဲ့ အစုအဖွဲ့ပေါ့လေ။ ဦးဆောင်ပါတီနဲ့ လက်နက်ကိုင်ကလည်း “ဝ” လောက် ကျစ်လျစ်တာ မဟုတ်ဘူး။ နောက် “ဝ” လောက် ဘဏ္ဍာရေးခိုင်တာ မဟုတ်ဘူး။ အခုအချိန်အထိ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို ရယူနေရတယ် လက်နက်ကိုင်တပ်တွေက။ အဲဒါကြောင့် နိုင်ငံတော် အထောက် အပံ့ကို မယူဘဲနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ အခုအချိန်ထိတော့ အသွင်ပြောင်းထားတဲ့ ပြည်သူ့စစ်တွေအားလုံးက အထောက်အပံ့ ရယူပြီးတော့ ရပ်တည်ရတာ တွေ့ရပါတယ်။ အဲဒါကြောင့် “ဝ”အဆင့်ကို ရောက်ဖို့က ၅၀ ရာခိုင်နှုန်းတော့ မရောက်သေးဘူးလို့ ပြောလို့ရတာပေါ့လေ” ဟု ပြောသည်။

UWSA “ဝ”ခေါင်းဆောင်များကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၅ ခု စုစုပေါင်း (၆) ခု သတ်မှတ်ထားကာ “ဝ” သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် များ၊ ပလောင်သည် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်နှင့် မန်တုံ မြို့နယ်များ၊ ဓနုသည် ရှမ်းပြည်နယ်အတွင်းရှိ ရွာငံ နှင့် ပင်းတယ မြို့နယ်များ၊ ပအိုဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်း မြို့နယ်များ၊ နာဂ သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတို့ကို ရရှိထားကြသည်။
မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၈၀ နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဗမာမဟုတ်သော တိုင်းရင်းသားများအားလုံးကို “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးသင့်သလား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား ထောက်ပြလာကြသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ခွဲပေးရုံဖြင့် မပြီးပြတ်သေး ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
အချို့ လူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေးရန် လိုအပ်သော်လည်း အချို့ကိုမူ ပေးရန်မလိုကြောင်း၊ ထိုသို့ ပေးရာတွင်လည်း အခြေခံဥပဒေအရ လုံးဝ လွှတ်ပေး ထား၍ မရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဆီမှာဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ selfautonomous region သို့မဟုတ် national area ပေါ့နော်။ အဲဒီလို အကောင်အထည် ဖော်ပေးလို့ရတယ်။ ကျနော်တို့က လူမျိုးတိုင်း၊ တချို့တိုင်းကို selfautonomy state သော်လည်းကောင်း၊ region သော်လည်းကောင်း ပေးဖို့လိုတာလည်းရှိသလို တချို့ ကြတော့ ပေးဖို့မလိုဘူး။ national area နဲ့ ကျနော်တို့က ဘာလဲဆိုတော့ သူ့ရဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေ ဖက်ဒရယ် ကျင့်သုံးမယ်ဆိုရင် ပေးမယ်ဆိုရင်လည်း ဒါ ပြေတယ်။ ကျနော်တို့ မြင်တာတော့ အဲဒီလို မြင်တာပေါ့။ အဲဒါကတော့ ရွေးကောက်ပွဲကို ချဉ်းကပ်ပုံစနစ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ချဉ်းကပ်ပုံ စနစ်တွေ၊ နောက်တစ်ခါ သူ့ယဉ်ကျေးမှုကိုသူ အကောင် အထည်ဖော်တဲ့ နေရာမှာ ချဉ်းကပ်ပုံ စနစ်တွေ။ အဲဒီတွေအပေါ်မှာ မူတည်တယ်။ အဲဒီတော့ အားလုံးကို ပေးလို့ ရလား၊ ပေးသင့်လားဆိုတော့ တချို့ ပေးသင့်တယ်။ အခုလက်ရှိ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ခုအပြင် အထူးဒေသ တွေ ရှိမယ်။ နောက်ထပ် အထူးဒေသတွေ ပေးမယ်ဆိုရင် ပေးလို့ရတာပေါ့။ ကျနော် ပြောလိုတာက။ ဒါပေမယ့် အဲဒီဟာက ဥပဒေအရ တချို့တွေကိုတော့ binding တော့ လုပ်ထားရမယ်။ ဥပဒေအရ ကျနော်တို့က လုံးဝကြီး လွှတ်ပေးလို့တော့ မရဘူး” ဟု ပြောသည်။

ပအိုဝ်း PNO ရဲဘော်များကို တွေ့ရစဉ်
၁၉၅၈ ခုနှစ် မတိုင်ခင်က ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် သီးခြားပြည်နယ် အဆင့်အတန်း ရရှိထားကြပြီး ပြည်နယ်အစိုးရအဖွဲ့များအား သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာအချို့ကို ကိုယ်တိုင်ကျင့်သုံးခွင့် ရှိခဲ့သည်။
ထိုခေတ်က လွှတ်တော်နှစ်ရပ် စနစ်ကို ကျင့်သုံးခြင်းဖြစ်ကာ ဗမာမဟုတ်သော တိုင်းရင်းသားများ အတွက် လူမျိုးစု လွှတ်တော်ဆို၍ရှိခဲ့ပြီး ထိုလွှတ်တော်၌ ဗမာမဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များသည် လူဦးရေ အချိုးအစားအလိုက် မဟုတ်ဘဲ ပြည်နယ်အလိုက် သတ်မှတ်ထားသည့် အခွင့်အရေးများအရ နေရာ ရရှိကြခြင်းဖြစ်ကာ ဗမာလူမျိုးစုနှင့် တန်းတူနီးပါး အာဏာချိန်ခွင်လျှာ ညှိနှိုင်းခွင့် ရခဲ့ကြကြောင်း သိရသည်။
၁၉၅၈ ခုနှစ်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုထဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ခွဲထွက်ခွင့် ပါရှိသည့် အဆင့်မြင့် နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ထားသည့် ကာလလည်း ဖြစ်ခဲ့သည်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် “ဝ”ကဲ့သို့ အဆင့်အတန်းမျိုး သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုး ပေးရန် တောင်းဆိုနေကြသလို ရရှိရေးအတွက်လည်း လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 257
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့မှ အရာရှိငယ် ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ထံ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၅ ရက်က အလင်းဝင်လာခဲ့ကြောင်း သိရသည်။
SNA တပ်မဟာ ၈၉၁ ၏ အမှတ် ၂ တပ်ရင်း၊ ရှေ့တန်းစခန်း တစ်နေရာသို့ KIA-PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်စိတ်မှူး တစ်ဦးနှင့် ဒုတပ်စိတ်မှူး တစ်ဦးတို့သည် UWSA "ဝ" လုပ် M-22 သေနတ် (၂) လက်၊ ကျည်ဘောက်(၅) ခု၊ ၎င်း ကျည် အတောင့် (၂၀၀) ကျော်၊ အီကွတ်မင့် (၂) စုံနှင့် ဆက်စပ်ပစ္စည်းများဖြင့် အလင်းဝင်ခဲ့ခြင်း ဖြစ်သည်။
KIA-PDF ၏ အဓမ္မ စစ်သား စုဆောင်းခံရခြင်းကြောင့် တော်လှန်ရေးအဖွဲ့ထဲ ရောက်ရှိခဲ့ကြောင်း၊ အထက်လူကြီး များ၏ အနိုင်ကျင့်သည့် လုပ်ရပ်များအား မနှစ်သက်သည့်အတွက် SNA ထံ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း အလင်းဝင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ ရောက်ကတည်းက သင်တန်းပြီးတာနဲ့ ရှေ့တန်းပို့ထားတယ်။ ကျနော်တို့ကို အရှေ့မှာ အသေ ခံပြီး တိုက်ခိုင်းတယ်။ သူတို့က နောက်ကနေပဲ အမိန့်ပေးနေတယ်။ ကျနော်တို့ အိမ်ခဏ ပြန်ချင်တယ်လို့ ခွင့် တောင်းတာလည်း တစ်ခါမှ ပေးမပြန်ဘူး။ ပြီးတော့ လူထုတွေဆီမှာ မတရားသဖြင့် အခွန်ကောက် ထားတာတွေ ရှိတယ်။ အဲ့ငွေတွေကိုလည်း သူတို့ (KIA လူကြီးတွေ) ကိုယ်ကျိုးအတွက်ပဲ သုံးနေကြတယ်။ ဒါတွေကို မကြိုက် တော့လို့ SNA ဆီကို အလင်းဝင်ခဲ့တာပါ”ဟု ပြောသည်။
လက်ရှိတွင် အလင်းဝင်ရောက်လာသူ ၂ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း၊ မကြာခင် မိသားစု ထံ ပြန်လည် အပ်နှံပေးသွားမည်ဟု SNA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ လှုပ်ရှားလျက် ရှိပြီး SNA ထိန်းချုပ်-လှုပ်ရှား နယ်မြေများသို့ KIA-PDF များက နယ်မြေသိမ်း တိုက်ပွဲများ ဆင်နွှဲနေခြင်းအပေါ် ခုခံ ကာကွယ်နေကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 400
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်အား လက်ရှိ ကျခံနေရသော ပြစ်ဒဏ်များအားလုံးအား လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက် ကြောင်း သိရသည်။
ဦးဝင်းမြင့်သည် အဂတိလိုက်စားမှု အမှု(၄)မှု အပါအဝင် ပုဒ်မ ၁၃၀ တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ကျခံခဲ့ရသူ ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူများ အပါအဝင် မိသားစုဝင်များဖြင့် နီးစပ်သူများထံမှ သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 404
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်း ဆောင်ရွက် သွားကြရန် သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာ စကား ပြောကြားရာမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးနှင့် နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံ တော် တည်ငြိမ်ရေး၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည် အလွန် အရေးကြီးကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၎င်းက “ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း တစ်စိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ငြိမ်းချမ်းရေး ပန်းတိုင်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။
ထို့နောက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက် ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

အလားတူ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက် အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်းပြည်ပ ပယောဂများနဲ့ အဖျက်အမှောင့်တွေရဲ့ အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ အဖျက်အမှောင့် တွေနဲ့ ဆူပူအကြမ်းဖက်မှုတွေရဲ့ အခြေခံဟာ ဒါပဲဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေသိမ်းပိုက်မှု စစ်ပွဲများအထိ ကျယ်ပြန့်လျှက်ရှိနေသည်။
