- By CNI
- Category: နိုင်ငံရေး
- Hits: 217
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်ရေးနှင့်နိုင်ငံရေး အခြေအနေများကို ချုပ်ငြိမ်းစေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဗဟိုချုပ်ကိုင်ထားမှု လျှော့ချပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ လုပ်ပိုင်ခွင့်များ ပိုပေး ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တောင်းဆို ဆောင်ရွက်နေကြသည်ဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိုင်းရင်းသားများ၏ လုပ်ပိုင်ခွင့်များသည် ထိုက်သင့်သလောက် မရသည့် အနေအထားတွင် ရှိနေခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေရခြင်းဖြစ်ပြီး တည်ငြိမ် အေးချမ်းမှုမရှိဘဲ ဖြစ်နေသည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်မည်ဆိုပါက ဗဟိုအစိုးရအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရပိုင်ခွင့်များကိုပေးပြီး ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ပေးရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဗဟိုအစိုးရအနေနဲ့လည်း ဖြေလျှော့သင့်တာတွေ ဖြေလျှော့ပြီးတော့ ပြည်နယ်တွေကို ရသင့်ရထိုက်တာ တွေ ပေးခဲ့မယ်ဆိုရင်တော့ မကြာခင် အချိန်အတောအတွင်းမှာတော့ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်လိမ့်မယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဘာလို့လဲဆိုတော့ အခု လက်နက်ကိုင် အဖွဲ့အစည်းက သော် လည်းကောင်း၊ နိုင်ငံရေးပါတီက သော်လည်းကောင်း တိုင်းရင်းသား အခွင့်အရေးတွေ မရဘူး။ ပြည်နယ်ရဲ့ လုပ်ပိုင် ခွင့်တွေ နည်းနေတယ်ဆိုတဲ့ ကဏ္ဍလေးတွေ ပြောဆိုနေတယ်၊ တောင်းဆိုနေတယ်။ အဲဒါတွေကို ပြန်လည် သုံး သပ် ပြီးတော့မှ နိုင်ငံတော်က လိုက်လျောပေးခဲ့မယ်ဆိုရင်တော့ ပြည်နယ်တွေလည်း လုပ်ပိုင်ခွင့် အတော်အတန် ရသွားမယ်၊ လုပ်လို့ရမယ်ဆိုရင်တော့ စစ်ပွဲတွေလည်း ငြိမ်းလာမယ်လို့ ကျနော် မြင်တယ်ဗျ။ အခု သမ္မတ မိန့်ခွန်း မှာလည်း ပါပြီးသား ဖြစ်ပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အခါကျတော့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် ဗဟိုအစိုးရက ဗဟိုချုပ်ကိုင်မှု တွေကို တော်တော်များများ ဖြေလျှော့သင့်တယ်လို့ ကျနော် ပြောချင်တယ်”ဟု ပြောသည်။
၂၀၀၈ အခြေခံဥပဒေ ရေးဆွဲစဉ် အချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ တိုင်းရင်းသားများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး နည်းပါးကြောင်း၊ သို့သော် သမ္မတဦးသိန်းစိန် လက်ထက်တွင် ဥပဒေများကို ပြင်ဆင်ပြီး လုပ်ပိုင်ခွင့် များအား တိုးမြှင့်ပေးခဲ့သော်လည်း ထိုက်သင့်သလောက် မရရှိခဲ့သည်ဟု သိရသည်။
ထို့နောက် တိုင်းရင်းသားများ အဓိက လိုလားနေကြသည့် လုပ်ပိုင်ခွင့်၊ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ပို၍ ပေးမည်ဆိုပါက ဖက်ဒရယ်စနစ် ဘက်သို့ သွားသည့် အရွေ့ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကို တွေ့ရစဉ်
၎င်းက “အခုလက်ရှိ ပကတိ အခြေအနေမှာလည်း တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုကို လုပ်ပိုင်ခွင့်တွေ တိုးမြှင့် ပေးမယ်၊ အခြေခံဥပဒေအရ အာဏာခွဲဝေမှုတွေ တိုးမြှင့်ပေးမယ်ဆိုရင်လည်း ဒါလည်း ဖက်ဒရယ်ဘက်ကို ရွေ့ သွားတဲ့ ပြောင်းလဲမှု အရွေ့ဖြစ်တာပဲလေ။ အဲဒီလိုသွားလည်း ရတာပဲလေ။ ဒါကတော့ ပြည်နယ်နဲ့ တိုင်းတွေ အားလုံးကလည်း သဘောတူ လက်ခံကြတာပဲ။ နောက်တစ်ခုက တိုင်းရင်းသား တော်တော်များများလည်း အဲဒီ အနေအထားဆို လက်ခံကြမှာ။ အခုဖြစ်နေတာက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ နယ်မြေတွေ ပိုင်းခြား သတ်မှတ် ထားသော်ငြားလည်း လုပ်ပိုင်ခွင့်တို့၊ အာဏာခွဲဝေမှုတို့က တိုင်းဒေသကြီး၊ ပြည်နယ်မှာ သိပ်မရှိဘူးလေ။ ပြည်နယ်၊ တိုင်းဒေသကြီး တော်တော်များများကလည်း ဗဟိုပဲ အခြေပြုပြီးတော့ အခြေခံပြီးတော့ ဆိုကြတဲ့သဘောမှာ ဖြစ်နေတယ်။ ရှိနှင့်ပြီးသားတွေဟာဆိုရင်လည်း ဥပမာအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်တဲ့ ကိစ္စတို့၊ ကျန်တဲ့ သယံဇာတ ခွဲဝေရေးကိစ္စတို့၊ အခွန်အကောက် ခွဲဝေရေးကိစ္စတို့ အဲဒါတွေလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးကို များများ ပိုပေးလိုက်မယ်ဆိုရင် ဖက်ဒရယ်ဘက် ရွေ့သွားတဲ့ အခြေအနေ ဖြစ်တယ်။ အဲဒီလို သွားလို့ရတာပဲ။ အဲဒီလိုမှ မဟုတ်ရင် အမျိုးသားပြည်နယ်တစ်ခုပဲ ပြန်ပြီးလုပ်ကြ၊ ပြုကြရင် ၂၀၀၈ ပါ ပြန်ဖျက်ပြီး ပြန်ဆွဲရမယ့်သဘော ဖြစ်သွားမယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်သည့် ပုံစံဖြစ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဘတ်ဂျက်များမှ အနည်းငယ်သာရရှိပြီး ဗဟိုလွှမ်းမိုးမှုဖြင့် ရေးဆွဲထားသော ဘတ်ဂျက်များသာ ဖြစ်နေကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးကို စီးပွားရေးနှင့် ပတ်သက်ပြီး လုပ်ပိုင်ခွင့် အပြည့်အဝ ပေးရန်လိုလားလျက်ရှိနေသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို အကန့်အသတ်ဖြင့်သာ ရရှိထားပြီး ဗဟိုချုပ်ကိုင်မှု လွှမ်းမိုးနေဆဲဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 126
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် NCA လက်မှတ် ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့(7 EAO Alliance)တို့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်က နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြသည်။
အစိုးရသစ် ဖွဲ့စည်းပြီးနောက် NSPNC က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ရည်ရွယ်ပြီး ဧပြီ ၂၁ ရက်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ငြိမ်း ချမ်းရေး ဆွေးနွေးနိုင်ဖို့ တရားဝင်ဖိတ်ခေါ်ခြင်းကို မိမိတို့ 7 EA အနေဖြင့် ကြိုဆိုပါကြောင်း 7 EAO Alliance ၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အား ရည်မှန်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ မိမိတို့ 7 EA အနေနဲ့ သဘော ထား ရှိပါကြောင်း ပြောကြားလိုပါတယ်”ဟု ပြောသည်။

ထို့နောက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးဆိုင် ရာ အစီအစဉ်များ သဘောထားများကို အပြန်အလှန် ရှင်းလင်း ဆွေးနွေးကြမှာဖြစ်၍ ရှေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ များစွာအထောက်အပံ့ ဖြစ်စေပါလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု ဆွေးနွေးပွဲမှာ ကောင်းမွန် သည့် ရလဒ်များ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆွေးနွေးကြပါရန် ပြောကြားလိုကြောင်း ၎င်းက ပြောသည်။
အလွတ်သဘော ဆွေးနွေးပွဲသို့ RCSS၊ NMSP၊ ALP၊ PNLO၊ LDU၊ DKBA၊ KNU/KNLA-PC တို့ တက်ရောက်ခဲ့ပြီး ABSDF ဒုဥက္ကဋ္ဌဟောင်း ရဲဘော်မျိုးဝင်းလည်း တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 229
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပေါ်တွင် မည်ကဲ့သို့ စိတ်ဝင်စားမှုများ ရှိနေသလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။
အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိပြီး အိန္ဒိယ၏ ရည်မှန်းချက်သည် အရှေ့မြောက်နယ်စပ် လုံခြုံရေးနှင့် တရုတ်ကို တန်ပြန်ရေးဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အရှေ့မြောက်ပြည်နယ် ၇ ခုအား မြန်မာနိုင်ငံ ကုလားတန်မြစ်မှ ဖောက်ထွက်မည် ဆိုသည့် စဥ်စားချက်မျိုး အဓိကရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၄င်းက “အိန္ဒိယက အဲဒီလမ်းကြောင်းအပေါ်မှာ စိတ်ဝင်စားပုံက ကျနော်တို့ တရုတ်က သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ကူမင်း-ကျောက်ဖြူ ဒါမှမဟုတ်ရင်လည်း မူဆယ်-ကျောက်ဖြူပေါ့လေ။ မြန်မာနိုင်ငံနဲ့က မူဆယ်-ကျောက်ဖြူ ရထားလမ်း၊ ကားလမ်း စိတ်ဝင်စားမှုနဲ့ နည်းနည်းဆင်တယ်။ ဒါပေမယ့် အိန္ဒိယအနေနဲ့ကတော့ သူ့ရဲ့ တစ်ပြည်လုံးက လိုအပ်တာက အိန္ဒိယနိုင်ငံရဲ့ ထွက်ပေါက်ကို တစ်ပြည်လုံးက လိုအပ်တာမျိုး မဟုတ်ဘူး။ သူ့ရဲ့ အရှေ့မြောက်ပြည်နယ် ၇ ခုပေါ့နော်၊ အရှေ့မြောက်ဒေသပေါ့။ အရှေ့မြောက်ဒေသကနေပြီးတော့ ကျနော်တို့ ဒီ ဆီလီဂူရီလို့ခေါ်တဲ့ သူ့နိုင်ငံအတွင်းက ကျဉ်းမြောင်းတဲ့ လမ်းကြောင်းလေးကို အားကိုးနေရတဲ့ဟာကို သူက ကျော်ဖြတ်ချင်တာ။ အဲဒီ လမ်းကြောင်းလေးက သွားလို့ရှိရင် လမ်းကြောင်းက ရေရှည် စစ်ရေးတွေ ဘာတွေ အခက်အခဲ ကြုံလာလို့ ရှိရင်လည်း ပြဿာနာဖြစ်နိုင်တယ်ပေါ့ဗျာ။ လမ်းကြောင်းလေးက ကျဉ်းပြီးတော့ ဘေးမှာ က ဘင်္ဂလားဒေ့ရှ်တို့ ဘာတို့ကြား သူနဲ့အဆင်မပြေတဲ့ နိုင်ငံတွေလည်းရှိနေတဲ့ အခါကျတော့ တရုတ်တို့ ဘာတို့နဲ့ လည်း နီးတဲ့အခါကျတေ့ာ အဲဒီလမ်းကြောင်းကို အားကိုးနေရတာကို သိပ်ပြီးတော့ စိတ်မလုံဘူးပေါ့။ မြန်မာနိုင်ငံ ကုလားတန်မြစ်ကနေ ဖောက်ထွက်မယ်ဆိုတဲ့ စဉ်းစားချက်မျိုး၊ နောက်တစ်ခုက ကာလကတ္တား ကနေပြီးတော့ အဲဒီကို သွားလို့ရှိရင် ကီလိုမီတာ တစ်ထောင်လောက် ပိုပြီးတော့ နီးတယ်ဆိုတဲ့ သဘောပေါ့နော်။ ကုန်ကျစရိတ် လည်း သက်သာတယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ပြောချင်တာက အိန္ဒိယအနေနဲ့က အဲဒီ လမ်းကို ဖောက်ဖို့အတွက် သဘောတူညီချက် ရနေတာက ၂၀၀၈ ကတည်းက ကြာပြီ။ ဒီကြားထဲမှာ အဆင်မပြေ မှုတွေကြောင့် အမျိုးမျိုးကြောင့် သူရပ်လိုက် လုပ်လိုက် အဲဒီလိုဖြစ်နေတာ။ ဆိုတော့ သူကတော့ အဲဒါကို သူ့ကို အကုန်အကျခံပြီးတော့ လုပ်ပါမယ်ဆိုတာကို စာချုပ်တွေ ဘာတွေချုပ်ထားပြီးသား။ မြန်မာနိုင်ငံအတွက်ပဲ ကြည့် မယ်ဆိုရင် မြန်မာအစိုးရ အနေနဲ့ကတော့ အဲဒီ ဒေသဖွံ့ဖြိုးမှုနဲ့ အဲဒီဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး က သိပ်ပြီးတော့ အရေးမပါဘူးလို့ ဖြစ်နေတာပေါ့ အိန္ဒိယနိုင်ငံ အတွက်ပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ ရခိုင် ပြည်နယ်မြောက်ဘက်ကို ချင်းပြည်နယ်ကနေပြီးတော့ အိန္ဒိယထဲကို ဝင်သွားမှာကို။ အဲဒီလိုဖြစ်တော့ အိန္ဒိယ အတွက်က အရေးကြီးလို့ပေါ့နော် သူ့အတွက်တော့ အရေးပါတာ။ ဒီလမ်းကို လုပ်ပိုင်ခွင့်ရပြီးတော့ ဒီလမ်းကို အသုံးပြုနိုင်တယ်ဆိုရင် အရှေ့မြောက် ဒေသကိုလည်း ဆက်သွယ်ရ၊ သွားလာရတာ လွယ်ကူမယ်ပေါ့နော် အဲလိုသူက မှတ်ထားလို့” ဟု ပြောသည်။

ကုလားတန်မြစ် ဘက်စုံစီမံကိန်းကို အိန္ဒိယသံအမတ်ကြီး လေ့လာစဉ်
ကုလားတန်မြစ် ဘက်စုံစီမံကိန်းသည် မြန်မာနိုင်ငံရှိ စစ်တွေ ဆိပ်ကမ်းမှတဆင့် အိန္ဒိယ အရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ်၊ ကာလကတ္တားနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ပြီး ပင်လယ်၊ မြစ်၊ ကုန်းလမ်းများ ပေါင်းစပ်ထား သည့် စီမံကိန်းတစ်ခုဖြစ်သည်။
အဆိုပါ စီမံကိန်းသည် အိန္ဒိယ၏ အရှေ့မျှော်ဝါဒ၏ အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းနှင့် အိန္ဒိယတို့အား ဆက်သွယ်၍ ကုန်သွယ်နေသည့် Siliguri စင်္ကြံကို ကျော်ဖြတ်ကာ အရှေ့မြောက်ဘက်သို့ ကုန်စည်ပို့ဆောင်ရန် အခြားလမ်းကြောင်းတစ်ခုအား စဥ်းစားနေခြင်းဖြစ်သည်ဟု သိရ သည်။
လက်ရှိ အချိန်တွင် အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အကောင်အထည်ဖော်မည့် နေရာများသည် AA ၏ ထိန်းချုပ်နယ်မြေများ ဖြစ်သည့်အတွက် မြန်မာ့တပ်မတော်နှင့် AA တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ ရှိလာ နိုင်ကြောင်း၊ အစိုးရအနေဖြင့် AA ကိုလည်း “ဝ” ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးနိုင်သည့် အနေ အထားမျိုး ရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေး ဆွေးနွေးပွဲမှာ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့ လက်တွေ့ အခြေအနေတွေမှာ ကိုယ်က တပ်မတော်က စိုးမိုးထားနိုင် တာ မရှိဘဲနဲ့ သွားပြီးတော့ သဘောတူညီချက် ရယူတာ။ သူတို့ကို လာပြီးတော့ ဆက်လုပ်ပါ ဆိုပြီးတော့ ရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်တာကို ကြည့်တော့ တိုင်းရင်းသား အရေးကိစ္စတွေကို AA တို့၊ TNLAတို့၊ MNDAA တို့နဲ့ ပတ် သက်တဲ့ ကိစ္စတွေကို သူတို့ နောင်မှာ ညှိနှိုင်းပြီးတော့ အဆင်ပြအောင် လုပ်မယ်ဆိုတဲ့ သဘောရှိတယ်လို့ သုံးသပ် တယ်။ ဆိုလိုချင်တာက အပြုတ်တိုက်ပြီးတော့ အပြတ်တိုက်ပြီးတော့ နဂိုအတိုင်း လုံးဝထိန်းချုပ်ခွင့်ရအောင် ကြိုး စားမယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘူးလို့ ထင်တယ်။ ဘာကြောင့်တုန်းဆိုတော့ ဒီဒေသတွေမှာ အခုဆိုပဲ အလုပ်လုပ် မယ်ဆိုရင် ဟိုဘက်အဖွဲ့နဲ့ ဆက်ဆံပြီးတဲ့ အခါကျတော့ ညှိနှိုင်းပြီးလုပ်ရမှာ။ လုပ်တဲ့အခါမှာ ညှိနှိုင်းပြီးတော့ လုပ် တယ်၊ အဆင်ပြေတယ်ဆို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဘက်ကကျတော့လည်း သူက ကြိုဆိုပါတယ်၊ စောင့်ရှောက်မယ် လုံခြုံရေး အာမခံချက် ပေးမယ်လို့ ပြောထားတာရှိတယ်။ အဲဒီလို ပြောထားတဲ့ အတွက်ကြောင့်မို့လို့ အပေးအယူ ကတော့ ရှိမှာပဲလေ။ ဒါတွေ သူတို့ စောင့်ရှောက် ပေးတဲ့အတွက် သူတို့အတွက် အဖိုးအခတွေကတော့ သူတို့ပြန် ပြီးတော့ တောင်းယူမှာပေါ့နော်။ အဖိုးအခတွေ တောင်းယူမယ့် အထဲမှာ လက်နက်ခဲယမ်း မီးခြောက် ဘာညာစတဲ့ ကိစ္စတွေလည်း ပါမှာပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ဒီဒေသတွေကို နောင်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ပေးတဲ့ နေရာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာက ကျနော်တို့ မြန်မာနိုင်ငံက နမူနာ ပေးထားတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ "ဝ"ပြည်နယ်ပေါ့လေ။ ကျနော်ကတော့ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းလို့ပဲ အခြေခံဥပဒေ ပေးထားတယ်။ ဒါပေမယ့် သူတို့က "ဝ" ပြည်နယ်လို့ သူတို့ ကိုယ်သူတို့ သတ်မှတ်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရတယ်လို့ သူတို့ကို သူတို့ မြင်တယ်။ အဲဒီတော့ AA တို့ဘာတို့ ကလည်း သူတို့ကိုယ်တိုင် ထုတ်ပြောထားတာရှိတယ်။ သူတို့က "ဝ"ပြည်နယ် ရနေတဲ့ အဆင့်အတန်းမျိုးကို လိုချင်တယ်ဆိုတဲ့ဟာမျိုး ပြောထားတာရှိတယ်။ ကျနော်တို့က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက် သတ်ဖြတ် ပြီးတော့ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးပြီးတော့ အလဟဿဖြစ်မယ့် လမ်းကြောင်းကို မလိုက်ဘဲနဲ့ နိုင်ငံရေးအရ အဆင်ပြေမှုကို စစ်မြေပြင်မှာ မရှာဘဲနဲ့ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းပြီး ရှာမယ်ဆိုရင်တော့ ခုနကပြောတဲ့ တရုတ်က လုပ်မယ့် စီမံကိန်းတွေ အိန္ဒိယက လုပ်မယ့်စီမံကိန်းတွေလည်း အောင်မြင် အထမြောက် နိုင်တယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေလည်း ဖြစ်လာနိုင်တာပေါ့နော်” ဟု ပြောသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားထဲတွင် ကုန်သွယ်မှုပိုင်းဆိုင်ရာတွင် အကျိုးအမြတ် ရနိုင်သည့် ကဏ္ဍများ ရှိနေသည့် အတွက် အိန္ဒိယသည် မြန်မာအတွက် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အိန္ဒိယအတွက် အရေးပါသည့် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး မြေရှားသတ္ထု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 212
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် နိုင်ငံရေးပါတီများကြား သဘောတူညီထား သည့် အချက် ၄၃ ချက်တွင် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး တိကျသော သဘောတူညီမှု မရှိသေးကြောင်း သိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အချက် ၄၃ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။
သဘောတူညီထားသည့် အချက် ၄၃ ချက်သည် အရေးပါသော အချက်များ မပါသေးကြောင်း၊ ပုဒ်မ ၂၆၁ ပြင်ဆင် ရေး တိကျသော သဘောတူညီချက် မရရှိခဲ့သေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၄၃ ချက်လို့ပြောပေမယ့် တကယ့် တကယ်တမ်းက တချို့ဟာတွေက ဒီဟာတွေကို နဂိုအတိုင်းပဲထားပါ မယ်လို့ သဘောတူညီလိုက်တာပေါ့နော်။ ပြင်ခါမှ ပိုဆိုးနေတဲ့သဘော ဖြစ်တဲ့အခါကြတော့ ကဲကဲ မပြင်ဖြစ်ရင်လည်း ဒီတိုင်းပဲထားပါအုံး ဆိုပြီးတော့မှဖြစ်တယ်။ အဲဒီလိုမျိုးဟာကိုလည်း သူက တစ်ချက် အနေနဲ့ထားထားတော့ တချို့ ဟို ၄၃ ချက်လို့သာ ကျနော်တို့က ပြောနေရတာ တကယ့် တကယ်တမ်း ဒီပြင်လိုက်ပါတယ်ဆိုတဲ့ ဟာကြီး က ၄၃ ချက် ဖြစ်မနေဘူး။ ပြီးရင် တချို့ဟာလေးတွေက နည်းနည်း စကားလုံးလေးတွေ ဘာလေးတွေပေါ့နော်။ အဲဒီလိုမျိုးလေးတွေ လောက်ဆိုတော့ တအားကြီး အရေးကြီးတဲ့ဟာမျိုး ဥပဒေက များများစားစား မရှိသေးပါဘူး။ တကယ်ကို အရေးကြီးပါတယ်လို့ ဟိုဟာမှာ ဆွေးနွေးထားတဲ့ဟာက ပုဒ်မ ၂၆၁ ပြင်ဖို့ပေါ့နော်။ ပြီးရင် ၂၆၁ နဲ့ ဆက်စပ်တဲ့ ပုဒ်မတွေ အကုန်လုံးပြင်ဖို့ဆိုပြီး ဆွေးနွေးတာရှိတယ်။ အဲဒါကို ဟိုဘက်ဒီဘက် နှစ်ခုစလုံးက သဘောတူညီပြီးပြီ ဆက်လက်ပြီး ဆွေးနွေးရမယ့် ဆက်စပ် ပုဒ်မတွေကို ဆွေးနွေးပြီးတော့မှ အကုန်လုံးကို ပြင် ဆင်သွားမယ်ဆိုတဲ့ဟာ သဘောတူညီထားတယ်။ သို့ပေမယ့် အကုန်ပြီးအောင် မဆွေးနွေးရသေးဘူး။ အဲဒီ အတွက်ကြောင့်မို့လို့ အဲဒီဟာကကျတော့ ၄၃ ချက်ထဲ ပါမလာဘူး။ အမှန်တကယ်က အဲဒီဟာက တော်တော် အရေးကြီးတဲ့ဟာပေါ့နော်။ ၄၃ ချက်ထဲနဲ့ မလုံလောက်ဘူး။ ခေတ်၊ စနစ်နဲ့ လျော်ညီအောင် ပြင်ရမယ့် ကိစ္စရော၊ အုပ်ချုပ်တဲ့ပုံသဏ္ဍန်မှာ စမ်းသပ်ပြီးသားတော့ ဖြစ်ထားပြီပေါ့။ အဓိက,ကတော့ ကျနော်တို့ လုပ်ဆောင်နေရင်း တန်းလှန်းနဲ့ အမြဲတန်း ခေတ်၊ စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် အမြဲတမ်း ဖြစ်နေဖို့ပဲလိုတာပေါ့”ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားမယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ် ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ က ပြောဆိုခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ် အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင် မှုများဆောင် ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူညီချက် ၄၃ ချက်ရရှိထားသော်လည်း နိုင်ငံတော်သမ္မတထံ NSPNC က တင်ပြထားပြီလား မတင်ပြရသေးဘူးလား မသိရသေးကြောင်း၊ သုံးပွင့်ဆိုင် အတည်ပြုရေးကိစ္စမှာ လည်း မသိရသေးကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကျင်းပနေစဉ်
၎င်းက “နိုင်ငံတော်သမ္မတကြီးဘက်က ပြောထားတဲ့ ဥစ္စာရှိတယ်။ ဒီ ၄၃ ချက်၊ နောက် ငြိမ်းချမ်းရေးညီလာခံ တွေက သဘောတူထားချက်တွေ အဲဒါတွေကိုပေါင်းပြီးမှ လွှတ်တော်တင်မယ်၊ အခြေခံဥပဒေကို ပြင်မယ်နော် ဖက်ဒရယ်ဒီမိုကရေစီကိုသွားမယ်။ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ကိုပေးမယ်။ အဲဒါမျိုး သူပြောထားတာရှိ တယ်။ အဲဒီတော့ ၄၃ ချက်ဟာ လာမယ့် ကာလမှာ ပါလာမယ်။ ၄၃ ချက်ရယ် အဲဒါတွေအားလုံးကို ပေါင်းပြီးမှ အခြေခံဥပဒေမှာ ပြင်မယ်လို့ ဒီလိုပဲနားလည်တယ်။ အဲဒီတော့ ၄၃ ချက်က ပြင်ဖို့လိုအပ်တဲ့ဥစ္စာတွေ အဲဒီတော့ ပြင်ဖို့မလိုသေးတဲ့ ဥစ္စာတွေလည်း အခြေခံဥပဒေမှာ ရှိအုံးမှာပေါ့။ ဒါပေမယ့် ၄၃ ချက်သည် အခုကာလ နိုင်ငံရေး၊ စစ်ရေး အနေအထားအရ ပြင်မှဖြစ်မယ်ဆိုတဲ့ဘက်နဲ့ သွားပြီးတော့ ဆွေးနွေးကြတာပေါ့။ အဲဒီတော့ သဘောတူ ထားတာတော့ ၄၃ ချက် ရထားပြီးပြီ၊ နောက် ၁၀ ချက်ကျော်လောက် ကျန်တယ်။ အန်ကယ်တို့က နှစ်ဖက်သဘော တူပြီးတော့ မှတ်တမ်းတင်ထားပြီးပြီ၊ ဒါပေမယ့်လို့ အဲဒါကို လူကြီးဆီကို NSPNC ဘက်က မတင်ပြရသေးဘူးလား၊ တင်ပြဆဲလား၊ သဘောတူညီချက် ရပြီးပြီလား၊ သုံးပွင့်ဆိုင် အတည်ပြုဖို့ မပြုနိုင်သေးလို့လား မပြောတတ်ဘူး။ ၁၄ ချက် ကျော်ကျော်လောက်ရှိတယ်”ဟု ပြောသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတအဖြစ် ရွေးချယ်တင်မြောက် ခံရချိန်က NSPNC နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စု လွှတ်တော် မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကြီးမားသော နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ဥပဒေပုဒ်မ အများစုကို ပြင်ဆင်ရန်အတွက် ပြည်လုံးပြည့် ဆန္ဒခံယူပွဲပြုလုပ်ရန် လိုအပ်ကာ ပြင်ဆင်လိုသည့် ပုဒ်မများ၏ သဘောသဘာဝအပေါ် မူတည်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်နှင့် ပြည်သူလူထု၏ အဆုံးအ ဖြတ် လိုအပ်မှု အဆင့်ဆင့်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 187
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရုတ်နိုင်ငံသားများ ပိုမိုကြီးစိုးလာမှုအပေါ် ဒေသခံလူထု၏ အကျိုးစီးပွားများ မထိခိုက်နိုင်ဘူးဆိုသည့် အာမခံချက်မျိုး အစိုးရမှ ပေးသင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် လုပ် ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံချင်းအကျိုးစီးပွားတူ လုပ်သည်ဆိုပါကလည်း မိမိဘက်မှ မနစ်နာရန်လိုကြောင်း၊ မိမိဘက်မှ နစ်နာသည် ဆိုပါက ရေရှည်၌ ဒို့တာဝန်အရေးသုံးပါးလုံးကို ထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “ကျနော်တို့ ပြည်သူရဲ့စိုးရိမ်ချက်ကတော့ ဒါဟာ ရှိလာတာ ကြာလှပြီ။ မနေ့တစ်နေ့ကမှ ဖြစ်လာ တာ မဟုတ်ဘူး။ သို့သော်လည်းပဲ ၅ နှစ်ကျော် အထူးသဖြင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပိုပြီးတော့မှ ကြီးထွား လာတာတော့ မြင်ရတယ်။ ဒီလိုမျိုး ကြီးထွားလာတဲ့ အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ သက် ဆိုင်ရာ အိမ်နီးနားချင်းနိုင်ငံတွေ၊ ကျနော်တို့ရဲ့ အစိုးရကိုယ်တိုင်က လူထုကို ဒီကိစ္စမှာ ဘာမှ စိတ်ပူစရာမရှိတဲ့ အကြောင်း၊ ကျနော်တို့နိုင်ငံရဲ့ လုံခြုံရေးအကျိုးစီးပွားတင် မကဘူး။ ကျနော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူ့အကျိုးစီးပွားတွေ အားလုံးကို ဘာမှမထိခိုက် နိုင်ဘူးဆိုတာ အာမခံချက် ပေးသင့်ပါတယ်။ ဒါဟာ အဓိက,က ကျနော်တို့ အစိုးရအပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျနော်တို့ အစိုးရက အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကျနော်တို့က အမြဲတမ်း ထိတွေ့ဆက်ဆံနေရတဲ့ အစိုးရဖြစ်တယ်။ ဒီတော့ ကျနော်တို့ အစိုးရအနေနဲ့ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ် ပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ နှစ်ဖက် အကျိုးတူ၊ အကျိုးစီးပွားတူ လုပ်တယ်ဆိုရင် ကိုယ့် ဘက်က မနစ်နာဖို့ လိုပါတယ်။ ဒီလိုမျိုး ကိုယ့်ဘက်က နစ်နာတယ်ဆိုရင် ကိုယ့်အစိုးရကတော့ ယာယီ တည်တံ့ သွားနိုင်တယ်။ ဒါပေမယ့် ရေရှည်မှာတော့ ပြဿနာရှိပါတယ်။ ဒါတင်မကဘူး ကျနော်တို့က အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကြွေးကြော်ထားတဲ့ အခါကြတော့ ဒါကို လာပြီးတော့ ထိခိုက်မယ်၊ ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒါတွေအားလုံးကို လာထိခိုက်လာနိုင်တယ်။ ကျနော်တို့ရဲ့ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်မယ်ဆိုတာ ကျနော်တို့ထက် ဒီအရေးသုံးပါးကို ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ တပ်မတော်နဲ့ အခုလက်ရှိအစိုးရက ပိုသိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၁၀၂၇ စစ်ဆင်ရေးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသအများစုကို ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ အုပ်ချုပ်ရာ တွင် တရုတ်လူမျိုးများ ဝင်ရောက်လာမှုသည် ယခင်ထက် ပိုမိုဆိုးရွာလာခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ၊ ရှမ်းနိုင်ငံရေးသမားများက ထောက်ပြကြသည်။
ထို့ပြင် တရုတ်လူမျိုးများသည် မန္တလေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် အချို့ နေရာဒေသများ၌ စီးပွား ရေးအရ ကျူးကျော်မှု ပိုမိုများပြားလာကာ မြန်မာနိုင်ငံသားများကို အမည်ခံခိုင်းပြီး နောက်ကွယ်မှ ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ စိတ်ကြိုက်ဝင်ရောက် လုပ်ကိုင်လာနေကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ရှမ်းမြောက်ဒေသ အထူးသဖြင့် လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်နှင့် နယ်စပ်မြို့များ၌ တရုတ်နိုင်ငံသားများနှင့် တရုတ် နွယ်ဖွားများသည် ကုန်သွယ်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ရွှေ၊ ကျောက်မျက် လုပ်ငန်းများအပြင် စိုက်ပျိုးရေး ကဏ္ဍများအထိ ငွေအင်အားသုံးပြီး နယ်ပယ်စုံတွင် လက်ဝါးကြီး အုပ်လာကြသည်။
ထို့ပြင် အိမ်ခြံမြေဈေးကွက်၌ အဝယ်အပြိုင် ဖြစ်လာသဖြင့် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ဒေသခံ တိုင်းရင်းသားများအနေဖြင့် ကိုယ့်မြေကိုယ်ခွဲရောင်းကာ မြို့ပြင် သို့မဟုတ် ဝေးလံသည့် ဒေသများသို့ ရွှေ့ပြောင်းသွားရသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ MNDAA ခေါင်းဆောင်တို့က လက်ဝါးကြီးအုပ်နေမှုကို သရုပ်ဖော်ပြထားစဉ်
တရုတ်လူမျိုးများသည် စီးပွားရေး အချက်အခြာကျသည့် နေရာများအား အကုန် ဝင်ယူလိုက်သည့် သဘောမျိုး ဖြစ်နေကာ ရှမ်းလူမျိုးများအနေဖြင့် ခံပြင်းသော်လည်း ပြန်လည်တုံ့ပြန်ရန် အားမရှိသဖြင့် ငုံံ့ခံနေရသည့် သဘော ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူအများစုက လက်ရှိကလည်း ရှမ်းတွေပဲ လူများစု။ သူတို့က ဒီနယ်မြေကို ၁၀၂၇ operation တုန်းက ဒီနယ်မြေကို တိုက်ပြီးရထားတဲ့ အချိန်ကြတော့ သူတို့က လက်နက်ကိုင်အဖွဲ့လေ။ တကယ်တမ်း လူဦးရေကြတော့ ဒီလောက်မများဘူး။ ဒါပေမယ့် အခုတော့ ကြားရတာကတော့ တရုတ်ပြည်က တရုတ်လူမျိုးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို အဲဒီမှာ မြေတွေလည်း မရောင်းချင်လည်း အတင်း လိုက်ဝယ်၊ သူတို့ စီးပွားရေး အချက်အခြာ ကျတဲ့ နေရာတွေ အကုန် ဝင်ယူလိုက်တဲ့ သဘောမျိုးပေါ့။ ဒေသခံတွေကြတော့ တကယ့် အရေးပါတဲ့ စီးပွားရေး လုပ်ငန်းဆိုရင်လည်း ဘာမှလုပ်ခွင့် မရှိဘဲနဲ့ သူတို့ပဲ လက်ဝါးကြီး အုပ်ထားတဲ့ပုံစံမျိုးပေါ့။ စိုးရိမ်ရတာပေါ့။ စီးပွား ရေးလည်း သူတို့က လက်ဝါးကြီး အုပ်ထားတယ်။ နောက် ထုံးတမ်းစဉ်လာတွေရော။ ယဉ်ကျေးမှုက အစပေါ့။ သူ က ရှင်းရှင်းပြောရရင် အဖွဲ့ကျကျနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့က အားလုံးကို စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နောက်ပြီးတော့မှ ထုံးတမ်းစဉ်လာပေါ့။ အားလုံးကို သူတို့က လွှမ်းမိုးအောင်လုပ်နေတာ။ အဲဒါကြီးက အင်မတန် ရုပ်ဆိုးတယ်။ ရှမ်းလူမျိုးကတော့ တကယ်တမ်း ပြောမယ်ဆိုရင် ပြန်လည်သူတို့ကို တုံ့ပြန်ဖို့ အားမရှိတဲ့ အတွက် ကြောင့်မို့လို့ ငုံ့ခံနေရတဲ့ သဘောမျိုးပေါ့။ ဘယ်သူမဆို တော်တော်တော့ ခံပြင်းနေကြတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်လူမျိုးနှင့် တရုတ်ဩဇာ ကြီးစိုးလာမှုသည် ရိုးရိုးရှင်းရှင်း ရွှေ့ပြောင်း အခြေ ချမှုမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးရေး အားနည်းချက်ကို အခွင့်ကောင်း ယူကာ စီးပွားရေးအရသာမက လူဦးရေအရပါ ဝါးမြိုလာသော အန္တရာယ်ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ယူဆကြသည်။
ထိုအခြေအနေကို စနစ်တကျ ထိန်းချုပ်နိုင်မည့် အမျိုးသားရေးမူဝါဒနှင့် ခိုင်မာသည့် အုပ်ချုပ်ရေးယန္တရား မရှိပါက ရေရှည်တွင် ရှမ်းမြောက်ဒေသသည် မြန်မာ့မြေပုံပေါ်မှာ ရှိနေသော်လည်း လက်တွေ့တွင် တရုတ်နိုင်ငံ၏ သြဇာခံ နယ်မြေတစ်ခုအဖြစ် လုံးဝပြောင်းလဲသွားနိုင်သည့် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 108
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
မြန်မာနိုင်ငံကို ငြိမ်းချမ်းသော နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို(Sugiono)က မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြား လိုက်သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက် အခဲများကို နားလည်သိရှိပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော ရွေးကောက်ခံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသော နိုင်ငံတော်အဖြစ် ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝ ယုံကြည်မှုရှိသည့် အခြေအနေ၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏ အစိတ်အပိုင်းအဖြစ်၊ အင်ဒိုနီးရှားနိုင်ငံ၏ မိတ်ဆွေအဖြစ် အမြဲမှတ်ယူထားရှိပြီး မြန်မာနိုင်ငံကို အောင်မြင်သော၊ ငြိမ်းချမ်းသော နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ သည်။

ထို့နောက် အာဆီယံဘုံသဘော တူညီချက်(၅) ရပ်အပေါ် မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေး လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းအကြား အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာ-အာဆီယံအကြား ပိုမို တောင့်တင်းခိုင်မာသည့် ဆက်ဆံမှုများ ပြန်လည်တိုးတက် လာစေရေး စသည့် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီစနစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး နိုင်ငံရေးစနစ်ဖြစ်သော်လည်း ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ မိမိတို့ နိုင်ငံများရှိ ကိုယ်ပိုင်စရိုက်လက္ခဏာများ၊ ယုံကြည်မှု၊ ကိုးကွယ်ရာနှင့် ယဉ် ကျေးမှု တန်ဖိုးများ အပေါ် အခြေခံ၍ မိမိတို့ နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မိမိကိုယ်ပိုင်ဟန်ဖြင့် ကျင့် သုံး ဆောင်ရွက်သင့်သည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံ၏အနာဂတ် ကောင်းကျိုးများကို ဆောင် ရွက်ပေးနိုင်မည့် အာမခံချက်ရှိသည့် အစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆက်လက် ဆွေးနွေးကြကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 415
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် စစ်ရေးပဋိပက္ခများအတွင်း တိုက်ပွဲရှောင် ပြည်သူလူထုများအတွက် လွှတ်တော်ထဲ၌ ထိုကိစ္စရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်သွားကြမလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများက မေးခွန်းထုတ်နေကြသည်။
လက်ရှိတွင် အနယ်နယ်အရပ်ရပ်မှ တိုက်ပွဲရှောင်ပြည်သူများအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍပေါင်းစုံ၌ ထောက်ပံ့ကူညီရန် လိုအပ်နေကြောင်း နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာ လိုအပ်သည့် ကဏ္ဍများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် လက်ရှိအချိန်တွင်လည်း တိုက်ပွဲရှောင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး အတွက်လည်း မိမိကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နေခြင်းမျိုး ရှိသည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲရှောင်များအားတွေ့ရစဉ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက “ကျနော်တို့ကတော့ အချက်သုံးချက်ပေါ့။ နံပါတ်တစ်ကတော့ စစ်ဘေးရှောင်တွေ ပြည်သူတွေရဲ့ နေထိုင်ရေး ဒါတွေကို သင့်တော်တဲ့ ဟာတွေဖြစ်ဖို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို ကျနော်တို့လူမှု၀န်ထမ်းတွေနဲ့ ပေါင်းစပ်ရပါတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်လာတဲ့အခါမှာ ကလေးတွေ ကျောင်းနေအရွယ် ကလေးတွေ ကျောင်းနေနိုင်ဖို့ ဒါကတော့ ပညာရေး၀န်ကြီးဌာနနဲ့ ပေါင်းစပ်ရပါတယ်။ ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက် ပေးတဲ့အခါမှာလည်း ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ကတော့ သက်ဆိုင်ရာ၀န်ကြီး ဌာနတွေနဲ့ ပေါင်းစပ်ပြီးတော့ ကျနော်တို့ ဆောင်ရွက်ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်ပေါ့။ ဒါကတော့ ကိုယ့်ရဲ့ဒေသနဲ့ဆိုင်သွားတာပေါ့နော်။ ကျနော်တို့ ကိုယ့်ရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေရဲ့ ဘ၀အခက်အခဲဟာကျနော်တို့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာ၀န်ဖြစ်ပါတယ်။ ကျနော်တို့ဒေသမှာလည်း ဒီလိုမျိုးရှိတယ်ဆိုရင် ကျနော်ကတော့ အခုဆိုရင် ပညာရေးဆိုလည်း စစ်ဘေးရှောင်အနေနဲ့ ပြောင်းလာတယ်။ ကျောင်းအပ်ဖို့အခက်အခဲရှိရင် မြို့နယ်ပညာရေးမှူးနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်တဲ့ TC (Transfer Certificate) ထွက်တာတွေ ဘာတွေညာတွေ ကျနော်ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ ထိုနည်းတူစွာပဲ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင်လည်း ပြည်သူ့ကျန်မာရေးနဲ့ပူးပေါင်းပြီးတော့မှ အခမဲ့ FOC လို့ခေါ်တာပေါ့။ FOC စနစ်တွေနဲ့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ ဒါကတော့ ဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းနဲ့တာ၀န်အပေါ်ပဲ မူတည်ပြီးတော့ ကျနော်တို့ စစ်ဘေးရှောင်တွေကို ဘယ်လောက်ထိ စောင့်ရှောက်နိုင်လဲ၊ ကာကွယ်နိုင်လဲ အပေါ်ပဲ မူတည်ပါတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲက ပြေလည် နိုင်လိမ့်မယ်။ မလုပ်နိုင်တော့ မလုပ်နိုင်သလောက်တော့ ခက်ခဲနေမှာပဲ။ ဒါကတော့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ချင်းစီရဲ့ အရည်အချင်းအပေါ်မှာတော့ မူတည်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်နေသည့် ကလေးများအတွက် ပညာရေး နှောင့်နှေးမှု များစွာရှိနေကြောင်း၊ လက်ရှိအချိန်တွင် တိုက်ပွဲမှ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင် ပြည်သူများ၏ ကလေးများကို ကျောင်းအပ်နှံခွင့်များ ခေတ္တရပ်ဆိုင်းထားသည်ဟု ဒေသခံ ပြည်သူများထံမှ သိရသည်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခကြားထဲတွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည့် တိုက်ပွဲရှောင်ပြည်သူများ၏ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေခြင်း သာမကပဲ ၎င်းတို့၏ ရပ်တည်နေထိုင်နိုင်ရေးအတွက်ကိုလည်း စဥ်းစားစေချင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်အမတ်များအား တွေ့ရစဉ်
၎င်းက “စစ်ဘေးရှောင်တွေအတွက်ကတော့ များသောအားဖြင့်ကတော့ ကျနော်တို့ နယ်တွေကနေ လာတဲ့ဟိုဟာတွေမှာ တတ်နိုင်တဲ့လူတွေပေါ့လေ ထိုက်သင့်အားလျော်စွာ တတ်နိုင်တဲ့သူတွေကတော့ ရန်ကုန်တို့ မန္တလေးတို့၊ နေပြည်တော်တို့ ပြီးရင် သူတို့ဒေသဆိုင်ရာမြို့ကြီးတွေပေါ့။ ဥပမာ ချင်းဆို ဟားခါးမှာ တော်တော်များနေပြီပေါ့နော်။ အဲဒီလိုမျိုးတွေမှာ လာရောက်နေထိုင်တယ် တက်နိုင်တဲ့သူတွေက အိမ်၀ယ်တယ်။ ဒါမျိုးနဲ့ နေလိုက်ကြတာမျိုးရှိတာပေါ့။ တတ်နိုင်တဲ့လူတွေအတွက်ကို ခဏထားအုံးပေါ့ မတတ်နိုင်တဲ့ သူတွေ တကယ့်ကို မသက်သာဘဲနဲ့ ပြေးလာရပြီးတော့ တော်တော်ဒုက္ခရောက်တဲ့သူတွေ Camp ထဲက သူတွေကို ကျနော်တို့က ပထမဦးစားပေး ပြန်စဉ်းစားရမှာပေါ့။ ဒီလူတွေကို Camp ထဲမှာ ဒီတိုင်းထားပြီး စားနပ်ရိက္ခာလေးပေးနေရုံနဲ့ အဆင်မပြေဘူးလေနော်။ သူတို့ရဲ့ လူတစ်ဦးမှာရှိရမယ့် ဟာတွေ အကုန်လုံး ပြည့်စုံအောင် ဘယ်လိုလုပ်မလဲပေါ့နော်။ စား၀တ်နေရေးအပါအ၀င် ကျန်းမာရေး၊ ကလေးတွေ ပညာရေး ဒါတွေအကုန်လုံး ထည့်တွက်ပြီးတော့မှ လောလောဆယ် မပြန်နိုင်သေးဘူးဆို ဒီ Camp တွေကို လူကယ်ပြန်အနေနဲ့သော်လည်းကောင်း၊ ဘယ်ဌာနကတော့ ဘယ်ဌာနတွေ အကုန် ပေါင်းစပ်ပြီး သွားရမှာ။ ပညာရေးဆိုလည်း ပညာရေးနဲ့ ပေါင်းစပ်ပြီးသွားရမှာ။ ကျန်းမားရေးဆိုလည်း ကျန်းမာရေးနဲ့ ပေါင်းစပ်ပြီးသွားပြီးတော့မှ ဒီဟာတွေ နောက်မကျသွားအောင် ကျနော်တို့ ဘာလုပ်ပေးလို့ရသလဲ ဆိုတဲ့ဟာတွေ ဒါမျိုးတော့ စဉ်းစားလို့ရတယ်ပေါ့နော်။ လတ်တလော သူတို့ရဲ့ နေအိမ်ကို မပြန်နိုင် သေးဘူးဆိုရင် ဒါမျိူး သွားလို့ရတယ် သွားရမှာပေါ့နော် ဒါမျိုးလုပ်ပေးရမှာဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက Camp ထဲမှာ ဒီအတိုင်းပဲ ထား နေရုံနဲ့တင် မကဘဲနဲ့ သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရပ်တည်နေထိုင်ရေး နေရာအသစ်မှာ ဘယ်လိုပုံစံမျိုးလုပ်ပေးမလဲဆိုတဲ့ဟာနဲ့ အစိုးရတစ်ရပ်အနေနဲ့တော့ စဉ်းစားပေးဖို့တော့ကောင်းတယ်ပေါ့။ သို့ပေမယ့် မြန်မာပြည်မှာက လုပ်စရာတွေက အားလုံးက အရေးကြီးတာကြီးပဲ။ အားလုံးသည် အကုန်လုံး အရေးကြီးတဲ့ကိစ္စတွေမှာ ပါနေတဲ့အခါကျတော့ ဘယ်ဟာဦးစားပေးလုပ်မလဲ။ ဘယ်ဟာ အဓိကလဲဆိုတာတော့ အစိုးရလုပ်နေ သူများက စဉ်းစားပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ပထမဦးစားပေး၊ ဒုတိယဦးစားပေးအနေနဲ့ သတ်မှတ်ပြီးတော့မှ လုပ်ကြရမှာပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။
ထို့နောက် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခကြားထဲတွင် ပြည်သူလူထု အနေဖြင့် အိုးအိမ်စည်းစိမ်များကို စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသလို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေ ကြရသည်။
လက်ရှိတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 343
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ရွှေပြည်အေးမြို့အနီးက KIA-PDF ပူးပေါင်း တပ်စခန်း ၅ ခုကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁)၊ တပ်ရင်း (၂) ထိန်းချုပ်ဒေသအတွင်း ဝင်ရောက်နေရာ ယူထားသည့် KIA- HPDF 124 ပူးပေါင်းတပ်ဖွဲ့၏ တပ်စခန်း နေရာ (၅) ခုအား ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၄ ရက်က SNA မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်း ကျေးရွာအုပ်စု အတွင်းရှိ SNA တပ်ဖွဲ့များ အခြေစိုက် တပ်စွဲထားသည့် တီလောင်တပ်စခန်း တောင်ဘက်သို့ နယ်မြေချဲ့ထွင် ဝင်ရောက်လာသည့် KIA- HPDF 124 ပူးပေါင်းတပ်ဖွဲ့၏ စခန်း ၅ ခုကို ဇူလိုင် ၄ ရက်က SNA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် ရန်သူ့ အလောင်းတချို့ ရရှိခဲ့ကြောင်း SNA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KIA-PDF ထံမှ သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ တပ်မဟာ (၈၉၁)၊ တပ်ရင်း (၂) နယ်မြေထဲကို ဝင်ရောက် နေရာယူထားတာ နှစ်နဲ့ချီပြီး ရှိနေပြီ။ အစပိုင်းကတော့ သူတို့ဖက်က ချင်းတွင်းမြစ်ကမ်းဘေးနားမှာပဲ နေကြပြီးတော့ တဖြေးဖြေးနဲ့ ကျနော်တို့ စခန်းနားကို တိုးကပ်လာတာကြောင့် ကျနော်တို့ဖက်က တန်ပြန်တိုက်စစ်ဆင်လိုက်တာ ဖြစ်တယ်။ အဲဒီမှာ သူတို့ စခန်း (၅) ခုကို တစ်ရက်တည်း သိမ်းလိုက်နိုင်ခဲ့တယ်။ အလောင်းကတော့ ၂ လောင်းပဲ ရတယ်ဗျ။ လက်နက် (၃) လက်ရတယ်။ ခဲယမ်းတချို့တော့ရတယ်”ဟု ပြောသည်။
SNA မှ သိမ်းပိုက်ရရှိခဲ့သော KIA-PDF တပ်စခန်း ၅ ခု နေရာသည် ရွှေပြည်အေးမြို့သစ်၏ မျက်နှာချင်းဆိုင်၊ ချင်းတွင်းမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိပြီး မုံရွာမြို့မှ ဆန်တက်လာသည့် ကုန်တင် ရေယာဉ်များအား KIA-PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ထားသော နေရာအနီးဖြစ် ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ နာဂဒေသများသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ (မန္တလေး- မုံရွာ)နှင့် ချိတ်ဆက်၍ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။

KIA-PDF ထံမှ သိမ်းပိုက်ရရှိခဲ့သော ပစ္စည်းများကို တွေ့ရစဉ်
အဆိုပါ ကုန်သွယ်ရေးတွင် ရေကြောင်းနှင့် ကုန်ကြောင်း ၂ မျိုးရှိကြောင်း၊ ချင်းတွင်းမြစ်ကို အမှီပြု၍ ရေကြောင်း ကုန်သွယ်ရေး လုပ်ရာမှာတော့ ရွှေပြည်အေးမြို့အား KIA-PDF က ထိန်းချုပ်၍ ကုန်တင်သင်္ဘောများကို ပိတ်ဆို့ ကာ ကုန်စည်စီးဆင်းမှုအား ဖြတ်တောက်ထားကြောင်း၊ မန္တလေး-မုံရွာ-ဟုမ္မလင်း ယာကြီးလမ်းနှင့် မဟာမြိုင်လမ်း တွင်လည်း KIA-PDF က စိုးမိုးထားခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်း-ခန္တီး-နာဂဒေသမှာ ကုန်စည် စီးဆင်းမှု ဖြတ်တောက်ထားကြောင်း ဒေသတွင်း ပြည်သူများက ပြောသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဟုမ္မလင်း-ခန္တီး-နာဂ ဒေသများသည် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း နှင့် ကုန်စည်ပြတ်တောက်ခြင်းများ ရင်ဆိုင်နေကြရသလို ကျန်းမာရေး-ပညာရေး-လူမှုစီးပွား နိမ့်ကျလျက်ရှိသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲလျက်ရှိနေသည်။
ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) သည် ရှမ်းနီ လူမျိုးတို့၏ နယ်မြေ၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်လည်ရရှိရန် ဖွဲ့စည်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅
တအာင်းတပ် TNLA ထံမှ ကိုးကန့်တပ် MNDAA သိမ်းယူထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို အစိုးရထံ ပြန်လည်အပ်နှံမည်ဟု သတင်းထွက်ပေါ်နေကြောင်း ကွတ်ခိုင်မြို့ ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်လတွင် ကွတ်ခိုင်မြို့နယ်သို့ အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ ဝင်ရောက်လာနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် စာသင်ကျောင်းများ ဖွင့်လှစ်ပြီး အစိုးရကို ပြန်လည်အပ်နှံပေးမည်ဟုလည်း ကြားသိရကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ မိုးနဲမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကွတ်ခိုင်ကသတင်းကို ကျနော်မေးကြည့်တဲ့အချိန်ကြတော့ သူတို့က မကြာခင်မှာ ကွတ်ခိုင်မြို့ကို နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေပေါ့ ပြန်ဝင်လာတော့မယ်။ တချို့ကလည်း ဒေသခံ ဆရာ၊ ဆရာမတွေ ပြန်ရောက်နေပြီ လို့လည်း သတင်းတွေ ကျနော်ကြားတယ်ဗျ။ နောက် သူတို့ကလည်း ကျောင်းဖွင့်ပေးမယ် ပြောတယ်ဗျ။ အဲဒီကျောင်းဖွင့် ပေးတာလည်း နိုင်ငံတော်အစိုးရကို သူတို့က ပြန်အပ်ဖို့ပေါ့ အခြေလှမ်းအစလို့ သတင်းလည်း သူတို့က ကျနော့်ကို ပြောကြတယ်ဗျ” ဟု ပြောသည်။

ကွတ်ခိုင်မြို့ကိုတွေ့ရစဉ် (The Kokang)
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာ့တပ်မတော်ထံမှ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားခဲ့သည့် မြို့နယ်ဖြစ်ကာ ကိုးကန့်တပ် MNDAA က ၂၀၂၆ ခုနှစ်၊ မတ်လတွင် ထိုးစစ်ဆင်၍ TNLA ထံမှ ပြန်လည်သိမ်းယူထားခြင်း ဖြစ်သည်။
TNLA ထိန်းချုပ်စဉ်တွင် တအာင်းစာသင်ကြားရေးကို စာသင်ကျောင်းများတွင်လည်း ထည့်သွင်းသင်ကြားရန် ဆောင်ရွက်ခဲ့ပြီး လက်ရှိ MNDAA ထိန်းချုပ်ထားချိန်တွင် တရုတ်စာသင်ကြားရေးကို ဆောင်ရွက်နေသည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းသို့ အစိုးရပိုင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် တည်ငြိမ်လျက် ရှိနေသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက သူတို့အချင်းချင်း ညှိနှိုင်းကြတာက အတွင်းရေးကနေ ညှိနှိုင်းပြီးမှ အတွင်းကနေ သွားကြတာ ထင်တယ်။ ပထမ သတင်းတွေဖြစ်တယ်လေ ကျောင်းတွေဖွင့်တယ်၊ နောက်တစ်ခါ CDM ဝန်ထမ်းတွေပေါ့ Non – CDM ဝန်ထမ်းတွေပေါ့ ကားတွေနဲ့ သွားကြတယ်။ နောက်ပိုင်းကြတော့ ဘာဖြစ်လဲဆိုတော့ အဲဒါတွေက သူတို့ဘာသာ သူတို့ စီမံခန့်ခွဲတာတဲ့။ ကျောင်းကလည်း ဖွင့်တာကလည်း သူတို့ဘက်က သူတို့သဘောနဲ့ သူတို့ ဖွင့်ထားတဲ့ ကျောင်းတွေဖြစ်တယ်ပေါ့။ တရုတ်စကားတွေပြော၊ အခမ်းအနားတွေဆိုလည်း Agenda တွေက အကုန်လုံး အစီအစဉ်တွေ တရုတ်လိုပဲပြော။ တရုတ်လိုပဲ ဘာသာပြန်ပေါ့နော် အဲဒီလို ဖြစ်ပြီးမှ ဝန်ထမ်းတွေ CDM တွေ အစိုးရကနေ ပြန်လည်စီမံခန့်ခွဲမယ်ဆိုတဲ့ အဖွဲ့တွေ ဝင်သွားတယ် ကြားပြီးတဲ့နောက်မှ ဘာမှကို ထပ်မကြား တော့တာ။ အဓိပ္ပါယ်တော့ မရှိဘူးပေါ့ ရှုပ်ယှက်ကို ခတ်နေတာ” ဟု ပြောသည်။

MNDAA တပ်ဖွဲ့
ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစာဖြင့် ရေးထိုးထားသည့် မြို့ဆိုင်းဘုတ်များကိုလည်း MNDAA က တရုတ်စာဖြင့် အစားထိုးလာပြီး တအာင်းစာသင်ကျောင်းများကိုလည်း ပိတ်သိမ်းလိုက်ကာ ၎င်းတို့၏ ကိုယ်ပိုင်ပညာရေးစနစ်ဖြင့် အစားထိုးရန် ပြင်ဆင်နေလျက်ရှိသည်။
လက်ရှိတွင် MNDAA က မြန်မာပညာရေးကော်မတီဖွဲ့စည်းထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် ခရိုင် ၄ ခု၊ မြို့နယ် ၈ ခုတွင် မြန်မာ စာသင်ကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနက် TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးကြကြောင်း လည်း သိရသည်။
ထို့အတူ မကြာခင်တွင် MNDAA နှင့်လည်းကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟူ၍ သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
